ရဟန်းဝတ်စဉ်က အလွဲ(၅)ဇာတ်သိမ်း

ရုတ်တရက် တိုးလျှသွားသော အသံများကြောင့် ဦးဇင်းသစ်များ၏  အသံများကိုမကြားတော့ ရှေ့က ကျောင်းနေ သံဃာတော်များ၏ အသံများသာ ခပ်မှန်မှန်လေးထွက်နေသည်။ သူတို့ အသံများက တိုးရင်း တိုးရင်းဖြင့် နောက်ဆုံးတွင် လိုက်ပြီး ဝါးပင် မဝါးနိုင်တော့။ နာရီဝက်ခန့်ကြာသော အခါ ဘုရားဝတ်တက်ခြင်း အမှုပြီးလေသည်။ တစ်ပါးနှင့်တစ်ပါး တစ်ပါးမျက်နှာ တစ်ပါးကြည့်ရင်းဖြစ် ပြုံးရုံသာ  ပြုံးနိုင်တော့သည်။

ဘုရားဝတ်တက်ပြီးသောအခါ ယောင်ချာချာနိုင်စွာဖြင့် စာအုပ်ကလေးဖတ်လိုက် စကားလေးပြောလိုက်ရှိစဉ် ဒကာ Rapperပေါက်ချလာသည်။ သူ့လက်ထဲ၌ အချိုရည်သံဗူးများကို ကျွတ်ကျွတ်အိတ့်ဖြင့် ထည့်လာသည်။ နောက် သူ့နောက်တွင်လည်း ကောင်မလေးနှစ်ယောက်ပါလာသေးသည်။

“ဦးဇင်းတို့အိပ်နေကျပြီလားလို့ ဒီမှာ အချိုရည်ပါလာတယ် နောက်ကောင်မလေးနှစ်ယောက်လည်းပါလာတယ်”

“လုပ်တော့မယ် Rapper ငရဲတွေကြီးကုန်မယ်နော် အချိုရည်ပဲလား ဟိုအချိုရည်မပါဘူးလား”

“ဘယ်အချိုရည်လဲ ဘုရား တပည့်တော်တော့ ကောင်းမယ်ထင်တာလေး အိမ်ဆိုင်က ခိုးလာတာပါဘုရား”

“ဖွီး…သောက်ရတာတောင် မြိုမကျတော့ဘူး ဟိုအချိုရည်လေကွာ ABCလေ”

“ဪ ဦးဇင်းက လွမ်းနေတာကိုး”

ဒကာRapperနှင့်ပြောနေစဉ်တွင် ဦးဇင်းငယ်လေးက ဒကာRapperကိုမျက်စပစ်ပြရင်း ကောင်မလေးနှစ်ယောက်ကို ကြည့်နေသည်။ ဒကာ Rapperက သဘောပေါက်စွာဖြင့်

“ဟဲ့ နင်တို့ရှေ့တိုး “ဆိုတော့ ကောင်မလေးနှစ်ယောက်က ရှေ့သို့တိုးလာသည်။ ပြီးတော့ ခပ်တည်တည်ဖြင့်

“နင်တို့ကို ဘာလို့ဘုန်းကြီးကျောင်းကိုခေါ်လာလဲ သိလား”

“ဘယ်သိမလဲ ဟဲ့ နင်ပဲ ကျောင်းခဏလိုက်ခဲ့ဆိုလို လိုက်လာတာလေ”

“မှတ်ထား ဦးဇင်းတွေကို နင်တို့နှစ်ယောက်လုံးကို ကပ်မလို့”

မြတ်စွာဘုရား။ ကြားရတာနှင့်တင် လည်ချောင်းဝကြီး နင်သွားသလိုပါပဲလား။

“ဟယ်ကောင်စုတ် နင်ငရဲကြီးမယ်နော် ဦးဇင်းတွေကို အားနာစရာ ငါတို့က ပါရမီဖြည့်ရင်တောင် ဦးဇင်းတွေက လက်ခံလို့မဖြစ်ဘူးဟဲ့ မသာရဲ့”ကောင်မလေးနှစ်ယောက်က ကတ်ကတ်လန်စွာ Rapperကိုရန်တွေ့၏။Rapperက ဦးဇင်းငယ်လေးကိုကြည့်ရင်းက

“သူ့နာမည်က မာလာခင်တဲ့ နောက်တစ်ယောက်က မြတ်နိုးတဲ့မှတ်ထားကြ လူုထွက်ရင်လည်း လိုက်ချင်ရင်လိုက်ကြပေါ့ ”

“အယ်မသာတော့လုပ်ပြီနော် ငါတို့က ကတုံးကြီးတွေကိုကြောက်ပါတယ်ဆို”ကောင်မလေးက မခေ။ပြန်ပြန်ပက်၏။

ဒါတောင် ဦးဇင်းငယ်ကလေးက သူတို့ပြန်ခါနီးတွင် စကားတစ်ခွန်းပြောလိုက်သေးသည်။

“လူထွက်ရင် လာလည်မှာနော်”တဲ့။

………………….@@@@@@@@@@@…………………………..

သည်နေ့ ရာသီဥတု သာယာနေ၏။ ဆွမ်းခံပြီး ဆွမ်းစားပြီးချိန်တွင်ဘာမှ မည်မည်ရရ လုပ်စရာမရှိသဖြင့် အေးအေးလူလူ လဲလျောင်းနေသူက လျောင်းလို့ ထိုင်ပြီး စာဖတ်နေသူကဖတ်နေကြသည်။ သည်နေ့သည် ဝါဆိုလပြည့်နေ့လည်း ဖြစ်လေသည်။ နေ့လည် ၁၁နာရီလောက်ရှိတော့ ဦးဇင်းကြီးကကျောင်းပေါ်သို့တက်လာသည်။

“ကဲ ဦးဇင်းတို့ နေ့လည် ၁၂နာရီလောက်ကျရင် မြို့နာမ်စေတီတော်မှာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုသွားရမယ် သပိတ်ကိုယူပြီးဆင်းခဲ့ကြ “

“သင်္ကန်းကိုရော ရုံလာရမှာလား ဘုရား”

“ရတယ် ဟိုကိုရောက်မှ ရုံပေးမယ် ၁၂နာရီနော် ကားရောက်လာလိမ့်မယ် “

“တင်ပါ့ဘုရား တပည့်တော်တို့ဆင်းလာပါ့မယ် ဘုရား”

ဆွမ်းဆန်စိမ်းလောင်းလှူပွဲသွားရမယ်တဲ့။တစ်ခါမှလည်း မကြုံဖူးကျ။ တစ်ပါးနှင့်တစ်ပါးပြောဆိုကြရင်း အတွေ့အကြုံသစ်ကို ရင်ခုန်နေကြသည်။ နေ့လည်၁၂နာရီထိုးခါနီးတွင် ကျောင်းသားလေးက လာခေါ်သည်။ ကျောင်းအောက်မှာ ကားရောက်နေပြီ။ သပိတ်ကလေးတွေကို ကိုယ်စီပိုက်ရင်း ကျောင်းကြီးပေါ်မှ ဆင်းခဲ့ကြသည်။ ကားပေါ်သို့ရောက်တော့ သံဃာများက စုံသလောက်ရှိပြီ။ သူတို့တွေ ကားပေါ်ရောက်ပြီးမကြာခင်မှာပင် ကားကထွက်တော့သည်။ လွိုင်ကော်မြို့ မြို့နာမ်စေတီမှာတော့ ဌာနဆိုင်ရာကားများဖြင့် ပြည့်နေပြီ။ ဘုရားပရဝဏ်မှာလည်း လူများတဖွဲဖွဲရောက်နေကြသည်။ စေတီတော်နှင့်ကပ်လျှက်တွင်ရှိသော သာသနာ့ဗိမ္မာန်တော်ကြီးတွင် လွိုင်ကော်မြို့ပေးရှိ ဘုန်းကြီးကျောင်းပေါင်းစုံမှ ပင့်သံဃာများ အများအပြား ရောက်ရှိနေနှင့်ပြီ။ သင်္ကန်းရောင် နီနီများသည် နေရာတကာတွင် ရဲရဲ ရဲရဲဖြင့် တစ်စုတစ်ရုံးထိုင်နေကြသည်။ သီလရှင်များ၊ ပင့်သံဃာများဖြင့် သာသနာ့ဗိမ္မာန်တော်ကြီးအောက်ထပ်တွင် ပြည့်နေလေသည်။ ကိုရင်ငယ်များကတော့ ပျော်ပျော်ပါးပါး ပြေးလွှားပြီး ဆော့ကစားနေကြသည်။ သပိတ်ကိုခေါင်းအုံးပြီး ကြမ်းပြင်တွင် လဲလျောင်းအိပ်ပျော်နေသည့် ကိုရင်က အိပ်ပျော်နေကြသည်။ သူတို့ကျောင်းကတော့ ရောက်ရောက်ချင်းပင် ရောက်ရှိကြောင်း စာရင်းသွင်းပြီး နေရာတစ်နေရာတွင် စုထိုင်နေလိုက်ကြသည်။

ခဏကြာတော့ ဦးဇင်းကြီးက

“ကဲ သင်္ကန်းရုံကြရအောင် “ဆိုတော့ ဘေးဘီပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အားကျစရာ။ကိုရင်ငယ်များပင် သင်္ကန်းကိုရုံလိုက်ကြတာများ သွားရင်းလာရင်း ပြေးရင် ဆော့ရင်းဖြင့် ပြီးသွားကြသည်။ သူတို့ကတော့ ဦးဇင်းကြီးက ရုံပေးမှ သပ်သပ်ရပ်ရပ်ရှိသည်။ ကိုယ်ဖာသာ ကိုယ်ရုံလို့ကတော့ ဇောက်ထိုးနှင့်မိုးမျှော်ဖြစ်ကုန်မည်မှာမလွဲ။တကယ်တမ်းတွေးကြည့်လျှင် ရှက်စရာကောင်းလှသည်။ သင်္ကန်းရုံပြီးတော့ အသံချဲ့စက်မှ ကြေငြာသံကိုကြားရသည်။ ရိပ်သာကျောင်းက နံပါတ်(၃)ကျသည်ဟု။ ပြောရင်းဆိုရင်းဖြင့် နံပါတ်(၁)အလှည့်ကျ ကျောင်းက စထွက်ပြီ။ သံဃာအပါးက ၂၁ဝဆိုတော့ တန်းစီရန် နံပါတ်(၂)က မပြင်သေး။တရွေ့ရွေ့ထွက်ခွာနေသော သံဃာတန်းကြီးကိုကြည့်ရင်း သပိတ်များကို ပိုက်ပြီး မတ်တပ်ရပ်က ဟန်ရေးတပြင်ပြင်ရှိနေကြသည်က သူတို့။ဟော နံပါတ်(၂)ကျောင်းထွက်ပြီ။ သံဃာအပါးက (၆၀)ဆိုတော့ နည်းတော့နည်းသည်။ သူတို့ကျောင်းမကြာခင်အလှည့်ရောက်မည်။ ဦးဇင်းကြီးက

“ကဲ တန်းစီရအောင် လာလာ…..”

ဟုလာခေါ်သည်။ သူတို့တွေ ကြီးစဉ်ငယ်လိုက်စီရင်း စပြီး တရွေ့ရွေ့ထွက်ခွာသည်။စေတီတော်ရင်ပြင်တွင် ဆွမ်းဆန်တော်လောင်းလှူမည့် လူများ ပြည့်ကျပ်နေပြီ။ ဌာနဆိုင်ရာ ဆိုင်ဘုတ်များကတော့ စေတီတော် လေးဘက်လေးတန်စလုံး ထိုးထိုးထောင်ထောင်နေရာယူထားလျှက်။ ဌာနဆိုင်ရာ တူညီဝတ်စုံများဖြင့် ဟိုတစ်စု သည်တစ်စု။ထိုအချိန်တွင် မိုးလေးတဖွဲဖွဲကျလာသည်။ အရေးကောင်းဆို မိုးကဖျက်ဘိသကဲ့သို့ရှိနေသည်။ သံဃာများက မိုးဖွဲဖွဲအောက်တွင် တရွေ့ရွေ့။

စေတီတော်ရင်ပြင်ပေါ်သို့စတက်တော့ ခြေဖဝါးအောက်က ဆန်များကြောင့် ဖနောင့်စူးသယောင်ယောင်။ တစ်ပါးနှင့်တစ်ပါးခပ်ခွာခွာလျှောက်ကြသော်လည်း သူ့နောက်က ဦးဇင်းက အငမ်းလွန်စွာဖြင့် သူ့ကျောကို ဝင်တိုး၏။ သူကလည်းမခေပါ။ တဒေါင်စာကျွေးလိုက်ပြီး အိန္ဒြေရရနေရန် သတိပေးလိုက်သည်။ ငမ်းမည်ပေါ့။ ဌာနဆိုင်ရာ ရုံးတွေက ကောင်မလေးတွေကလည်း ကြွကြွရွရွ လှလှပပတွေကို။သူကတော့ မျက်စိကို စေတီတော်ရင်ပြင်တော်ပေါ်ကိုသာပို့ထားသည်။ ပုထုဇဉ်ပီပီ စိတ်က ဖောက်ပြားနိုင်သည်မဟုတ်လား။ သပိတ်ပေါ်သို့ လက်ကလေးတွေကျကျလာသည်။ တစ်ချို့ ဖွေးဖွေး၊ညိုညို၊လတ်လတ်။ နုနုရွရွ၊လှလှပပ၊သွယ.်သွယ်လျလျ။ ရေမွှေးနံ့များက လှိုင်လို့။ ကြိုင်လို့။သူတောင် မျက်လုံးပြူးတူးပြဲတဲဖြင့် ကြည့်မိတော့မလို့။ မကောင်းတာကို သိနေသဖြင့်သာ စိတ်က ထိန်းနိုင်လိုက်သည်။ စေတီတော်ရင်ပြင်ကိုတစ်ပတ်ပတ်ပြီးသည်နောက်တွင် သူတို့ဆင်းလာကြသည်။ ကားပေါ်သို့ပြန်တက်ရင်း ကျောင်းရောက်လာကြသည်။ ကျောင်းရောက်ချင်း ခရီးရောက်မဆိုက် ဦးဇင်း ကေသဝကပြောသည်။

“အရှင်ဘုရားတို့တော့မသိဘူး တပည့်တော်တော့ ဒီနေ့ ငရဲရတဲ့နေ့ပဲ သိလား ဒါပေမယ့် တန်ပါတယ် ငရဲလည်းကြီးချင်ကြီးစေတော့ တပည့်တော်ရဲ့ ဒကာမလေး ဆွမ်းဆန်လာလောင်းတာနဲ့တင် စိတ်က ကျေနပ်ပြီ”

ပီတိပြုံးဖြင့်ပြောနေသော ဦးဇင်းငယ်ကိုကြည့်ရင်းရယ်မိကြသေးသည်။ ဪငရဲ့လည်းကြီးချင်ကြီးစေတော့ဆိုပဲ။

………………………@@@@@@@@@@@@…………………………..

ဒီကနေ့နှင့်ဆို သူတို့ ဦးဇင်းဝတ်သည်မှာ ၈ရက်မြောက်သောရက်။မနက်ဖြန်ဆိုလျှင် လူထွက်ကြမည်။ထိန်းသိမ်းအောက်အီးခဲ့ရသော အကျင့်များကို ပြန်လည်ဖွင့်လှစ်ပေးမည့်နေ့ဟု ဆိုချင်ဆိုနိုင်ပါသည်။ ဘုန်းကြီးကျောင်းမှာ  အိပ်လိုက်စားလိုက် ဘုရားရှိခိုးလိုက်ဖြင့် ကုသိုလ်များများမရသော်ငြား တစ်ပဲတစ်စိလောက်တော့ ရရင်ဖြင့် ကျေနပ်ကြမည်။ ဒီနေ့ ဘုန်းကြီးကျောင်းရှိ ရေချိုးကန်ကို ဆေးမည်။ ကုဋီများကိုဆေးကြောမည်။ အမှိုက်သရိုက်များ လှဲကျင်းမည်။ ကြမ်းတိုက်မည်။စသဖြင့် အားလုံးက စီစဉ်ပြီးပြီ။ တစ်ချို့က သဲတိုက်လိုက်သွားမည်။ ကုသိုလ်အနည်းအကျင်းရလဲ အနည်းအကျင်းပေါ့။

ဆွမ်းခံပြန်လာပြီးနောက် ကြမ်းတိုက်သူက တိုက်မည်။ တံမြက်စည်းလှဲသူကလှဲမည်။ အစီအစဉ်တိုင်း သူတို့တွေ ပျော်ပျော်ပါးပါး သွက်သွက်လက်လက် လှုပ်ရှားဖြစ်ကြသည်။ရေချိုးကန်ကိုလည်း ပျော်ပျော်ပါးပါး သွားရောက်ဆေးကြောလိုက်ကြသေးသည်။ ရေချိုးကန်ဆေးတော့လည်း ဆူညံဆူညံ။ ကုဋီဆေးတော့လည်း ဆူညံဆူညံ။သူတို့ အိမ်များကို မနေ့ကတည်းက အမှာတော်ပါးပြီးသား။ မနက်ဖြန် လူထွက်တော့မည်ဟု။ ထွက်မည့်အချိန်တောင်ပြောလိုက်ကြသေးသည်။ မနက်အာရုဏ်ဆွမ်းစားပြီးချိန်။ နေ့ဆွမ်းတောင် မဘုန်းချင်တော့။ အဲဒီလောက်ထိ သူတို့က ထွက်အားထက်သန်နေကြသည်။

မထွက်ခင်ကတည်း ကြိမ်းဝါးသံများကလည်း ညံစည်နေသည်။

“ဘီယာ ပရိုမိုရှင်းရှိတယ် လေးခွက် တစ်မတ်တဲ့”ဟုဆိုသူကဆို။

“ခေါင်ကျရည်ကောင်းကောင်းက ဘယ်ဆိုင်မှာဆိုလား”ဟုပြောသူကပြော။

“လူထွက်ရင်တော့ ဟိုဆွမ်းလောင်းတဲ့ ဒကာမလေးကို အပီရှိတ်တော့မယ်”ဟု ဆုံးဖြတ်သူက ဆုံးဖြတ်နှင့် လူမဖြစ်ခင်က ငရဲကို ယူသွားမည်သူများကလည်းရှိသေးသည်။

သို့နှင့်

……………………@@@@@@@@@@……………………

မနက်(၉)နာရီခွဲ။

“ကိုယ်တော်တို့နှစ်ထပ်သင်္ကန်းရယ် သပိတ်ရယ် ယူဆင်းလာပြီး ဆရာတော်ကျောင်းကို လာခဲ့တော့”ဟု မောင်ကျောင်းသားကလာပြောသည်။ကျောင်းအောက်တွင်တော့ ဆိုင်ရာ ဆိုင်ရာ ဒကာမများလည်းရောက်နေနှင့်ပြီ။ သူ့အိမ်ကတော့ လူထွက်လျှင်ဝတ်ဖို့ အဝတ်အစားများကို ယူလာပြီ နောက်ကလိုက်သည်။ ခြေလှမ်းများက သွက်သွက်။ဆရာတော်ကျောင်းသို့ရောက်တော့ အားလုံးက နှစ်ထပ်သင်္ကန်းနှင့်သပိ်တ်များကို မိမိတို့ရှေ့တွင်ချပြီး ဆောင့်ကြောင့်ထိုင်နေကြရသည်။ဆရာတော် တိုင်ပေးသည်များကိုလိုက်ပြီးရွတ်ဆိုပြီးသောအခါ

“ကဲ သင်္ကန်းတွေကိုချွတ်လို့ရပြီ လဲလိုက်တော့”ဟုဆိုသဖြင့် သင်္ကန်းများကို ကိုယ်မှခွာပြီး လူဝတ်များကိုဝတ်ကြသည်။ပြီးနောက် သူတို့ ဆရာတော်ကိုရှိခိုးဦးချက ကျောင်းအောက်သို့ဆင်းလာကြသည်။ ဘုန်းကြီးကျောင်းမှာကတည်းက ကတုံးတုံးရန်အတွက် ဦးသူတုံးရန် အပြေးအလွှား။ ထိုစဉ်….

“ပက်”

“ဟာဒီကောင်…….မင်းတော့”ဟုဆိုက လိုက်သူကလိုက် ပြေးသူကပြေးနှင့် ဆူညံနေပြီ။ကြည့်ဦး။ ဦးဇင်းပူပူနွေးနွေးထွက်ခါစကို ခေါင်းကိုပက်ခနဲရိုက်ရင်းပြေးသူက  ဦးဇင်းငယ်…..။

“မှတ်ထား သင်္ကန်းနဲ့တုန်းက နိုင်ချင်တိုင်းနိုင်တဲ့ဟာတွေ တွေ့မယ် လာလေ…လူကတော့ ငရဲကြီးချင်ကြီး “ဟုဆိုကာသူ့ထံပြေးလာသဖြင့် ပြေးလိုက်ရသေး၏။

“ဦးဇင်းကြီးရောမတွေ့ပါလား “

“သွားပေါ့ ခေါင်ရည်ဆိုင်ကို  ကတုံးက ဘယ်အချိန်တုံးတုံးရတယ်တဲ့ခေါင်ရည်က  ဘယ်အချိန်ဆိုတာမသေချာဘူးတဲ့ ထွက်သွားလေရဲ့ “ဟု  ပြောလာပြီ။

သူတို့တွေ လူထွက်သည့်နေ့က မှတ်မှတ်ရရ မိုးရွာနေပါသည်။သို့သော် ထိုမိုးသည် ဦးဇင်းထွက်များကို အိမ်မမြဲသာ။ မိုးရွာရွာ၌ ခေါင်ရည်ဆိုင်၊ဘီယာဆိုင်ကိုသွားသူက သွား။ မတွေ့ရသော ရက်များကိုအတိုးချပြီး ချစ်စိတ်ကလူကျီစယ်ရန်အလို့ငှာ မိမိတို့၏ချစ်သူများထံသို့ပြေးသူကပြေးနှင့် ထိုနေ့သည် ဦးဇင်းထွက်များ အိမ်ကပ်သည့်နေ့မဖြစ်ခဲ့။ ရပ်ကွက်ထဲသို့အဝင်တွင်..ခြေကမြင်း လက်ကမြင်းရှိတတ်သော သူတို့က “.ငါတို့ လူထွက်ပဟေ့နော်”ဟု ကြွေးကြော်ပြီး ဝင်ရောက်ခဲ့သဖြင့်…ရပ်ကွက်ထဲက ခွေး အမြီးကုပ်ပြီး တစ်ချက် ညည်းသံကိုတော့ သူတို့ကြားဖြစ်အောင်ကြားလိုက်ရသေးတော့သည်။

“ကိန်”ဟု။

ပြီးပါပြီ

သော်ဇင်(လွိုင်ကော်)

18th-July-2011

 

 

 

3 comments

  • usnczn

    July 18, 2011 at 11:23 am

    တော်သေးတာပေါ့ လူထွက်လိုက်လို့

  • xman

    July 18, 2011 at 4:25 pm

    မြေ…..မမြိုခင် ၊ မိုးကြိုးမပစ်ခင်

  • windtalker

    July 19, 2011 at 2:01 pm

    တစ်ကယ် စိတ်ပါလို ့ဝတ်တာ မဟုတ်တဲ့ ၊ မိဘဆွေမျိုးများ က ဝတ်ခိုင်းလို ့သော်လည်းကောင်း ၊ မိန်းမ က ဝတ်ခိုင်းလို ့သော်လည်းကောင်း ဒုလဘ္ဘ တွေ အားလုံး ဒီလို မျိုး ကြုံတွေ ့ရလိမ့်မယ် ဟု ထင်မိပါကြောင်း

Leave a Reply