ကြာဖူးနားဝနဲ့ တွေးကြည့်တာနဲ့တင် polygamy စနစ်ကို မကြိုက်နှစ်သက်ပါဘူး။ ကိုယ်ပိုင်ခံစားချက်မို့ သဘောကွဲလွဲတဲ့သူတွေလည်း ရှိမှာပါ။
ဖြစ်လာတဲ့လူတွေကိုတော့ (သဂျီးဝါဒနဲ့ မကိုက်ညီပေမယ့်) ကံလို့ပဲပြောရမလား၊ ဝဋ်ကြွေးလို့ပဲ ဆိုရလေမလား မသိတော့ပါဘူး။ (၃-၄ယောက်ယူပြီး အဆင်ပြေနေကြသူမပါ။)
မိရင်းဖရင်း မောင်နှမအရင်းတွေကြားမှာလည်း ပြဿနာတွေ ဖြစ်တတ်ပေမယ့် ကြီးတဲ့အမှုကို ငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေဆိုသလို ဖြေရှင်းလို့ရပါတယ်။ သွေးဟာ ရေထက် စေးပျစ်တယ် ဆိုသလိုပါပဲ။
ဒါပေမယ့် အဲဒီကြားထဲမှာ မိကွဲ ဖကွဲ တွေဖြစ်နေရင်တော့ သေးတဲ့အမှုဟာ ကြီးလာရပါတော့တယ်။
အိမ်ထောင်နှစ်ခုရှိတဲ့ မိသားစုမှာ မိဘနဲ့ သားသမီး၊ မောင်နှမအချင်းချင်း ကိစ္စတွေဟာ ပိုမိုရှုပ်ထွေးတတ်ပါတယ်။
မိခင်ဆိုတာ သားသမီးကို ချစ်ရိုးထုံးစံပါပဲ။ ဒါပေမယ့် အမေဆိုတာ ငယ်တဲ့သားသမီးကို ပိုဂရုစိုက်တတ်ကြပါတယ်။ အဲဒီမှာ ညီအစ်မအရင်းဆိုရင် ပြဿနာ မရှိပေမယ့် အမေတူ အဖေကွဲ အစ်မတစ်ယောက်ဟာ အမေကသူ့ညီမကို ပွေ့ချီချော့မြူနေတာကို မြင်ရတဲ့အခါ အမေက ငါ့ကိုတော့ မချစ်ဘူး။ သူ့နောက်အိမ်ထောင်နဲ့ ရတာကိုပဲ ချစ်တယ်ဆိုပြီး စိတ်အနာတရ ဖြစ်သွားနိုင်ပါတယ်။
အဖေတူ အမေကွဲ မောင်နှမတွေမှာလည်း အတူတူပါပဲ။ အဖေက သားသမီးတွေကို သူ့နေရာနဲ့သူ လိုအပ်သလို ဖြည့်ဆည်းပေးတာကိုပဲ သူ့တော့အသာပေးတယ်။ ငါတော့နစ်နာတယ်ဆိုတာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီမှာတင် အဖေအမေကို မုန်းတယ်လို့ ဆိုတာတွေ ဖြစ်လာပါတယ်။
ဟင်္သာတက မောင်ထိပ်ကွက်လို အဖြစ်ဆိုးမျိုးတွေမှာ polygamy ကို ပြသနာရဲ့ အရင်းအမြစ်လို့တောင် ပြောချင်ပါတယ်။
များသောအားဖြင့် လူ့ပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံလို့ အဆင်မပြေတတ်တဲ့ လူ့ကန့်လန့်၊ လူ့ဂွစာတွေဟာ အဲဒီလို မိဘတွေက မွေးဖွားလာတဲ့ သားသမီးတွေ ဖြစ်တတ်ပါတယ်။
“မိဘက သားသမီးကို ချစ်သလို သားသမီးက မိဘကို ချစ်လျှင် နတ်ပြည်ကျဉ်းလတံ့” လို့ တိုင်းရင်းသားရိုးရာ စကားပုံတစ်ခုကို ဖတ်ဖူးပါတယ်။
ဒီစကားပုံထဲကလို အိမ်ထောင်တစ်ခုပဲ ထူထောင်ထားသူ မိဘတွေကိုတောင် သားသမီးတွေက အပြည့်အဝ ပြန်မဖြည့်ဆည်း ပေးနိုင်ကြပါဘူး။ အိမ်ထောင်ကွဲရှိတဲ့ မိဘဆိုရင်တော့ ပိုဆိုးတော့တာပေါ့။
သားကြီးသမီးကြီးကလည်း မပြုစုချင်၊ သားငယ်သမီးငယ်ကလည်း ငြိုငြင်နဲ့ မိခင်ဖခင်အရင်းပေမယ့် ကိုယ့်အရိုး ကိုယ်မနိုင်တဲ့အရွယ်မှာ သားသမီးထံမှာ မျက်နှာငယ်ငယ်နဲ့ နေထိုင်စားသောက်ရတာတွေကိုလည်း မြင်ဖူးပါတယ်။
ကိုယ်ချင်းစာတရားနဲ့ ကြည့်မယ်ဆိုရင် (ကွန်ဆာဗေးတစ်လို့ပဲပြောပြော) ကိုယ်ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်မိဘ၊ ညီအစ်ကို မောင်နှမကိုသော်လည်းကောင်း၊ ကိုယ့်တူသားတွေကိုသော်လည်းကောင်း၊ polygamy မဖြစ်စေလိုပါ။
ကမ္ဘာပေါ်မှာလူ့အခွင့်အရေး အပြည့်အဝရှိတယ်ဆိုပြီး ရှေ့တန်းကပြေးနေတဲ့ အမေရိကန်လို နိုင်ငံမှာတောင် သမ္မတအရွေးခံမယ့်သူဟာ တစ်လင်တစ်မယားရှိသူပဲ ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိတယ်လို့ ကြားဖူးပါတယ်။ (ဟုတ်မဟုတ်တော့ အမေရိကန်က လူတွေ ပိုသိမှာပါ။)
polygamy ရဲ့ ကောင်းကျိုးတွေကိုတော့ မသိလို့ ထည့်မရေးလိုက်နိုင်ပါဘူး။
သိသူများ ဝိုင်းဝန်းဖြည့်စွက် ပေးကြရင်တော့ ပိုကောင်းသွားလိမ့်မယ် ထင်ပါတယ်။

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)