ကိုပေါက်လမ်းသလားနေသည် အပိုင်း-၆ “ဟတ်ထိတယ်………… ဟတ်ထိတယ် ဟေ့ ………………”

ကိုပေါက်လမ်းသလားနေသည် အပိုင်း-၆
“ဟတ်ထိတယ်………… ဟတ်ထိတယ် ဟေ့ ………………”
https://myanmargazette.net/55327/travel/photography-pictures-galleries-wallpapers-photo-tips#comments
https://myanmargazette.net/54973/travel/photography-pictures-galleries-wallpapers-photo-tips#comments
https://myanmargazette.net/55182/travel/photography-pictures-galleries-wallpapers-photo-tips#comments
https://myanmargazette.net/55287/travel/photography-pictures-galleries-wallpapers-photo-tips#comments
(ဒါလေးတွေကတော့ ဒီပို့စ်နဲ့သက်ဆိုင်တဲ့လင့်လေးတွေပါ)

ကျနော်ရန်ကုန်ကိုလာမယ်လို့မိတ်ဆွေတွေကိုလှမ်းသတင်းပေးတဲ့အခါ
တညင်ကိုလိုက်ပို့ပေးမယ်ဆိုပြီး မိတ်ဆွေတစ်ယောက်ကစီစဉ်ပေးပါတယ်။
သွားမယ့်ရက်ကတော့(2-7-2011)နေ့ပေါ့။
ခရီးစဉ်အသေးစိတ်ရယ် ဘယ်လိုသွားကြမယ် ဘယ်သူတွေလိုက်မယ် ဆိုတာကို အတိအကျ
မသိပေမယ့် သူတို့အိမ်က ကားနဲ့ဘဲသွားမယ်ဆိုတော့ လူသိပ်မများဘူးလို့ တွေးမိပါတယ်။
ကျနော်တို့ကတော့ မဒမ်ပေါက်နဲ့ကျနော် နှစ်ယောက်ပေါ့။

တကယ်တမ်းပြောရရင် အတူသွားကြမယ်ဆိုသူတွေကလဲ ချက်တင်က စာလုံးလေးတွေ၊
တယ်လီဖုန်းကအသံလေးတွေနဲ့သာ ခင်မင်ထားကြတဲ့ မမြင်ဘူးသောမိတ်ဆွေတွေဖြစ်ကြပါတယ်။
အဲဒီရက်မတိုင်ခင် တရက်အလိုမှာ ဘယ်မှာဆုံကြမယ်ဆိုတာကို အဓိကထားလို့တိုင်ပင်
ကြပါတယ်။
သွားမယ့်နေ့မှာ မှတစ်ယောက်တစ်နေရာစီ လိုက်ခေါ်နေရမယ်ဆိုရင်လဲ အချိန်လင့်မှာစိုးရပါတယ်။
ကျနော်ကလဲ ရန်ကုန်သိပ်မကျွမ်းတဲ့သူ။
အဲတော့ အိမ်ကိုလိုက်ရှာနေရမယ်ဆို ရင်ခက်မှာစိုးတော့
ကျနော်တစ်ခါရောက်ဘူးတဲ့ လမ်းလဲသင့်မယ်ထင်တဲ့ ကော်ဖီဆိုင်လေးကိုချိန်းလိုက်ပါတယ်။
ချိန်းတဲ့အချိန်ကတော့ မနက် ကိုးနာရီပါတ်ဝန်းကျင်ပေါ့။

အဲဒီနေ့မနက် 7း30 အိမ်ကထွက်၊
လမ်းဝင်မုန့်စား 8း15မှာလမ်း မှာတွေ့တဲ့ကားတစ်စီးတား၊
သွားမယ်ဆိုတဲ့နေရာပြောတော့ 2500နဲ့ဈေးတည့်၊
လမ်းရောက်တော့ ကားကဖွတ်ချက်ဖွတ်ချက်ဖြစ်၊
ကားမောင်းတဲ့ကောင်လေးကလဲ ကြိုးစားပြီးပြင်ပါတယ်။
ဒါပေမယ့် ခဏလေးမောင်းပြီးရင်းတစ်ခါထိုးရပ်
သူများနဲ့ချိန်းထားရင် ကိုယ်ကစောရောက်ချင်တယ်ဆိုတဲ့ကျနော်က စိတ်တွေတို၊
အဲတော့ “မင်းကားကဆက်သွားလို့ရောက်အုံးမှာလား” လို့လေသံခပ်မာမာနဲ့မေးမိတော့
ကားဆရာလေးက ဒီပြင့်ကားသာငှားလိုက်ပါတော့လို့ ပြန်ဖြေတာနဲ့။
နောက်တစီးအလာစောင့်ပြီးငှား ရတာ အတော်လေးကြာသွားတာရယ်
မီးပွိုင့်မိတာရယ်ဆိုတော့ 9း15လောက်မှရောက်သွားပါတယ်။
အဲဒီနားရောက်တော့ မျက်စေ့မှောက်ပြီးကော်ဖီဆိုင်လေးက ပျောက်နေပေမယ့်
တစ်ခါမြင်ဘူးသူက ကားနားမှာရပ်စောင့်နေတာကို တွေ့ရပါတယ်။
ကျနော်တို့ကို အားလုံးကစောင့်နေကြတာကိုမြင်ရတော့ အတော်လေးအားနာမိပါတယ်။

နောက်ကျနေတဲ့ ကျနော်တို့နှစ်ယောက်လဲ
အမြန်လေး ကားပေါ်တက်၊
နွေးထွေးရုံတင်မကဘဲ အပျော်တွေစွန်းနေတဲ့စကားလုံးလေးတွေနဲ့
တစ်ခါမှ မမြင်ဘူးသူတွေအချင်းချင်း အပြန်အလှန်မိတ်ဆက်
ကားကလေး ကလဲ လမ်းပေါ်မှာ ခပ်သွက်သွက်နဲ့ တရိပ်ရိပ်ပြေးရင်း
ရှင်မွေ့နွမ်း၊မင်းနန္ဒာနဲ့ ငမိုးရိပ်တို့ရဲ့အလွမ်းပုံပြင် နာမယ်ကျော် ဇာတ်လမ်းများမွေးဖွားရာနယ်မြေ ဆိုလဲဟုတ်၊
ငဇင်ကာ၊နတ်ရှင်နောင်နဲ့ပဒေသရာဇာတို့ဖြစ်ရပ်မှန်သမိုင်းတွေတည်ရှိရာ သံလျှင်ခေါ် တညင်မြို့ရဲ့
ရင်ခွင်ထဲကို တရွေ့ရွေ့တိုးဝင်ခဲ့ကြပါတယ်။

1967 လွန်ခဲ့သောနှစ်ပေါင်းများစွာကတော့ တညင်ကို တစ်ကြိမ်ရောက်ခဲ့ပါတယ်။
နာမယ်ကျော် သီတာသင်္ဘောကို စီးခဲ့ကြတာ၊
တစ်ခါမှ မစီးဘူးတဲ့သင်္ဘောဆိုတာကိုစီးရတာရယ်၊
လှိုင်းမူးပြီးအံခဲ့တာရယ်
ရေလည်ကျောက်တန်းဘုရားကိုရောက်တော့ ကမ်းစပ်က နွံပြင်ပေါ်မှာ ငါးပျံလေးကို
မောင်နှမတတွေလက်ညိုးတထိုးထိုးနဲ့ ကြည့်ခဲ့ကြတာ ဆိုတာကလွဲလို့
ဘာမှသိပ်မမှတ်မိခဲ့တာကတော့ အသေအချာပါဘဲ။
အခုခရီးမှာတော့ သင်္ဘောစီးစရာမလိုခန့်ငြားရှည်လျားတဲ့ သံလျင်တံတားပေါ်ကဖြတ်၊
လှပသောရူ့ခင်းများက ဓါတ်ပုံရိုက်ချင်တဲ့ကျနော်စိတ်ကို မရိုးမရွဖြစ်အောင်နှိုးဆွ၊
ဒါပေမယ့် မိုးကလဲ တဖွဲဖွဲ ကားရပ်ဘို့ဆိုပြန်တော့ လဲ ခက်ခဲ၊
အဲတော့ မှတ်တမ်းတင်ချင်တဲ့ စိတ်ကိုလျှော့ချထားလိုက်ပါတယ်။

ကျနော်တို့ရဲ့ခရီးစဉ်ကို ဦးဆောင်သူကတော့ အတူပါလာတဲ့ တညင်မြို့ခံလူ၊
သူဦးဆောင်လို့ခေါ်ရာကို လိုက်ခဲ့ကြပါတယ်။
စစခြင်းသန်လျှင်နာရေးကူညီမူ့အသင်းနဲ့ကုသို်လ်ဖြစ်ဆေးခန်းကို အရင်ဝင်ကြပါတယ်။
ဦးဆောင်လို့လုပ်ကိုင်နေတဲ့အများအကျုးိသယ်ပိုးနေသူများက
ကျနော်တို့ကိုလည်း စေတနာသဒ္ဒါတရားပွားလာအောင်
သူတို့ နေ့စဉ်ဆောင်ရွက်နေကြတာတွေနဲ့ အရင်နှစ်များစွာက စတင်ခဲ့တဲ့လုပ်ငန်းတစ်ခု၊
လက်ရှိအနေအထားမှာအားရစရာအောင်မြင်မူ့များကို ပြောပြပါတယ်။
အဲတော့ ကျနော်တို့အဖွဲ့ကလဲ အားကျလို့ တတ်နိုင်သမျှ လှူဒါန်းခဲ့ကြပါတယ်။
ကောင်းသောလုပ်ငန်းအတွက် သဲလေးတပွင့်အဖြစ်ကူညီခွင့်ရကြတာ စိတ်ကြည်နူးစရာ။
လုပ်ငန်းစဉ်ကို အားပါးတရ ရှင်းပြနေချိန်မှာ ကျနော်က ဓါတ်ပုံနဲ့မှတ်တမ်းတင်တဲ့အတွက်
မကြားတစ်ချက်ကြားတစ်ချက်၊
ဒါကြောင့် နေ့စွဲ၊ကိန်းဂဏန်းနဲ့ပြန်ပြောမပြနိုင်တာကတော့ ကျနော့်ရဲ့ ညံ့ဖျင်းချက်ပေါ့။
ကျနော်ကတော့ ဆေးခန်းလေးထဲမှာချိတ်ဆွဲထားသော မြန်မာ့လက်မူ့ပညာနဲ့ဖန်တီးထားတဲ့
အရိုးအကြောပြင်တဲ့ လက်ဖြစ်ကိရိယာလေးတွေကို မှတ်တမ်းတင်နေမိပါတယ်။
(အတူပါသူ မိတ်ဆွေက ပြလို့မြင်မိတာပါ ကျနော်အနေနဲ့သာဆို မမြင်တာသေချာပါတယ်။ )
နောက်တော့ သံလျှင်ဖားအောက်တောရကို နာရေးကူညီမူ့အသင်းက ကားတစ်စီး
ကျနော်တို့အဖွဲ့က ကားတစ်စီးနဲ့ခရီးဆက်ကြပါတယ်။
ကျနော်တို့ရောက်နေချိန်နဲ့ သံဃာတော်များဆွမ်းစားချိန်တို်က်ဆိုင်နေပါတယ်။
ပထမဦးစွာ သံဃာတော်များက မိုးလုံလေလုံဆောက်ထားတဲ့စင်္ကြန်ကနေ ဆွမ်းစားဆောင်ကိုကြွလာ၊
ခဏအကြာမှာယောဂီများ ကထမင်းစားဆောင်သို့ တိတ်ဆိတ်စွာ ဝင်ရောက်လာပါတယ်။
သံဃာတော်အများအပြား ယောဂီအများအပြားရှိနေပေမယ့် ဆူညံသံမရှိ အေးငြိမ်း လို့နေပါတယ်။

ကျယ်ဝန်းသော စိမ်းလန်းစိုပြေတဲ့အပင်များနဲ့ဝန်းရံနေသော၊
ဆူညံသံကင်းသော တရား ရိပ်သာကတော့ အေးချမ်းသောဂုဏ်ပုဒ်များနဲ့ပြည့်စုံလို့ ခိုလှူံချင်စရာကောင်းလှပါတယ်။
သန့်ရှင်းစေရန်ရည်ရွယ်လု့ိ ဘိနပ်စီးခွင့်မပြုသောစင်္ကြန်များမှတဆင့် ယောဂီများနေထို်င်ရာအဆောင်၊
တရားထိုင်သော နေရာတို့ကို လှည့်လည်လို့လေ့လာကြပါတယ်။
တရားထိုင်သောနှစ်ထပ်ဆောင်ကြီး နှစ်လုံးကလည်းကျယ်ဝန်းတဲ့အပြင်လေဝင်လေထွက်လည်းကောင်း၊
ခြင်ယင်မှက်ဘေးမှ ကင်းစွာ တရားထိုင်နိုင်စေဘို့အတွက်လဲ ခြင်ထောင်အသေးလေးများကို ခေါင်မိုးမှတွဲလွဲချ၊
ဖုန်ကင်းစင်၍သန့်ရှင်းသောကြမ်းပြင်ကလဲချောမွတ်လို့ နေပါတယ်။
အရွယ်အစားတူ အဆောင်နှစ်ခုကို စင်္ကြန်ဖြင့်ပေါင်းကူးလို့ထားပါတယ်။
တရားထိုင်သောကျောင်းဆောင်များမှဆင်းလာလို့ ဆရာတော်သီတင်းသုံးတဲ့နေရာအရောက်မှာတော့
သာမန်လူများအတွက်ကြောက်လန့်စရာကောင်းတဲ့အရိုးစုကြီးတစ်ခု ဆီးကြိုလို့နေပါတယ်။
မှန်ခေါင်းထဲမှာ မတ်တတ်ရပ်အနေအထားဖြင့်ချိတ်ဆွဲထား၊
အချိန်အကွာအဝေးရဲ့ ကြာမြင့်မူ့ကို မသိနိုင်ပေမယ့် ကျပ်ခိုးမျှင် များကို တွေ့ရတော့ နှစ်အပိုင်းအခြားတစ်ခုထိတော့
ရှိမယ်လို့မှန်းဆနို်င်ပါတယ်။
အကြမ်းဖျဉ်းသိရတာတော့ လွန်ခဲ့သောဆယ်နှစ်ခန့်က ရုတ်တရက်ကွယ်လွန်ခဲ့သော လူငယ်ယောက်ျားတစ်ဦးရဲ့
ကြွင်းကျန်ရစ်တဲ့အရိုးစုဆိုတာသိရပါတယ်။
တရားမရသူများအတွက်ထိတ်လန့်စရာ တရားကိုမြင်အောင်ရု့နိုငသူများအတွက်တော့ သံဝေဂနဲ့ တရားကျစရာ အသံတိတ်သင်္ခန်းစာတစ်ခုဖြစ်ပါတယ်။
“ဖားအောက်တောရ”အမည်နဲ့ တရားစခန်းတွေကတော့ မြန်မာပြည်အနှံ့အပြား စခန်းခွဲပေါင်းများစွာရှိတယ်ဆိုတာသိရပါတယ်။
တစ်နေရာထဲကိုတောင်မှ အောင်မြင်အောင် လုပ်နိုင်ဘို့ မလွယ်ကူသောအလုပ်တစ်ခုကို စခန်းခွဲပေါင်းများစွာ ဖွင့်လှစ်ထားနိုင်တယ်ဆိုတဲ့အတွက် ဦးဆောင်ခဲ့သူများရဲ့ ကြိုးပမ်းမူ့ကိုတော့ သာဓုအကြိမ်ကြိမ်ကို စိ်တ်ထဲက တမိပါတယ်။
မိတ်ဆွေသူငယ်ချင်းများရော လူငယ်အတော်များများ ပါတရားစခန်းတွေဝင်ကြတာကို မြင်နေကြားနေရပေမယ့်
ကျနော်တော့ တစ်ခါမှ တရားစခန်းကို မဝင်ဘူး ဘူး၊
အမှန်တကယ်စိတ်အေးချမ်းစေသောနေရာ ရှိပါလျက်ကယ်နဲ့ ကိုယ် ကမရောက်နိုင်ခဲ့ဘူးဆိုပြန်တော့လဲ
ကိုယ့်မှာ တစ်ခုခု လိုနေသလိုခံစားရပါတယ်။
လမ်းတစ်လျောက်မြင်နေရတဲ့ နံဘေးက ပါတ်ဝန်းကျင်နဲ့အဝေးမှာတော့ကွင်းပြင်ကျယ်ကြီး၊
မိုးကလဲ တိတ်လိုက်ရပ်လိုက်နဲ့ တဖွဲဖွဲ သဲတော့ မသဲ။
ကားလမ်းနံဘေးက ကြည်ညိုဘွယ်ရာစေတီလေးကို ဝင်ဖူးရင်းအုပ်စုလိုက်အမှတ်တရဓါတ်ပုံတွေရိုက်။

ဒါနဲ့ဘဲ ကားလေးက ကျိုက်ခေါက်စေတီရဲ့အနောက်ဘက်လမ်းလေးအတိုင်း ဆက်ဆင်းလာ၊
သိပ်မကြာခင်မှာ
တောအုပ်ကလေးလို လမ်းကျဥ်းကျဥ်းလေးကနေတောင်ကုန်းလေးပေါ်တက်၊
စိမ်းမြတဲ့သစ်ပင်များကြားကနေ ကွေ့ဝိုက်လို့ဝင်
ပြီးတော့ လမ်းအဆင်းလေးမှာကားရပ်ပါတယ်။
ကားပေါ်က မဆင်းခင် မြင်နေရတဲ့ မြင်ကွင်းက ကျနော့်ကို မှင်သက်မိသွားစေပါတယ်။

စစခြင်းမြင်လိုက်ရတာကတော့ ရေညှိတစ်ဝက်တစ်ပျက် နီစွေးသောအရောင်က မကွက်တကွက်၊
ဒုထည်ကြီးမားလှတဲ့အုဌ်ကျောင်းဆောင်ကြီး ကရှေ့တည့်တည့်မှာ၊
နဖူးစည်းမှာထိုးထားတဲ့ သက္ကရာဇ်ကတော့ 1909၊
ပြန်လည်ပြင်ဆင်ထားတာကတော့ 1998။
ရှေးဟောင်းရဲ့ခေါင်မိုးပေါ်မှာတော့ ခေတ်သစ်ရဲ့ပြယုဂ် ဂြိုလ်တု စလောင်းက တစ်ခု။
မေးကြည့်တဲ့အခါမတော့ တရားကျင့်တဲ့ ဂူလေးတွေလိုသိရပါတယ်။
သူ့နောက်မှာတော့ ခြုံနွယ်ပိတ်ပေါင်းတွေကြားထဲမှတွေ့နေရတဲ့ အဝင်မုဒ်ဦးလေးတစ်ခု၊
သူ့ရဲ့အရှေ့ဘက်တည့်တည့်မှာတော့ အပင်တွေကြားထဲမှာပုံစံတူအဆောက်အဦတစ်ခု။
1909ကနေ အခု2011 ဖြတ်သန်းခဲ့သောနှစ်များက 102နှစ် တွက်စစ်ကြည့်တော့
ကျနော်အသက်ရဲ့ နှစ်ဆနီးပါး။
တကယ့်ရှေးဟောင်းအမွေအနှစ် ဖြိုဖျက်လို့ အသစ်ပြင် ကဗျည်းတွေတင်လိုက်ကြမှာကိုတော့
စိတ်ထဲမှာ စိုးရွှံ့ မိပါတယ်။
ကျနော်က သာ တစ်နေရာကနေတစ်နေရာ ပြောင်းလို့ ဓါတ်ပုံတွေကို အားပါးတရ ရိုက်နေပါတယ်။
ဘေးကကြည့်နေသူများကတော့ မိုးရေတွေစိုရွှဲလို့ပြောင်ချောနေတဲ့ ကျောက်ပြားတွေကြောင့်
ချော်လဲမှာစိုးရိမ်နေပါသတဲ့။
ဟုတ်တော့လဲဟုတ်ပါရဲ့ ကျနော်ခြေထောက်ကို မကြွဘဲ ရှပ်တိုက်ပြီး သွားတာတောင်ချောနေတော့ မနည်းသတိထားနေရပါတယ်။
နောက်တော့ စေတီရင်ပြင်ပေါ်ကိုတက်လို့ ဘေး ပါတ်ဝန်ကျင်ကိုလဲမြင်လဲမြင်ရော ရင်သပ်ရူ့မောစရာအတော်လေးကို
လှပတဲ့မြင်ကွင်းကိုတွေ့ရပါတော့တယ်။
နံဘေးပါတ်ပါတ်လည်မှာ စိမ်းစိုမြလဲ့နေတဲ့သစ်ပင်တွေအုပ်ဆိုင်း၊
ဟိုးဝေးဝေးမှာက ကျယ်ပြန့်တဲ့မြင်ကွင်းနဲ့ ဖဲစလေးချထားသလို မြင်နေရတဲ့မြစ်မင်း၊
မနီးမဝေးမှာက အစိမ်းရောင်ကြားထဲက ဆန့်ကျင်ဘက် ရွှေရောင်တွေဝင်းနေတဲ့စေတီ
မြက်ခင်းပြင်မှာ အစားစား နေကျတဲ့နွားတစ်အုပ်၊
တကယ့်တောသဘာဝ အေးချမ်းဆိတ်ငြိမ်သောမြင်ကွင်း ၊
မြင်ရသူတိုင်းကိုအေးမြစေတာကတော့ အမှန်ပါဘဲ။
ဒါတောင်မိုးတွေနဲ့အုံ့မိူင်းနေလို့ပါ။
မိုးသားကင်းစင်ကြည်လင်တဲ့ရက်များဆိုရင် ဒီထက်မက လှမယ်ထင်ပါရဲ့လို့ စိတ်ထဲက တွေးမိလိုက်ပါတယ်။

မိုးတွေရွာလိုက်တိတ်လို်က်ဖြစ်နေတဲ့ကြားထဲကဘဲခရီးဆက်ခဲ့ကြပါတယ်။
အဲဒီကနေထွက်လာတော့ လူသိနည်းသေးသော တရားစခန်းတစ်ခုကို သွားမယ်ပြောပါတယ်။
(ဒါပေမယ့် အင်တာနက်မှာ အဲဒီတရားစခန်းလေးအကြောင်းပါလာလို့ အရင်ကထက်စာရင်တာ့ လူပိုသိလာပြီလို့ သိရပါတယ်။)
ဒါနဲ့ဘဲခရီးဆက်လာရာကနေ လမ်းဘေးမှာ “ရွှေပေါ်ကျွန်း “ဆိုတဲ့မုဒ်ဦးကြီးကိုအတွေ့ ကားကလေးကိုကွေ့ဝင်
မြေနီလမ်းလေးကနေ သွားလို့ သိပ်မကြာခင်မှာဘဲ ကြိးမားလှတဲ့သစ်မြစ်ဆုံကြီးကို တွေ့ရပါတော့တယ်.။
မြေပေါ်မှလဲနေတဲ့သစ်မြစ်ကြီးရဲ့ပင်စည် အခက်ဖြာနေပုံက အင်မတန်ကိုတော်တဲ့ ပန်းပုဆရာလက်စွမ်းပြထားသလိုပါဘဲ။
သူ့နောက်မှာတော့ ကြီးမားတဲ့ပင်စည်အပိုင်းပြတ်ပေါ်မှာသတိပေးဆုံးမစာတွေ တွေ့ရပါတယ်။
ဘယ်ဘက်အစွန်ဆုံးက ပင်စည်ကြိးမှာတော့
(“အကြွင်းမဲ့
အကန့်သတ်မဲ့
စွန့်လွှတ်ခြင်း၊
ခွင့်လွတ်ခြင်း၊
အနစ်နာခံခြင်း” )လို့ရေးထားပြီး
အလယ်က ပင်စည်မှာတော့
(“ မီးသတိ”
လောဘမီး ဒေါသမီး
မောဟမီး သံသယမီး
မာန်မာနမီး)လို့ရေးထားပြီး
အစွန်ဆုံးမှာတော့
(“ ဘုရားရှင်ကိုယ်စား ဘုရားရှင်ကိုယ်ပွား
ဘုရားရှင်အလိုကျ “)
ဆိုတဲ့သတိပေးစာတန်းလေးတွေကို ပင်စည်ထက်ဝိုင်းပိုင်းကြီးပေါ်မှာ
ထုံးနဲ့စာလုံးအကြီးကြိးရေးထားပါတယ်။
ထုံးစံအတိုင်း ကျနော်ကတော့ ဓါတ်ပုံရိုက်ပေါ့။
ခဏနေတော့ နားနေဆောင်ထဲဝင်ထိုင်ကြ။
ရိပ်သာကိုဦးဆောင်သူများက ရှင်းပြ။
ဒီရိပ်သာလေးရဲ့ ထူးခြားချက်ကတော့ လာရောက်လိုသူများအတွက် ကန့်သတ်ချက်နည်းပါးခြင်းပါဘဲ။
အသင်းအဖွဲ့တစ်ခုအဖြစ်စုပေါင်းဆောင်ရွက်ကြမှာတော့ စည်းကမ်းသတ်မှတ်ချက်ဆိုတာအလွန်လိုအပ်ပါတယ်။
ဒါပေမယ့်လဲ စည်းကမ်းသိပ်တင်းကျပ်လွန်းရင် ခြွင်းချက်ဆိုတာမရှိခဲ့ရင်လဲ အဆင်မပြေနိုင်ပါဘူး။
ဒီရိပ်သာလေးရဲ့ သတ်မှတ်ချက်ကတော့
(သူတို့စခန်းသည် အတိဒုက္ခရောက်နေသူများကို ကန့်သတ်ချက်နည်းနည်းနဲ့ခိုလှူခွင့်ပေးထားပါတယ်။
ဒါပေမယ့်ဒုက္ခသည်စခန်းလည်းမဟုတ်ပါဘူးတဲ့။
စိတ်အနာတရရရှိနေသူများကိုလည်း တရားပြလို့ဖြေသိ်မ့်ပေးပါမယ်။
တရားကို လဲ တင်းကျပ်သောစည်းကမ်းနဲ့မဟုတ်ဘဲ ကိုယ်နို်င်သလောက်လုပ်ခွင့်ပြုထားပေးပြန်ပါတယ်။
နောက်ဆုံးသေအံ့မူးမူး လူနာဆိုရင်တောင်မှနောက်ဆုံးအချိန်လေးမှာဒီစခန်းမှာမှခိုလှုံချင်ပါတယ်ဆိုရင်တောင်
လက်ခံထားပါသတဲ့။
လူတိုင်းလွယ်ကူစွာနားလည်နိုင်သော တရားများဖြင့် စိတ်ကိုအေးငြိမ်းအောင် တရားပြပေးပါတယ်)
ဆိုတဲ့ ရှင်းလင်းချက်ကလေးများကြားရတဲ့အခါ ရင်ထဲမှာ ကြက်သီးမြမြ။

ဒါနဲ့ဘဲမိုးတွေရွာတဲ့ကြားထဲမှာ ထီးကိုယ်စီနဲ့ကျောင်းကိုလှည့်လည်လို့လေ့လာကြပါတယ်။
လိုက်လံပြသူသူက ဆောက်လက်စ မီးဖိုကြီးကို ပြတော့ နောင်လာမယ့်အနာဂါတ်မှာဒီထက်တိုးတက်မယ်
လို့ ယုံကြည်မိပါတယ်။
ရှေ့ဆက်သွားလိုက်တော့ တရားသံတွေထုံမွှမ်း နေတဲ့ တရားမှတ်ရူ့ရာတဲနန်းကိုရောက်လာပါတယ်။
ခန်းမကအတော်လေးကျယ်ဝန်းပါတယ်။
ဆောင်းဘောက်များမှတစ်ဆင့် တရားသံတွေလွင့်ပျံ့။
ခန်းမထဲမှာတာ့ နေ့ရာအနှံ့မှာ ချောမွတ်နေတဲ့သစ်ပြားတွေချထားပါတယ်။
ပျဉ်ပြားပေါ်မှာရှိတဲ့ဖျာလေးတွေပေါ်မှာအုဌ်ခဲလေးတွေဖိထား၊
လွင့်မှာစိုးလို့ ဖိထားသလား ဒါမှမဟုတ်ကိုယ့်နေရာဘဲကိုယ်မှတ်ထားသလား
ကာယကံရှင်မှသိနို်င်မှာပါဘဲ။
ဒိပျဉ်ပြားတွေကတော့ နာဂစ်ရဲ့ အမွေလို့ပြောပြပါတယ်။

ခန်းမလယ်က ခုံလေးနံဘေးမှာ အသက်အရွယ်အတော်ရပြီဖြစ်တဲ့ယောဂီတစ်ပါး။
သူ့ဘေးနားမှာတော့ လမ်းလျှောက်စတီးခုံလေးက အဆင်သင့်။
အဲဒီတရားခန်းကနေထွက် ယောဂီများထားရာအဆောင်ဘက်ကို
တံတားလေး ကူးလို့သွားမယ်အလုပ်။
နည်းနည်းလေးသည်းနေတဲ့မိုးရေစက်များအောက်မှာ
ထီးတလက်နဲ့အမေကြီးတစ်ယောက် တုံချိတုံချိနဲ့လမ်းလျှောက်လာတာတွေ့။
ကျနော်က သူ့လက်မောင်းနှစ်ဖက်ကို တွဲလို့ ကျနော်က ခေါ်လိုက်ပါတယ်။
အမေကြီးက မနီးမဝေးမှာရှိတဲ့ရေအိမ်ကို သွားမှာပါ။
ဒါနဲ့ဘဲသူသွားလိုရာကိုပို့အပြီး ယောဂီများရဲ့ နားနေရာကို ဝင်ကြည့်လို့ပြန်အထွက်မှာ
အမေကြီးကိုပြန်တွေ့ရပါတယ်။
အဲဒါနဲ့ဘဲထပ်ပြီးတွဲခေါ်လာခဲ့ပါတယ်။
တံတားလေးအရောက်မှာတော့ မိုးကရွာလေကတိုက် ရွှံ့တွေကလဲရှိဆိုတော့
နဂို်ရ်က ယဲ့ယဲ့သာရှိတဲ့အမေကြီးမှာ အတော်လေးကို အားယူလို့လျှောက်ရပါတယ်။
လမ်းလျှောက်နေရင်း အမေကြိးနှုတ်ဖျားက တလှုပ်လှုပ်တရွရွ ။
အသေအချာကပ်နားထောင်လိုက်မိတဲ့အခါ၊
ကျနော်စိတ်တွေထဲမှာဖျဉ်းကနဲ့ဖြစ်သွားပါတယ်။
ရင်ဘတ်ကို အင်အားကြီးမားတဲ့အရာတစ်ခုခုနဲ့ပြေးဆောင့်ထည့်လိုက်သလိုပါဘဲ။
“အမေသေချင်လိုက်တာ လူလေးရယ်။
သေချင်ပါတယ်ဆိုမှမသေနိုင်
အမေ83နှစ်ရှိပြီ ။
သေမှဘဲ ဒီဒုက္ခတွေကလွတ်မယ်ထင်ပါရဲ့
အမေမြန်မြန်သေချင်လှပါပြီ လူလေးရယ် “ဆို

နက်ဖြန်ဆိုရင် အသင် 53နှစ်ပြည့်တော့မယ်လူကို
ပါးရေနားရေတွန့်နေတဲ့အမေကြီးက လူလေးလို့ခေါ်ပြီးရေရွတ်လို်က်တဲ့အသံသဲ့သဲ့
ကြားလိုက်ရလို့ပါ။
သူတူကိုယ်တူ အင်မတန်မှတပ်မက်ကြတဲ့
“ အသက်ရှင်ခြင်း“ကိုငြင်းပယ်တယ်ဆိုတာ အတော်ကို ကိုယ်စိတ် နှစ်ပါးစလုံးဆင်းရဲဒဏ်ကြီးလွန်းလို့ဘဲဖြစ်ပါလိမ့်မယ်။
ကျနော်တို့အားလုံး ကျန်းမာအောင် ကြိုးစားလို့နေတတ်ကြပါတယ်။
အစားဆင်ခြင်မယ်လေ့ကျင့်ခန်းလုပ်မယ်
ဆရာဝန်ဆီသွားမယ် ဆေးစစ်မယ် ဆေးသောက်မယ်
ယတြာခြေမယ် ……………………..
စတဲ့နည်းလမ်းပေါင်းများစွာနဲ့အသက်ရှင်ဘို့အတွက် အားလုံးကို အန်တုလို့
နေချိန်မှာ “သေချင်လှပါပြီ”လို့တမ်းတပြီး အသက်ရှင်ခြင်းကို ငြင်းပယ်တယ်ဆိုတော့
ကြားရတာ အတော်လေး ကို ခံစားရပါတယ်။
ဒီအမေကြီးလို ငြီးတွားခဲ့သူ တစ်ဦးကိုလဲ ဖျတ်ကနဲ့ပြေးသတိရမိပါတယ်။
လွန်ခဲ့သော ဆယ်နှစ်လောက်ကပါ။
ကျနော်တို့မိသားစုနဲ့အင်မတန်မှာရင်းနှီးသောဆွေမျိုးရင်းချာလိုနေခဲ့သောလူတစ်ဦးဆိုပါစို့။
သန်မာတယ်ထွားကျိုင်းတယ် စိတ်မြန်ကိုယ်မြန်ရှိတယ်။
ကျန်းမာရေးလိုက်စားသလို တကယ်လဲကျန်းမာတယ်ဆိုတဲ့လူစားမျုးိပေါ့။
သူကလဲတွေ့သမျှလူတိုင်းကို ကျန်းမာရေးလိုက်စားဘို့တရားတွေဟောတတ်ပါတယ်။
မြင်သမျှလူအားလုံးကတော့ သူ့ကိုအားကျ ကြရပါတယ်။
တစ်ခုသောဆောင်းရက်မှာတော့ အလုပ်ကိစ္စနဲ့ပြင်ဦးလွင်ကိုတက်သွားပါတယ်။
ခြံကိစ္စတွေနဲ့ဆိုတော့ အဲဒီမှာတစ်ပါတ်လောက်နေမယ်ဆိုပြီး သူ့လက်စွဲတပည့်လေးနဲ့သူနှစ်ယောက်ထဲပေါ့။
အဲဒီနှစ်ကအအေးလှိုင်းဖြတ်တယ်ဆိုတဲ့နှစ်ပေါ့။
ညပိုင်းမှာဆရာတပည့်နှစ်ယောက် တီဗွီထိုင်ကြည့်နေရင်း ဝူးဝူးဝါးဝါးအသံတွေကြားလို့လှည့်ကြည့်တော့သူဆရာ
ကအရုပ်ကြိုးပြတ်သလိုလက်တစ်ဖက်ကဘေးကိုတွဲလောင်းကျ ပါးစပ်ကလဲရွဲ့နေပါသတဲ့။
အဲဒါနဲ့ကားထုတ် သူ့ဆရာကို မနိုင်တစ်နိုင်မ လို့ဆေးရုံကိုအပြင်းမောင်းခဲ့ပါတယ်။
ဒါပေမယ့် လေဖြတ်သွားတဲ့သူ့ဆရာက ပြန်ကောင်းမလာတော့ပါဘူး။
ဒါနဲ့ဘ ဲ မန္တလေးကိုပြန်ခေါ်လာ အဲဒီကမှတစ်ဆင့် ရန်ကုန်ကိုဆက်သွားပြီးကု၊
ဒါပေမယ့်အိပ်ယာထဲလှဲနေတဲ့ဘဝထက်ပိုမထူးတော့ပါဘူး။
ဖြစ်စကတော့ အားလုံးတက်တက်ကြွကြွ။
သတင်းလာမေးသူများကလဲ တဖွဲဖွဲ။
နောက်ရက်တွေကြာလာတာနဲ့အမျှ အားလုံးကလဲ စိတ်တွေရော့ကျ၊
တော့အရင်လို ဂရုမစိုက်နိုင်ကြ၊
လူနာကလဲ မထူးတော့ပါဘူးဆိုပြီးစိတ်တွေလျှော့ချ။
ကိုယ်အလုပ်နဲ့ကိုယ်ဆိုကြပြန်တော့လဲ ဘယ်သူကမှအရင်လို မလာနို်င်ကြဆိုတော့
သူ့အခန်းလေးထဲကနေဘယ်ကို မှသွားမရ အိပ်ယာပေါ်က မထရတဲ့နာတာရည်လူမမာကြီးဘဝမှာ
ကြာလာတော့ သူကိုယ်တိုင်ရော ပြုစုပေးသူပါ ဝဋ်ဒုက္ခကြီးတစ်ခုကို အတူတကွခံစားနေရပါတယ်။
ကျနော်ရောက်တိုင်းသူဆီကဝူးဝူးဝါးဝါး ကြားရတဲ့စကားအရှည်ကြီးကို အတိုဆုံးဘာသာပြန်ရင်
“ ငါသေချင်တယ် ငါ့ကိုသေခွင့်ပေးလိုက်ပါတော့“ဆိုတဲ့စကားလေးကို အပ်ကြောင်းထပ်မျှပြောနေပါတယ်။
သူများကြွေးမှစား သူများထူမှထ ကိုယ့်စွန့်ပစ်တဲ့အညစ်အကြေးကို တောင်မှ သူများလာဖယ်မှရတဲ့
ဘဝမျုးိနဲ့ဆယ်စုနှစ်တစ်ခုနီးပါးနေသွားရပါတယ်။
“ သက်ဆိုးရှည် “တယ်ဆိုတာ ဒါမျိုးဘဲထင်ပါတယ်။
အသက်သာရှင်နေတယ် သေတာနဲ့ဘာမှမထူးတဲ့ဘဝမျိုးပေါ့။
အဲဒီရိပ်သာလေးက အပြန်လမ်းမှာတော့ ကျနော်ခေါင်းထဲမှာထပ်ကာထပ်ကာပေါ်နေတဲ့မေးခွန်းလေးကတော့
ကျနော်တို့ နေ့စဉ်ဘဝများထဲမှာ ရှင်လျက်နဲ့သေနေသူတွေ ဘယ်လောက်များ များနေပြီလဲ
ကိုယ်ရော ဒီအဖြစ်ဆိုးထဲမှာ တစ်ချိန်ချိန်ပါအုန်းမှာလား ဆိုတဲ့ စိုးရိမ်စိတ်အပြည့်နဲ့မေးခွန်းလေးပါဘဲ။
ရိပ်သာက အမေကြီးရဲ့စကားလေးကတော့ စိတ်မာတယ်လို့ကိုယ့် ကို ကိုယ် ထင်ထားတဲ့ကျနော်
အတွက် အမှန်တကယ်ကို ဟတ်ထိသွားခဲ့ရပါတယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(18-7-2011)

14 comments

  • naywoonni

    July 18, 2011 at 11:29 pm

    ကျွန်တော်ကတော့ သက်ဆိုးမရှည်ချင်ပါဘူးဗျာ

    • Foreign Resident

      July 19, 2011 at 12:14 am

      Me too ( အသက်မရှည်ချင်ပါဘူးဗျာ )

      • etone

        July 20, 2011 at 3:07 pm

        အသက်ရှည်တာ တိုတာ ကံပါလာသလောက်ပဲ ဖြစ်မှာပါ ..ကိုယ်ဖြစ်ချင်သလိုမှ ဖြစ်လို့ မရတာ … ဒါပေမဲ့ အသက်ရှည်စဉ်ကာလလေးမှာတော့ စိတ်ချမ်းသာချင်တယ် .. ။

  • ကြောင်ကြီး

    July 19, 2011 at 9:19 am

    မအိုခင်က ကုသိုလ်ကောင်းမှု ကြိုးစားပြုလော့…
    မနာခင်က ကုသိုလ်ကောင်းမှု ကြိုးစားပြုလော့…
    မသေခင်က ကုသိုလ်ကောင်းမှု ကြိုးစားပြုလော့…

  • weiwei

    July 19, 2011 at 10:21 am

    အဲဒီနေ့တွေက မြင်ကွင်းတွေကတော့ တကယ် ဟတ်ထိပါတယ် … အတွေးတွေ တသီကြီးကျန်ခဲ့တယ် …

  • MaMa

    July 19, 2011 at 11:42 am

    ကိုပေါက်ရေ- ကိုယ့်အတွေ့အကြုံကို ပီပြင်အောင်ရေးပြနိုင်တဲ့ စာရေးဆရာကြောင့် စာဖတ်သူတွေလည်း ဟတ်ထိသွားရပါတယ်။

  • hmee

    July 19, 2011 at 2:00 pm

    လေးပေါက် ပြောမှ သတိရစရာ ပေါ်လာတယ်။ မှီ့ အဖွားက (၉၂) နှစ်မှာ ဆုံးသွားတယ်။ မဆုံးခင်ကပေါ့ ထမင်းလည်း စားပွဲနဲ့ ကျွေးမရတော့ဘူး။ စားရင်းကနေ ပေါင်ပေါ် အမြဲမှောက်ကျတယ်။ တခါတလေ ထမင်းတွေပဲစားတယ် တခါတလေ ကြပြန်တော့လည်း ဟင်းတွေပဲ ခပ်စားနေတယ်။ နောက်တော့ အမေက ကလေးလေးတွေ ကျွေးသလို ထမင်းဟင်း တခါတည်း နယ်ပေးရတယ်။ ဒါလည်း ဟင်းကို အတုံးလိုက် မထည့်ပေးရဲဘူး။ တတုံးလုံး တခါတည်း စားလို့ နင်နေတတ်လို့လေ။ သတိကတော့ မလွတ်ဘူး အကုန်မှတ်မိတယ်၊ မျက်လုံးလည်း မြင်သေးတယ်။ တချက်တချက်မှ စကားတလုံးကို မပြောရသေးဘူး ထင်ပြီး ခဏခဏ ပြောတာ။ ကလေးလေး တယောက်ကို ပြုစုသလိုပဲ ပြုစုရတယ်။ အဖွားကို ကြည့်ပြီး အမေက ကျွန်မကို ပြောတယ် အမေတို့ အမျိုးက အသက်ရှည်တယ်တဲ့ အားလုံး ၉ဝကျော်မှပဲ ဆုံးတာတဲ့။ အမေတော့ ညည်း အဖွားလို အသက်မရှည်ချင်ဘူး ကိုယ့်အရိုးကိုယ်နိုင်တုန်း သေချင်တယ်တဲ့၊ သားသမီး အငြိုအငြင်ခံပြီး အသက်မရှည်ချင်ဘူးတဲ့။ အမေ့စကား ကြားတော့ ကျွန်မလည်း အတော်စိတ်မကောင်း ဖြစ်သွားတယ် အမေက အဖွားကို ပြုစုသလို ကျွန်မတို့ အဖေနဲ့ အမေ့ကို ပြုစုနိုင်ပါ့ မလားလို့ တွေးမိလို့လေ။ မိဘတွေကလည်း ရွာက မခွာနိုင်သလို ကျွန်မတို့တွေကလည်း ရွာမှာမနေနိုင်တဲ့ အခြေအနေလေ။ အဲသည့်အခေါက် ရွာကပြန်လာကတည်းက အမေ့စကား စဉ်းစားမိတိုင်း အခုထိ စိတ်မကောင်းဘူး။

  • aungnng87

    July 19, 2011 at 2:19 pm

    အင်း…. ဟတ်ထိသွားတယ်။

  • unclegyi1974

    July 19, 2011 at 9:41 pm

    ဘုန်းကြီးလို့သက်မရှည် သက်ရှည်လို့ဘုန်းမကြီး
    ဖြစ်ချင်တိုင်းဖြစ်အနတ္တဘယ်မှာရှိပါ့မလဲကိုပေါက်ေ၇

  • Ko Ko Aung

    July 19, 2011 at 11:35 pm

    ဆရာကြီး ရွှေဥဒေါင်း ပြော(ရေး) ခဲ့တာလေးတခု သတိရမိတယ်။ တသက်တာမှတ်တမ်းထဲမှာ။
    သူလဲ အသက်ရာကျာ် အလွန်အိုမင်းအောင်မနေချင်ဘူးဆိုတာ….။
    သက်တမ်းရဲ့ ငါးပုံလေးပုံသာ နေလေ့ရှိတဲ့ ဘုရားရှင်များရဲ့ ထုံးစံကို သဘောကျနေတယ်ဆိုတာ..ပေါ့။
    ဆရာကြီးလဲ ၈၃-၈၄ လောက်မှာ ကွယ်လွန်သွားတယ်လို့ မှတ်ထားမိပါတယ်။
    ကျွန်တော်လဲ …….

  • True Answer

    July 20, 2011 at 8:44 am

    ဘဝတဏှာ လည်း တဏှာပါပဲ…ဝိဘဝတဏှာလည်း တဏှာပါပဲ။ သမုတိသစ္စာသာဖြစ်တဲ့ “တစ်ခုခု၊ တစ်ယောက်ယောက်ဆိုတဲ့ ဘဝ´´ ဆိုတာ ငြိတွယ်နေရာမှလည်း မဟုတ်၊ ငြင်းပယ်ရမှာလည်းမဟုတ်။
    ငြိတွယ်ရင်တော့ ဘဝတဏှာပေါ့။ ပယ်ရှားဖို့ကြိုးစားရင်တော့ ဝိဘဝတဏှာပေါ့။

    ဘဝဆိုတဲ့ သမုတိသစ္စာကို ကြီးကြီးငယ်ငယ် ပျိုပျို အိုအို သုံးရုံသက်သက် အသုံးချပြီး …..
    “သမုတိသစ္စာရဲ့ အမှန်တရား´´ ဖြစ်တဲ့ “ဘဝဆိုတာ ဆုပ်ကိုင်အတည်ယူရမှာမဟုတ်၊ အဟုတ်ထင်ပြီး ငြိတွယ်၊ ငြင်းပယ်ရမှာမဟုတ် ´´ဆိုတဲ့ အမှန်တရားကို နားလည်ဖို့ မမေ့ဖို့ ကြိုးစားနေရင်း သမုတိသစ္စာ ကလွန်မြောက်တဲ့အမှန်တရားကို သိဖို့ နားလည်ဖို့ ကြိုးစားမှုကို အဓိကထားရမယ် ဆိုတာကို ….. ကျွန်ုပ်တို့
    နားမလည် သဘောမပေါက်သေးသရွေ့ ………………
    မဆုံးနိုင်အောင် ဟတ်ထိနေမှာပါပဲ။

  • True Answer

    July 20, 2011 at 8:46 am

    သန်လျင်ရိပ်သာကို ကိုယ်တိုင်သွားရောက်လေ့လာ သတင်းဖော်ပြပေးတာ ကျေးဇူးပါ။ မနှစ်က အောက်တိုဘာက ကျွန်တော် ၁ ပတ်လောက်တရားဝင်ခဲ့တယ် ဗျ။

  • pan pan

    July 20, 2011 at 10:07 am

    စွမ်းဆောင်နိုင်တုန်းတော့ သူသူကိုယ်ကိုယ်အသက်ရှည်ချင်တာပေါ့
    ကိုယ့်အရိုးကိုယ်မသယ်နိုင် ဘေးလူလည်းတာဝန်ပိုတဲ့အချိန်ထိတော့ မနေချင်ပါဘူး
    ဇရာဒုက္ခကြီးနဲ့တော့…..
    သက်ဆိုးတော့ ဘယ်သူရှည်ချင်ပါ့မလဲ
    သက်ကောင်းပဲ ရှည်ချင်မှာပေ့ါ လေးပေါက်ရယ်….

  • နွယ်ပင်

    July 20, 2011 at 3:13 pm

    အသက်ရှည်ပြီး ကျန်းမာရေးမကောင်းတဲ့ လူတော့ မဖြစ်ချင်ဘူး
    နွယ်ပင် အဖွားပြောပြောနေကျစကား တစ်ခွန်းရှိတယ် ကိုယ့်အရိုးကိုယ်သယ်နီုင်တုန်း အချိန်မှာ ပဲသေချင်တယ် နာတာရှည်ကြီးနဲ့တော့ သူများကို ဒုက္ခမပေးချင်ဘူး တဲ့

Leave a Reply