ခင်ဗျား ဒီမှာနေမယ်ဆိုရင် အင်တာနက်သုံးတတ်ဖို့လိုအပ်ပါတယ်

သူရႆဝါMay 6, 20107min1095

ခင်ဗျားအနေနဲ့ ဒီနေရာမှာနေမယ်ဆိုရင်

အင်တာနက်သုံးတတ်ဖို့တော့လိုအပ်ပါတယ် ။

အင်တာနက်ဆော့တာမဟုတ်ဘူး ၊ အင်တာနက်ကြည့်တာမဟုတ်ဘူး ၊

အင်တာနက်အသုံးပြုတာပါ ။

ခင်ဗျားအနေနဲ့ အင်တာနက်သုံးတတ်မယ်ဆိုရင်

ကမ္ဘာကျော်အဆိုတော်ရဲ့ဈာပနကို အင်တာနက်ကနေတဆင့် လိုက်ပါပို့ဆောင်ခွင့်ရနိုင်မှာဖြစ်သလို

ခင်ဗျားရဲ့ဈာပနဟာ ဘယ်နေ့ဖြစ်တယ်ဆိုတာကိုလည်း အင်တာနက်ကနေတဆင့် သိကောင်းသိနိုင်ပါလိမ့်မယ် ။

ခင်ဗျားဘာကိုရရှိသလဲဆိုတာဟာ ခင်ဗျားဘာကိုရှာဖွေသလဲဆိုတာပဲဖြစ်လို့

What you get is what you search ဖြစ်လို့

ခင်ဗျားအနေနဲ့ ဒီမှာနေမယ်ဆိုရင်

အင်တာနက်သုံးတတ်ဖို့တော့လိုအပ်ပါတယ် ။

ဘာပဲလိုလို ရန်ကုန်လမ်းညွှန်မှာရှိတယ်ဆိုတာကအစ အင်တာနက်မှာရှိတဲ့အတွက်

ခင်ဗျားဘယ်နေရာမှာရှိနေတယ်ဆိုတာအဆုံး အင်တာနက်မှာရှိတဲ့အတွက်

ဒီနေရာမှာနေမယ်ဆိုရင်တော့ ခင်ဗျား အင်တာနက်သုံးတတ်ဖို့လိုအပ်ပါတယ် ။

အင်တာနက်မှာ ထေရဝါဒဗုဒ္ဓဘာသာရှိပြီး

အင်တာနက်မှာ ယေရှုဘုရားသခင်လည်းရှိပြီး

အင်တာနက်မှာ ဒေဝဒတ်ရော မာရ်နတ်ပါရှိပြီး

အင်တာနက်မှာ ယုဒလည်းရှိပါတယ် ။

ခင်ဗျားအနေနဲ့ အင်တာနက်သုံးတတ်မယ်ဆိုရင် ဒီနေရာမှာ

ကမ္ဘာကျော်တိုက်တန်းနစ်သဘောင်္ကိုတွေ့ရှိနိုင်သလို

သာမညောင်ည အာဖရိကတောတွင်းတစ်နေရာက လူမမည်ကပ္ပလီအမျိုးသားလေးကိုလည်း တွေ့ရှိနိုင်ပါတယ် ။

What you see is what you search ဖြစ်လို့

ဗင်းဆင့်ဗင်ဂိုးရဲ့ပြတ်ထွက်သွားတဲ့နားရွက်တစ်ဖက်ကို တွေ့ရှိနိုင်ပြီး

လီယိုနာဒိုဒါဗင်ချီရဲ့ မိုနာလီဇာအပြုံးကိုလည်းတွေ့ရှိနိုင်ပြီး

ဟိုးနှစ်သန်းပေါင်းများစွာက ဒိုင်နိုဆောအစွယ်ကိုလည်းတွေ့ရှိနိုင်ပါတယ် ။

အင်တာနက်မှာ ဘိုးဘိုးအောင်ရှိ ၊ နီရူဒါရှိ ၊ အင်ဂျလီနာဂျိုလီလည်းရှိ ၊

ခရစ်စတီယာနိုရိုနယ်လ်ဒိုလည်းရှိသလို

ဖောက်တံမလိုတဲ့ ဝမ်းတီးနို့ဆီလည်းရှိပါတယ် ။

ခေတ်လွန်သိပ္ပံအက်ရှင်ကားတွေရှိသလို

သမိုင်းဝင်မှတ်တမ်းမှတ်ရာတွေရှိပါတယ် ။

What you do is what you want ဖြစ်လို့

ဒီနေရာမှာနေမယ်ဆိုရင်

ခင်ဗျားသဘောကျတဲ့ / သဘောမကျတဲ့ ဒေးဗစ်ဘက်ဟမ်းဆီကိုလည်း စာပေးစာယူလုပ်လို့ရပါတယ် ။

ဟာသသရုပ်ဆောင် မစ္စတာဘီန်းကို ဝေဖန်နိုင်သလို

ခင်ဗျားကိုယ်တိုင်လည်း မစ္စတာဘီန်းဖြစ်သွားအောင် ပြုပြင်တပ်ဆင်နိုင်ပါတယ် ။

အင်တာနက်ကပိုးမွှားတွေကိုသတ်ခြင်းအားဖြင့် ပါဏာတိပါတာကံကျူးလွန်ပြီးသားဖြစ်နိုင်သလို

နိုင်ငံရပ်ခြားက မသန်မစွမ်းကလေးငယ်အတွက် ဒေါ်လာတွေရအောင် မဆီမဆိုင် ခင်ဗျားအလှူခံပေးနိုင်မှာဖြစ်ပါတယ် ။

အင်တာနက်မှာ ခင်ဗျားကြိုက်တာတွေလုပ်လို့လည်းရပြီး ခင်ဗျားမကြိုက်တာတွေလည်း လုပ်လို့ရတဲ့အတွက်

အသက် (၁၈) နှစ်အောက်မကြည့်ရ စာမျက်နှာတွေပေါ် အသက် (၁၈) နှစ်မပြည့်သေးဘဲ ဝင်ရောက်နေနိုင်ပါတယ် ။

ခင်ဗျားအလိုဆန္ဒရှိရင် ခင်ဗျားရဲ့သွေးသားကိစ္စအတွက် အင်တာနက်ကိုကြားခံအဖြစ် အသုံးချနိုင်ပြီး

ခင်ဗျားသဘောဆန္ဒမပါဘဲနဲ့လည်း ခင်ဗျားရဲ့အနုပညာလက်ရာအချို့ ခိုးယူခံရနိုင်ပြီး

ဒါတွေအားလုံးအတွက် ခင်ဗျားအင်တာနက်သုံးတတ်ဖို့လိုပါတယ် ။

ခင်ဗျားအနေနဲ့ ဒီနေရာမှာ အင်တာနက်လည်းသုံးတတ်မယ် ၊

ကံလည်းကောင်းမယ်ဆိုရင် ကျွန်တော်နဲ့ အင်တာနက်မှာ စကားစမြည်ပြောဆိုလို့ရပြီး

ကံဆိုးမယ်ဆိုရင်တော့ ကျွန်တော့်ကဗျာတွေကို ဖတ်ရှုခွင့်ရမှာဖြစ်လို့

ခင်ဗျားအနေနဲ့ ဘာပဲဖြစ်ဖြစ်ဆောင်ထားဖို့တော့လိုအပ်ပါတယ် ။

ခင်ဗျားအနေနဲ့ ဒီနေရာမှာ အင်တာနက်သုံးတတ်မယ်ဆိုရင်

မျက်စိရှင်ရှင်ထားဖို့လိုအပ်ပြီး လိုအပ်လာရင်လည်း ဟိုကျော်ဒီခွလုပ်တတ်ရမှာဖြစ်သလို

ခင်ဗျားဟာ အနံ့အသက်တချို့ကင်းရှင်းရပါမယ် ။

နောက်ဆုံးအနေနဲ့ ခင်ဗျားဒီမှာနေမယ်ဆိုရင်တော့

အင်တာနက်သုံးတတ်ဖို့လိုအပ်မှာဖြစ်ပြီး

အထက်ပါကိစ္စတွေအားလုံးကို ကျူးလွန်နိုင်မှာဖြစ်ပြီး

ခင်ဗျားဒီမှာနေမယ်ဆိုရင်

အင်တာနက်မသုံးတတ်တာ အရေးမကြီးတဲ့ကိစ္စဖြစ်သလို

အထက်ပါကိစ္စတွေအားလုံးကိုလည်း အင်တာနက်မသုံးတတ်ဘဲ

ကျူးလွန်ချင်ရင်ကျူးလွန်နိုင်မှာပဲဖြစ်ပါတယ် ။

သူရဿဝါ

မေ ၆ ရက် ၊ ၂၀၁ဝ ခုနှစ်

5 comments

  • koko

    May 6, 2010 at 8:58 am

    မျက်စီလည်တွားပြီဂျာ…………………

  • susunosuki

    May 11, 2010 at 3:45 pm

    ကောင်းတယ်ဗျာ
    ဒီလိုအကျိုးရှိရှိ သုံးကြဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ
    ပြောပြပေးလို့သိခွင့်ရတယ်

  • poeaung6

    May 24, 2010 at 1:05 pm

    ဟုတ်တယ်ဗျ အခုလို အင်တာနက်အကြောင်းပြည်စုံအောင်ရေးပေးတာကျေးဇူးတင်ပါတယ် အကျိုးရှိရှိသုံးတတ်အောင် လမ်းညွှန်မှုပါပဲ

  • Ba Gyi Taw

    August 7, 2010 at 5:01 am

    မှန်ပါ့ ကွယ် ။

  • laaminnthar

    August 7, 2010 at 11:57 am

    နည်းနည်းတော့ဇယားရှုတ်တယ်
    ကိုသိသလို ကိုလုတ်တာပဲကောင်းပါတယ်။

Leave a Reply