ပရလောက(၅)

waigyeeJuly 19, 20111min1027

မနက်ခင်းက အေးအေးချမ်းချမ်းဖြင့် ကြည်နူးစရာကောင်းနေသည်။ အုံ့အုံ့ဆိုင်းဆိုင်းလေးဖြစ်နေသည်။

တနင်္ဂနွေနေ့လည်းဖြစ်သောကြောင့် လမ်းမတွင် လမ်းလျှောက်ထွက်သောသူများ၊ ဈေးသည်များ ကိုယ်စီကိုယ်စီဖြင့် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်။ ကျွန်တော်လည်း စောစောစီးစီးပင် ဘော်ဒါများနှင့်ဆုံနေကျ လက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။ အချိန်အားဖြင့် ၆း၃ဝသာသာ။

ကျွန်တော်တို့အဖွဲ့(၅)ယောက်ရှိသည်။ လက်ရင်းဒိုးပေါ့။ ကျွန်တော်တို့အဖွဲ့ရဲ့ထူးခြားချက်က ၅ ယောက်တွင် (၄)ယောက်က နာမည်တွေဆင်ကြသည်။ ကျွန်တော်က ဝေဖြိုး၊ ကျွန်တော်နဲ့ ငယ်ငယ် ကတည်းက ကျောင်းနေဖက်ဘော်ဒါက ကိုဖြိုး (ကျောင်းနာမည် မင်းသူရှိန်)၊ နောက် နှစ်ယောက်က ကျွန်တော်တို့ထက်(၃)နှစ်လောက်ငယ်ပြီး ညီတွေလိုဖြစ်နေကြသည့် ဝေဖြိုးပိုင် နှင့် ဝေဖြိုးအောင်တို့ဖြစ်ကြသည်။ ကျန်တဲ့တစ်ယောက်ရဲ့နာမည်က အောင်အောင်။ အိမ်နာမည် “ကချစ်”။ များသောအားဖြင့် ကချစ်ပဲခေါ်ကြသည်။ သူ့ကိုမွေးပြီးပြီးချင်း သူ့ဖားသားကြီး ကားအရောင်းအဝယ်က သိသိသာသာကောင်းလာခဲ့တော့ ဒင်းကို “ကားချစ်”လို့နာမည်ပေးရာကနေ အဖျားစွပ် “ကချစ်”ဖြစ်သွားတာဖြစ်သည်။ ဒီကောင်က နောက်မှ သာယာဝတီကနေ ပြောင်းလာပေမယ့် ကျွန်တော်တို့ ငယ်သူငယ်ချင်းတွေလိုပဲ ပေါင်းဖြစ်ကြတာဖြစ်ပါသည်။ အဓိကကတော့ စိတ်တူကိုယ်တူ၊ ကောင်းတာလုပ်တာရော၊ မကောင်း တာလုပ်တာရော ညီကြသည်။ တစ်ယောက်က စလျှင် တစ်ယောက်က မပါဘဲမနေ။ ရှိုးပွဲဆိုလည်း ရှိုးပွဲ။ မနက်ဖြန်ရှိုးပွဲရှိတယ်ဆို ဒီကနေ့ကတည်းက တိုင်ပင်ဖောက်ပြီးသား။ ရှိုးပွဲမှာရန်ဖြစ်လည်း ၅ယောက်စလုံးညီသည်။ မနိုင်တော့ဘူး။ ဟေ့ကောင်တွေ၊ ဦးအောင်လှော်၊ လှော်ပြီးတာနဲ့ ယောက်ဖသုတ်၊ ကြောက်လို့ပြေးလည်း ကျန်းမာရေးပဲဆိုပြီးပေါ့။ အရက်ဆိုင်ဆိုလည်း နှစ်ခေါက်ခေါ်စရာမလို။ ငါတို့ဘုရားသွားမယ်ဆိုလည်း ဘုရားပေါ့။ ဟီး………  အရင်တုန်းကပေါ့။ အခုနောက်ပိုင်းတော့ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သိပ် ဟေးလားဝါးလား၊ ၁၀၉-၁၁ဝမလုပ်ဖြစ်ကြ တော့။

ရောက်လာပါပြီ။ ဝေဖြိုးပိုင်၊ ဒီကောင်တွေအိမ်က ကျွန်တော်တို့အခုထိုင်တဲ့ လက်ဖက်ရည်ဆိုင်နဲ့ဆို သိပ်မဝေးလှပါ။

“ဟာ….ကိုဝေဖြိုးကြီး၊ စောလှချည်လား။

အေး . . .ငါလည်း စောစောနိုးတာနဲ့ထွက်လာတာ၊ “

သိပ်မကြာ ၁ဝမိနစ် ၁၅မိနစ်လောက်ထိုင်ပြီး ဝေဖြိုးအောင်(ဝေဖြိုးလေး) ရောက်လာပါပြီ။

ကျွန်တော်က လက်ကုတ်ပြီး “ငပိုင်၊ ဟေ့ကောင်၊ မင်းကောင်ကိုရှိုးလိုက်ဦး၊ ဒါလက်ဖက်ရည်ဆိုင် ထိုင်မယ့်ပုံစံမဟုတ်ဘူး” ဟုတ်ပါသည်။ ဘွတ်နှင့်ရွှတ်နှင့်ဆိုတော့ . . .

ငပိုင်က . . .“ဝေဖြိုး၊ ဟေ့ကောင်၊ ဘယ်ရွေ့မလို့လဲ“

“လမ်းကြောင်းလေကွာ၊ ၈းဝဝနာရီထိုးကို လှည်းတန်းမှာ ဒိတ်ထားတယ်”

ကျွန်တော်နှင့်ငပိုင်မျက်စပစ်ရင်း . . ..

“ငါတို့လည်း လိုက်မယ်၊ ဟိုကောင်…နှစ်ကောင် မနိုးသေးဘူးထင်တယ်”

“ခဏစောင့်၊ ငါတို့လည်း Dressing သွားချိန်းလိုက်ဦးမယ်“

“ဝေဖြိုးလေး၊ မင်း…ဟိုနှစ်ကောင်ကို သွားသံချောင်းခေါက်လိုက်ပါလား”

“ငါတို့ခဏပဲ ၁၅မိနစ်လောက်ပဲကြာမှာ”

“အင်းအင်း” ဟိုနှစ်ကောင်က တစ်လမ်းတည်းသားတွေဖြစ်ကြသည်။

သို့နှင့် ကျွန်တော်တို့လည်း ထိုဆိုင်တွင်ပြန်ဆုံကြသည်။

“ဟေ့ကောင်၊ ဝေကြီး မင်းညီမလေးကော မလိုက်ဘူးလား”ဟု ကချစ်က စပ်ဇြီးဇြီးဖြင့်ပြောသည်။ ကျွန်တော်ကလည်း “အေး ၊ မင်းအမလိုက်ရင်၊ ငါသွားပြန်ခေါ်လိုက်မယ်” စသဖြင့် ဘာရယ်မဟုတ် နောက်နေကျဖြစ်သည်။ ကျွန်တော့်ညီမလေးလည်း တစ်ခါတရံကျွန်တော်တို့အဖွဲ့နှင့် လိုက်လိုက်လည်တတ်တာကိုး။  ဒီကောင်တွေချစ်ဖို့ကောင်းတာတစ်ခုကတော့ ကိုယ့်ညီမလိုပင်သဘောထားကြတာဖြစ်သည်။ သင်္ကြန်ဆိုလည်း သင်္ကြန်။

ကျွန်တော်က “ဟေ့ရောင်တွေ၊ ရွေ့ကြမယ်”

“ဝေဖြိုးလေးလည်း ၈းဝဝနာရီ ဒိတ်ထားတာရှိတယ်”၊ အဲဒီမှာ ငဖြိုး(ကိုဖြိုး)က တစ်စခန်းထပြန်သည်။ “ဟ၊ ဝေကြီး နေပါဦးဟ၊ ငါဘာမှမဆွဲရသေးဘူး။ ဗိုက်ထဲကလည်း ဂွီဂွမ်တွေ မြည်နေပြီ”

ကချစ်က“ဟေ့ကောင်ကြီး၊ လှည်းတန်းရောက်မှဆွဲပါကွာ၊ ငါလည်း ဘာမှမဆွဲရသေးဘူး”

“ခဏလေးပါကွာ”ငဖြိုးပြောရင်းနှင့်ပင် “ပြွတ်”ညီလေး၊ မုန့်ဟင်းခါး၊ ပဲကြော်နဲ့တစ်ပွဲ၊ မြန်မြန်လေး” မှာလိုက်တော့လည်း ၊ ကဲမထူးပါဘူး။

ဝေဖြိုးလေးက “ကိုဖြိုးကြီး ၊ မြန်မြန်ဆွဲဗျာ၊ အမြဲတမ်းပဲ ၊ အိပ်ယာကျတော့ သူ့နှိုးရတာအကြာဆုံးပဲ” စသည်ဖြင့် ထုံးစံအတိုင်း အီးပေါက်သည်။

သို့နှင့်။။။။။။။။။။။။။ ကျွန်တော်တို့အဖွဲ့ ၊ အင်းစိန်ကနေ လှည်းတန်းကို ချီတက်လာကြသည်။။။။။။။။။။။။။။

လှည်းတန်းရောက်တော့ … ဝေဖြိုးလေးက “ဘဲကြီးတို့ဘယ်မှာရှိမှာလဲ၊ ကျွန်တော်မကြာဘူး၊ ၄၅မိနစ်ပဲ” ငဖြိုးက“ဟေ့ကောင်၊ Mac Burger ကိုပဲလာခဲ့”

ဘာမှမဟုတ် ကျွန်တော်တို့အဖွဲ့ ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်၊ ပြီး Mac Burger ဖွင့်သည်နှင့် ပြည်မြန်မာကုန်တိုက်အပေါ်ကို ချီတက်ကြသည်။ အရင်က Mac Burger တွင် ကျွန်တော်တို့အဖွဲ့ အမြဲတမ်းရှိနေတတ်သည်။ အဲဒီမှာထိုင်ရင်းနဲ့ပင် ကျွန်တော်တို့လို တခြားဝိုင်းက ကောင်တွေနှင့်ပါ နောက်ပိုင်း သိလာကြသည်။

ဟော… လာပါပြီ။ ဖောင်ကျွန်… ဝေဖြိုးလေးကို ပြောခြင်းဖြစ်သည်။ ထိုအချိန်က ကျွန်တော်တို့အဖွဲ့ (၅)ယောက်ထဲတွင် ဝေဖြိုးလေးနှင့် ငဖြိုး(ကိုဖြိုး)နှစ်ကောင်သာ စော်ရှိသည်။ ကျန်တဲ့ ကျွန်တော်တို့ (၃)ယောက်ကတော့ သိတဲ့အတိုင်း ဟိုလိုလိုဒီလိုလို အတည်တကျမရှိသေး။ ဆိုတော့ . . .. . လူလည်းစုံပြီ။ နာရီကြည့်လိုက်တော့လည်း ၁ဝးနာရီနီးပြီ။

ကချစ်က ဇာတ်လမ်းစသည်။ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ခေါင်းဆတ်ပြသည်။ သိလိုက်ပြီ ၊ ဟေ့ကောင်တွေ၊ ငါတို့နည်းနည်းပါးပါး ထုံးစံအတိုင်း ဝင်အော်ကြရအောင်။ ငါရှက်ကီသွားဝယ် လိုက်မယ်။ မင်းတို့ ကိုစိုင်းကိုသွားပြောထားလိုက်။ အာလူးကြော်ပါမှာထားလိုက်ကွာ၊ ရေရော။

ကိုစိုင်းဆိုသူမှာ အရင်က Mac Burger မှာ ကာရာအိုကေခန်းကိုင်သည့် သူဖြစ်သည်။ ကျွန်တော်တို့နဲ့က သွားဆိုပါများလာရင်းကနေ ရင်းနှီးလာကြတာပါ။ ကျွန်တော်တို့ အနွံတာကိုလည်းခံသည်။ ဆက်ရှင်ပြည့်ပြီဆိုလျှင်တောင် နောက်လူတွေစောင့်နေတယ်ပြောလည်း မရဘူး။ ကျွန်တော်တို့က ကိုစိုင်း နောက်ဆုံး(၁)ပုဒ်(၁)ပုဒ်နဲ့ အဆစ်ပါတောင်းတတ်သေးသည်။

ပုလင်းကိုတော့ အထဲမှာ ခုံအောက်ထားပြီး ပိုင်ရှင်မသိအောင် ဖွက်သောက်ရတာပေါ့ဗျာ။ ပိုင်ရှင်လည်း နောက်ပိုင်း ကျွန်တော်တို့ သီချင်းဆိုပြီး သောင်းကျန်းရင် လာလာနားထောင်ရင်းကနေ သူလည်း သိနေပါပြီ။ ဟီး . . . .

ကျွန်တော်တို့အဖွဲ့ကဲလည်း ကဲ၊ ဇြဲလည်း ဖြဲပြီးရော။ ဗိုက်ထဲက အလန်းပြလာပါပြီ။ နှစ်ဆက်ရှင်ခွဲ လောက်အော်ဟစ်ပြီး ပြန်ထွက်လာ၊ ခုန မီးပေါင်တင်ထားတာလေးလည်းကျရောပေါ့။

ထုံးစံအတိုင်း အစားပုပ် ငဖြိုးက စပြောသည်။ “ဟေ့ကောင်တွေ ၊ ဝါးတီး၊ ဝါးတီး၊ မဆွဲကြတော့ဘူးလားဟ၊ တော်ကြာ . .. .မန်မန်းတူတူပုန်းနေဦးမယ်။ နာရီလည်းကြည့်ဦး”စသည်ဖြင့် ဂျီဂျောင်ကျသည်မှာ ဒီကောင့်အလုပ်။ နာရီကြည့်တော့ (၁)နာရီထိုး ကာနီးပြီ။

ကချစ်က “ကဲ. . .ဟေ့ကောင်တွေ၊ ငါ့မှာသော့ပါလာတယ်။ ငါ့အမ ဟိုတလောက ဝယ်ထားတဲ့အခန်း သော့၊ အဲဒီမှာသွား နားမလား၊ ဝါးတီးပါ ပါဆယ်ဆွဲသွားမယ်ကွာ၊ ဒါမှမဟုတ်လည်း အဲဒီနားရောက်မှ ကြည့်ချွိုက်မလား“ဆိုတော့ ၊ ကျွန်တော်တို့(၄)ယောက်စလုံး က “လစ်”ဆိုပြီး သူ့အမအခန်းရှိရာကို ဆက်လက်ချီတက်ပါတော့တယ်။

ကျွန်တော်က“ဟေ့ကောင်၊ မင်းအမစုံတွဲက အဲဒီအခန်းကို ဘယ်တော့ပြောင်းနေကြမှာလဲ”

ကချစ်က“ဟကောင်ရ၊ သူတို့မင်္ဂလာဆောင်ပြီးမှနေမှာပေါ့ဟ၊ အခုသူတို့အဲဒီအခန်းမှာ ပစ္စည်း နည်းနည်းပါးပါးပဲထားထားတာ၊ အခန်းတွင်းလည်း ဖြည်းဖြည်းချင်းဖြည့်ဦးမယ်ထင်တယ်”

“ဒါနဲ့ဘယ်တော့ မင်္ဂလာဆောင်ကြမှာလဲ”

“၆လလောက်လိုသေးတယ်”

“အင်းအင်း၊ မင်းအမကြီးကို သူများလက်ထဲထည့်လိုက်ရမှာ  တစ်မျိုးကြီးပဲ”ဟု ကျွန်တော်က နောက်လိုက်သေးသည်။

သို့နှင့် စကားတပြောပြောနှင့် ချီတက်လာခဲ့ကြတာ. . .သူ့အမအခန်းတည်နေရာကို ရောက်လာကြပါပြီ။ ကြည့်လိုက်တော့ . . ……………..လမ်း အမှတ်(….)အခန်း(….)၊ ၅လွှာ၊ ထိပ်ဆုံး၊ ညာဘက်ခြမ်း၊ …………….မြို့နယ် (အတိအကျထည့်မရေးခြင်းကို သည်းခံပါ)

အခန်းလည်းရောက်ရော. . . …

ငဖြိုးက “ဟေ့ကောင်၊ မင်းဒီကို ဘယ်နှခါရောက်ပြီးပြီလဲ”ဟု ကချစ်ကို မေးလိုက်တော့။

“ငါလား၊ ဒါနဲ့ဆိုနှစ်ခေါက်ပဲရှိသေးတာ၊ အရင်တစ်ခေါက်က သူတို့ပစ္စည်းတွေထားတော့ ငါပါလိုက်လာတာ”

ကျွန်တော်က “အိမ်တက်လုပ်ပြီးပြီလား” ပြီးမှ ကျွန်တော်သွားသတိရတာ “ဪ”

ဒီကောင်တွေ အိမ်က ပြောရရင် ၊ ကချစ်အဖေက ဟိန္ဒူ(ဗုဒ္ဓဘာသာ)၊ ဒါပေမယ့် သူ့အမေက ကရင်မ(ခရစ်ယာန်)၊ ဒီကောင်(ကချစ်)က ရှင်းရှင်းပြောရရင် ဗုဒ္ဓဘာသာ၊ သူ့အမတွေကျတော့ ဘယ်လိုပြောမလဲ၊ သူ့အမေဘက်ကို ပိုပါတယ်၊ သူတို့အိမ်က အဲဒီလို… ဘုရားကျောင်းလည်း တက်တယ်။ ထားပါတော့…။

ဒီလိုနှင့် ကျွန်တော်တို့ ခြေပစ်လက်ပစ်လှဲရင်း …

ငဖြိုးက “ဟေ့ကောင်တွေ၊ ငါတော့ဆွဲတော့မယ်” ဟု ဂျီဂျောင်ကျပြီး ဝယ်လာတဲ့ ဝါးတီးတွေကို ဖြေကာ မြည်းနေပြီး။ “ကချစ် ပန်းကန်တွေ၊ ဘာတွေမရှိဘူးလား”ဆိုတော့

မရှိဘူးဟ၊ ဒီအတိုင်း တူနဲ့ပွဲဆွဲပါကွာ ကြွပ်ကြွပ်အိတ်နဲ့၊ ကဲလာဟေ့ . . .တစ်လှည့်စီ ဆွဲကြတော့ဟ ကွာ”ဆိုပြီး နေ့လည်စာ ဝါးတီးဆွဲလိုက်ကြသည်။ ဆွဲပြီးသည်နှင့် ဆေးလိပ်လေးဖွာလိုက်၊ လှဲပြီး တီဗွီကြည့်တဲ့ကောင်က ကြည့်နဲ့၊ တစ်ရေးတစ်မောအိပ်ကြသည်။

အကုန်လုံးအိပ်သွားကြတာဖြစ်သည်။ “ကိုဝေဖြိုးကြီး၊ ထဦး”ဆိုပြီး ကျွန်တော့်ကို ငပိုင်လာ လှုပ်နှိုးတော့… ကျွန်တော်လည်း “ငပိုင်၊ ဘာဖြစ်လို့လဲ”ဆိုတော့

“ဟို၊ ကျွန်တော် အကုန်လုံးအိပ်နေတုန်း၊ အပေ့ါသွားချင်တာနဲ့ အိမ်သာသွားတော့။ ဒီအတိုင်းတံခါးဖွင့်၊ ရပ်ပြီးပေါက်နေတုန်း တံခါးကိုအနောက်ကနေ လေတိုက်သလို ဖြေးဖြေးချင်း ပိတ်လာပြီး ကျွန်တော့်နောက်ကျောနဲ့ထိပြီးရပ်သွားတယ်၊ ထားဦး၊ ကျွန်တော်လည်း လေလည်း မတိုက်ပါလားပေါ့။ ဆိုပြီး ရေလောင်းချ၊ ချပြီး တံခါးကိုပြန်စေ့ပြီး ဂျက်ထိုးပြီး ပြန်လှည့်အထွက်မှာ တံခါးအထဲကနေ ဒေါက်ဒေါက်ဆိုပြီး ခေါက်သံကြားရလို့ဗျ”

ကျွန်တော်က “ဟုတ်လို့လား၊ မင်းတံခါးပိတ်တုန်း အိမ်မြောင်တွေများတံခါးမှာကပ်ပြီး အမြီးပုတ်သံလားဟ”လို့ပြောတော့။

“အာ ကိုဝေဖြိုးကြီးကလည်း အိမ်မြောင်အမြီးပုတ်ရင် သစ်သားတံခါးပဲ ဘတ်ဘတ်ပဲမြည်မှာပေါ့။ မဟုတ်ဘူး။ အခုဟာက အထဲက လူတစ်ယောက်ခေါက်တဲ့အသံမျိုးဗျ၊ အီး……………”

သို့နှင့် ကျွန်တော်လည်း အိပ်နေသော ၃ကောင်ကိုနှိုးပြီး

အကျိုးအကြောင်းပြောပြတော့ . . .. (၃)ကောင်စလုံး ယုံသလို မယုံသလိုနဲ့။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းပေါ့။  ကချစ်က“ငပိုင် မင်းစိတ်ထင်တာများလား”

“အာ၊ ဘဲကြီးကလည်း ကျွန်တော်မဟုတ်ဘဲပြောမလားဗျ”

ကချစ်က “ကဲထားပါတော့၊ မေ့ထားလိုက်ပါကွာ၊ မင်းနဲ့ကြုံကြိုက်လို့ကြုံလိုက်တာလည်းဖြစ်မှာပေါ့၊ အခုလောလောဆယ်၊ ဘယ်နှနာရီထိုးပြီလဲ” ဝေဖြိုးလေးက “၄းဝဝကျော်နေပြီ”

ကချစ်ကထုံးစံအတိုင်းပဲ . . . ..“ ဟေ့ကောင်တွေ၊ ရေမိုးချိုးလိုက်ကြဦး။ ပြီးရင်တော့ ဒါပဲပြန်ဝတ်ကြ ပေါ့ကွာ၊ လန်းသွားအောင်၊ လန်းသွားမှ သောက်လို့ကောင်းမှာ၊ ဟေ့ကောင်တွေ ချဦးမှာမလား၊ ချပြီးမှအိမ်ပြန်ရင်လည်း ပြန်၊ မပြန်ရင်လည်း အိမ်ကိုသာဖုန်းဆက်ကြကွာ”ဆိုပြီး ပြောပြောဆိုဆို အင်္ကျီချွတ်ကာ သူ့အမတွေထားထားတဲ့ ဗီဒိုကိုဖွင့်မွှေပြီး သပတ်ရှာသည်။ သပတ်တွေ့ပြီး ရေချိုးခန်းထဲဝင်သွားသည်။

ကျွန်တော်လည်း “ဝေဖြိုးလေး၊ မင်းနဲ့ငါ သွားဆွဲရအောင်”ဆိုပြီး အောက်ဆင်းလာကြသည်။ အပေါ်မှာတော့ (၃)ကောင်ကျန်ခဲ့ပြီ။

“ဟေ့ကောင်၊ မင်းယုံလား။ ဝေဖြိုးလေး၊   ဒီမှာခုနက ငပိုင်အခြောက်ခံရတာကို”

“ဖြစ်လည်းနိုင်တယ်တယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ..အခန်းက လူတွေမှမနေသေးတာဆိုတော့”

“အေး ရှိရင်လည်းရှိမှာပေါ့”

ထို့နောက် စတိုးဆိုင်ရောက်သည်နှင့် ….

ထုံးစံအတိုင်းပေါ့…. Grand Royal ပဲပေါ့။ ဟီး……….

တစ်ဒေါင့်၊ တစ်ပြားဆွဲပြီး…. အမြည်းကတော့ အကြော်ထုတ်တွေပဲဆွဲလိုက်ပါတယ်။

ဆွဲပြီး အခန်းကိုပြန်လာခဲ့တော့သည်။

ဆေးလိပ်လေးဖွာရင်းနဲ့ နှစ်ယောက်သား စကားတပြောပြောနှင့်

အခန်းတံခါး ခေါက်လိုက်သည်။ ဘဲလ် မတပ်ထားတော့။

ငပိုင်ထဖွင့်သည်။ ကချစ်လည်း ရေချိုးပြီးရေသုတ်နေရင်း …“ဟကောင်တွေ တစ်ဒေါ့ဆိုတော်ရောပေါ့ဟ၊ တစ်ဒေါင့်တစ်ပြားတောင်”

ငပိုင်က “အာ…. ကိုကချစ်ကလည်း ၅ယောက်တစ်ဒေါ့က ဘယ်ကြားတိုးမှန်းသိမှာမဟုတ်ဘူး”

အမြည်းသရဲ(ငဖြိုး)က

“ဟေ့ကောင်တွေ၊ မြည်းစရာက ဘာဝယ်လာလဲ”.. ပြောပြောဆိုဆို အိတ်ထဲလှန်လျောကြည့်ပြီး အာလူးကြော်တစ်ထုပ်ကို ဆတ်ကနဲဖောက်ကာ စားလိုက်သည်။  ငဖြိုးဆိုတဲ့ကောင်က အရက်ကို သိပ်မသောက်ဘူး။ အမြည်းချည်းလိမ့်စားလို့။

ကချစ်က “ဟေ့ကောင်တွေ ရေသွားချိုးကြ ၊ ငပိုင် မင်းလည်းချိုးလေ”

ငပိုင်က “ကိုဖြိုး(ငဖြိုး) နှစ်ယောက်အတူတူချိုးမယ်၊ နှစ်ယောက်တွဲချိုးလိုက်တာမြန်တယ်”

ငဖြိုးက ထပြီး “ငါ့ခွီးသားလေး ကြောက်ရင်ကြောက်တယ်ပေါ့။ ဘာမြန်တယ်တွေဘာတွေလုပ်လို့“ ဆိုကာ

“ကဲလာ ချိုးမယ်” ဆိုပြီး အနောက်ထဲကိုတန်းဝင်သွားပါတော့တယ်။

ဒီလိုနဲ့နှစ်ကောင်သားချိုးပြီး ကျွန်တော်နှင့် ဝေဖြိုးလေး နှစ်ယောက်ပေါင်းရေချိုးခန်းထဲဝင်ချိုးလိုက်ကြသည်။

ရေချိုးပြီးသည်နှင့်…

ကချစ်က “ကဲစရအောင်၊ အာ…. ဘယ်မှာလဲ ရေ..” ဟီး….

အရက်တော့ဝယ်လာပြီး ရေမေ့လာတယ်။ ကျွန်တော်က “လောလောဆယ် ရေချိုးခန်းဘုံဘိုင်ထဲက ရေပဲသောက်ကြကွာ”ဆိုတော့

ငဖြိုးက “ကဲ၊ ရေဘူးခွံက တစ်ဗူးပဲရှိတယ်၊ ငါသွားဖြည့်လိုက်မယ်၊ သောက်….သာသောက် ဘာမှမဖြစ်ဘူး”ဆိုပြီး ရေချိုးခန်းထဲဝင်သွားသည်။

ဝင်သွားပြီးသိပ်မကြာ…. နောက်ဖေးက အသံကြားသည်။ “ဒုန်း” “ဗျောင်းဗျောင်း”

ကျွန်တော်တို့လည်း  “ဟေ့ကောင်ငဖြိုး၊ဘာဖြစ်တာလဲ”ဆိုတော့

“ငါ့ခွီး၊ ငါရေထည့်နေတုန်း ရေချိုးခန်းတံခါးကိုဒုန်းကနဲ ပိတ်သွားတာ ၊ ငါလည်း ဘယ်ရမလဲ၊ ပိတ်လာတဲ့တံခါးကို အထဲကနေတစ်ချက်၊ အပြင်ရောက်တော့နောက်တစ်ချက်ကန်ထည့်ပေးလိုက်တာပေါ့၊ ဘာရမလဲ” ဗျောင်းဗျောင်းဆိုသည့် အသံမှာ ငဖြိုး ကြောက်အားလန့်အားနဲ့ကန်ထည့်လိုက်သည့်အသံဖြစ်သည်။

ကျွန်တော်တို့လည်း ခဏငြိမ်သွားသည်။ ဟေ့ကောင်တွေ ဘယ်လိုလဲဆိုပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။

ပြီးမှ…. ကချစ်က “ဘာမှမဖြစ်ပါဘူးကွာ၊ ချမယ်”

ကျွန်တော်က .. “ဝေဖြိုးလေး၊ လာ ရေသန့်ဗူးနှစ်ဘူး သုံးဘူးလောက်သွားဆွဲထားမယ်”

“ဆေးလိပ်ပါဆွဲခဲ့ကွာ”ဟု ကချစ်ကလှမ်းမှာသည်။

ကျွန်တော်တို့နှစ်ယောက်လည်း မြန်မြန်ဆွဲပြီး ပြန်တက်လာရင်း အပြင်လောကကြည့်တော့ ၅းဝဝနာရီသာရှိသေး။

သို့နှင့် ….. လောကကြီးကို ခဏမေ့ကာ …. ကျွန်တော်က “ကချစ်၊ ခွက်တွေထုတ်လိုက်ဦး၊ နှစ်ခွက်၊ သုံးခွက်လောက်ဆိုရပြီ၊ အလှည့်ကျပဲ Round လိုက်မယ်ကွာ”

ကျွန်တော်တို့ ၅ယောက် သောက်ရင်း အရှိန်လေးလည်းရလာ…. တီဗွီဖွင့်ပြီး သံစဉ်လေးနဲ့ငြိမ့်နေ လိုက်တာပေါ့။ တဖြည်းဖြည်းနဲ့မှောင်လာပါပြီ။ မီးတွေအကုန်လိုက်ဖွင့်လိုက်သည်။

ငဖြိုးဖုန်းနှင့် တစ်ယောက်ပြီးတစ်ယောက် အိမ်တွေကိုဖုန်းဆက်အကြောင်းကြားလိုက်သည်။

မပြန်လာတော့တဲ့အကြောင်း။  ခါတိုင်းဆို…. ဖုန်းတောင်ဆက်ချင်မှဆက်တာဗျ။ ဒီလိုပဲ ……

ဒီလိုနဲ့ချလိုက်… စကားပြောလိုက်နဲ့ အရှိန်လည်း ထွေထွေလေးပေါ့။

ငပိုင်ကတော့ အိမ်သာ အပေ့ါသွားရင် နှစ်ယောက်တွဲ၊ ဟီး….. နောက် မှောင်လည်း မှောင်လာတော့ ကျွန်တော်တို့လည်း နှစ်ယောက်တွဲတွေဖြစ်ကုန်ကြသည်။

“ဝါးတီးကိုဘယ်လိုလုပ်မလဲ” ဟု ငဖြိုးကမေးတော့..

ကျွန်တော်က “ဝယ်ဆွဲမလား၊ ထမင်းကြော်ဆိုင်သွားဆွဲမလား”

“ထမင်းကြော်ဆိုင်ပဲသွားဆွဲလိုက်တာ ကောင်းတယ်”ဟု ကချစ်က ဝင်ထောက်သည်။ ဒါနဲ့ ပုလင်းကြည့်လိုက်တော့ …“သိပ်မသောက်ရှာပါဘူး” ပုလင်းဒေါ့လေးနဲ့ အပြားလေးကို ဟောင်းလောင်းလေးပဲကျန်တော့တယ်။

အခန်းခဏပိတ်ပြီး ကျွန်တော်တို့လည်း ထမင်းကြော်ဆိုင်ကို ချီတက်လာကြပါသည်။

ထမင်းကြော်ဆွဲပြီးသည်နှင့်…… စုပေါင်းစပ်ပေါင်းရှင်းလိုက်ကြသည်။

ရှင်းပြီး …..“ဟေ့ကောင်တွေ၊ ငါတို့မအိပ်သေးခင် အစာကြေလောက်မှ တင်ရအောင် ရဲဆေးလေးထပ်ဝယ်သွားဦးမယ်၊ ဒါနောက်ဆုံးတစ်ဒေါင့်ပဲကွာ၊ နောက်နေ့တွေမသောက်တော့ဘူး။ နောက်တစ်ပတ်ကျမှ….ဟဲဟဲ”လို့ ကချစ်က စပြန်သည်။

ကျွန်တော်တို့လည်း “ကဲ…. လုပ်ကွာ”ဆိုပြီး တစ်ဒေါ့နှင့် ရေဗူးဆွဲကာ ပြန်တက်လာခဲ့တော့သည်။

ထိုစဉ် ငပိုင်က “ဘဲကြီးတို့ ဒီညမအိပ်ရင်ကောင်းမလား”

အဲ…. စကားစပြီ။ ဘာလို့လဲဆိုတော့ …. သူကြောက်လို့။

ကျွန်တော်တို့လည်း “အခြေအနေအရပေါ့ကွာ။ မင်းကလည်း အဲဒီလောက်မကြောက်ပါနဲ့၊ ကြောက်ရင်ပိုဖြဲခြောက်တယ်ဟ”ဝိုင်းပြောတော့မှ

“မကြောက်ပါဘူးဗျ… ဘဲကြီးတို့ကလည်း”

အဲဒီနောက် ကျွန်တော်တို့လည်း လှဲတဲ့သူကလှဲပေါ့ ။ တဖြည်းဖြည်းနဲ့ နာရီကြည့်လိုက်တော့ ၉းဝဝ တောင်ထိုးပြီပဲ။

“ဒေါက်၊ ဒေါက်၊ ဒေါက်” ဆိုပြီး (၃)ချက်ဗျင်းလိုက်သည်။

အိမ်အဝင်တံခါးမကို အပြင်ကနေ..

အရှေ့ကအခန်းကလည်း လူမနေသေးဆိုတော့…။

အပြင်မီးကလည်း ပိတ်ထား။

အသံကြားသည်နှင့် ကျွန်တော်တို့လည်း “ဝုန်းကနဲ”ထပြီး တံခါးမကြီးဖွင့်ကြည့်သည်။ မီးဖွင့်ထားလိုက်သည်။ အတက်အဆင်းမီးကို။ ဘာမှမရှိ။

“ဟကောင်တွေ၊ ပလိန်းကြီးတွေပါလားဟ။ သူရဲမလား၊ သူရဲထီးလားတော့မသိဘူး။

ဇာတ်လမ်းစပြီ”ဟု ကချစ်က အော်လိုက်သည်။

ကျွန်တော်တို့လည်း “အစောကြီးရှိသေး၊ အခုမှ၉းဝဝကျော်ဟာကို ”

ငဖြိုးက..“အေးလေ၊ သောက်ရှုပ်တွေ”

သည်လိုနှင့်ပြောဆိုပြီး…… ၉း၄ဝလောက်ကျတော့ ခုနကျွန်တော်တို့စားပြီး သောက်ပြီးသားတွေ အစာချက်သွားတော့မှ ….. ကျန်တစ်ဒေါင့်ကို တက်ညီလက်ညီဖွင့်ချနေရင်း….

အရှိန်နည်းနည်းရလာသည့် ….. ငဖြိုးနှင့် ကချစ်က ထအာချောင်လိုက်သည်။

“ဒီတစ်ခါ လာခေါက်ကြည့် ၊ ရှူရှူးနဲ့ပန်းပစ်မယ်” ဘာညာပေါ့။

ဒီလိုနဲ့ ငပိုင်နဲ့ဝေဖြိုးလေးကလည်း ဝရန်တာမှာထွက်ပြီး ဆေးလိပ်ဇွာရင်းစကားပြောနေတုန်း…

ဝရန်တာနဲ့တံခါးမကြီးနဲ့က ကပ်လျက်ဆိုတော့….. “ရှပ်ရှပ်၊ ရှပ်ရှပ်” ကျွန်တော်တို့အထဲက (၃) ယောက်ကမကြားရပေ။ အပြင် ဝရန်တာမှာရပ်လျှင် အပေါ်ထပ်ကိုတက်လာသည့်ခြေသံနည်းနည်း ကြားရသည်။

အထဲကို ငပိုင်နှင့်ဝေဖြိုးလေးပြေးဝင်လာသည်။

ကျွန်တော်တို့(၃)ယောက်လည်း “ဟေ့ကောင်တွေ၊ ဘာဖြစ်ပြန်တာတုန်း”ဆိုတော့

မဟုတ်ဘူး။ အပေါ်ကိုတက်လာတဲ့ခြေသံကြားရတယ်။ နောက်ပြီး အခန်းရှေ့ရောက်တော့ အသံမကြားရတော့ဘူး။ ရပ်သွားတယ်”ဆိုတာနဲ့ ကျွန်တော်တို့လည်း ဒုတိယတစ်ခေါက်

တံခါးကိုထဖွင့်ပြီး ဆဲဆိုပါတော့တယ်။ ဟဲဟဲ…..

“ကဲ…. နည်းနည်း ဆိုးလာပြီ။ အခြေအနေကတော့”ဟု ကချစ်ကဝင်ပြောသည်။

သည်လိုနှင့်ပဲ ကျွန်တော်တို့(၅)ယောက်လည်း အရက်တစ်ဒေါင့်ကိုချလိုက်တာ ကုန်ကာနီးတောင်ဖြစ်လာပြီ။၊ သီချင်းကလည်း နားထောင်ရတာ ထပ်နေပြီဆိုတော့”

ကဲငါတို့ အိပ်မလား၊ မအိပ်ရင်ကောင်းမလား ဆိုတော့…

မအိပ်ဘူးကွာ… သည်လိုပဲ ငါတု့ိတစ်လှည့်စီ မှေးလိုက်၊ စောင့်ကြည့်လိုက်လုပ်မယ်။

ဘာညာပေါ့။

ညကလည်း တဖြည်းဖြည်း ညဉ့်နက်လာပြီ…..

နာရီကြည့်လိုက်တော့လည်း ၁၂းဝဝခွဲကာနီးပြီ။ အပုပ်ချိန်ရောက်နေပြီ။

ထို့နောက်ကျွန်တော်တို့လည်း မျက်လုံးတွေလည်း အရက်ရှိန်လည်းပါတာကြောင့် နည်းနည်းမှေးလာပြီး တစ်လှည့်စီမှေးကြ၊ ပြန်ထိန်းပြီး စောင့်ကြည့်နဲ့ပဲပေါ့။

ကျွန်တော်ရယ်၊ ငဖြိုးရယ်၊ ငပိုင်ရယ်၊ နံရံမှီရင်းမှေးနေတုန်း….

ကချစ်အသံကြားလိုက်ရတာက ….“ဟေ့ကောင်တွေ၊ ဟိုမှာ”ဆိုသည့်အသံ

ဒါနဲ့ကျွန်တော်တို့လည်း ဘယ်မှာလဲလို့မေးတော့ .. “နောက်ဖေးကို လက်ညှိုးထိုးပြတာ” ကျွန်တော်တို့ဝိုင်းလည်းကြည့်ရော၊ ဘာမှမရှိဘူး၊

ကျွန်တော်လည်း “မင်းဘာမြင်လိုက်လို့တုန်း”ဆိုတော့…

ကချစ်က သူနောက်ဖေးကိုဖျက်ကနဲလှမ်းအကြည့် ဖြတ်ကနဲမီးဖိုချောင်ထဲကိုဝင်သွားတာတဲ့ ဖြူဖြူကြီးနှစ်ခုတဲ့…နောက်ပြီးပျောက်သွားတာပါတဲ့….

“ဝေဖြိုးလေးရော မြင်လိုက်လားဆိုတော့ ”

“ကျွန်တော်မမြင်လိုက်ဘူးဗျ၊ ကျွန်တော်က အိမ်ရှေ့ပေါက်ကိုကြည့်နေတာ၊ ကိုကချစ်အသံကြားလို့ ကြည့်တော့၊ မတွေ့လိုက်ရဘူး”

“ကဲငါတို့ဒီအတိုင်းဆိုမဖြစ်တော့ဘူး” နည်းနည်းထကြမ်းမှရမယ်၊ ဘာနဲ့ပြောရင်း စောင့်ကြည့်ကြတာပေါ့။

ဒါနဲ့ ကျွန်တော်တို့ (၅)ယောက်စလုံး အပြင်ဝရန်တာမှာထွက်နေလိုက်ကြတယ်။ စုပြီး။

အခန်းထဲက မီးတွေခဏပိတ်ထားလိုက်တယ်။ ဝရန်တာကိုထွက်တဲ့အပေါက်(အိမ်ဧည့်ခန်းဝင်ပေါက်) ကိုခဏပိတ်ထားလိုက်ပြီး အဲဒီဧည့်ခန်းဝင်ပေါက်နဲ့ယှဉ်ပြီးရှိတဲ့ ပြတင်းပေါက်နှစ်ချပ်တွဲ အပေါက်ရှိတယ်။ အဲဒါကို တစ်ချပ်ကိုပိတ်ပြီး တစ်ချပ်ကိုဝရန်တာကနေ အထဲကိုချောင်းကြည့်လို့မြင်ရတဲ့အထိ စေ့ထားလိုက်တယ်။ အထဲမှာအမှောင်ခဏချထားလိုက်ပြီးသားပေါ့။

ဒီလိုပဲ ခဏ၁၅မိနစ်၊ မိနစ်၂ဝလောက်ကြာတဲ့အထိကို စကားပြောလည်း တိုးတိုးလေးပဲပြောရင်း အခန်းထဲမှာလူမရှိတော့တဲ့ ပုံနဲ့စောင့်ကြည့်ကြတာ။

အခန်းထဲကိုတော့ ချောင်းကြည့်လို့ရတာ တစ်ယောက်ချင်းစီပေါ့။ တစ်ယောက်တစ်လှည့်ချောင်းကြည့်ကြတာ…

ပထမဘာမှမထူးသေးဘူး။ နောက် ဝေဖြိုးလေးအလှည့်လည်းကျရော..

အထဲမှာ… လူပုံစံလှုပ်ရှားပုံက တစ်ယောက်နဲ့တစ်ယောက် လက်ဟန်ခြေဟန်နဲ့ စကားပြောနေပုံတဲ့

နှစ်ယောက်တောင်တဲ့။

ဝေဖြိုးလေးက လက်ကာပြပြီး သူ့ဘေးနားမှာအဆင်သင့်ရှိတဲ့ ငဖြိုးကိုခေါ်ပြတယ် ကပ်လျှက်ပေါ့။ အပေါက်ကြားက တစ်ယောက်ချင်းစီကြည့်လို့ရအောင်ပဲလုပ်ထားတော့…

ငဖြိုးလည်းဒီအတိုင်းပဲမြင်တာပဲ။

ဒါနဲ့ကျွန်တော့်အလှည့်လည်းကျရော၊ ပျောက်သွားပြန်ရော၊

ကျွန်တော့်အထင်ကြည့်ရတာ လင်မယားနှစ်ယောက်ထင်တာပဲ။ ဟိုကောင်တွေပြောပုံအရဆိုရင်တော့….

ဒီလိုနဲ့ ဘယ်အချိန်တွေရှိလို့ရှိမှန်းကိုမသိတော့ပါဘူး။

စောင့်ကြည့်လာရင်း….

နာရီဝက်လောက်ကြာတော့ အထဲကိုထပ်ကြည့်တော့ ဧည့်ခန်းဘက်ကို ဦးတည်ပြီး လျှောက်လာပြီး ရပ်သွားလိုက် စကားကိုခြေဟန်လက်ဟန်တွေပုံစံနဲ့ပြောနေတာတဲ့ဗျာ အရိပ်နှစ်ခုက။

ကချစ်ပြောလို့ကျွန်တော်လည်း  ချောင်းကြည့်တော့ ကျောပေးပြီးအနောက်ကိုပြန်ဝင်သွားတဲ့ပုံမျိုးဗျ။ သည်းသည်းကွဲကွဲတော့မဟုတ်ဘူး။ ဖျတ်ကနဲ ဖျတ်ကနဲပဲ။

ဒီလိုဝရန်တာမှာ အသံတိတ်ပြီးနေလာတာ ဘယ်လောက်ကြာသည်မသိပါ။

အောက်အီးအီးအွတ်သံကြားတော့ ။ ကျွန်တော်တို့ပျော်သွားသည်။ ဪ ၊ ၄းဝဝနာရီနီးနီးရှိလောက်ပြီပေါ့။

ကဲ…..တစ်နှစ်သုံးဆိုပြီး…ပြိုင်တူ (၅)ယောက်သား….ထပြီး စေ့ထားတဲ့ဧည့်ခန်းအဝင်တံခါးကို ဒုန်းဆိုပြီး ပြိုင်တူ စောင့်တွန်းလိုက်တာ၊ သရဲတော့လန့်သွားသလားမသိ၊ ကျွန်တော်တို့လည်း မီးခလုတ်တွေအပြေးတပိုင်း လိုက်ဖွင့်လိုက်တော့ ၊ ဘာမှအရိပ်အယောင်မတွေ့ရဘူး။

ကချစ်က “ငါတို့သုတ်မယ်ဆိုပြီး“ မီးတွေပိတ်၊ မြန်မြန်ပြန်ပိတ်ကာ နောက်ဆုံးမီးချောင်းဧည့်ခန်းထဲက အချောင်းကိုတော့ ထွက်ကာနီး (၅)ယောက်သား ကျောချင်းမကပ်ရုံတမယ်၊ ဝမ်းတူးသရီး ဆိုပြီးညာသံပေးပြီး “ဂလောက်”ဆိုပြီး ပိတ်ချပြီးတာနဲ့ အိမ်တံခါးကိုပိတ်၊ ဝရန်တာနားက တံခါးမကြီးကိုဖွင့်ကာ သော့ပိတ်ပြီး တစ်ကျိုးတည်း(၅)ယောက်သား အပြင်ထွက်ကာ အေးရာအေးကြောင်းဖြင့် အောက်ပြန်ဆင်းလာ လိုက်တော့သည်။ အချိန်ကြည့်လိုက်တော့ ၄း၁ဝမိနစ်။

ဒါနဲ့ကျွန်တော်တို့အုပ်စုလည်း မနက်အစောကြီးဖွင့်တဲ့ လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်၊ မောနင်းစာ စောစောစီးစီးစားပြီး ခုနတွေ့တာတွေပြန်ပြောလိုက်၊ ရယ်လိုက်နဲ့

ကချစ်က“ငကြောက်တွေ”

ဟားဟား…. ငဖြိုးက ထပြီး “သောက်ရှုပ်၊ မင်းကျတော့ရော”

ကချစ်ကထပ်ပြီး“ဟေ့ကောင်တွေ၊ ငါမပြောဘဲတစ်ခုချန်ထားတာရှိသေးတယ်”

“ဘာလဲ”အကုန်လုံးဝိုင်းမေးကြသည်။

ငါ ပထမ ငပိုင်အခြောက်ခံရတာကို မယုံလို့ ငါတစ်ယောက်တည်း ရေချိုးခန်းထဲဝင်သွားပါရောလား..။

ငါရေပန်းဖွင့်ချိုးနေတုန်း မျက်လုံးမှိတ်ထားတော့၊ ရေပန်းကို ဖွင့်လိုက်ပိတ်လိုက်လာလုပ်သေးတယ်ဟ။ ငါလည်း ရေပန်း ချီးများပိတ်နေလို့ ရေကျလိုက်မကျလိုက်ဖြစ်နေတာလားကြည့်တော့။ မဟုတ်ဘူး။ ဒါနဲ့ငါလည်း ဂျီးတောင်သေချာမတုက်ဘူး၊ သွက်သွက်ပြန်ထွက်လာတာ”

ငဖြိုးက“ငါတို့နှစ်ယောက်ဝင်တော့ ဘာမှမလုပ်ဘူးအေးဆေး”

ငပိုင်ကဝင်ပြီး“ကိုကချစ်၊ ခင်ဗျားကို ရေပန်းလာပိတ်လိုက်ဖွင့်လိုက်လုပ်တာ သရဲထီးမဖြစ်နိုင်ဘူး။ သရဲမဖြစ်မယ်ဗျ၊ ဘာလို့လဲသိလား၊ ခုနက ကျွန်တော်တို့မြင်တာ အရိပ်နှစ်ခုက စကားများနေတဲ့ပုံစံ မျိုး၊ သရဲမလာစတာကို သူရဲထီးက သိပြီး ကွိုင်ရှာတာဖြစ်လိမ့်မယ်…ဟီး”

ကချစ်“သောက်ရှုပ်၊ အခုမှ အသံထွက်နိုင်တယ်”

ဘာညာနဲ့ ကျွန်တော်တို့လည်း ခုနချွေးပြန်တာတွေရော၊ စိတ်လှုပ်ရှားရှားနဲ့စောင့်ကြည့်ရတာတွေကို တစ်ယောက်နဲ့တစ်ယောက်စရင်နောက်ရင်း ၅း၃ဝလောက်ကျတော့ ကိုယ်စီအိမ်ကို ချီတက်လာခဲ့ကြ ပါတော့တယ်။

နောက်နေ့သတင်းကြားရတာကတော့…….

အဲသည်နား မျက်နှာချင်းဆိုင်တိုက်တစ်တိုက်က အခန်းက လူတွေကိုသွားမေးပြီးစုံစမ်းကြည့်တော့

ဒီတိုက်ဆောက်ပြီးမကြာခင် အဲဒီအခန်းကို လင်မယားနှစ်ယောက် ဝယ်ထားတာတဲ့ ။ နောက်အဲ့ဒီလင်မယားနှစ် ယောက်ဝရန်တာမှာ စကားများရင်းကနေ ကျသေတာတဲ့ဗျာ။  ညဘက်တစ်ခါတစ်ရံဆိုရင် လူခြေတိတ်ချိန်ကျရင် အရိပ်နှစ်ခု အဲဒီအပေါ်ဆုံးအထပ်ပေါ်ကို အောက်ကနေဖက်တက်သလိုမျိုးရယ်၊ လှေကားကတက်သွားတဲ့ပုံစံမျိုးအရိပ်တွေပါမြင်ရပါတယ်တဲ့။

(ကျေးဇူးတင်ပါသည်)

7 comments

  • chitpyae

    July 19, 2011 at 7:24 am

    ဖတ်ရတာ ကျော်သိန်း(ကြက်သီး)ပါ ထတယ် …. တကယ်ပေါ့ ဒါဆို ရင် …
    လှည်းတန်းနားမှာလား ဟင် အဲဒီ့တိုက်ကလေ … သရဲကြောက်တတ်လို့ အဲနားသွားမနေတော့ဘူး 🙂

  • shwe ni

    July 19, 2011 at 9:00 am

    ဒီတပွဲတော့ ကိုယ်တွေ့မဟုတ် သူမျုားတွေ့ ပေါ့

  • ကြောင်ကြီး

    July 19, 2011 at 10:00 am

    အဲဒီအခန်းကို သဂျီးကို ရောင်းလိုက်ပါဗျို့… သူမှာ ဒေါ်လာမီလျံနဲ့ချီပြီးပေးမဲ့ ဝယ်လက်ရှိတယ်တဲ့…အဆင်ပြေရင် ကြောင်ကြီးကို ပွဲခပေးဖို့မမေ့နဲ့နော် သဂျီး…. 👿

  • athaylay

    July 19, 2011 at 12:51 pm

    ကြောက်စရာကြီး။ အခုရော သရဲလင်မယားနှစ်ယောက် ကျွတ်သွားပြီလား။

  • waigyee

    July 19, 2011 at 10:27 pm

    တကယ်တော့အဲဒီတိုက်က ….စမ်းချောင်းမြို့နယ်ထဲမှာပါ

    အသစ်ဝယ်လိုက်တဲ့သူတွေရောက်လာပြီး နောက်ပိုင်းတော့
    ဘာမှမဖြစ်တော့ဘူး…ကြားပါတယ်

    • ဆူး

      July 20, 2011 at 12:05 am

      စမ်းချောင်းထဲက တိုက်ပေါ်က နှစ်ယောက်လုံး ကျသေတာ ဆိုရင် သိပ်မကြာသေးဖူး အဲဒီ သတင်းကို ဂျာနယ်ထဲမှာ ဖတ်ဖူးတယ်။

  • waigyee

    July 20, 2011 at 8:17 am

    ဟုတ်တယ်ဆူးရေ.. ကျွန်တော်လည်း နည်းနည်းလေးလွှဲရေးထားတာ….
    အမှန်က (၅)လွှာကနေကျတာမဟုတ်ဘူး။ (၇)လွှာပါ….

Leave a Reply