ဒီကနေ့ သွားခွင့်ရခဲ့တဲ့ အာဇာနည်ကုန်း

panpanJuly 19, 20111min22515

ဒီကနေ့ ရာသီဥတုလေး မဆိုးပါဘူး
မနက်ခင်းအိပ်ရာနိုးပြီးတော့ အာဇာနည်နေ့မို့ ဗိုလ်ချုပ်ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်သီချင်းလေး ဖွင့်နားထောင်ဖြစ်ပါတယ်
ဲပြီးတော့ ခဏနေ ဈေးသွားပါတယ်
ဈေးမှာ ထီရောင်းတဲ့တွန်းလှည်းလေးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုသီချင်းလေး ဖွင့်ထားတာ ကြားရပါတယ်
ဒါနဲ့ ထီ၅စောင်ထိုးခဲ့ရောဆိုပါတော့ (ထီပေါက်ခဲ့ရင် တစ်ရွာလုံး မီးခိုးတိတ် အလှူ….သိန်း၁၀၀ဝပေါက်မှ 😛 )
ပြောချင်တာက အဲဒါတွေမဟုတ်ဘူး
ဒီကနေ့ရဲ့ အာဇာနည်ကုန်းမြင်ကွင်းကို ပါးစပ်နဲ့ပြောချင်တာ
အာဇာနည်ကုန်းကို ပြည်သူလူထုတက်ရောက်ခွင့်ရပြီ
လင့်လမ်းမှတ်တိုင်ကနေ ရွှေဂုံတိုင်ဘက်ခြမ်းကို လမ်းဖွင့်ပေးထားပေမယ့် လင့်လမ်းဟိုဘက် မြောက်ဘက်မုခ်တက်မယ့်ဘက်ကတော့ လုံးဝလမ်းပိတ်ထားပါတယ်
လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ်ချထားပါတယ်
လုံခြုံရေးအရ ကြည်ဖြူစွာ အစစ်ဆေးခံဖို့လည်း ပြောနေပါတယ်
်အဲဒီမှာ မော်တော်ပီကယ်တွေရော ရဲတွေရော အများကြီးပါပဲ
ရေဗူးတို့၊ အိတ်တို့၊ ဖုန်း၊ ကင်မရာ စတာတွေ ယူဆောင်ခွင့်မပြုပါဘူး
ယောက်ျားလေးသပ်သပ် မိန်းကလေးသပ်သပ် စစ်ဆေးကြပါတယ်
အဝတ်ကာထားတဲ့ရုံလေးထဲမှာပါ
ရဲတွေ ရဲမေတွေမှ သေသေချာချာ တစ်ကိုယ်လုံးအနှံရှာဖွေပြီးနောက်မှာ အာဇာနည်ကုန်းတက်ဖို့ ပထမဝင်ပေါက်ကိုဝင်ခွင့်ရပါပြီ
အဲဒီကနေဆက်လျှောက်သွား…M3 Food Center ကိုကျော်သွားပြီး အာဇာနည်ကုန်းဘက်တက်..။
အသံတွေလည်းကြားနေရတယ်..။ လုံခြုံရေးအရ ကြည်ဖြူစွာ အစစ်ဆေးခံကြပါ၊ အလေးပြုပြီးရင် အေးအေးဆေးဆေး အိမ်ပြန်နိုင်ပါပြီ ဘာညာပေ့ါ
အာဇာနည်ပန်းခြံဝင်ပေါက်မှာလည်း ထပ်မံစစ်ဆေးပါသေးတယ်
အဲဒီမှာတော့ သိပ်ကြီးတင်းတင်းကျပ်ကျပ် မစစ်တော့ပါဘူး
ဒါနဲ့ အာဇာနည်ပန်းခြံထဲ ရောက်ရောဆိုပါတော့
အဲဒီမှာ ၅ယောက်တစ်တန်းစီခိုင်းတယ်
လူရေရတာ လွယ်အောင်လည်းပါမှာပေ့ါ
အဲဒီမှာ ရဲတွေ ဝေါ်ကီတော်ကီတွေနဲ့ ပြောနေကြတယ်
“အာလူး ၅၀” တဲ့
အခုတက်လာတဲ့ လူတွေကို အယောက်၅ဝလို့ ပြောလိုတာလားတော့မသိ..။ (အဲလိုဆိုရင်တော့ အလိုလိုနေရင်း အာလူးဖြစ်ကရောပဲ 😀 )
တစ်သုတ်ပြီးမှ တစ်သုတ်တက်ရတယ်လေ။ လူအရမ်းများနေလို့…။
ရှေ့ကတစ်သုတ် အလေးပြုနေတုန်း အဲဒီနားမှာ ခဏထိုင်စောင့်ရတယ်…။
အာဇာနည်ကုန်း တက်ရာလမ်းမှာ ရေညှိတွေလည်း မတွေ့ရပါဘူး။
လမ်းဘေးကအုတ်ဘောင်တန်းလေးတွေကိုလည်း ဆေးဖြူတွေဖွေးနေအောင် သုတ်ထားပါတယ်။
ကဲ…ရှေ့ကတစ်သုတ်ပြီးပါပြီ။ နောက်ဆုံးတော့ အလေးပြုခွင့် ရပြီပေ့ါ..။
အရင်ကန်တော့..။ ပြီးအလေးပြုပါတယ်။
အပေါ်ဆုံးမှာ အလံ(အသစ်)တိုင်ကြီးကို တစ်ဝက်ထောင်ထားတာတွေ့ရပါတယ်။
အသံကြားရပါတယ်…။ ပထမဆုံး သတိဆွဲခိုင်းပါတယ်..။ နောက်ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု လို့အော်ပေးပါတယ်။
အမေစုရဲ့ ပန်းခြင်း၃ခြင်းကိုလည်း တွေ့ခဲ့ရပါတယ်..။ နှင်းဆီအဝါ၂ခြင်းနဲ့ အနီ၁ခြင်းပါ။ (အရမ်းလှပါတယ်)
အလေးပြုပြီးတော့ ပြန်ဆင်းလာရပါတယ်…။ အဆင်းမှာလည်း အလံ(အသစ်)တွေကို တိုင်တဝက်ထောင်ထားပါတယ်။
အဆင်းကတော့ ဘုရားဘက်အခြမ်းက အပေါက်ကနေဆင်းရတာပါ…။
သွေးဆေးကန်ကြီးတစ်ပတ်ပတ်ပြီး ဆင်းခဲ့ကြတာပါ..။
အလေးပြုခြင်း ပြီးပါပြီ..။
ကျွန်မရေးတာ တိုပြတ်ပြတ်တော့ ဖြစ်နေမယ်ထင်ပါတယ်။ ဖတ်တဲ့လူများ နားလည်ရင် ပြီးတာပါပဲ။
အဲ…။ ဓါတ်ပုံတွေတော့ ဖုန်း၊ ကင်မရာယူခွင့်မရှိတော့ မရိုက်ခဲ့ရဘူး။
ဒါပေမယ့် ဦးတင်ဦးရဲ့ ပုံတွေတော့ တင်ပေးလိုက်ပါတယ်..။
ဒီကနေ့ ၁၂နာရီကျော် ဘဘဦးတင်ဦး အာဇာနည်ကုန်းမသွားခင် သွားဖို့အတွက် ကားပေါ်မှာ ထိုင်နေတုန်း ဓါတ်ပုံရိုက်လိုက်တာပါ။
ဓါတ်ပုံရိုက်နေတုန်း ဘဘဦးတင်ဦးကပြောနေပါတယ်။
ကောလိပ်ဂျင်နေဝင်းနဲ့ တူတယ်မလားတဲ့။ ချောတယ်မလားတဲ့။ ဘာညာနောက်နေပါသေးတယ်…။
ဒါပါပဲ..။
ဒီရွာထဲမှာရော ဘယ်သူတွေ သွားပြီးအလေးပြုဖြစ်ကြလဲ…..။
🙂
“ရာဇဝင် အထုပ္ပတ္တိလည်း ရှိရမယ်…မော်ကွန်းလည်းထိုးထိုက်တဲ့..မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်….”
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ အားကိုးထိုက်သော သူရဲကောင်းအာဇာနည်များ များစွာထပ်မံ ပေါ်ပေါက်ပါစေလို့ ဆန္ဒပြုရင်း..
၆၄နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ယူစွာ အလေးပြုလိုက်ပါတယ်ရှင်….။

15 comments

  • MaMa

    July 19, 2011 at 5:39 pm

    မြန်မာအသံ ဦးဇော်ဝင်းနဲ့အပြိုင် အသံနဲ့ သရုပ်ဆောင်သွားလိုက်တာ အတော်ပီပြင်ပါတယ်။ အားပေးပါတယ် pan pan ရေ။

  • Big Defender

    July 19, 2011 at 5:51 pm

    ကောင်းပါတယ်ဗျာ

  • shwe ni

    July 19, 2011 at 6:47 pm

    အာဇာနည်ကြီးများကိုဂါရဝပြုပွဲတက်ရောက်ခဲ့တဲ့ အတွေ.အကြုံလေးမျှဝေလို့ကျေးဇူးပါ။ း(၁၀၀၀)လည်းပေါက်ပါစေရှင် .

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 19, 2011 at 6:55 pm

    အကြောင်းအမျိုးမျိုးကြောင့်
    မသွားရောက်နိုင်ခဲ့တဲ့ ကျွန်တော်တို့ထက်စာရင်
    ကိုယ်တိုင် တက်ရောက်နိုင်ခဲ့တဲ့ မန်ဘာတစ်ဦးကို
    လေးလေးနက်နက် လေးစားဂုဏ်ယူပါတယ်
    ကျွန်တော်တို့ကတော့
    အော်နေတဲ့အဆင့်ကနေမတက်သေးပါဘူး
    တစ်ကယ်ဆို လက်သီးလက်မောင်းတန်းမှ တိုက်ပွဲဝင်တာမဟုတ်ပါဘူး
    ဒီလိုနေ့မျိုးမှာ တစ်စိတ်တစ်ဒေသ ပါဝင်ဆင်နွဲခြင်းဟာလည်း
    တိုက်ပွဲဝင်ခြင်းတစ်မျိုးလို့လည်း မှတ်ယူမိပါတယ်
    ဥပမာ
    ဒီလိုနေ့မျိုးမှာ ထောင်ပေါင်းများစွာတက်ရောက်နိုင်ကြမယ်ဆိုရင်
    ဒါဟာ ကြီးမားတဲ့ အင်အားပြမှုတစ်ရပ်လည်းဖြစ်မှာပါ
    ဒါပေမယ့် ဒီနေ့ကို ခွင့်ပြုတယ်ဆိုတာဟာလည်း
    ပြည်သူတွေရဲ့ မကျေနပ်မှုကို နည်းနည်းလေး
    လျှော့ချပေးတဲ့ လှည့်ကွက်လေး တစ်ခုလို့လည်းဘဲ ထင်မိပါသေးတယ်
    ဘာဘဲဖြစ်ဖြစ်ပါ
    ရောက်အောင်သွားခဲ့တဲ့မန်ဘာတစ်ယောက်ကို
    တစ်ကယ်လေးစားဂုဏ်ယူပါတယ်

    • pan pan

      July 20, 2011 at 8:55 am

      ဒီလိုမျိုးခွင့်ပြုတယ်ဆိုတာ ရည်ရွယ်ချက်တော့ရှိမှာပါ
      ရည်ရွယ်ချက်မရှိဘဲတော့ မလုပ်လောက်ပါဘူး
      ဘယ်သူမှလာပါလာပါမခိုင်းရဘဲ ပြည်သူများစွာဟာ မိမိတို့ရဲ့ ပကတိစိတ်နဲ့ သွားရောက်အလေးပြုခဲ့တယ်ဆိုတာတော့ ငြင်းလို့မရပါဘူး
      ဘယ်သူကမှ တိုက်တွန်းခြင်းမပါဘဲ မိမိတို့ဆန္ဒအလျောက်တက်ရောက်ခဲ့ကြတဲ့ ပြည်သူတွေ အရမ်းများခဲ့တာ အားရစရာပါပဲ
      ဘာပဲပြောပြော အာဇာနည်များအား ကန်တော့၊ အလေးပြုရုံသာမက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အလံတော်(အသစ်)ကြီးအား တပြိုင်တည်း အလေးပြု ကန်တော့ခဲ့ရပါကြောင်း…………။

  • Burma

    July 19, 2011 at 7:06 pm

    ♦ လာချင်လိုက်တာဗျာ… မနေ့က တစ်နေ့လုံး အဖေ့ကို နပူနစာ တိုက်နေမိပါတယ်…
    စိတ်ပူလို့တဲ့ … ကျူရှင်က စာမေးပွဲရှိတယ်ဆိုပြီး ပေးမသွားဘူး . ..
    ညီ့မှာ သွားချင်တာ တစ်ပိုင်းကိုသေလို့….

    အဲဒါ !@#$)#@$@!$+_@!$ ကျူရှင်တွေ… !_!

    • pan pan

      July 20, 2011 at 9:06 am

      ဘာမှမဖြစ်ပါဘူး
      တရားဝင်ခွင့်ပြုထားတာပဲ
      အစိုးရက လုံခြုံရေးတွေလည်း ချပေးထားပြီး ခွင့်ပြုထားတာ
      စိတ်မချလို့ ဆိုတာ အဓိကကတော့ အကြောင်း၂ချက်ကြောင်ဖြစ်မယ်ထင်တယ်
      ဗုံးကြောင့်ရယ်၊ အဖမ်းအဆီးရယ်
      ဗုံးလည်းဘာမှပေါက်ဖို့မရှိဘူး
      အကြောင်းက ၁၈ရက်နေ့ကတည်းက အဲဒီနားတဝိုက်မှာ လုံခြုံရေးအပြည့်ရှိလို့ပါ
      ကျွန်မတို့ အာဇာနည်းကုန်းက ဆင်းလာတော့ လမ်းမှာတွေခဲ့တာက ခုံတစ်ခုံမှာ ရဲသားတစ်ဦး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါတယ်
      တညလုံး ကင်းစောင့်ထားရပုံရပါတယ်၊ တော်တော်ပင်ပန်းနေပုံပါပဲ
      ဖမ်းမှာဆီးမှာတော့ ပူစရာမရှိပါဘူး
      ငြိမ်ငြိမ်သက်သက် စည်းကမ်းတကျ သွားရောက်အလေးပြုတာမို့ပါ
      ခွင့်ပြုထားတဲ့ဘောင်ထဲကနေ တရားဝင်သွားရောက်ကြတာပါ
      တစ်ယောက်ရဲ့ အင်အားကလည်း တစ်ယောက်ဆိုပေမယ့် မသေးပါဘူး
      ၉၉၉ယောက်ဆိုရင် ၁၀၀ဝဖြစ်သွားမယ်
      ကိုယ့်ရဲ့အင်အားဟာ အုတ်တချပ် သဲတစ်ပွင့်ပါ
      နံရံတစ်ခုမှာ အုတ်တစ်ချက်လွတ်နေရင် ပြိုလွယ်ပါလိမ့်မယ်

  • mariner

    July 19, 2011 at 9:26 pm

    အခုလို အာဇာနည်နေ့ ဓါတ်ပုံတွေကိုအများကြည့်ရှုနိုင်ရန် ပို့စ် တင်ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်……

  • waigyee

    July 19, 2011 at 10:39 pm

    လေးစားပါတယ်…။

  • ကြောင်ကြီး

    July 20, 2011 at 8:57 am

    ၂၀၀ရရွှေဝါရောင်တော်လှန်ရေးမှာ ဒင်းတို့ ဘုန်းကြီးတွေကိုခေါ်တာ လိမ္မော်သီး၊ အခု အာဇာနည်နေ့မှာ လူတွေကို ခေါ်တော့ အာလူးတဲ့။ သဂျီးဘာတွေပြောနေနေ မြန်မာပြည်မှာ လူသတ်အစိုးရကတောင် သက်သတ်လွတ်ဝါဒ ထွန်းကားအောင် လုပ်နေပြီ။ ကြည့်လုပ်အုံးဗျို့….

  • zawmyothu

    July 20, 2011 at 10:03 am

    ဒီပို.စ်လေးကို ဖတ်ပြီး အလေးပြုလိုက်ပါတယ်ဗျာ
    ကိုယ်တိုင်သွားရောက်ခဲ.တဲ. အကြောင်းလေးပြောပြတော. ကျွန်တော်တို.လဲ စိတ်ကူးထဲကနေ တက်ရောက်ခွင်.ရတာပေါဗျာ။

  • weiwei

    July 20, 2011 at 10:30 am

    ဒီပို့စ်ဖတ်လိုက်တော့ ငယ်ငယ်တုန်းက အာဇာနည်ဗိမာန်မှာ ဘင်ခရာအဖွဲ့နဲ့ပါဝင်ဆင်နွှဲခဲ့ဖူးတာကို သတိရသွားတယ် … ပြန်လည်တက်ကြွတဲ့စိတ်ဓါတ်နဲ့ အာဇာနည်ခေါင်းဆောင်များကို အလေးပြုလိုက်ပါတယ် …

  • good

    July 20, 2011 at 10:48 am

    အာဇာနည် နေ့ အခမ်းအနား ကို တက်ရာက်အလေး ပြု မေတ္တာပို့ အမျှဝေ တဲ့ pan pan ကို လေးစား ဂုဏ် ယူ တဲ့ အပြင် ကိုယ် လည်း အောင်ဘာလေ ထိုးတာပေ မဲ့ သိန်းတထောင် ဟာ Pan Pan အတွက် ဖြစ်ပါစေ လို့ ဆုတောင်းပေပါတယ်။
    သားလေး နေမကောင်း ဖြစ်နေ လို့ သွားဖို့ စီစဉ်ထားတာ ပျက် သွား တယ်။ဒါပေ မဲ့ မေလမြိုင် ရဲ့ အလေးပြုပါတယ် သီချင်း တပုဒ် တည်းကို repeat လုပ်ပြီး တမနက် လုံး ဖွင့် ထား လိုက် တယ်။

    ဗိုလ်ချုပ် သီချင်းဖွင့် ပြီး ထီရောင်း တဲ့ သူက မြေနီကုန်း စမ်းချောင်း တဝိုက်မှာ နေ တဲ့ ထီ သမား လို့ ထင် တယ်။အဲဒီ သူဆိုရင် အာဇာနည် နေ့ မှာ မှ မဟုတ် ဖူး၊ ထီရောင်း တိုင်း ဗိုလ်ချုပ် သီချင်း တွေ ဖွင့် ပြီး ရောင်းတာ။

  • pan pan

    July 20, 2011 at 1:13 pm

    ဘယ်သူလဲဗျို့???
    ပိုစ့်ကcommentတွေကို အနီလိုက်လုပ်နေတာ….
    လူတိုင်းလိုလိုကို လိုက်နီနေတယ်
    ;(

  • နွယ်ပင်

    July 20, 2011 at 2:29 pm

    မနေ့က ဗိုလ်ချုပ်ပြတိုက်ကနေ အပြန် ဘုရားပေါ်တက် ဘုရားက ဆင်းတော့ အာဇာနည်ကုန်းကို
    ချီတက်ဖို့ဟာ လမ်းတစ်ဝက်မှာ အလုပ်ကိစ္စက ပေါ်လာလို့ မသွားလိုက်ရဘူးလေ အိမ်ကနေပဲ ဂါရဝပြုလိုက်ရတယ် ။ ကို်ယ်တိုင် သွားရောက်ခဲ့တဲ့ ပန်ပန်ကို အားကျလိုက်တာ …. 🙁

Leave a Reply