ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁ဝ နာရီဝန်းကျင်လောက်ကပုံလေးပါ

ဇူလိုင်လ (၁၉) ရက်နေ့။ အာဇာနည်နေ့။ မြန်မာတစ်မျိုးသားလုံး မမေ့သင့်တဲ့နေ့တစ်နေ့ပါ။ မနက်ပိုင်းကတည်းက မိုးနတ်မင်းကြီးကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်အပေါင်းကို သတိယလွမ်းဆွတ်လို့ ထင်ပါရဲ့… အုံ့ဆိုင်းမှိုင်းလို့နေတယ်လေ။ ကျနော်လည်း ၁ဝ နာရီထိုးမှ မြို့သစ်ကနေ (၆၂) လမ်းအတိုင်း မြို့ထဲကို ထွက်လာခဲ့ပါတယ်။ စိတ်ကတော့ ငယ်ငယ်က တတ်ရောက်အလေးပြု အမျှဝေခဲ့ဘူးတဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို သတိရနေပါတယ်။

ဒီလိုနဲ့လာခဲ့တာ မနော်ယမန်ပန်းခြံအလွန်လေးလည်ရောက်ရော… လမ်းအနောက်ဖက် ပလက်ဖေါင်းပေါ်မှာ ထူးခြားတဲ့မြင်ကွင်းတစ်ခုကို အမှတ်မထင်မြင်တွေ့လိုက်ရပါတယ်။ ဒါနဲ့ ဆိုင်ကယ်ကို ရပ်ပြီး သေချာကြည့်မိတော့ ပလက်ဖောင်းဘေးက စတီးလက်ရန်းကလေးပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံကိုချိတ်ဆွဲပြီး အလေးပြုရှိခိုး အမျှဝေနေတဲ့ သူတစ်ဦးဖြစ်နေတာ တွေ့ရပါတယ်။  ကျနော် အံ့အားသင့်သွားမိပါတယ်။ ဒီလို သတိတရရှိတဲ့သူတွေလည်း ရှိပါသေးလားလို့ပေါ့။

တကယ်တန်းကျတော့ မန္တလေးသားတွေရဲ့ ရင်ထဲမှာ အာဇာနည်နေ့ကို လွမ်းဆွတ်တဲ့စိတ်ရှိကြပါတယ်။ လွမ်းသူပန်းခွေချ အလေးပြု အမျှဝေစရာ နေရာမရှိလို့သာ ဖြစ်မှာပါလေ။ အဲ… အခုတွေ့ရတဲ့သူကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံရဲ့ရှေ့မှာ ပန်းလေးတွေချိတ်ဆွဲ၊ အမွေးတိုင်ထွန်း၊ ဖယောင်းတိုင်ထွန်းပြီး သေချာကန်တော့အလေးပြုပြီး ငြိမ်သက်စွာနဲ့ အမျှဝေနေတာပါ။ ကျနော်မှာပါလာတဲ့ ဖုန်းလေးနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ပြီး ဆက်ထွက်လာခဲ့ပါတယ်။ စိတ်ကတော့ အဲဒီအလေးပြု အမျှဝေနေတဲ့သူတစ်ယောက် အန္တရာယ် ကင်းပါစေလို့ ဆုတောင်းမိပါတယ်။

၁၁ နာရီခွဲလောက်ကျတော့ ဘာတွေများ ဖြစ်နေသေးလဲမသိဘူးဆိုပြီး နောက်တခေါက် သွားကြည့်ပါသေးတယ်။ အဲဒီအချိန်အထိ သူက အမျှဝေမေတ္တာပို့နေတုန်းပါပဲ။ မလှမ်းမကမ်းမှာတော့ ရဲကားတစ်စီး ရပ်ထားတာ တွေ့ရပါတယ်။ ဘာမှတော့ မလုပ်ပါဘူး။ နေ့လည်တစ်နာရီကျော်ကျော်လောက်မှတော့ ထပြန်သွားတယ်လို့ဆိုကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ဦးကို မေတ္တာပို့ အမျှဝေပြီး အလေးပြုခဲ့သူတစ်ယောက်ပါ…….

About piti

ko piti has written 17 post in this Website..

I'm Myanmar. I love Myanmar. I live in Mandalay.