ညနေခင်း အဆောင်ကထွက်လာတော့ ကိုမြင့်ဇော်က
“ ဒိနေ့ သိပ်သောက်မလာနဲ့ဦး..။ ကိုယ့်ဟာကိုယ် ထိန်းသောက် ကိုယ့်ဟာကိုမှ မထိန်းရင်ဘယ်သူမှလာထိန်းမှာမဟုတ်ဘူး…။ ကိုယ့်အကြောင်းကိုယ် အသိဆုံး..။ ကိုယ်ဘယ်လောက်သောက်ရင် ဘယ်လိုမူး နိုင်မယ်ဆိုတာ သိ..။ နို့မို့ဆို အရက်ဆိုတာ …မအိုဆေးဖြစ်သွားလိမ့်မယ်..။ မအိုဆေး…ဆိုတာကောသိရဲ့လား? အရက်ကို ချင့်ချိန်မသောက်တဲ့သူတွေဟာ ဘယ်သူမှ အ်ုအောင်မနေရဘူး.။ အရွယ်ကောင်းတုန်း သေသွားကြတာချည့်ပဲ..။ ဒါကြောင့် အိုအောင်မနေရလို့ မအိုဆေးလို့ပြောတာ”
အော်… အရက်ဆိုတာက မအိုဆေးတဲ့လား?
ကိုလင်းသူရဲ့ ဆိုင်ကိုရောက်တော့ ကိုလင်းသူရဲ့ညီ ကိုဇော်နဲ့တွေ့တယ်..။
“ ကိုနေ အဆင်သင့်ပဲနော်…။ နောက်ခန်းထဲမှာ ဒရိုင်းဂျင် ထောင်ထားတယ်..။ အကိုကြီးက ကိုနေ့ကို ဂုဏ်ပြုမလို့တဲ့ ဆူစရာလည်းရှိတယ်လို့ပြောနေတယ်ဗျ..။ “
“ ခုသူဘယ်သွားလဲ”
“ သံပုရာသီး သွားရှာလေရဲ့..။ ဆိုင်မှာထားတဲ့ သံပုရာသီးကို ညီမလေးက ဖျော်သောက်လိုက်လို့ ပူညံပူညံ လုပ်သွားတယ်..။ ညီမလေးက အကိုကြီး အရက်မသောက်ဖြစ်အောင်တစ်မင်လုပ်သွားတာလေ..။ “
ကိုလင်းသူမှာက ညီနှစ်ယောက်နဲ့ ညီမတစ်ယောက်ရှိတယ်…။ နေ့လည် ဆိုင်မှာ လာထိုင်ပေးရင်း လုပ်သွားတာနေမှာပေါ့…။ အားလုံးနေ၀န်းနီထက် အသက်ကြီးကြတယ်..။ နေ၀န်းနီက 17မပြည့်သေသးဘူး…။ (အခုပြော တာမဟုတ်ဘူးနော်…။ ) ဒါပေမဲ့ အားလုံးက နေ၀န်းနီ ကို ကိုနေလို့ပဲခေါ်ကြတယ်..။ ခင်လည်းခင်တယ်..။
ကိုဇော်က အဲဂလိုပြောပြီး စာအုပ်လာဝယ်တဲ့သူတွေ ၀င်လာလို့ ထရောင်းနေတယ်..။
“ ကိုဇော်က ဟိုဘက် ဆိုင်မထွက်ဘူးလား”
“ အငယ်ကောင်ထိုင်နေတယ်လေ…။ ဒီနေ့ အကိုကြီး က ကိုနေနဲ့ အေးအေးဆေးဆေး သောက်ရအောင် ဒီမှာလာထိုင်ပေးတာ…။ “
ဟုတ်တယ်..။ ကိုလင်းသူက အရက်သာသောက်တာ ..။ ဆိုင်လာတဲ့သူကို အရက်သောက်ပြီးရင် စကားဝင်မပြောဘူး..။ ညီတွေ ညီမတွေက ၀င်ရောင်းပေးရတယ်..။ လမ်3း0 နဲ့ 80 ထောင့်မှာလည်း တစ်ဆိုင်ရှိသေးတယ်..။ အဲဒိဆိုင်ကတော့ လှည်းနဲ့ သယ်သွားပြီးရောင်တာ ..။ အရင်နေ့တွေက ကိုဇော်ထိုင်တတ်လို့ မေးလိုက်တာပါ..။
“ ကိုဇော်ရေ… မသိလို့ မေးတာနော် …။ ဂျင်ဆိုတာ အရက်ပြင်း မဟုတ်ဘူး မို့လား? မိန်းမတွေတောင်သောက်တာဆို..။ “
ကိုဇော်က ရယ်နေတယ်..။
“ ကိုနေကတော့ လုပ်တော့ မယ်..။ အရက်ဆိုမှတော့ မူးတတ်တာချည့်ပါပဲ..။ မိန်းမတွေ သောက်တာဆိုတာက ရမ် အရက်လို အ၀င်မဆိုးလို့ ဖြစ်မယ်..။ သူက တစ်ခြားအရက်နဲ့ မတူဘူး ..။ ဘီယာလို ထန်းရည်လိုပဲ လေတိုးရင် ပိုမူးတယ်..။ ပန်ကာလေအောက်မှာ သောက်ရင်တော့ မကြာဘူး..။ မှောက်သွားမှာ..။ ဒီတော့ ကိုနေ မသောက်ဖူးရင် ထိန်းသောက်…။ ပြန်သွားရင် တစ်ခြားအရက် ဆက်မသောက်နဲ့ဗျ..။ အရက်က တစ်မျိုးနဲ့ တစ်မျိုး တူတာမဟုတ်ဘူး..။ နှစ်ပင်လိမ်ရင် ခံရခက်တယ်..။ ရေများများသောက် …။ အမြည်းများများစား..။ ဟော….. အကိုကြီးလဲ လာပြီ.. ဒီမှာဗျို့ … ကိုနေ အရက်သောက်တယ်သာပြောတာ ဂျင်အရက်က ဘယ်လိုလဲ မေးနေတယ်..။ “
ကိုလင်းသူ ၀င်လာတော့ သူ့အကို့ကို တိုင်သလိုပြောတယ်..။ ကိုလင်းသူက ကိုဇော့်ကို လက်ထဲက သံပုရာသီး နှစ်လုံးကိုပေးလိုက်တယ်..။ ပြီးတော့ လက်ဝါးစောင်းနဲ့ လှီးသလို ရှေ့နောက်ဆွဲပြတယ်..။ အသံတိတ် လှီးခိုင်း စိတ်ခိုင်းလိုက်တာပေါ့လေ…။ ဒီဘက်က ထိုင်နေတဲ့နေ၀န်းနီကိုလည်း မျက်စိမှတ်ပြပြီး သူ့ညီကိုဆက်ပြောနေတယ်…။
“ အလကား နေ၀န်းနီဆိုတဲ့ အကောင်က ကဗျာလေး မတောက်တစ်ခေါက်ရေး ချက်အရက်လေးသောက်ပြီး ဟိုနားမှောက် ဒီနားမှောက်နဲ့ကောင် ဂျင်အရက် သောက်ဖူးတာမဟုတ်ဘူး..။ အဲဒါကြောင့် သူ့ကို သောက်ဖူးတယ်ရှိအောင် တိုက်မလို့…။ ဒါနဲ့များ ‘ သစ္စာမဲ့ တံ့ ပိတောက် …….. တစ်နှစ်လုံး လမ်းလျှောက်နေတယ် ‘ လေးဘာလေးနဲ့ ရည်းစားတောင် တူတန်အောင်ထားဖူးတဲ့ ကောင်မဟုတ်ပဲနဲ့များ…။ သွားသွား နောက်မှာ မင်းကိုပြောစရာလည်း ရှိတယ်..။ တို့ညီကိုနှစ်ယောက် ကဗျာ ဆရာ ပိုင်သရဲ့ အလီဘာဘာ ကဗျာ ထဲက ခိုးခြင်း ကိစ္စနဲနဲဆွေးနွေးကြည့်ရအောင်လို့ ပြောလိုက်သလို တို့လည်း ကဗျာ ကိစ္စ နဲနဲဆွေးနွေးကြည့်ရအောင် ပေါ့ကွာ…။ “
ကိုလင်းသူက သူ့ဆိုင်နောက်ခန်းထဲကို ဦးဆောင်ခေါ်သွားတယ်..။ ဆိုင်နောက်ခန်းသာ ပြောတာပါ..။ တစ်ကယ်တော့ ဆိုင်ကိုက မီးရထားဝင်း အုတ်နံရံ ဘေးက ရေဆိုးမြောင်း ရှိတယ်..။ အဲဒိမြောင်းဘောင်ပေါ်မှာ တည်ထားတာ…။ အနားမှာ 34 လမ်း သံလမ်းဂုံးကျော် တံတားရှိတယ်..။ သံ တံတား ကြီးပါ…။ အခင်းတွေ ပျက်နေလို့ လူ သိပ်မသွားတော့ဘူး….။ တစ်ဘက်ကို ကူးချင်ရင် အောက်ကနေပဲ မီးရထားသံလမ်းတွေကို ကျော်ပြိး သွားလိုက်တာကများပါတယ်..။ အဲဒိတော့ ကိုလင်းသူရဲ့ ဆိုင်နောက်ခန်းက အလုံခန်း စာအုပ်အဟောင်းတွေထားတာ…..။ နေံလည်းနေ့ခင်း ၀င်အိပ်ချင်ရင် အိပ်ရအောင်ဆိုပြီး ကုတင်တစ်လုံးချထားတယ်လေ….။ အဲဒိပေါ်မှာ နေ၀န်းနီ တို့ အရက်ဝိုင်း ဖွဲ့မှာပေါ့…။ ကိုဇော် သူ့အကို အတွက် အရက်ပုလင်းတွေ ဖန်ခွက်တွေ ပြင်ပေးတယ်…။ သံပုရာသီး စိတ်ရယ်..။ သကြားပုလင်းလေးရယ်.. ချထားတယ်..။ အမြည်းက အကြော်စုံ..။ မောက်ငှက်ပျောသီလည်းပါသေးတယ်..။ ကွမ်းယာဆိုင်က ၀ယ်လာပုံပါ.. သုံးလုံးနဲ့တူရဲ့ ..။ နေ၀န်းနီကို လည်း တစ်လုံးပေးတယ်…။ နေ၀န်းနီလည်း ဘုမသိ ဘမသိ တစ်လုံး ယူစားလိုက်တာပေါ့…။ ခဏနေတော့ ကိုလင်းသူရဲ့ မဟေသီနဲ့ သူ့ညီမရဲ့ အသံကြားတယ်…။ ကိုဇော်ကတော့ အရက်ငှဲ့ပေးပြီး သကြားနဲ့ သံပုရာသီး ညှစ်ထည့်ပေးပြီး ပြန်ထွက်သွားတယ်…။ နေ၀န်းနီက
“ ကိုဇော်ကော…. မသောက်တော့ဘူးလားဆိုတော့ “
ကိုလင်းသူက
“ ဆိုင်ထိုင်ရဦးမှာ …။ ဈေးရောင်းနေတဲ့ အချိန် ငါလည်း မသောက်ဘူး ..။ သူတို့လည်း မသောက်ရဘူး …။ သောက်ပြီးရင် ဆိုင်ရှေ့ မထိုင်ကြရဘူး..။ နောက်ထဲမှာ အိပ်နေ ဒါပဲ…။ ဈေးဝယ်သူ စိတ်အနှောက်အယှက်ဖြစ်အောင်မနေရဘူးဟ ဈေးသည်ဆိုတာက….။ “
မှတ်သားလောက်စရာပါပဲ…။ အရက်သာသောက်နေတာ ..။ ဖောက်သည်ကို သိသာသိစေ အနံ့ မရစေရဘူး..။ ကိုလင်းသူက သူ့ဇနီးနဲ့ညီမကို
“ ‘ဒီညတော့ နေ၀န်းနီ ဆိုတဲ့ကောင်ကို ခေါ်နှပ်စက်မလို့ဟေ့…။ ညည်းတို့ ပြန်နှင့်ကြ…။ မြန်မာကဗျာကို ဖျက်လိုဖျက်စီး လုပ်မဲ့ ကောင်ကို…..။ “
ဟင်း ဟင်း…။နေ၀န်းနီကိုတော်တော် မျက်မုန်းကျိုးနေပုံ ရပါတယ်…။ နေ၀န်းနီရဲ့ သစ္စာမဲ့ တဲ့ ပိတောက် ကို ကျေနပ်ပုံမရဘူး…။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010