သင်္ကြန်အကြတ်နေ့ကX2O မဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဗုံးပေါက်ကွဲမှုအားကိုယ်တိုင်ကျူးလွန်ခဲ့သူများအနက်တစ်ဦးကို ဖမ်းမိထားကြောင်းထုတ်ပြန်

mickylayMay 7, 20101min742

 

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးကန်ပတ်လမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ X2Oရေကစားမဏ္ဍပ်အနီး၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်၊ ဖော်ထုတ်ရရှိမှုအခြေအနေများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မေလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သောဖြစ်စဉ်များ၊ တရားခံဖော်ထုတ်ဖမ်းဆီးမှု အခြေအနေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီမှ တက်ရောက်လာသော သံတမန်များနှင့် သတင်းစာဆရာများကို ရှင်းလင်းပြောဆိုခဲ့ပါသည်။ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီ၏ ရှင်းလင်းတင်ပြမှုများအရ ဗုံးဖောက်ခွဲမှုကျူးလွန်ခဲ့သည့် အဓိကတရားခံ လေးဦးအနက် တစ်ဦးကို ဖမ်းဆီးရမိထားခဲ့ပြီဖြစ်ကြောင်းနှင့် စုံစမ်းဖော်ထုတ်မှုများအရ ဗုံးဖောက်ခွဲမှုကို ကျူးလွန်ခဲ့သည့်အဖွဲ့မှာ စွမ်းအားမြင့် မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့ (VBSW – Vigorous Burmese Students Worriors)မှ အဖွဲ့ဝင်လေးဦးဖြစ်ကြောင်း ပြောကြားချက်အရ သိရှိရပါသည်။

‘ဒီအစီအမံတွေကို အဓိကချပေးသူက စွမ်းအားမြင့် မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့ VBSWခေါင်းဆောင်ရဲသီဟ(ခ)သူရ(ခ) စန်းနိုင်ဖြစ်ပါတယ်။ ရဲသီဟ(ခ)သူရ(ခ)စန်းနိုင်အား အကြမ်းဖက်ဖောက်ရေးသမားဖြစ်ပါတယ်။ သူ့ရဲ့အစီအမံနဲ့ VBSWအဖွဲ့ဟာ ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံတွင်းမှ ဖောက်ခွဲဖျက်ဆီးမှု ၁၉ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၊ ပန်ဒိုရားမားဟိုတယ်၊ ဇော်ဂျီဟောက်စ်နဲ့ တောင်ဥက္ကလာပ ရွှေမန်းသူကားဝင်းအတွင်း ဗုံးဖောက်ခွဲမှုတွေဟာ သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း သူတို့ကိုယ်တိုင် တရားဝင် ထုတ်ပြန်ချက်တွေနဲ့ ဖမ်းဆီးရမိ ထွက်ဆိုချက်တွေအရ အတည်ပြု ဖော်ထုတ်ရရှိခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ထိုင်း နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို စီးနင်းတိုက်ခိုက်ခဲ့တာရယ် ထိုင်းနိုင်ငံ ရာချ်ပူရီဆေးရုံကို စီးနင်းတိုက်ခိုက်ခဲ့တာတွေဟာ သူတို့ရဲ့လက်ချက်ပဲဖြစ်ပါ တယ်’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောပါသည်။

သင်္ကြန်အကြတ်နေ့က ဗုံးဖောက်ခွဲမှုကို ကျူးလွန်ခဲ့သည့်ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ခဲ့ရာ၌ VBSWအဖွဲ့မှ စန်းနိုင်(ခ)ရဲသီဟ(ခ)သူရ ကစီစဉ်ညွှန်ကြားသူအဖြစ် ဆောင်ရွက်ခဲ့ပြီး သီဟဇော်(ခ)သူရဇော်(ခ)ဘိုသူ(ခ)ဇော်ထက်(ခ)သိန်းထိုက်၊ အောင်ကြီး(ခ)အောင်ဌေးမွန်(ခ)အုန်းကျော် ဌေး(ခ)အောင်ပန်၊ မျိုးအေး(ခ)ငမျိုး(ခ)မျိုးကြီး(ခ)စိုးမိုး၊ ဖြိုးဝေအောင်(ခ)မိုဟာမက်ယှာဗန်(ခ)သက်ခိုင် အစရှိသည့် VBSWအဖွဲ့မှ အဖွဲ့ဝင်လေးဦး က ဗုံးဖောက်ခွဲမှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ လေးဦးအနက် ဖြိုးဝေအောင်(ခ)မိုဟာမက်ယှာဗန်(ခ)သက်ခိုင်ကို ဖမ်း ဆီးရမိထားပြီး စန်းနိုင်(ခ)ရဲသီဟ(ခ)သူရသည် မဲဆောက်တွင် အခြေချနေထိုင်လျက်ရှိသူတစ်ဦးဖြစ်ကြောင်း၊ ကျန်ရှိသည့် သုံးဦးမှာမူ ထွက်ပြေးလွတ် မြောက်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ဗုံးဖောက်ခွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲချုပ်က X2O မဏ္ဍပ်သည် နေ့လယ် ၁၂ နာရီခန့်တွင် ထမင်းစားရပ်နား၍ လူပါးနေ သော်လည်း ၁ နာရီခွဲအချိန်ခန့်တွင် ဒီဂျေစက်ဖွင့်ခြင်း၊ သင်္ကြန်အကများစပြီး မဏ္ဍပ်ပေါ်မှ လင်ကွန်းကုမ္ပဏီက ဆေးလိပ်များဝေနေသောကြောင့် လူတွေ ရုတ်ရုတ်သဲသဲဖြင့် ပြန်လည်စည်ကားလာခဲ့ချိန်ဖြစ်ကြောင်း၊ ဖြိုးဝေအောင်(ခ)သက်ခိုင်သည် သူ၏မူလတာဝန်အတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာပေးကြောင်း၊ ၃ နာရီခန့်တွင် ဖြိုးဝေအောင်သည် ကရဝိတ်ဝင်ပေါက်လမ်းထိပ်တွင် ရပ်နေပြီး ၎င်းနှင့် ငါးပေခန့်အကွာ ဘယ် ဘက်တွင် အောင်ကြီး(ခ)အုန်းကျော်၊ ညာဘက် ငါးပေခန့်တွင် သီဟဇော်(ခ)သူရဇော်တို့ အသီးအသီးနေရာယူထားခဲ့ကြောင်း၊ မျိုးအေး(ခ)စိုးမိုးကတော့ ဘယ်ဘက်ကိုက် ၁၀ဝ ခန့်အကွာကရဝိတ်ဝင်ပေါက်ရှေ့လမ်းဆုံနားတွင်နေရာယူထားကြောင်း ရှင်းပြခဲ့ပါသည်။ ယင်းနောက်အောင်ကြီး(ခ)အုန်းကျော်ဌေး က ဘေးလွယ်အိတ်ထဲမှ အမဲရောင်လက်ပစ်ဗုံးအားထုတ်ယူကာ လုံခြုံရေးပင်ကိုဖြုတ်ပြီး လူအုပ်အားကျော်၍ မဏ္ဍပ်ရှေ့သို့ ညာလက်ဖြင့် ပစ်ပေါက်ခဲ့ကြောင်း ဆက်တိုက်ဆိုသလို သီဟဇော်(ခ)သူရဇော်ကလည်း ဘေးလွယ်အတွင်းက လက်ပစ်ဗုံးကိုထုတ်ပြီး ညာလက်ဖြင့် မဏ္ဍပ်ရှေ့သို့ ထပ်မံပစ်ပေါက်ခဲ့ကြောင်း ပေါက်ကွဲသံများ ရှေ့ဆင့်နောက်ဆင့်ကြားရကြောင်း၊ အုန်းကျော်ဌေးက ဘေးလွယ်ထဲက လက်ပစ်ဗုံးကိုနှိုက်ယူပြီး တတိယအကြိမ်ပစ်ပေါက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူများ အံ့ဩထိတ်လန့်စိတ်များဖြင့် ငိုယိုအော်ဟစ်ပြီး ဦးတည်ရာမဲ့ပြေးလွှားနေကြ၍ ရုတ်ရုတ်သဲသဲ ဖယိုဖရဲဖြစ်လာ ကြောင်း၊ ထို့ကြောင့် ဖြိုးဝေအောင်သည် ဆက်မစောင့်တော့ဘဲ ၁၂၃ လမ်းဘက်သို့ ဦးတည်ဆုတ်ခွဲခဲ့ကြောင်း၊ မျိုးအေး(ခ)စိုးမိုးမှာ တယ်လီဖုန်း ဖြင့် အဝေးထိန်းဗုံးခွဲမည့် တာဝန်ယူထားသော်လည်း အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဖော်ထုတ်သိရှိရသည်ဟု ရဲချုပ်က ရှင်းပြခဲ့ ပါသည်။

ဖောက်ခွဲခဲ့သော ဗုံးများမှာ လက်ပစ်ဗုံးအမျိုးအစားဖြစ်ပြီး မပေါက်ကွဲဘဲ ကျန်ရှိနေသည့် အဝေးထိန်းဗုံးမှာ အလွန်ပြင်းထန်သော .၇၅ ပေါင်ရှိသော C-4 အမျိုးအစား ယမ်းပြင်းကို မြန်မာဘီယာဘူးခွံအတွင်း ထည့်သွင်းထားသော ဗုံးအမျိုးအစားဖြစ်ကြောင်းသိရပါသည်။ X2Oရေကစားမဏ္ဍပ်အနီးရှိ ဗုံးပေါက်ကွဲမှုဖြစ်စဉ် အပြီးဗီဒီယိုမှတ်တမ်းတင်မှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူနှစ်ဦးကိုလည်း သီးခြားအနေဖြင့် စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်လျက်ရှိနေကြောင်း ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းပြခဲ့ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် X2Oရေကစားမဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုကျူးလွန်ခဲ့သူများကို ဖြစ်စဉ်ဖြစ်ပွားအပြီး တစ်ပတ်အကြာတွင် ခြေရာခံမိခဲ့ခြင်းဖြစ်ကာ အမှုခိုင်လုံမှုရှိစေရန်နှင့် တရားခံပစ်မှတ်များ ပျောက်ကွယ်မသွားအောင် စိစစ်ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည့်အတွက် ဖြစ်စဉ် ဖြစ်ပွားအပြီး ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာသည်အထိ ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူထံချပြရှင်းလင်းပြီး မပြုနိုင်ခဲ့ခြင်းကိုလည်း နားလည်ပေးရန် အလေးထားပြောကြားလိုကြောင်း ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲ၌ X2O ရေကစားမဏ္ဍပ်အနီး၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှတ်တမ်းတင်ဓာတ်ပုံများ၊ ဗုံးဖောက်ခွဲသူများ အသုံးပြုခဲ့သော ဗုံးအမျိုးအစားနှင့်ပတ်သက်သော အချက်အလက်များ၊ ဓာတ်ပုံများ၊ ဗုံးဖောက်ခွဲမှုကို ကျူးလွန်ခဲ့သူများ၏ ကိုယ်ရေးရာဇဝင်များကို တင်ပြထားသည် ဓာတ်ပုံမှတ်တမ်းများကိုလည်း ပြသထားခဲ့ပါသည်။ ထို့နောက် ဗုံးဖောက်ခွဲမှုကျူးလွန်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံများကိုလည်း ဖမ်းဆီးရမိနိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့(INTERPOL)နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရဲချုပ်က ပြောပါသည်။

2 comments

  • susunosuki

    May 12, 2010 at 8:22 am

    တရားခံကိုမေးချင်ပါတယ်
    ဘယ်လိုခံယူချက် ဘယ်လိုရည်ရွယ်ချက်တွေနဲ့ အခုလိုလူမဆန်တဲ့လုပ်ရပ်ကိုလုပ်ကြတာလဲဆိုတာကိုပါ

  • thantzinhtut

    May 18, 2010 at 12:54 pm

    တရားခံဓါတ်ပုံပါပြ ။ မပြရင် မယုံ

Leave a Reply