အမှန်ခြစ်လေးများ

အမှန်ခြစ်လေးများ

——အခန်း ၁ ——–

မနက်က ကျွန်တော် ငယ်ငယ်က အလယ်တန်းထိ ပညာသင်ကြားခဲ့ဖူးတဲ့ နယ်မြို့လေးတစ်မြို့ရဲ့ အသင်းနှစ်ပတ်လည် အစည်းဝေးပွဲကိုရောက်ခဲ့တယ်။မှတ်မိသူတွေလည်းမှတ်မိ မမှတ်မိသူတွေလည်း ပြန်မိတ်ဆက်ရင်း လွမ်းစရာရော ပျော်စရာပါကောင်းပါတယ်။ ငယ်ငယ်က ဆရာဆရာမတွေ အကြောင်းပြောရင်း သူငယ်ချင်းတွေ အကြောင်းပြောရင်းပေါ့။

အံ့ဩလေးတစ်ခုဖြစ်ခဲ့တယ်။ မိတ်လာဆက်တဲ့သူက သူ့ကိုသူ နာမည်လည်းပြောရင်း လက်ရှိ ရန်ကုန်တက္ကသိုလ်မှာ သချာင်္ပါမောက္ခ တာဝန်ထမ်းဆောင်နေကြောင်းပြောပါတယ်။
ကျွန်တော်သူ့ကို မှတ်မိပါတယ်။ အံ့ဩစရာဘာရှိလဲ မေးစရာရှိပါတယ်။အံ့ဩစရာက ဒီလိုပါ သူဘယ်လိုများ သချာင်္ပါမောက္ခဖြစ်လာလဲလို့ပါ။

ကျွန်တော်နဲ့သူက တစ်ခန်းထဲနေခဲ့ဖူးပါတယ်။သချာင်္မှာ သူကအတော်ကိုညံ့ပါတယ်။ ဆရာ ဆရာမ အားလုံးလက်မြောက် ထားလောက်အောင် ညံ့ပါတယ်။
ပြီးတော့နောက်တစ်ခုက သချာင်္နဲ့ပတ်သက်ရင် ဘယ်လိုမှ မရပါဘူးလို့လဲ သူ့ကိုသူခံယူထားသူပါ။ အဲဒိတော့ သင်တဲ့သူ ဘယ်လောက်ကောင်းကောင်း သူကတော့ ညံ့မြဲပါ။
ပညာရေးစနစ်ရဲ့ ထုံးစံအတိုင်း အတန်းတင်စာမေးပွဲတွေ သူအောင်မြင်လာခဲ့ပေမယ့် သူ့ရဲ့အမှတ်က
ဘယ်တုန်းကမှ အောင်မှတ်ဖြည့်ပေးလို့ရတဲ့အဆင့်ကိုတောင် မမှီခဲ့ပါဘူး။သူက သူ့ကိုဆက်သွယ်ပါလို့ ဆိုပြီးတော့ ဖုန်းနံပါတ် တစ်ခုပေးသွားခဲ့တယ်။ သေချာပါတယ် ကျွန်တော်သူ့ကို ဆက်သွယ်ဦးမှာပါ။

——— အခန်း ၂ ———

” ဟလို..ဟုတ်ပါတယ် ”
” အေး..သူငယ်ချင်း ငါပါ ဘမောင်ပါ”
“ဪ..ပြောလေကွာ ငါအားပါတယ် ”
” ငါ မေးချင်တာရှိလို့ကွ ”
” ဘာလဲ…ငါဘယ်လိုများသချာင်္ပါမောက္ခဖြစ်လာလဲလို့ မေးမလို့လား ”
“အေး… ငါ ပိုသိချင်သွားပြီ ”
သူခဏငြိမ်သွားတယ်။ပြီးတော့မှ
“ဒီလို လုပ်..ညနေအားမလား…ငါ့ အခန်းကိုလာခဲ့လေ….”
” ok.. သူငယ်ချင်း….လာရမှာပေါ့ ငါကသိချင်တဲ့သူပဲ..”

—————အခန်း ၃ —————

ညနေဘက် သူ့ရဲ့အခန်းကို ကျွန်တော်ရောက်သွားတယ်ဆိုပါတော့။ သူက အသင့်စောင့်ကြိုနေပါ တယ်။ လိုရင်းကိုအရင်မမေးရဘူး။ သူတို့မြို့လေး(ကျွန်တော်နေခဲ့ဖူးတဲ့) မြို့လေးကို ဘယ်လိုတိုးတက်စေချင်ကြောင်း သူကအရင်ပြောနေလို့ပါ။နောက်မှ ကျွန်တော်က ဘယ်လိုများသချာင်္ပါမောက္ခဖြစ် လာလဲ မေးတော့မှ စာအုပ်လေးတစ် အုပ်ထုတ်ပေးတယ်။

အဌမတန်း သချာင်္လေ့ကျင့်ခန်းစာအုပ်လေးပါ။ ဘာသဘောလဲပေါ့။လျှောက်လှန်ကြည့်တော့ ဘာမှထူးခြားတာမတွေ့ဘူး။ကျွန်တော်က ဘာလဲဆိုတဲ့သဘောနဲ့ကြည့်တော့ သေချာကြည့်ပါတဲ့။
သေချာကြည့်မိတော့မှ အစပိုင်း တစ်ချို့ပုဒ်စာအမှားတွေကို အမှန်တွေပေးထားတာတွေ့ပါတယ်။
ဘာလို့အဲလိုပေးထားရတာလဲ လို့မေးတော့ သူကပြောတယ်။

” အဲဒီ အမှန်ခြစ်လေးတွေက ငါ့ကို သချာင်္ပါမောက္ခဖြစ်စေခဲ့တာပဲတဲ့ ”

သူပြောတာကို ကျွန်တော် နားမလည်ဘူး။သူကဆက်ကြည့်ပါတဲ့ ဆိုလို့ ဆက်ကြည့်မိတယ်။
နောက်ပိုင်း ပုဒ်စာတွေမှာ တစ်ကယ်လည်းမှန်လာသလို အမှန်ခြစ်လေးတွေလည်းများလာတယ်လေ။
သူကရှင်းပြတယ်..

” မင်းသိပါတယ် ငါ့ကိုငါသချာင်္ညံ့တယ်လို့ခံယူထားခဲ့တာလေ..သချာင်္ဆို ငါညံ့နေတာမဆန်းသလို သချာင်္တွက်ဖို့လည်း ငါမပျော်ခဲ့ဖူးဘူး…”

သူဆက်ပြောတယ်….။

” အဲဒီအမှန်ခြစ်လေးတွေက ငါ့ရဲ့ပထမဆုံးအမှန်ခြစ်လေးတွေလို့တောင်ပြောလို့ရတယ် သချာင်္နဲ့ပတ်သက်ရင်ပေ့ါ.
ငါ အဲလိုအမှန်ခြစ်တွေ များများမရဖူးဘူးလေ…..ပထမဆုံး အမှန်ခြစ်တွေ အများကြီးရတဲ့နေ့ကဆို ငါညနေစာတောင်မစားဖြစ်ခဲ့ဘူး…..သူက ငါ့ကိုအားလုံးကိုတော့ အမှန်မပေးဘူး
တစ်ချို့ကိုပဲ အမှန်ပေးတယ် တစ်ချို့ကို မှန်တဲ့ထိတွက်ခိုင်းခဲ့တာ……ဒါပေမယ့် ငါ့မှာ အမှန်ဆိုတာလေးရှိသေးတယ်လို့ ငါခံခဲ့စားရတယ်..မှားနေတာတွေပြင်ဖို့လည်း ငါ့ကိုငါလည်းယုံကြည်လာတယ်လေ.၊
..ပြီးတော့ ငါသချာင်္တွက်ရမှာကို ပျော်လာတယ် ။ ခု သချာင်္ပါမောက္ခဖြစ်တဲ့ထိ ဆိုပါတော့…..”

ကျွန်တော်ဘာပြောရမလဲ။

” မင်းလည်း ကြိုးစားခဲ့လို့ဖြစ်မှာပါကွာ..”
သူပြန်ပြောတာက

” ဟုတ်တယ်…..ငါလည်းကြိုးစားခဲ့တယ်….ဒါပေမယ့် ငါ့မှာယုံကြည်စိတ်မရှိရင် ငါဘယ်ကြိုးစားချင်ခဲ့မလဲ…..ငါ့ ကိုငါ လုပ်နိုင်မယ်လို့ ငါမယုံကြည်နိုင်ခဲ့ရင် ငါဘယ်လိုကြိုးစားချင်ခဲ့မှာလဲ…”

………………………………………………………………………………………………………………………

——- အခန်း ၄ ——–

သူ့ဆီက ပြန်လာပြီးတဲ့နောက်မှာ အတွေးမျှင်တွေကပ်ပါလာတယ်။
ကျွန်တော် ကိုယ်တိုင်က အဌမတန်းသချာင်္သင်နေတဲ့ ဆရာတစ်ယောက်ပါ။ ဒါကကျောင်းသင်ခန်းစာလေးတစ်ခုတည်းအတွက်ပါ။

တစ်ကယ်လို့ များ အနားနားမှာ အမှားတွေ ကျူးလွန်နေတဲ့သူများရှိခဲ့ရင် မင်းလုံးဝမှားတယ် လို့ပြင်မရအောင်ပြောနေဦးမှာလား။

*ဒါမှမဟုတ်..အမှန်ခြစ်လေး နည်းနည်းပေးကြည့်ပြီး တစ်ခုလောက်မှန်အောင်ပြင်ခိုင်းမှာလား။

*သူ့ကို ယုံကြည်မှုမရှိတော့အောင် ပြောနေဦးမှာလား။

*သူ့ရဲ့ ယုံကြည်မှုလေးရအောင် မင်းမှန်တယ်လို့ တစ်ခွန်းလောက် အရင်ပြောကြည့်မလား။

*ပြီးတော့ သူအမှန်တွေ လုပ်လာနိုင်တဲ့ထိ စောင့်ကြည့်ပြောပြနေမှာလား။

ချစ်ခင်လေးစားသော

ရွှေအိမ်စည်

10 comments

  • nozomi

    July 21, 2011 at 2:13 pm

    စဉ်းစားစရာတွေ အများကြီးရသွားပါတယ်

    အစိုးရကျောင်းမှာပဲသင်တာလား ဒီခေတ်ဆရာမတွေပဲတွေ့တော့တယ် ဆရာကတော်တော်ရှားသွားပြီ

  • pan pan

    July 21, 2011 at 2:22 pm

    ယုံကြည်မှုပေးတဲ့သဘောဖြစ်မယ်ထင်တယ်
    စာမရတော့ စိတ်ကိုပြင်ပေးတာနေမှာပေ့ါနော်

  • kai

    July 21, 2011 at 2:29 pm

    “တစ်ချို့ပုဒ်စာအမှားတွေကို အမှန်တွေပေးထားတာတွေ့ပါတယ်။”
    ဆိုတာကို.. တော်တော်လေးတွေးနေမိပါတယ်..။
    အဲဒီလိုလုပ်တာက.. သင့်တော်ပါ့မလားဆိုတာကိုပါ…။
    တပည့်တယောက်ဆီရဲ့ စိတ်ကို နားလည်ပြီး သေသေချာချာ ပြုပြင်ပေးချင်တဲ့ ဆရာဖြစ်မှာပါလို့.. ဖြေသိမ့်လိုက်ပါတယ်..။ ကြိုက်တော့မကြိုက်ဘူး…။

    • shweaeimsi

      July 21, 2011 at 2:36 pm

      ကျနော်တို ့ငယ်ငယ်ကဖတ်ဖူးတဲ ့…ဇီးချိုသီးလိုပေါ့ဗျာ..စာစသင်စလို …
      ကလေးတစ်ယောက်ရဲ ့စိတ်ကိုပြုပြုင်တာလည်း..
      ဆရာ တစ်ယောက်ရဲ ့ကံ့ကူလက်လှည့်ပညာပေါ့……

      ကျေးဇူးပါဖတ်ပေးလို ့…။။။။

      စိတ်နဲ ့တော့တစ်ထပ်ထဲ ဘယ်ဖြစ်ပါ့မလဲ…..
      ….ကြိုက်တဲ ့စာမျိုးရေးတတ်အောင်..ကျိုးစားမယ်နော်…

  • shweaeimsi

    July 21, 2011 at 2:32 pm

    ရှိပါတယ်…..နော်.
    ..ပြွန်တဆာ(ညောင်လေးပင်)ရွာမှာတကယ်ဆရာတစ်ယောက်ရှိခဲ ့ဘူးပါတယ်…
    …..
    ကျနော်ပြည်မှာနေတုံးကဆရာလည်းတကယ်တော်ခဲ ့ပါတယ်……
    ကျနော်ကိုဗုဓဘာသာကိုလမ်းပြပေးခဲ ့သူပေါ့……ကျနော်အရင်ကနှစ်ခြင်းခရစ်ယာန်ပါ
    ကိုယ့်ဘာ့သာဘာသာပြောင်းလိုက်တာ…..(အဲ ့ဒိတုံးက..ကျနော်12 နှစ်သားပါ)

  • Yan Shin

    July 21, 2011 at 3:02 pm

    ကောင်းလိုက်တာ….

    မှားနေခဲ့ရင်တောင် နောက်တစ်ခါဖြစ်ဖြစ် ကျိုးစားခွင့်ပေးရမှာပါ။

    ချီးကျူးခြင်းဖြင့် စွမ်းရည်ကိုမြှင့်ပေးပါ။

  • etone

    July 21, 2011 at 4:57 pm

    မှားမှန်းသိလျှင်တောင် စာအုပ်ကြီးဆွဲယူပြီး မှင်နီနဲ့ အမှားခြစ်လိုက်တာထက်စာရင် ဒီနားလေး ဒီလိုလေး ပြန်ပြင်ပေးပါလားဆိုတဲ့ အခါ လုပ်ရတဲ့လူလည်း ဆက်တွက်ချင်စိတ်ပေါက်တာပေါ့ … ။
    ငယ်ငယ်က ကြုံဖူး တယ်… ဆရာမက ကြမ်းတောကြီး …. နောက်တော့ အိမ်က ရိပ်စားမိတာနဲ့ ကျူရှင်ပြောင်းလိုက်လို့ … မပြောင်းလျှင် etone စိတ်နဲ့ ဆရာမအကျင့်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ .. တဘက်နဲ့ တဘက် စာအုပ်ပေါက်တိုင်း ကစားသလို ဖြစ်နေဦးမှာ … ။

  • AKKO

    July 21, 2011 at 4:59 pm

    များများမှားမှ အမှန် တွေ့မှာ … မှားတာဟာ မှန်ဖို့ အစပါပဲ … ။

  • ဆူး

    July 21, 2011 at 11:39 pm

    သချင်္ာနဲ့ ပတ်သတ်ရင် ငယ်ငယ်က အလီ ကျက်တာ သတိရမိတယ်။
    ဆရာမက အိမ်စာပေးလိုက်တယ် အလီ ကျက်ခဲ့တဲ့.. အဲဒီည ကျက်တာ အစ အဆုံး တောက်လျှောက်ရတယ် ကြားထဲက ဖောက်မေးရင် မရဘူး.. အဲဒီလိုနဲ့ တော်တော် ဉာဉ့်နက် အထိ ကျက်ခဲ့ရတယ်။ စာကို မုန်းတာ အဲဒီ လုပ်ရပ်တွေ ကြောင့်လည်း ပါမှာပေါ့.. ကလေးတယောက်ကို လိုချင်တဲ့ ပုံကို အတင်းဆွဲ သွင်းခံရတော့.. စိတ်မပါပဲ အတင်းအကျပ်လုပ်ရလေ.. အသက်ကြီးလို့ ဆန့်ကျင်ရဲလေ ဆန့်ကျင်လေဖြစ်တော့တာပဲ.. စာဆို လုံးဝ မကြည့်ချင်လောက်အောင်ကို မုန်းခဲ့တာ အမှန်ပဲ။

  • ကြောင်ကြီး

    July 22, 2011 at 9:12 am

    ကြောင်ကြီးမှားတုံးကတော့ ဆရာမက ဆော်ပလော်တီးတယ်…. 🙁

Leave a Reply