NLD ခေါင်းဆောင်တချို့ ပါတီထောင်မည်

wunnaMay 7, 20101min630

NLD မန်ဘာ တစ်ချို့ ပါတီ အသစ်ထောင်မည်။

ကိုးကား – ဧရာဝတီအင်တာနက်ဝဘ်ဆိုဒ်

NLD ခေါင်းဆောင်တချို့ ပါတီထောင်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တချို့က ရွေးကောက်ပွဲ ဝင်ရန် ပါတီသစ်တခု သီးခြား ထောင်မည်ဟု သိရသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ရန် သဘောမတူခဲ့သည့် အဖွဲ့ဝင်များ ပါဝင်မည့် ယင်း ပါတီအမည်ကို“အမျိုးသား ဒီမိုကရေစီ အင်အားစု (National Democratic Force)” ဟု အမည်ပေးမည် ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ သန်းငြိမ်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ သက်သက်ပါပဲ၊ ဒီလိုမှ မလုပ်ရင် ဘာမှ ဆက်လုပ်လို့ ရမှာ မဟုတ်ဘူး”ဟု ဒေါက်တာ သန်းငြိမ်းက ဆိုသည်။

NLD သည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ အရ ယနေ့ မေလ ၆ ရက်နေ့ ညသန်းခေါင်ယံတွင် တည်ဆဲ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ပြီ ဖြစ်သည်။ တည်ဆဲ ပါတီ ၁ဝ ခုအနက် ၄ ခုသာ ပြန်လည် မှတ်ပုံတင်သည်။

NLD ခေါင်းဆောင်ပိုင်းမှ ဒေါက်တာ ဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား NLD ပါတီဝင်များ ပါတီသစ်တွင် ပါဝင်မည်ဟု ဒေါက်တာသန်းငြိမ်း က ပြောသည်။

NLD ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေကလည်း NLD ဗဟို ကော်မတီဝင် (CC) ၁၀ဝ ကျော် အနက် ၂ဝ ခန့် ပါဝင်နိုင် ကြောင်းနှင့် ၎င်းအနေနှင့်မူ အကြံပေးအဖြစ် ရှိနိုင်ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ရွေးကောက်ပွဲဝင်ရာတွင် လူထုထောက်ခံမှု ရှိမရှိနှင့်ပတ်သက်၍ ဒေါက်တာ သန်းငြိမ်း က အကောင်း မြင်ကြောင်းနှင့် ပါတီသစ်အနေဖြင့် မဲဆန္ဒနယ် မည်ရွေ့မည်မျှ ဝင်ရောက်ယှဉ်ပြိုင်မည်ကို ယခုဖွဲ့မည့် ပါတီ ခေါင်းဆောင်များက ဆုံးဖြတ်မည်ဟု ဆိုသည်။

စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းလာသော အဆင့်မြင့်အရာရှိများ အပါအဝင် ၂၆ ဦးကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်လျက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဧပြီလ ၂၉ ရက်နေ့က ပါတီမှတ်ပုံတင်ခွင့် လျှောက် ထားခဲ့သည်။

ယင်း ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲတွင် နေရာယူမည်မှာ သံသယ မရှိကြောင်း ဒေါက်တာသန်းငြိမ်းက ပြောဆို သည်။