Ph.D နဲ့ အာပလာ

etoneJuly 22, 20111min15613

 

ကျွန်မငယ်ငယ်ကဆို … ကျောင်းသွားရမှာ အရမ်းပျင်းပါတယ် … ။ လုပ်ချင်တာ ပေးလုပ်ပြီး ကြိုက်သလောက်ဆော့ခိုင်းတဲ့ အဒေါ် အပျိုကြီးများလက်ထဲ ကြီးလာရတာမို့ … အိမ်မှာနေရတဲ့ အချိန်က အပျော်ဆုံးပါပဲ … ။ မူကြိုတက်ရမဲ့ အရွယ်လေး ရောက်လာပြန်တော့ … မိဘတွေက မူကြိုပို့စေတာပေါ့ … ။ မူကြိုလိုက်ပို့တဲ့ အဖေ့ပုဆိုးကြီးကို ဆွဲပြီး ငိုရတာလည်း မနက်တိုင်း ကျွန်မလုပ်နေကျ အလေ့ကျင့် တစ်ခုပေါ့ … ပြန်မခေါ်သွားမှန်း သိပေမဲ့ ကျွန်မ အဖေ့ကို တွယ်ကပ်နေမိတယ် … ။ ဇွဲကောင်းတဲ့ မူကြိုဆရာမလေးကလည်း … ကျွန်မရုန်းကန်နေတဲ့ကြားကပဲ ဂျိုင်းကနေ မပြီး … မူကြိုခန်းထဲ ခေါ်သွားဖို့ အတင်းကြိုးစားခဲ့တာပါပဲ … ။ တစ်ရက်လည်း မဟုတ် … နှစ်ရက်လည်း မဟုတ် နေ့တိုင်း ဖြစ်နေကြ ဖြစ်စဉ်ပါ…. ။ အမေ လိမ်းပေးလိုက်တဲ့ သနပ်ခါးပျက်လောက်အောင် ငိုတဲ့ ကျွန်မကို သူငယ်ချင်းတွေ ရယ်ကြတာပေါ့ … ။ သူငယ်ချင်းတွေ ရယ်လည်း ဂရုမစိုက်ပဲ နေ့တိုင်း လုပ်မြဲ လုပ်နေမိတာ ကျွန်မရဲ့ အကျင့်ဆိုးတစ်ခုပါပဲ … ။ အဖေမအားတဲ့ရက်ဆို အမေက မူကြိုလိုက်ပို့ပါတယ် … ။ အမေလိုက်ပို့လည်း ထမိန်စ ဆွဲပြီး ငိုတာပါပဲ … ။ ကျွန်မအမေက ဆရာမတစ်ယောက်ပေါ့ …ကျွန်မ ထမိန်စ ဆွဲထားလို့ …အမေ လိုက်ပို့တဲ့ ရက်ဆို … ကျောင်းအမြဲနောက်ကျပါတယ် … ။ သူ့သမီးကျောင်းပျင်းပြီး ထမိန်စ ဆွဲထားတာ…. တခြား ကလေးမိဘတွေ မြင်မကောင်းလို့ …ကျွန်မကို အသံတိတ်မျက်စောင်းထိုးပြီး အချက်ပြတတ်ပါတယ် … ။ တစ်ခါတစ်ရံလည်း မျက်ထောင့်နီကြီးနဲ့ ပြူးကြည့်တယ်… အဲ့ဒီအချိန်ဆို ကျွန်မလည်း လန့်ဖြန့် ပြီး ထမိန်စ ဆက်မဆွဲထားရဲတော့ပါဘူး … ။

အဖေနဲ့ အမေရဲ့ ကွာခြားချက်ကတော့ အဖေက ကျောင်းမသွားချင်တဲ့ သမီးကို ဖြောင်းဖျပြီး … ညှိညှိနှိုင်းနှိုင်းနဲ့ … မက်လုံးပေးပြီး ကျောင်းသွားစေခဲ့တာပါ…။ အမေကတော့ … အမိန် ့ဆိုတာမျိုး ပေးပြီး … သူ ့ သဘောအတိုင်း ကျွန်မ ဆန္ဒမပါလည်း လုပ်စေခဲ့တာမျိုးပါ … ။ အမေက ဆရာမမို့ …ကျောင်းပျင်းတဲ့ ကလေးတွေကို ဘယ်လို ကောင်းကောင်း ကိုင်တွယ်ရမလဲဆိုတာ နားလည်နေတဲ့ပုံပါပဲ .. ။

မူလတန်း ၊ အလယ်တန်း …အထိ ကျွန်မ ကျောင်းပျင်းခဲ့ပါတယ်…. ။ ကျောင်းတတ်ခါနီး အိပ်ချင်ယောင်ဆောင်နေတာမျိုးတို့….. ဒီနေ့ဆရာမမလာဘူးဆိုပြီး ခွင့်ယူတာမျိုးတို့နဲ့ … ဆင်ခြေတွေ မရိုးနိုင်အောင် ပေးပြီး … အိမ်မှာနေခဲ့တယ် … ။အဲ့ဒီအချိန်ထိ အဖေက ကျောင်းလိုက်ပို့တယ် … ။ ကျောင်းမပျော်တဲ့ ကျွန်မ တစ်နေ့ တစ်နေ့ ကျောင်းဆင်းချိန်ကိုပဲ မျှော်နေမိတာပေါ့ .. ။ အထက်တန်းရောက်တော့ အဖေလိုက်ပို့တာ မကြိုက်တော့ဘူးလေ… ။ အရင်ကလို ကျောင်းမပျင်းတော့ပေမဲ့ … မသွားချင်တဲ့စိတ်ကတော့ မနက်တိုင်း ဖြစ်မိနေတုန်းပါ … ဒီဝဋ်ကြီး မြန်မြန် ကျွတ်ပါစေတော့လို့လည်း … ဆုတောင်းမိခဲ့တယ် … ။

ဆယ်တန်းအောင်လို့ … တက္ကသိုလ်ရောက်တော့ … ကျွန်မတို့ ခေတ်မှာ ပေါ်ပြူလာဖြစ်ပြီး ..ခေတ်စားလာတဲ့ ဘာသာရပ် ….ကွန်ပျူတာ တက္ကသိုလ်ကိုယူပြီး သုံးနှစ်ကျောင်း တတ်ခဲ့တယ် … ။ ယောင်တောင် ပေါင်တောင်နဲ့သာ ကျောင်းတတ်ရတာ … မွေးရာပါ ကျောင်းပျင်းတဲ့ ရောဂါမို့လား မသိဘူး … တက္ကသိုလ်တက်တော့လည်း ဒီလိုပါပဲ ..ပျင်းတာပါပဲ … တစ်ချို့ ကျောင်းပျင်းတွေကတော့ အတွဲလေးဘာလေးရတော့လည်း ပျော်တာပေါ့… ။ အပေါက်ဆိုးလွန်းတဲ့ ကျွန်မအနား ၊ဘယ်ကောင်လေးမှ တစ်ရက်နှစ်ရက် … အလွန်ဆုံး တပတ်ထက် ပိုပြီး … လိုက်မပွားရဲတာမို့ ….အတွဲမရှိတော ့…သူများတွေလို ကျောင်းဘယ်ကျောင်းပျော်ပါ့မလဲ ……  ဒါနဲ့ပဲ … သုံးနှစ်တက်ပြီး ဘွဲ့ရရော … အောင်စာရင်းထွက်တော့ … ကွာလဖိုင်းဖြစ်တယ် …..ဘွဲ့လွန် … နောက်တစ်နှစ်ဆက်တက်လို့ ရမယ်ပေါ့ …  ဒါနဲ့ … သူငယ်ချင်းတွေထဲက တစ်ချို့က ဆက်တက်ကြတယ်… ကျွန် မကတော့  မွေးရာပါ ဗီဇကြောင့် …. တွေဝေမှူမရှိပဲ ကျောင်းဆက်မတတ်တော့ဘူးလို့ … ဆုံးဖြတ်ချက်ချပါတယ် … ။ အလုပ်လည်း မလုပ်ချင်ပဲ အိမ်မှာပဲ အိပ်လိုက်စားလိုက်နေချင်တာပါ … မူကြိုစတက်ကတည်းက ပျောက်ဆုံးသွားခဲ့ရတဲ့ အခွင့်ရေး… အချိန်ရှိတိုင်း တောင့်တနေတဲ့ အခွင့်ရေးလေ… အခု ဘွဲ့ရပြီးမှ တကျော့ပြန်ကြုံတာမို့ … လက်မလွှတ်ချင်ပါဘူး .. အပြည့်ဝအနားယူပြီး အိပ်မယ် ၊ စားမယ်ပဲ တွေးခဲ့တာပါ …. ။ ကျွန်မက အိပ်လို့ စားလို့ ကောင်းတုန်း … သူငယ်ချင်းတွေကတော့ ဘွဲ့လွန်တွေ ဆက်တက်ကြတယ်ပေါ့ … ။

သူတို့က အဆင့်ဆင့်တက်ရင်း…. ကျွန်မကတော့ အိပ်လိုက်စားလိုက်နေရင်းပေါ့ … ။ ဒါကို မျက်စိနောက်တဲ့ လူကြီးတွေက ဦးလေး အဆက်သွယ်နဲ့ အလုပ်အတင်း သွင်းပေးခဲ့တယ် …. တကယ့်ငရဲလိုပါပဲ… တနေ့လုံး မျက်လုံးကြီး ပြူးပြီး ကွန်ပျူတာကြီးကို ကြည့်ကြည့်နေရတာ … တစ်ခါတစ်လေ အော်သာ ငိုလိုက်ချင်ပါရဲ့ … ။ ကလေး ဘဝတုန်းကလို ရုံးလိုက်ပို့မယ့်လူလည်း မရှိ …. ၊ ပုဆိုးစ ၊ ထမိန်စ ဆွဲလို့ လည်း မရတော့တဲ့ အရွယ်မို့ …. အတော် စိတ်လိုချင်တဲ့ဘဝမျိုးမဟုတ်တော့… ပြသနာ တစ်ခုခုလုပ်ပြီး အလုပ်မသွားရအောင်ပဲ အမြဲတွေးနေခဲ့တာပါ … ။

အဲ့ဒီအလုပ်မှာ ငါးနှစ်ကျော် ကြာသွားတဲ့ အချိန် ကျွန်မလည်း လုပ်ငန်းသဘော နားလည်နေပြီး အလုပ်ကို တန်ဖိုးထား၊ မြတ်နိုးမိသွားတဲ့ အချိန်ပေါ့ … ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ … ဈေးဝယ်ထွက်တဲ့တစ်နေ့ …. ကျောင်းတက်တုန်းက သူငယ်ချင်းတွေနဲ့ ပြန်တွေ့တယ် … ။

မတွေ့မိလျှင်တော့ အကောင်းသား တွေ့လိုက်တော့မှ တကယ့်ကို ဂွတီးဂွကျဖြစ်သွားရတော့တယ် … ။ ကျွန်မက အလုပ်ခွင်ဝင်လို့ လုပ်သက် ငါးနှစ်ကျော်နေချိန်မှာ သူတို့ကလည်း ကျောင်းဆက်တက်လို့ …. အဆင့်ဆင့်တက်ရာက နောက်ဆုံး Ph.D အတွက် စာတမ်း ပြုစုနေပါသတဲ့တဲ့လေ… ။ မတွေ့ရတာ ကြာလို့လား … အဆက်သွယ်မလုပ်ဖြစ်တာ ကြာလို့လား မသိဘူး ….. ယခင်က သူငယ်ချင်းတွေ ကြားမှာ မတွေ့ဖူးတဲ့ ဘဝင်မြင့်မှုမျိုးတွေ … တစ်ခါတစ်လေ တွေ့မိတယ် … ။ ဆယ်တန်း အမှတ်မမှီလို့ ဆရာဝန် မဖြစ်ခဲ့ရတဲ့ က ျွန်မသူငယ်ချင်းတွေ … အခုတော့ နာမည်ရှေ ့ ဒေါက်တာ တပ်ရတော့မဲ့ အချိန် ဘဝင်လေးနည်းနည်း လေဟပ်တယ်ထင်ပါရဲ့ … ။ ကျွန်မကတော့ ဖွပ်ကျားမို့လို့ …. အဆင့်မတူတော့ဘူး ထင်ပါရဲ့ … ။ ဘယ်သူက ဘယ်လို စာ ကြိုးစားခဲ့တာ … ပိုက်ဆံ ဘယ်လောက်သွင်းပြီး ကျူတာလုပ်ရမဲ့ နေရာ ရွေးခဲ့တာ စသည်ဖြင့် ကုန်ထားသမျှကို ကြွားလုံးထုတ်တာပေါ့ … ။ ကျွန်မလည်း … အနေဝေးသွားလို့ စိတ်ဝေးသွားတဲ့ သူငယ်ချင်းတွေရဲ့ တော်ကီထဲ ဘာမှ ဝင်မပြောပဲ နားထောင်သူအဖြစ်နေလိုက်ပါတယ် …. ။ ဝမ်းသာပါတယ် …သူတို့တွေ အဆင်ပြေပြီး ကျောင်းဆက်တတ်နိုင်ကြတာ … ။ အရင်က ဝါးလုံးကွဲ ရယ်တတ်တဲ့ သူငယ်ချင်းက ဘေးပတ်ဝန်းကျင်မှာ လူမရှိတာတောင် မခို့တရို့လေး ရယ်တတ်နေပြီ … စိတ်ဝင်စားလို့ မေးကြည့်တော့ … င့ါသိက္ခာနဲ့ …နေရမှာမို့လို့ … လေ့ကျင့်ယူထားတာပါတဲ့လေ … ရယ်ချင်ပါရဲ့ … သူ့ ဘဝက စိတ်ဖိစီးမှူတွေ ၊ချုပ်တီးမှူတွေ များလိုက်တာ … ။

သူတို့ကသာ သူတို့ဘဝကို ဂုဏ်ယူမဆုံးဖြစ်နေကြတုန်း … ရထားတဲ့ ပညာနဲ့ ပိုက်ဆံ ဘယ်လောက် ရှာနိုင်ခဲ့လည်း ဆိုတာ မတွေးမိကြဘူးထင်ပါရဲ့ … မိမိရဲ့ ပညာသင်စရိတ်အတွက်…. ယခု အချိန်ထိ မိဘ ဆီ လက်ဖြန့် တောင်းနေရတဲ့ အဖြစ် အားနာရကောင်းမှန်း မသိသေးဘူး …. ။ Ph.D ရပြီးလျှင်တောင် ဒီမှာ ကျူတာ ပြန်ဝင်လုပ်ပေးရဦးမှာပါ … အဲ့ဒီအချိန် ရမဲ့ လခက … ကျောင်းတတ်တုန်း သုံးထားခဲ့ရတဲ့ တစ်လစာ အသုံးစရိတ်တောင် ကာဗာဖြစ်ရဲ့လား တွေးရမှာပါ … ။ မေးချင်ပါရဲ့ … ပညာတွေ သင်ထားတာ ဘာလုပ်ဖို့လဲဆိုတာမျိုးပါ … ဂုဏ်ဒြပ်တွေ မက်လို့ …. ဘွဲ့တွေ ထပ်ယူတယ် …  ပိုက်ဆံရှာရလွယ်အောင် ပညာတွေ တိုးသင်တယ်… ဒါပေမဲ့…လက်တွေ့ ဘယ်လောက်ပြန်ရှာနိုင်ပြီး ၊ ရင်းနှီးခဲ့ရတဲ့ငွေတွေ  ဘယ်တော့မှ အရင်းပြန်ကြေမှာလဲ၊ မျှော်လင့်ထားတဲ့ လစာရတဲ့ အလုပ် ဘယ်တော့မှ ရမှာလဲ .. လို့သာ မေးလိုက်ချင်ပါရဲ့ … ။ ကျွန်မစိတ်ကူးထဲမှာတော့ အကြိမ်ကြိမ် မေးခွန်းထုတ်နေမိပေမဲ့ … အပြင်မှာတော့ … နားထောင်ရုံ သက်သက်ပဲ နှုတ်ဆိတ်နေလိုက်ပါတော့တယ် … ။ တစ်ခါတစ်လေ နှုတ်စောင့်စည်းပြီး … ရေလိုက်ငါးလိုက် နေတတ်လျှင် ပဲ …. အတော်နေရထိုင်ရတာ ကောင်းပါတယ် … ။ သူတို့ အတွေးနဲ့သူတို့ပဲ ပျော်ကြပါစေတော့လေ ။ ။

13 comments

  • pooch

    July 23, 2011 at 5:11 pm

    အနော့်အဒေါ်က အခု physic နဲ့ phD တက်နေတာ ပါ ၂ ရောက်နေပြီ ပိုက်ဆံကတော့ ဘာကုန်သလဲမမေးနဲ့ အသက်က ၃၆ ထဲရောက်နေပြီ ကျုတာတော့ မလုပ်ဖူး B.Sc ဘွဲ့ရပြီးတော့ ဂိုက်လုပ်လို့ရတဲ့ ပိုက်ဆံနဲ့ ကျောင်းဆက်တက်တယ်
    ၁ဝတန်းက ဝိုင်းတွေ မှာ လိုက်သင်တယ် စာအသင်ကောင်းတော့ နာမည်တော့ ရလာတာပေါ့ အခုဆို ၁ လကို သူ့ဝင်ငွေက ၅ သိန်းကျော်ပြီ ( physic တမျိုးထဲကို ဂိုက်လုပ်တာ တလ ကျောင်းသားတယောက်ကို ၄၀၀၀၀၊ ဝိုင်းမှာသွားသင်တာက သပ်သပ်ရသေးတယ် )သူ့မိဘက ဝန်ထမ်းတွေ မရှိတဲ့ ကြားက ထားပေးတာ အခုတော့ ကုန်ရကျိုးနပ်တာပေါ့ သူတို့အမြင်မှာတော့ ပညာနဲ့ အသက်မွေးတာက စင်ကြယ်တယ် အကုသိုလ်ကင်းတယ် တသက်လုံး မကြောင့်ကြရဘူး အဒေါ်ကလည်း ဝါသနာပါတော့ ကောင်းတာပေါ့ သူ့မှာ ဘာရာထူး ဘာအာဏာမှမရှိပါဘူး သူဝါသနာပါတဲ့ အလုပ်ကို နားအေးပါးအေး လုပ်ပြီး အခုမိဘကို ပြန်ကြည့်နိုင်ပါပြီ
    တချို့ကြတော့ လည်း ဂုဏ်ကြောင့် PhD ကိုဆက်တက်ကြတယ် ဝါသနာမပါဘူး အဲဒီလိုလူမျိုးတွေ ရဲ့ အတွေးကတော့ တုန်တုန်ပြောသလိုဖြစ်နိုင်ပါတယ်

  • Ph.D ရဖို့တကယ်မလွယ်ပါဘူး။ စိတ်ဆင်းရဲကိုယ်ဆင်းရဲမှုတွေ ကိုယ်ပိုင်ဘဝပျော်ရွှင်မှုတွေနဲ့ လဲယူထားရတဲ့လူတွေ ချည်းပါပဲ။ ပြီးတော့ စာသင်တာကို ငွေနဲ့နှိုင်းပြတာ ကျွန်တော့်အတွက် နည်းနည်းမှားနေသလိုပဲ။ အရင်းကျေဖို့ စာသင်တာမဟုတ်ပါဘူး။ လူတွေမှာ ဘာလေးပဲဖြစ်ဖြစ်လှမ်းတွယ်ကြ ရတယ်။ ဆက်မပြောတတ်တော့ဘူး။ နားလည်မှာပါ။

  • kai

    July 24, 2011 at 7:17 am

    ပညာတွေသင်နေတာဟာ.. ထိုက်သင့်တဲ့ကြေးပြန်ရဖို့…ဆိုတဲ့အတွေးကတော့.. မှန်ကန်တယ်..မထင်မိဘူး.။
    အမေရိကန်မိတ်ဆွေတချို့.. စာတွေသင်..ပညာတွေတတ်ပြီးရင်..အာဖရိကတိုက်ရွာတွေမှာ.. ဘဝတခုလုံးမြုတ်နှံ .. ဒေသခံ..နယ်ခံလူတွေအတွက်လုပ်ပေးကြတာရှိတယ်..။ ဘာသာရေးမှိုင်းတွေမပါဘူး.။

    ယူအက်စ်မွေးတဲ့.. မြန်မာတချို့တောင် အဲဒီလို လုပ်ကြတာ ရှိတယ်… ကြားနေရပြီ..။
    ဆိုတော့…
    ..

  • ကြောင်ကြီး

    July 24, 2011 at 9:20 am

    ကြောင်ကြီးလည်း ဒေါက်တာပါပဲ။ ကက်တိုလိုဂျီနဲ့ပြီးတာ…။ 🙂
    (Dr. U Kyaung Gyi (Ph.D in Catology.; Catlumbia University)

  • pan pan

    July 25, 2011 at 8:39 am

    Ph.D ဆက်တက်မယ်ဆိုရင် ဆိုင်ရာကျောင်းမှာ ဆရာလုပ်မှရမယ်လို့ ကြားဖူးပါတယ်
    သူတို့ဆိုလိုတာက ကျူတာဆရာ၊ ဆရာမမှ Ph.D သင်တန်းပေးတက်မှာပါ
    တခြားလူ (အပြင်မှာပဲ အလုပ်လုပ်မယ့်လူ) မာစတာတန်းပြီးလို့ Ph.D ဝင်ခွင့်ဖြေပြီး တက်ခွင့်မရှိပါဘူးတဲ့
    ကျောင်းက ဆရာ၊ဆရာမပဲ Ph.D တက်ရမှာပါတဲ့

    • pooch

      July 25, 2011 at 12:12 pm

      ပန်ပန်ပြောတာ ဟုတ်ပါတယ် ဒါပေမဲ့ အခုနောက်ပိုင်း တချို့နှစ်တွေမှာ ဝင်ဖြေတဲ့ ဆရာ ဆရာမတွေသတ်မှတ်ဉီးရေမပြည့်ဘူးဆိုရင် အပြင်လူတွေ ဝင်ခွင့်အောင် ပြီး သတ်မှတ် အရည်အချင်းပြည့်ရင် တက်ခွင့်ပေးနေ ပါပြီ အရင်ကဆိုရင်တော့ လုံးဝတက်ခွင့်မရှိပါဘူး သိသလောက်တော့ အာဆီအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးနောက်ပိုင်းမှလိုုုုုုုုုုုုု့ပြော ပါတယ်

  • နွယ်ပင်

    July 25, 2011 at 9:19 am

    နွယ်ပင်လဲ ငယ်ငယ်တုန်းက ကျောင်းတက်ရမှာကို အရမ်းကြောက်ခဲ့တာပေါ့
    မူကြိုတက်တုန်းကတော့ နေ့တိုင်းငိုနေဂျီကျနေလို့ အိမ်က အဖေတို့က နေ့တိုင်းမွေးနေ့လုပ်ပေးမယ်
    ဆိုပြီး မူကြိုကို သကြားလုံ (2) ထုပ်နဲ့ အမြဲမို့ပေးခဲ့တာကို သတိရမိတယ် ။

  • စုံ စုံ

    July 25, 2011 at 12:20 pm

    သူငယ်ချင်းအမကြီးတယောက်ရှိတယ်
    သူကအခု chemistry နဲ့ Ph.D ယူတော့မယ်
    အသက်ကတော့၃၅ကျော်ပြီပေါ့လေ
    လောလောဆယ်ဆေးကျောင်းမှာကျူတာလုပ်နေတယ်
    ပြောချင်တာကပညာမာန်မာနအရမ်းကြီးတယ်
    ကိုယ်မသိတာတခုခုသူ့ဆီမှာမေးကြည့်ရင်သူပြောနေကျတခွန်းဘဲရှိတယ်
    သိချင်ရင်ကိုယ့်ဘာသာလေ့လာတဲ့
    သူ့ကျောင်းမှာလဲကလေးတွေကသူ့ဆီစာမေးရင်ဒီလိုဘဲဖြေတာများတယ်တဲ့
    ဘာလို့အဲ့လိုဖြေတာလဲပါးစပ်နဲ့ပြောလိုက်ရင်ပီးနေတာဘဲလို့ပြောတော့
    ငါတို့တုန်းကကိုယ့်ဘာသာလေ့လာထားရတာ
    ကိုယ်ပင်ပင်ပန်းပန်းနဲ့လေ့လာထားတာတွေကိုအဲ့လိုအလွယ်တကူ
    ပြောပြလိုက်ရင်မတန်ဘူးတဲ့
    ဒါကတော့ကျမသူငယ်ချင်းPh.Dတယောက်ရဲ့အကျင့်ပေါ့လေ

  • weiwei

    July 26, 2011 at 10:03 am

    Phd တိုင်း အာပလာတော့မဟုတ်ပါဘူး …
    နိုင်ငံခြာမှာ သွားယူကြည့်ရင် ပိုသိပါလိမ့်မယ် …
    ဂုဏ်တစ်ခုအတွက် အရင်းအနှီးတွေ အများကြီးပေးခဲ့ရတဲ့အတွက် လူကြီးဆန်သွားတာကို ဘေးလူတွေအမြင်မှာ မာနကြီးသွားတယ်လို့ ထင်မိတာဖြစ်ပါလိမ့်မယ် …
    မနေ့ကပဲ နိုင်ငံခြားကနေ phd ဘွဲ့ရတဲ့သူငယ်ချင်းနှစ်ယောက်ကို လေဆိပ်သွားကြိုရတော့ သူတို့ ၂ ယောက်ရဲ့ ဒုက္ခတွေကို နားထောင်လိုက်ရတာ ဘယ်တော့မှ ကျောင်းမဆက်တက်ချင်လောက်အောင် ဖြစ်သွားမိသေးတယ် …

    • etone

      July 26, 2011 at 11:00 am

      အာ… မဝေနည်းနည်းလေး လွဲနေတယ် … ။
      Ph.D ကို အာပလာလို့ ပြောတာမဟုတ်ဘူး … ။ Ph.D တက်နေတဲ့ လူတွေကြားမှာ ကိုယ်က အာပလာဖြစ်နေတာကို ပြောတာ 😛

  • kosharshi

    July 26, 2011 at 2:07 pm

    ပညာသင်တယ်ဆိုတာ..
    ၁။မိမိဘဝရပ်တည်ရေး
    ၂။မိမိ မိသားစု
    ၃။မိမိ နိုင်ငံ၊လူမျိုး
    ၄။လောကကြီးကောင်းကျိုး အတွက် တတ်စွမ်းသမျှ အကျိုးပြုဘို့ပါဗျာ..
    လူသားကောင်းကျိုးအတွက် တတ်နိုင်သမျှ ဖြည့်စွမ်းရန် လို့ထင်မိပါကြောင်း……

    မှတ်ချက်။ Phd သည် ပညာဟုအများသတ်မှတ်သော်လည်း ပညာသည် Phd မဟုတ်ပါ

  • နီလေး

    July 26, 2011 at 2:57 pm

    ဘကြီးပုဘယ်ရောက်နေလဲ မမန့်သေးပါလား မအိတုံပြောသလိုပါပဲ သူငယ်ချင်းတွေကြားထဲမှာတော့ ကိုယ်ကအာပလာပါပဲ ဘဝတူနဲ့တွေ့ပြီ

  • maungmoenyo

    July 28, 2011 at 8:06 am

    ကြုံလို့ပြောပြရအုံးမယ်…။ မြန်မာနိုင်ငံမှာလည်း ဌာနဆိုင်ရာတွေ ကညွှန်မှူး ၊ကျောင်းအုပ်တွေ ဆိုရင် PhD သင်တန်းမတက်မနေရတက်ခိုင်းပါတယ်။ ဆိုလိုတာက ရုပ်ပြကောင်းရေးအတွက်ပါ။ ရာထူးတိုးရေးအတွက်ဆိုရင်လဲ မှန်ပါတယ်။ အဲ့ဒီအထဲ တတ် နိုင်ကြသူတွေ က တပည့်တပန်းများကို စာတမ်းရေးခိုင်းပြီး ရကြသူတွေ များပါတယ်။ ဒီနည်းနဲ့ ရတဲ့ အထဲ မှာ ပြည်တွင်းက PhD တွေကို ကျော်လွှားပြီး ဇေကမ္ဘာ တယောက်ကတေ့ ခတ်တည်တည်နဲ့အ မေရိကားကနေ တောင် PhD ရလို့ ဒေါက်တာခင်ရွှေ ဆိုပြီး ကြွစောင်းကြွေစောင်းဖြစ်နေတာသာကြည့်…။

Leave a Reply