ပေါင်ချောင်ကောင်းလေးတော့ လေးပေါ့(၂)

မွေးနေ့ဆိုတာကို မေ့နေတာဗျ။နေပါဦး ဘယ်နေ့ပါလိမ့်။ဟုတ်ပြီဗျာ။ ဇွန်လ ဗျ ။ရက်ကတော့မေ့နေတယ်။ ဪ ခင်ဗျားနှယ်ခုမှလာမေးရလား ။ စောစောမေးရင် မွေးနေ့လက်ဆောင်လေးပေးလို့ရဦးမယ်။ စိတ်ဆိုးနေဦးမယ်။ဟုတ်လား။မဆိုးလောက်ပါဘူး။ အဲ ဆိုးချင်လည်းဆိုးနေနိုင်တာပေါ့။ သူကလည်း တကယ့်အရေးကြီးတဲ့ ချစ်သူရဲ့မွေးနေ့ကိုမှ မေ့နေမိတာကို။သေချာသွားအောင်။ ဖုန်းဆက်မေးကြည့်ဦးမှပါဗျာ။ ဘယ်လို။စိတ်ဆိုးဖူးလား။ဟုတ်လား။ဆိုးဖူးတာပေါ့။နေဦး။ ဘယ်ထသွားမလို့လဲပြောပြဦးမယ်။ တစ်ခါဆိုတစ်ခါဗျာ။ ရယ်လည်းရယ်ချင်မိတယ်။ ဪစကားမစပ်မေးရဦးမယ်။ ရယ်ချင်လို့ရယ်တာ….ရယ်စရာတွေ့လို့ရယ်တာ အပြစ်ရှိလား။ ခင်ဗျားဖြေနော်။ ဘာ အပြစ်မရှိဘူးဟုတ်လား။ မှတ်တယ်။ သူလည်း ထင်နေတာ။ ပြောပြမှာပေါ့။ တစ်ခါက ဒီလိုဗျ…။

တစ်ခါက ကောင်မလေးကို ချစ်သူ့လက်ဆောင် ဆိုတဲ့ အအေးဆိုင်ကလေးကိုချိန်းလိုက်တယ်။ အဲဒီနေ့က အဖြေပေးမယ်ဆိုလို့ တစ်နေရာကိုချိန်းလိုက်တာ။ လာတယ်ကောင်မလေးက။အဲ တစ်ယောက်တည်းပေါ့ဗျ.။ ဆိုင်ထဲရောက်တော့ အအေးတစ်ပုလင်းကိုမှာပြီး ကောင်မလေးအတွက်တော့ ဖွာလူဒါသီးဖျော်ရည်မှာပေးလိုက်တယ်။ အဲဒါကောင်းကောင်းလေးမှာပေးတာလေ။ သူတောင် ပုလင်းပဲသောက်တာ။ ကောင်မလေးက ရှက်နေတာဗျ။ ခေါင်းလေးကို ငုံ့လို့။ ပြောရဦးမယ်။ကောင်မလေးရဲ့ ဖွာလူဒါခွက်ထဲက ဇွန်းကလေးက ဒုက္ခပေးတာ။ အဲဒီဇွန်းကြောင့်ပေါ့ဗျာ။ပြဿနာတက်တာ။ ဘယ်လို ပြဿနာ တက်လဲ သိချင်တာလား။ပြောမယ်လေဗျာ။ကောင်မလေးကရှက်ရှက်နဲ့ ခေါင်းငုံ့ပြီး ဖျော်ရည်ခွက်ကိုမမြင်တော့ဘူးထင်ပါရဲ့ဗျာ။ ဖဇွန်းကြီးကို ပိုက်ထင်လို့ထင်ပါရဲ့ ကောက်စုပ်နေရော။ ဘယ် ပါမလဲဗျ။ ဇွန်းပါဆို။ ဇွန်းကလည်း ပိုက်လိုလိုအထင်မှားစရာလေ။ ကောင်မလေးက မသိဘူး။ ဘယ်နေမလဲဗျ။ အော်ရယ်တာပေါ့။တစ်ဆိုင်လုံးကလှည့်ကြည့်မှ ကောင်မလေးက သိတယ်။ ရှက်ရှက်နဲ့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရင်း…

“ဘာရယ်တာလဲ ရယ်စရာလား တော်ပြီ ရှင့်ကိုမချစ်တော့ဘူး မုန်းတယ် “လို့ပြောပြီး တစ်ချိုးတည်းလစ်ပြေးတာ မှုန်နေတာပဲဗျာ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင်မသိတော့ဘူး။ ကြောင်တောင်တောင်နဲ့ စားပွဲထိုးခေါ် ငွေရှင်းပြီးလိုက်တာပေါ့ဗျ။ မှီလား။ မမှီဘူးဗျ။ နောက်နေ့လည်းကောင်မလေးအိမ်ရှေ့ကို စောစောသွား ထိုင်စောင့်နဲ့ အချိန်တွေဗျာကုန်လိုက်တာ။ ဒါကြောင့်ပြောတာ။မိန်းမတွေက ကမ္ဘာပေါ်မှာ အခွင့်ထူးခံတွေလို့။ ဟားဟား ခင်ဗျားလည်း အဲလို ထင်တယ်ဟုတ်လား။ ဘယ်လို ခင်ဗျားမိန်းမလည်း အခွင့်အရေး ယူလွန်းတယ်။အဲဒါဗျ။ ဒါကိုပဲ ခင်ဗျားတို့ ကျနော်တို့ ယောကျာ်းတွေက ချစ်စရာလေးဆိုတဲ့အမြင်ကနေ သွေဖီမသွားနိုင်ပဲ  ကပ်နေကြတာမဟုတ်လား။ ခု သူ့ကိုကြည့်လေ။ မိန်းမတစ်ယောက်အတွက် လာလိုက်ရတဲ့ခရီး…။ ကုန်လိုက်တဲ့ ပိုက်ဆံ။ဒါဆိုတာလည်း လုပ်သမျှစီးပွားရေးတွေထက် အမြတ်မမျှော်ကိုးပဲ ရင်းနှီးမြုပ်နှံမှု လုပ်ကိုလုပ်ရမယ့် မိန်းမယူရေး စီမံကိန်းကြီးမလား။

ဘာ..။ခင်ဗျားက မိန်းမယူတာ ပိုက်ဆံမကုန်ခဲ့ဘူး။ဟုတ်စ။ လုပ်စမ်းပါဦးဗျာ။ ပေါချောင်ကောင်းလေးနဲ့ မိန်းမရမယ့်နည်း။ ဘယ်လို..။ ခိုးပြေးလိုက်။ပြီးရင် ပြန်အပ်ချင်အပ်မအပ်ချင်နေ..။ ကိုယ့်ဘက်က ဘာမှမလုပ်ပေးနိုင်ဘူးလို့ မှင်မောင်းကောင်းကောင်းနဲ့ဖြီး။ ခင်ဗျားဟာဗျာ..။ဟုတ်သေးပါဘူး။အဲဒီနည်းနဲ့  အိမ်ထောင်ရေးမြဲနေတာ..။ဟုတ်လို့လားဗျာ။ ခင်ဗျားပြောလို့တာနော်။ ဘယ်ရမလဲ။ကောင်မလေးက ဆရာမဆိုတော့ကာ တူတူတန်တန်လေးတော့ ဖြစ်အောင် လုပ်ပေးဦးမှပေါ့။အနည်းဆုံးတော့ မင်္ဂလာဦး ဆွမ်းတော့ကျွေးမှရမှာဗျ။

နယ်မှာလား။ကုန်တာပေါ့။ခင်ဗျားတို့ရန်ကုန်က မင်္ဂလာဆောင်တွေလို့ ရေခဲမုန့်ဆိုတာကို ဟန်ကြီးတစ်ခွဲသားနဲ့ စားရသောက်ရမယ့်မင်္ဂလာဆောင်မျိုးမှမဟုတ်တာ။ ဝက်သားဆိုတာလည်း အိုးလိုက်။ ဆီပြန်။ ကြက်ကျွေးမလား။ ငါးပေါင်းကျွေးမလား။ ကျွေးရတာဗျ။ ဘာတုန်း။ ဟုတ်တယ် ။ မင်္ဂလာဆောင်ရင် ထမင်းကျွေးရတယ်ဗျ။ မကျွေးနိုင်ရင်တောင် မလေးရှားခေါက်ဆွဲလေးနဲ့မှဗျ။ ချမ်းသာလွန်းရင်တော့ ဒံပေါက်ကို ကြက်ပေါင်ကြီးကြီးနဲ့ကျွေးပေါ့ဗျာ။ အဲလိုဆိုတော့ ကုန်တာပေါ့ဗျာ။ မင်္ဂလာဆောင်မှမဟုတ်ဘူး ကိုယ့်လူရဲ့။ အသုဘ ဆိုရင်တောင် ထမင်းကကျွေးလိုက်သေးတာ။

ဘာ ရန်ကုန်မှာတော်တော်များများက။ မုန့်ဟင်းခါး။ဟုတ်လား။အဲဒါက နယ်မှာဆိုရင် တော်တော်လေးကို မတတ်နိုင်မှ ကျွေးတာ။ ရှိပါစေဗျာ။ ခုကြည့်ဦး မင်္ဂလာဆောင်တဲ့ထိကို သူကတွေးနေတာ။ တွေ့ရဖို့အရေး အကောင်အထည်ကမပေါ်သေးဘူး။ ကောင်မလေးကချောလား။ ချောဖို့လိုလို့ဗျ။ ခင်ဗျားမိန်းမကချောတယ်။

ချောတယ်မချောဘူးဆိုတာထက် ကိုယ်က ချစ်ဖို့လိုတာမဟုတ်လားဗျ။ ချစ်လို့ ချောလာတာလား။ ချောလို့ ချစ်လာတာလား မေးစမ်းပါရစေဦး။ ခင်ဗျားပြောသလိုကတော့ အခြေခံအနေနဲ့ ယောကျာ်းလေးတော်တော်များများ စဉ်းစားကြပါလိမ့်မယ်။ ကောင်မလေးကိုလား ချစ်ပြီးမှ ချောလာတာဗျ။ မချစ်ခင်ကတော့ မချောဘူး။ သာမာန် ရွက်ကြမ်းရေကျိုလိုပဲ။ကြားရင်လား စိတ်ဆိုးမှာပေါဗျာ။ ဟိုသီချင်းတောင်ရှိသေး။ ဘာတဲ့ မလှဘူးဆိုရင် ငိုချင်တယ်။ဟုတ်တယ်မလား။

ကောင်မလေးက မချောဘူးဗျ။ ဒါပေမယ့် မျက်စိထဲမှာတော့ တော်တော်လေးကို ချောနေတာနော်။ မပိုပါဘူး။ အမှန်အတိုင်းနော်။ တစ်ချို့ကတော့ ချောမှလှမှကြိုက်တာကို။ ဟာ ဟေ့လူ  ဟေ့လူ ချစ်တာနဲ့ တဏှာကိစ္စမဆိုင်ဘူးလေ။ တစ်ခြားစီပေါ့။ ချစ်မှုရေးရာမှာ မပါဘူးတော့မဟုတ်ဘူးပေါ့။ ဒါက နောက်ပိုင်းမှပါ။ အစောပိုင်းကနဦးကိုပဲ ခင်ဗျား စဉ်းစားကြည့်လေ ချစ်ဖို့ပဲ သိတာမလား။ ချစ်ပြီးမှ ဘဝတစ်ခုကိုတည်ထောင်။ပြီးမှ Generation ဆိုတာကြီးကို တဏှာနဲ့ စဉ်းစားချင် စဉ်းစားပေါ့။ ခင်ဗျားဗျာ ဘယ်လို စဉ်းစားပြီး အိမ်ထောင်ပြုခဲ့ပါလိမ့်။

ဟာ ခင်ဗျားပြောတာ ဟုတ်တယ်ဗျို့။ မိန်းကလေးတော်တော်များများက ရည်းစားဘဝမှာတင် ချုပ်ချယ်ချင်ကြတယ်ဆိုတာ။။ ကောင်မလေးလား။ပြောတယ်။ အရက်သောက်တာ ဘီယာသောက်တာမကြိုက်ဘူးတဲ့။ ကျနော်လား အရက်သောက်တတ်တာပေါ့ဗျ ။ ဘီယာဆိုရင်လား လွှတ်ကိုကြိုက်တာ။ ကွမ်းလား တစ်ခါတစ်လေပါဗျာ..။ ဘာ ဆေးလိပ်…….ဖွာတာပေါ့။ ဟ…..လွတ်တာပေါ့ဗျာ..။ အဲဒီအပျော်အပါးတော့ဝေးဝေးကရှောင်တယ်…။ ပြောတာပေါ့ဗျ။ ဆေးလိပ်မသောက်နဲ့နော် မကြိုက်ဘူး…..ဆိုတာက အရင်လာတာ။. ဟုတ်တယ် ဟုတ်တယ်။မ ိန်းကလေးတွေများ လိုချင်တာရဖို့ဆိုရင် လေချိုလေးသွေးတတ်သလားမမေးနဲ့။ အစကတော့ ဆေးလိပ်ပေါ့။

နောက်တော့လား

“ကွမ်းမဝါးပါနဲ့လား မောင်ရယ် ဒီက ဆရာမလုပ်နေတာနော် တော်ကြာ သူများပြောစရာဖြစ်မယ် ကြည့်ဦး သွားတွေက တောင်ယာလုပ်တဲ့ ပအိုဝ့်မ ခြေသည်းတွေကျနေတာပဲ နီရဲလို့ ရွံ့စရာကြီး ပေး ကွမ်းထုပ် ဒီနေ့ နှစ်ရာဖိုးပဲ စားနော်”ဆိုတဲ့ အချိုတပ်စကားနဲ့ ဒီကကောင်ကပျော့သွားရော။ နောက်နေ့လား တစ်ရာ့ငါးဆယ်…၊နောက် တစ်ရာ၊ ငါးဆယ်ကနေ ကွမ်းမစားရတော့ဘူး။ ဘယ်နေမလဲ။ကောင်မလေးရှေ့တာမစားတာ။နောက်ကွယ်မှာတော့ ငါးရာဖိုးလဲဟုတ်တယ်။ တစ်ထောင်ဖိုးလဲဟုတ်တယ်။

ဘီယာနဲ့အရက်ကတော့ ခါးခါးတူးတူး ချဉ်ချဉ်မူးမူးကို ဖြစ်တာ။ဟုတ်တယ်။ မိန်းမတွေတော်တော်များများက အရက်ဆိုရင်  အနားမကပ်နဲ့ ပါးကျိုးသွားမယ်ဆိုတာချည်းပဲ။ ဟုတ်တယ်ဗျို့ ကျနော်တို့ယောကျာ်းတွေကတော့ အရက်ဆိုရင် မိန်းမနဲ့တောင်လဲသောက်တဲ့ရာဇဝင်တွေရှိခဲ့တာနော်။ ဘယ်လို ခင်ဗျားလည်း သောက်တတ်တယ်လား။ ညနေ ဝိုင်းရှိတယ်။ ဘယ်အချိန်လဲဗျ။ မှီရင်လာခဲ့မယ်လေ။ ခင်ဗျားဗျာ အရက်ဆိုတဲ့အသံကြားတာနဲ့ လေချဉ်တတ်ရတယ်လို့။

အရက်သောက်တာကြားလို့ကတော့ နာဋာဂီရိဆင်ကိုပဲ ချော့ရင်ချော့လို့ရမယ်နော်။ မိန်းမတော့ သွားမချော့နဲ့….မှုန်ယိုနေတဲ့ ဆင်ထက်ဆိုးတယ်။ ကြောက်ရလား။ ကြောက်ရတယ်လို့တော့ဘယ်ဟုတ်မလဲ။ ချစ်တာကိုး။ ရည်းစားဘဝကတည်းက အလျှော့ပေးရင် နိုင်တတ်တယ်။ ဒါပေမယ့် အဲဒီနိုင်တာလေးကိုပဲ မဖုရားတစ်ပါးသဖွယ် ခင်ဗျားတို့ကျနော် ကိုးကွယ်နေကြတာတော့မမေ့နဲ့ပေါ့။ ဟုတ်တယ်ဗျ။ အဲဒီ မုန်းတယ်၊ သွားတို့….စိတ်ဆိုးတယ်တို့ဆိုတာ အမှန်တော့ ယောကျာ်းတွေအတွက်တော့ သာယာမှုဗျနော့။

အဲဒီ သာယာမှုက တမင်တကာလုပ်ယူလို့မရဘူး။ အဲဒါကြောင့် အရက်ကလေးသောက်လိုက်၊ကွမ်းလေးဝါးလိုက်၊ ဆေးလိပ်ကလေးဖွာလိုက်လုပ်မှ ရတာ။ဒါကြောင့် အမျိုးသမီးတို့ရေလို့ တစ်ခါတစ်ခါ လက်ခမောင်းခတ်ချင်သားဗျ။ ဟား ဟား ဟား။ခင်ဗျားကလည်းရယ်တယ်။ ရယ်   ရယ်။ကျနော်နဲ့လေထိုင်ပွားနေ ခင်ဗျား ဒီနေ့ နေ့တွက်ကိုက်ပြီလား။ဘာ မကိုက်သေးဘူး။လုပ်တော့မယ်ဗျာ။ခင်ဗျားမိန်းမကတော့ ပူညံပူညံနဲ့ ညကျရင် IC Showတော့မကြည့်ရ မကြားချင်ဘူးနော့။

ကျနော်လား ရည်းစားထားရ စိတ်မရှုပ်ပါဘူး။ အမှန်က သမီးရည်းစားဆိုတာက လိမ်ညာမှုပဲ။ပြောရရင် ပြောင်တင် ပေါ်တင် လိမ်တယ်လို့ခေါ်တယ်။ ကြည့်လေ ရည်းစားဘဝမှာတော့ ချစ်သူက ကောက်ညှင်းပေါင်းမကြိုက်တာနဲ့ ကိုယ်ကလည်းမကြိုက်တော့ဘူး။ အမှန်က ကောင်လေးက ကောက်ညှင်းပေါင်းဆို ပေါင်းအိုးလိုက်ကျိတ်မယ့်ကောင်။ ချစ်သူကောင်လေးက ဒညှင်းသီးမကြိုက်တာနဲ့ ဒညှင်းသီးဆိုရင် ဆီးအောက်လောက်အောင်စားခဲ့တဲ့ကောင်မလေးက နှာခေါင်းလေးရှုံ့ပြီး

“ဟုတ်တယ် နံလွန်းလို့ မစားဘူး ကို မကြိုက်ဘူးဟုတ်လား ဒါဆို အကြိုက်ချင်းလည်းတူသွားပြီ”ဆိုပြီးပြောတတ်တာ။အမှန်တော့ ဒညှင်းသီးပြုတ်ပူပူလေးတွေ့ရင် လူမသိ သူမသိအောင် တံတွေးတွေကိုမြိုချလို့ပေါ့။

တကယ့်တကယ်နှစ်ယောက်အတူနေရတော့ ဘယ်သူမှ ကြာရှည်ဟန်မဆောင်နိုင်ကြတော့ဘူးလေ။ဒညှင်းသီးကြိုက်တဲ့ကောင်မလေးက ငပိရည်နဲ့ ဒညှင်းသီးဆားရေစိမ်ကို အပီဆွဲတဲ့နေ့ဆိုရင် ကောင်လေးက မနေနိုင်လို့ နှောင်နှောင်ဆိုပြီး မောင်းတီးပြီ။ ကောင်လေး ကောက်ညှင်းပေါင်းဝယ်စားတဲ့နေ့ဆိုရင် ကောင်မလေးက ကောက်ညှင်းပေါင်းသည် နဲ့ ပေးစားပြောဆိုပြီ။ ဂလို..။ ဘာ။ခင်ဗျာလည်း အဲလို။တိုက်ဆိုင်တယ်ပေါ့။ ဆော်ရီးဗျာ ကျနော်ရည်ရွယ်ပြီးပြောနေတာမဟုတ်ပါဘူး။ မသိလို့။မသိလို့။

ပွင့်ပွင့်လင်းလင်းတိုင်ပင်ထားသင့်တာပေါ့။ဟုတ်တာပေါ့။ဟုတ်တာပေါ့။ မိန်းကလေးတွေကို ချစ်လို့ အလျှော့ပေးအလိုလိုက်….မိန်းကလေးတွေက ကုတ်ခွစီးတတ်တယ်။ဟုတ်လား။ယုံပါတယ်ဗျာ။ လောလောဆယ်တော့ ပေါပေါနဲ့ချောချောရထားတယ်လို့ထင်တယ်။ ဟဟာဗျာ။ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တာလေးကို ကောင်မလေးက ပြန်ဖြည့်ဆည်းပေးရင်ပြီးပြီလေ။ ဘာအဖိုးတန်မှမလိုတာ။ အဲ တစ်ချို့အတွက်တော့ ဟုတ်ချင်ဟုတ်မှာ။ လိုချင်လိုမှာပေါ့။

အဓိကက တစ်ဦးကိုတစ်ဦးချစ်ဖို့ပဲလိုတာ..။ဟုတ်တယ်မလား။ဂုဏ်လည်းမလို။ အဲ ငွေတော့လိုတယ်ဗျ။ ပေါချောင်ကောင်းလေးနဲ့ မင်္ဂလာတော့ ခုခေတ်ကြီးမှာ ဘယ်ဆောင်လို့ရမလဲ။ မသကာ ခိုးပြေးရင်တောင်အချိန်တန်ရင်ပြန်အပ်ပြီး တတ်နိုင်တာလေးနဲ့တော့ မရှိရှိတာလုပ်ပေးရသေးတာပဲဗျာ။ နော့….။စကားလည်းပြောလို့ကောင်းလိုက်တာဗျာ..။ဟာ ၄နာရီတောင်ခွဲတော့မယ်..။ခင်ဗျား နေ့တွက် မကိုက်သေးပဲနဲ့ ဘယ်လိုအိမ်ပြန်မလဲ…။

ဘာ…။နည်းရှိတယ် ဟုတ်လား။ပြောစမ်းပါဦးဗျ..။ မိန်းမက အရင်ပူညံ ပူညံမလုပ်အောင် ခင်ဗျားက မူးပြီးပြန်မှဖြစ်မယ်….ဟာဗျာ…။ မူးတာတောင် တော်တော်လေးမူးမှဖြစ်မယ်။တော်ကြာ ခဏလေးနဲ့ အမူးပြေရင် မမူးပဲ ရစ်တတ်တဲ့ အိမ်က မိန်းမကို ထိုင်ရှိခိုးရမှာဆိုးလို့ဟုတ်လား ။ ဟားဟား ဟား  ဟား ဟား။

ခင်ဗျားဗျာ တော်တော် နောက်တဲ့လူ…….။

ပြီးပါပြီ

သော်ဇင်(လွိုင်ကော်)

22th-July-2011