အမှတ်မထင်အလွဲများနဲ့ကျနော် (၁)

yaungchikhaJuly 23, 20111min647

ကျနော့်နာမည် မြသွေးညို လို့ခေါ်ပါတယ်၊ နေတာကတော့ နန်းရှေ့၊ မန္တလေးမြို့မှာပါ၊ computer Sales & Service Co., Ltd. မှာ အလုပ်လုပ်ပါတယ်၊ ရှပ်ပြာပြာနိုင်တာ၊ နမော်နမဲ့နိုင်တတ်တာတွေက ဘယ်လိုပဲ ပြုပြင်ဖို့ကြိုးစားပေမယ့် အသက်တွေသာ တဖြည်းဖြည်းကြီးလာပါတယ်… အခုထိ အဲ့ဒီအကျင့်ကို ဖျောက်လို့မရသေးတာပါပဲ၊ …………………………… ကျနော့်ရဲ့ ရှပ်ပြာပြာ၊ နမော်နမဲ့နိုင်တဲ့ အကြောင်းအရာထဲက အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်………………… တကယ်တော့ ကျနော်ပြောပြမယ့် အကြောင်းအရာက ဝမ်းနည်းစိတ်မကောင်းစရာပါ……….ဒါပေမယ့်ပေါ့လေ…………. ကျနော်နဲ့ အလုပ်တူတူလုပ်တဲ့ မောင်လေးတစ်ယောက်ပေါ့၊ အလုပ်ကိုရောက်မလာသေးလို့ သူ့အိမ်ကိုဖုန်းဆက်မေးတော့ ကားအက်ဆီးဒင့်ဖြစ်လို့ တစ်အိမ်လုံးဆေးရုံရောက်နေတယ်လို့ပြောတော့ ကျနော်တို့ ညနေပိုင်းလောက် သွားမေးကြမယ်လို့ မန်နေဂျာနဲ့ပြောထားတာ၊ ဒဏ်ရာလောက်ပဲ ရမယ်ထင်ထားတာကိုး၊ ဒါပေမယ့် နေ့လည် (၁) နာရီလောက်မှာ သူ့သူငယ်ချင်းတစ်ယောက်က ဆုံးသွားပြီဆိုတဲ့အကြောင်းလာပြောတာပေါ့၊ ကျနော်တို့ မယုံနိုင်အောင်ပါပဲ၊ သူ မဆုံးခင်ညနေပိုင်းကမှ မန်နေဂျာအစ်မနဲ့ကျနော် မန္တလေး ၂၆ လမ်းနဲ့ ၂ရ လမ်းကြား၊ ၇၉ လမ်းမှာဖွင့်ထားတဲ့ မတင့် ဖက်ထုတ်ချဉ်စပ်ဆိုင်ကို သွားစားတော့ အစ်မတို့နှစ်ယောက် ဘယ်သွားမလို့လဲဆိုပြီ ကျနော်တို့နောက်ကနေပါလာသေးတယ်၊ မင်းရောဘယ်သွားမလို့လဲ၊ အစ်မတို့နဲ့ လိုက်စားပါလားဆိုတော့ သူငယ်ချင်းတွေနဲ့ချိန်းထားလို့တဲ့၊ မလိုက်တော့ဘူးဆိုပြီး လက်ပြထွက်သွားပါတယ်၊ အခုထိမှတ်မိနေတုန်းပါပဲ၊ အဲ့ဒီနေ့က အစိမ်းနဲ့အဝါစပ်ကြား ရှပ်လက်ရှည်နဲ့ စတိုင်လ်ဘောင်ဘီ ဆင်စွယ်ရောင်ဝတ်ထားပြီး ပြိုင်ဘီးစီးပြီး လက်ပြသွားတာဟာ နောက်ဆုံးနှုတ်ဆက်သွားတယ်လို့ မထင်ခဲ့မိဘူးလေ………… အဲ့ဒါနဲ ကျနော်တို့ရုံးက ဆရာက ကျနော့်ကို ဆေးရုံသွားပြီး လိုအပ်တာလုပ်ပေးဖို့ လွှတ်လိုက်တယ်၊ ဆုံးသွားတဲ့မောင်လေးရဲ့အဖေကို အက်ဆီးဒင့်ဘယ်လိုဖြစ်လဲလို့ မေးကြည့်တော့ သူ့ သူငယ်ချင်းတစ်ယောက် အဝေးသင်စာမေးပွဲဖြေမှာကို စာအုပ်သွားပေးရင်းနဲ့ တိုက်ခံရတယ်လို့ပြောပါတယ်၊ တိုက်သွားတဲ့ကားက စစ်ကား၊ မောင်းတဲ့စစ်သားက အရက်မူးနေတာပေါ့၊ သူ့သူငယ်ချင်းမလေးနှစ်ယောက်ကိုလည်း ပွတ်ဆွဲသွားတယ်လို့ ပြောပြပါတယ်၊ ကျနော်တို့အလုပ်က မောင်လေးကတော့ ဆုံးသွားတာပေါ့၊ သူနဲ့အတူရှေ့နောက်မောင်းလာတဲ့ ကောင်မလေးသူငယ်ချင်းနှစ်ယောက်ကို ကားနောက်မှီနဲ့ယမ်းသွားလို့ ကောင်မလေးတစ်ယောက်က ခါးဆစ်ရိုးကျိုးသွားတယ်၊ နောက်တစ်ယောက်က ပေါင်ကျိုးသွားတယ် လို့ပြောပြပါတယ်၊ ကျနော်ရောက်သွားတော့ စစ်တပ်က တပ်ရင်းမှူးရော၊ တခြားတာဝန်ရှိသူတွေရောရောက်နေပြီ၊ ကျနော်လဲ သူ့အဖေကို လိုအပ်တာရှိရင်ပြောပါ အန်ကယ်လို့ သမီးတို့လည်းအခုမှ ကြားတာနဲ့ လာခဲ့တာပါလို့ပြောတော့ မလိုအပ်ပါဘူးသမီးရယ်တဲ့၊ အန်ကယ့်သားအသက်ကိုပဲ ရနိုင်ရင်ပြန်လိုချင်တယ်တဲ့၊ သားလေးတစ်ယောက်ထဲရှိတာလေ၊ သူ့အဖေဆိုတာ ပြောပြောပြီးငိုတာပေါ့၊ ကျနော်လည်း တော်တော်စိတ်မကောင်းဖြစ်ရပါတယ်၊ ကျနော်တို့ရုံးကလူလည်းနဲတယ်၊ အားလုံးက မောင်နှတွေလို ပျော်ပျော်ပါးပါးပဲ၊ ကျနော်နဲ့က service အတူတူလုပ်ကြတာဆိုတော့ တကယ့်မောင်နှမတွေလိုပါပဲ၊ သူက မျက်ရစ်မရှိတော့ ဆုံးခါးနီး တစ်ပါတ်အလိုမှာ မျက်ရစ်ဖော်လာလို့ အစ်မကြည့်ပါဦး ကျနော် မျက်ရစ်ဖော်ခဲ့ပြီတဲ့၊ မျက်မှန်ပြောင်းတာကအစ ကျနော်နဲ့လိုက်လားလို့ အမြဲမေးတယ်၊ ကျနော်တို့ကလဲ လိုက်ရင်လိုက်တယ်၊ မလိုက်ရင် မလိုက်ဘူးလို့ ဝေဖန်ပေးနေကြလေ၊ အဲ့လိုနဲ့ သူကို သဂြိုလ်မယ့်နေ့ ရောက်လာတာပေါ့၊ ကျနော်တို့ရုံးကလူတွေအားလုံး စုပေါင်းလုပ်ထားတဲ့ လွမ်းသူ့ပန်းခြင်းရယ်၊ အမိန့်စာပြန်ဖို့စာရယ်၊ ယူပြီး ရုံးကဌားထားတဲ့ကားနဲ့အတူ ကျနော်တို့ ဆရာရယ်၊ ရုံးသူရုံးသားတွေရယ် နာရေးပို့ဖို့သွားကြတာပေါ့၊ ကြာနီကန်သုသာန်ဘက် ကွေ့မယ့်နေရာလဲရောက်ရော ကားကထိုးရပ်သွားတာ၊ နှိုးလို့မရတော့ အားလုံးဝိုင်းပြီး ဆင်းတွန်းကြဖို့ ကားအောက်ကိုဆင်းတယ်ဆိုရင်ပဲ ကားကစက်ပြန်နှိုးလို့ရသွားပါတယ်၊ အဲ့ဒါနဲ့ ကုန်းအတက်လေးတစ်ခုလဲရောက်ရော ကားကလုံးဝ စက်နှိုးလို့မရတော့ဘူးလေ၊ ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ၊ ကားကလဲပြင်လို့မရဘူး၊ သဂြိုလ်တာမမှီပဲ အမိန့်စာလဲ မပြန်လိုက်ရရင်မကောင်းဘူးပေါ့ဆိုပြီး နာရေးလိုက်ပို့တဲ့ နောက်ဆုံးကားတစ်စီးကိုတားပြီး စီးသွားကြပါတယ်၊ သုသာန်လဲရောက်ရော မီးသဂြိုလ်စက်ထဲ ထည့်တော့မယ်၊ အလောင်းကိုတွေ့တယ်ဆိုရင်ပဲ၊ ကျနော်က အလောတကြီးနဲ့ ဆရာ…………ဟိုမှာသဂြိုလ်စက်ထဲထည့်တော့မယ် မြန်မြန်ဆင်းဆိုပြီး ကျနော် ဆရာကို ကားပေါ်ကအတင်းဆင်းခိုင်းတော့ …… ကျနော့် ဆရာကလဲ ကားပေါ်ကမြန်မြန်ပြေးဆင်း၊ ပုဆိုးမပြီး သဂြိုလ်မယ့်နေရာကို ပြေးတာပေါ့၊ ဆရာ………ပြေး…….ပြေး……..ပြေး….ဆိုပြီး ကျနော်လည်း နောက်ကနေ အတင်းအော် ပြောပြီး ရုံးကလူတွေနဲ့ အတူလိုက်တာပေါ့၊ ဆရာလည်း ငိုနေတဲ့ လူအုပ်တွေကိုတွန်းဖယ်ပြီး အလောင်းရှေ့ကိုပြေးတာပေါ့၊ ကျနော်တို့ရုံးကလူတွေလည်း ဆရာ့နောက်ကပြေးလိုက်ကြရင် ဆုံးသွားတဲ့ မောင်လေးရဲ့ နာမည်ကိုခေါ်ခေါ်ပြီး ငိုနေကြတာ၊ ဆရာကလဲ အလောင်းရှေ့ရောက်လို့ရပ်လိုက်သလို၊ ရုံးကလူတွေလည်း လူအုပ်ကြားထဲကပဲ ဆရာ့အမိန့်စာပြန်မှာကို ဝမ်းနည်းစွာနဲ့ကြည့်နေတဲ့အချိန်၊ ဆရာက ရှပ်အကျင်္ီအိပ်ကပ်ထဲက အမိန့်စာကိုထုတ်ပြီး အလောင်းကိုလဲကြည့်လိုက်ရော၊ ဖြူဖွေးဖွေးဖြစ်နေတဲ့ အဘွားကြီး ရုပ်အလောင်းကိုသွားတွေ့တော့ လန့်ပြီးထခုန်သလို၊ မှားပြီဆိုတာလဲသိလိုက်တယ်၊ ဘေးက သေသွားတဲ့အဘွားကြီးရဲ့ မိသားစုဝင်တွေကလဲ ငိုရင်းနဲ့ ဘာဖြစ်တာပါလိမ့်ဆိုပြီး ငိုတာရပ်သွားပြီး ကြည့်နေသလို၊ ကျမတို့ရုံးသူရုံးသားအားလုံးက ဆုံးသွားတဲ့ မောင်လေးနာမည်တကြော်ကြော်ခေါ်ပြီး ငိုနေကြတုန်း အဲ့ဒီအဖြစ်အပျက်ကိုလည်းမြင်ရော ငိုရက်နဲ့ ရီကြတော့တယ်၊ အဲ့ဒီမှာ ဆရာ့ရဲ့ မျက်လုံးက ကျနော့်ဆီရောက်လာပြီ နင်အမှားတွေလုပ်ချလိုက်ပြန်ပြီဆိုပြီး ဒေါသမျက်နှာနဲ့ ကျမကိုလှမ်းကြည့်ပါတယ်၊ ဒါပေမယ့်လေ ရုံးကလူတွေအားလုံး အဲ့ဒီအဖြစ်အပျက်ကို မရီပဲမနေနိုင်ကြလို့ ငိုနေရင်းကနေရီကြတော့၊ ကျနော်က အားနာစရာ တော်ကြပါတော့လို့ပြောတော့ နင့်တော့ ဆရာဆူတာခံရဦးမယ်တဲ့ လုပ်လိုက်ရင် ဒီတိုင်းကြည့်ပဲတဲ့၊ ကျနော်လဲ ဘယ်သိမလဲနော်……….. မမှီလိုက်မှာဆိုးပြီး နောက်ကမြန်မြန်ပြေးအောင် အော်လိုက်မိတာကိုး…….. ကျနော့်ရဲ့ ဆရာလဲ ကျနော့်ကိုဆူမလို့ အနားကိုလာတယ်ဆိုရင်ပဲ ဆုံးသွားတဲ့ မောင်လေးရဲ့ သူငယ်ချင်းလေးက အဲ့ဒီအဖြစ်အပျက်ကိုလှမ်းမြင်လိုက်ပြီး ဆရာ သူငယ်ချင်းအလောင်းက ဒီဘက်မှာ၊ ကျနော့်သူငယ်ချင်းရဲ့ အမေကငိုရင်းနဲ့ တက်တက်သွားလို့ အားလုံးကိုအိမ်ပြန်လွှတ်လိုက်ပြီး ဘေးမှာခဏထားတယ်လို့ပြောပါတယ်၊ အဲ့ဒါနဲ့ ကျနော့်ဆရာလဲ ကျနော့်ကို မဆူနိုင်တော့ပဲ သေသွားတဲ့မောင်လေးကို အမိန့်စာပြန်ဖို့အတွက် နောက်ကလိုက်သွားပြီး အမိန့်စာပြန်ပါတယ်၊ နောက် မီးသဂြိုလ်ပြီးတဲ့ထိ စောင့်နေကြတုန်း ပျက်နေတဲ့ကားကလဲ မောင်းလို့ရတော့ ကျနော်တို့ကိုလာခေါ်လို့ ရုံးကိုပြန်လာကြပါတယ်၊ ရုံးရောက်တော့ ကျနော့်ရဲ့ နမော်နမဲ့နိုင်မှု့နဲ့ ဆရာ့အဆူကို ခံလိုက်ရပါတယ်၊ ဆွမ်းကြွေးတဲ့နေ့မှာ သွားကြတော့ သူ့စက်ဘီးလေးထောင်ထားတာတွေ့တော့ အားလုံး စိတ်မကောင်းစွာနဲ့ ဝမ်းနည်းကြရပါတယ်၊ အဲ့ဒီမောင်လေးအဖေကတော့ အမှု့မလုပ်ပါဘူးတဲ့၊ လျော်ကြေးလဲမယူဘူးတဲ့ သားအသက်တောင်ဆုံးသွားပြီပဲတဲ့၊ တိုက်တဲ့စစ်သားကိုလည်း သူတို့တပ်ကပဲ အရေးယူမယ်ပြောတယ်လို့ပြောပါတယ်၊ အဲ့လိုနဲ့ ကျနော်တို့လည်း ပြန်လာကြပါတယ်၊ အဲ့လိုနဲ့ပေါ့လေ ………………… ရုံးကဆုံးသွားတဲ့မောင်လေးရဲ့အကြောင်းပြောမိတိုင်း စိတ်မကောင်းဖြစ်ကြရသလို အလောင်းမှားပြီး အမိန့်စာပြန်မယ့်အဖြစ်ကို ပြန်ပြောမိပြီး အဲ့ဒီအချိန်က ဆရာ့ရဲ့ ဖြစ်ပျက်သွားတဲ့မျက်နှာအနေအထားကို ပြန်မြင်ကြပြီး ရီမိကြပြန်ပါတယ်၊။ တကယ့်တော့ မထင်မှတ်ထားတဲ့ အမှားလေးတွေဖြစ်တာကတော့ မြသွေးညိုဆိုတဲ့ ကျနော်ပဲပေါ့………………………

နောက်ထပ်အလွဲလေးများလည်း ရေးပြပါဦးမည်…………………………

7 comments

  • PaukPhaw

    July 23, 2011 at 11:35 am

    မှားစရာရှားလို ့ဗျာ
    အဖွားကြီး ဆရာ့ကို လည်ပင်း ထမညှစ်တာ ကံကောင်းတယ်မှတ်
    ဘဝတစ်ပါးသွားတာတောင် အမိန် ့စာ လာပြန်ချင်နေသေးတယ်

  • နွယ်ပင်

    July 23, 2011 at 11:54 am

    ဒီလို အလွဲလေးတွေက တစ်ချိန်မှာ အမှတ်တရလေးတွေ ပြန်ဖြစ်သွားတက်ပါတယ် …

  • ကြောင်ကြီး

    July 23, 2011 at 12:16 pm

    စကားပြောရင် ကျနော်ကျနော်နဲ့ ဂျင်းဘောင်းဘီ အမြဲဝတ်တယ်.. သိပ်လှတဲ့ ကောင်မလေး…။ ကြောင်ကြီးရေးလိုက်တဲ့ သီချင်းစာသား မှန်လားဟင်.. 😳

  • windtalker

    July 23, 2011 at 12:58 pm

    အော် ဒေါက်တာဒေါ ်နုနုရီ ဆီမှာ မျက်ရစ်ဖော်ထားတဲ့ ပေါက်ဖော်ကောင်လေး တစ်ယောက် ငယ်ငယ်ရွယ်ရွယ် နဲ ့ ဆုံးပါးသွားခဲ့တာ ပေါ့ နော် ။

  • Ma Sweet

    July 23, 2011 at 3:13 pm

    ငိုအားထက်ရီအားသန်ဆိုတာ ဒါမျိုးနေမှာ
    ဒါပေမဲ့ ကောင်လေးအတွက် တကယ်စိတ်မကောင်းဖြစ်ရပါတယ်။

  • pooch

    July 23, 2011 at 5:31 pm

    အင်းဆုံးသွားတဲ့ ကောင်လေးအတွက်တော့ သနားစရာပါပဲ

  • Yan Shin

    July 27, 2011 at 4:46 pm

    မြသွေးညိုရေ
    မောင်လေးတစ်ယောက်လောက်ခေါ်မွေးစားပါလား?
    မောင်ကျော်ထွေးလို့ ခေါ်တယ်………

Leave a Reply