“ဘယ်လောက်ပေးမလဲ?”

“ဘယ်လောက်ပေးမလဲ?”
ဘဌေးညတရေးနိုးတော့ ဟိုဘက်နားလေးက ကာရာအိုကေဆိုသံတွေတိတ်နေပြီ။
ဒီတော့ ညသန်းခေါင်ကျော်ပြီဆိုတာသိလိုက်ပါတယ်။
ပါးစပ်ထဲကချဉ်လာတာနဲ့ ညကကျန်နေတဲ့ဆေးပေါ့လိပ်အတိုလေးဖွာ၊
လူကအိပ်ရေးမဝတော့ မူးမူးဝေဝေ၊
ဒါပေသိစိတ်ထဲမှာအရက်ထပ်သောက်ချင်စိတ်ကပေါက်လာ၊
ညကလက်ကျန်ပုလင်းကိုလိုက်ရှာ ကျန်တာလေးပုလင်းလိုက်မော့၊
ပြီးတော့မှရေတစ်ခွက်နောက်ကလိုက်မှ နေသာထိုင်သာရှိသွားပါတယ်။
ထိုင်နေရာတာကြာပြီ ဆိုရင် ခြင်ကိုက် အဲတော့ တစ်ခါပြန်အိပ်၊
အဲဒီမှာ အမက်ခြင်ဆုံးအိပ်မက်ကို မက်လိုက်ရတာပါဘဲ။
လင်းခါနီးမက်တဲ့အိပ်မက်ဆိုတော့ ချက်ခြင်းလက်ငင်းအကျုးိပေးမယ်လို့ အနက်ကောက်သပေါ့ဗျာ။

တကယ်ပြောရရင် ဘဌေးအလုပ်ကမယ်မယ်ရရ မရှိပါဘူး။
ဘူတာကြီးအရှေ့ဘက် 31လမ်းနားက အဆောက်အဦးအပျက်ကြီးနားမှာအိပ်မယ်။
ပိုက်ဆံလိုက်တောင်းမယ်။
ရရင် အရက်သောက်မယ်။
ဗိုက်ဆာတဲ့အခါ ပိုက်ဆံရှိရင်ဝယ်စား မရှိရင်တော့ တောင်းစားမယ်ပေါ့။
အဓိကကတော့ အရက်မှန်မှန်သောက်ရဘို့ပါဘဲ။
ဘဌေးအသက် လေးဆယ်ကျော်လို့တော့ပြောကြ ပေမယ့် ဘဌေးကိုယ်တိုင်တောင် အတိအကျမသိပါဘူး။
ဒီဘူတာကြီးနားမှာရောက်နေတာဖြင့် ဟိုအရင်ဘူတာအဟောင်းဘဝ သူခပ်ငယ်ငယ်ကတည်းက။
အမေကဘူတာကြီးထဲမှာ”ရေကုသု်ိလ်”အမည်တပ်ထားတဲ့ ရေတို့ ရေနွေးကြမ်းတို့ရောင်းတဲ့အလုပ်လုပ်တယ်။
အဖေက ကြုံရာကျပန်းကုန်ထမ်းတယ်။
တရားဝင်ခန့်ထားတဲ့ ကုန်တင်ကုန်ချအလုပ်သမားတော့လဲမဟုတ်ပြန်ဘူး။
အလုပ်သမားတွေဆီက တောင်းထားတဲ့ဇင်ပြာအကျီအစုတ်လေးကို ဝတ်လို့ ဟန်ဆောင်ပန်ဆောင်
အထမ်းသလားလုပ်ပြီးရောချရပါတယ်။
လူကြီးတွေသိရင်တော့ နောက်မလုပ်နဲ့ဆိုခေါ်ပြီးဆူတတ်ပါတယ်။
ဘဌေးလဲ အရွယ်ရောက်တော့ သူအဖေနောက်က လိုက်အထုပ်ဆွဲပါတယ်။
နောက်တော့ သူလဲဘဲအထမ်းသမားပေါ့။
သူဆယ်သုံးနှစ်မှာသူ့အမေအိမ်ကပျောက်။
သူများပြောတာတော့ လင်ငယ်နောက်လိုက်သွားသတဲ့။
အဖေကတော့ အရက်အရင်ကထက်ပိုသောက်။
တစ်ယောက်ထဲရှိတဲ့ သား ဘဌေးကိုလဲ ဂရုမစိုက်အား။
သုံးနှစ်လောက်ကြာတော့ အရက်မူးမူးနဲ့ မိုးရွာထဲမှာအိပ်ရင်း ဘဝပြောင်းသွားပါတယ်။

ဒီလိုနေရင်းနဲ့ဘဲ ဘဌေးလဲဘူတာပါတ်ဝန်းကျင်မှာ ကျင်လည်နေတဲ့ သူလိုကိုယ်လိုဘဝတူ မိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ကျ။
အများကတော့ ခပ်ပျက်ပျက်မိန်းကလေးလို့သတ်မှတ်။
ကုန်ထမ်းလိုက် အညောင်းပြေ အပန်းပြေ အချမ်းပြေ အရက်လေးချလိုက်။
နောက်တော့လဲမသောက်ရမနေနိုင်ဘဝရောက်။
ဘာမှအပြောင်းအလဲ ထူးခြားမူ့မရှိတဲ့ဘဝမှာကျင်လည်နေရင်း
ကလေးအဖေဖြစ်ခါနီးမှာ မိန်းမက အသားဝါနဲ့ဆုံးသွားပါတယ်။
အဲတော့ မမွေးရသေးတဲ့ ကလေးပါ ပါသွားတော့ အရင်လိုတစ်ကောင်ကြွက်ဘဝပြန်ရောက်သွားပါတယ်။
ဒီတော့လဲ အမျုးိအဆွေမရှိ အနှောင်အဖွဲ့မရှိ ဘဌေးအရက်သောက်တာကလွဲလို့
ဘာမှစိတ်ထဲမရှိ။
ဒီလိုနဲ့ဘဲအရက်ဆက်တိုက်သောက်တာများတော့ အုံးကပါကြောင်လာတယ်။
အလုပ်လဲမလုပ် လုပ်ချင်တောင်မှလုပ်နိုင်တဲ့အင်အားမရှိ။
သူများကြွေးတာစားတယ် မပေးရင်တောင်းစားတယ်။
နောက်တော့လဲ မနက်လင်းတာနဲ့ 35လမ်း လမ်း80ကပန်းသခင်လက်ဖက်ရည်ဆိုင်မှာထိုင်တောင်း။
ရရင် အရက်စသောက်၊
တရုပ်တန်းသွား ဈေးချိုသွား ညဘူတာနားပြန်လာအိပ် ဒါနဲ့ဘဲ့တစ်ရက်ပြီးတစ်ရက်
အချိန်တွေကုန်သွားပါတယ်။
ဘဌေးက ကျန်တာသာမသိတာ သူ့အိပ်မက်ထဲမှာ”လောက်”တွေ တွေ့ရင် သိပ်သဘောကျပါတယ်။
အပြင်မှာတော့ ဘဌေး လောက်ကောင်တွေရွစိရွစိဆိုရင် အင်မတန်ရွံ့့ပါတယ်။
အံတောင်အံချင်ပါသတဲ့။
ဒါပေမယ့် အိပ်မက်ထဲမှာလောက်မြင်ရင် အပြင်မှာပိုက်ဆံများများရတတ်ပါသတဲ့။
ဒီနေ့မနက်အိ်ပ်ယာထတော့ ဘဌေးတစ်ယောက် အူရွှင်နေပါသတဲ့။
သူနဲ့ အတူတစ်မိုးထဲအောက်မှာနေတဲ့ မတိုးက မေးတော့
“ ဒီနေ့လာဘ်ကောင်းတယ် အိပ်မက်ထဲမှာ ဟိုအကောင်တွေတွေ့တယ်”လို့ပြောရင်း
တောင်းနေကျ လက်ဖက်ရည်ဆိုင်ဘက်ကိုလွယ်အိတ်လေးလွယ်လို့
ငိုက်စိုက် ငိုက်စိုက်နဲ့ ထွက်သွားပါသတဲ့။

@ @ @ @ @ @ @@ @ @ @ @@ @ @ @ @ @@ @ @ @ @ @
ကိုအောင်မောင်း အိပ်ယာနို်းတော့ ထုံးစံအတိုင်းမက် 5း15။
မျက်နှာသစ်ပြီးလမ်းလျောက်ထွက်။
လမ်းလျှောက်ရင်းဟိုစဥ်းစား ဒီစဉ်းစားနဲ့ ခပ်သွက်သွက်လေး လျှောက်ခဲ့ပါတယ်။
သူပြန်စဉ်းစားမိတာကတော့
“သူဆိုင်ကယ်စီးလာတဲ့လမ်းမှာ မြွေအကြီးကြီးတအိအိနဲ့ သွား၊
ခဏနေတော့ သူသွားတဲ့လမ်းမှာ ချောင်းရေတွေတဝေါဝေါစီးနေ၊
ဖြတ်ဘို့ခက်တော့ရပ်စောင့်နေရပြန်ပါတယ်။
အဲဒီနားရောက်တော့လဲ မြွေကြီးကိုထပ်တွေ့ “ အိပ်မက်ထဲမှာပြောတာပါ။
မနက်လမ်းလျှောက်ရင်း ညကမက်တဲ့အိပ်မက်ကို ပြန်သတိရမိတော့ စိတ်ထဲမှာလေးသွားပါတယ်။
အိပ်မက်ထဲမှာမြွေတွေ့ရင် အပြင်မှာပေရှည်တတ်တယ်။
ရေစီးသန်တဲ့ချောင်းတို့ မြစ်တို့တွေ့ရင် ခက်ခက်ခဲခဲလုပ်တတ်ရတယ်လို့ စိတ်ထဲမှာစွဲထားလို့ပေါ့။
လမ်းလျှောက်ပြီးအိမ်ပြန်ရာက်တော့ 7နာရီမတ်တင်း။
ဖုန်းထဲမှာ မစ်စ်ကောတွေ့လို့ ပြန်ခေါ်တော့ သူ့ဆရာ။
ပြန်ခေါ်လိုက်တော့ကိုအောင်မောင်းကို ဆိုင်သွားဖွင့်ဘို့ ညွှန်ကြားပါတယ်။
ဒါနဲ့ဘဲကိုအောင်မောင်း ရေအမြန်ချိုး အဝတ်အစားလဲလို့ အလုပ်ကိုထွက်လာပါတယ်။
ဆိုင်ကယ်နဲ့အိမ်ကထွက်လာတော့ လမ်းဒေါင့်က ခွေးနှစ်ကောင်က လိုက်ဆွဲပါတယ်။
ခါတိုင်း ဆို အမြီးနန့်ပြီး ကြိုတဲ့ခွေးကလိုက်ဆွဲတော့ အံ့ဩစရာ စိတ်လဲတိုသွားပါတယ်။
တိုဆို သူတို့ကို ထမင်းကျန်ဟင်းကျန်တွေကြွေးနေကျ။
ဒါတောင်လိုက်ကိုက်တယ်ဆိုတော့ ကျေးဇူးကန်းတယ်ပေါ့လေ။

ဒါနဲ့ဘဲ မနက်စာကို စားနေကျဆိုင်မှာ 35လမ်းက ဆိုင်မှာထမင်းကြော်ဝင်စား ၊
အဲဒီအချိန်မှာ ကိစ္စတစ်ခုကို မပြီးနိုင်မစီးနိုင်ထပ်ကာထပ်ကာပြောတတ်တဲ့
ကုန်သည်တစ်ယောက်ဆီက ဖုန်းလာပါတယ်။
သူ့ဆီရောက်တဲ့ပစ္စည်းတွေက အပျက်အစီးများတဲ့အကြောင်း
ဈေးရောင်းမကောင်းတဲ့အကြောင်းထပ်ခါထပ်ခါ အပ်ကြောင်းထပ်အောင်ပြောပါတယ်၊
လက်ဖက်ရည်သောက်ပြီးတာတောင်သူပြောတာက မပြီးနိုင်။
နောက် ဆယ်မိနစ်လောက်ဆက်နားထောင်နေတာတောင် သူဖုန်းပြောတာ မပြီးတော့ တော့အလုပ်နောက်ကျမှာစိုးတာနဲ့ဖုန်းပြောလက်စတန်းလန်းနဲ့
ဘဲဆိုင်ကယ်ကို ထုတ်ပြီးသွားမယ်ပြင်နေချိန်မှာမှသူပြောတာရပ်သွားပါတယ်။
ဖုန်းကိုဘေးအိတ်ထဲ ထိုးထည့်ပြီး ဆိုင်ကယ်အမြန်မောင်းလို့ထွက်လာပါတယ်။
ဆရာ့အိမ်မှာဝင် ဆိုင်သော့ယူပြီး ဆိုင်ကို သွားနေတုန်း ဘယ်အချိန်ရှိပြီလဲလို့သိချင်တော့ ဖုန်းထုတ်ကြည့်လိုက်မှ အိတ်ထဲမှာ ဖုန်းမရှိတာကို သိရပါတယ်။
လမ်းမှကျခဲ့ပြီဆိုတာ သိလိုက်တာနဲ့လမ်းဘေးက ဖုန်းဆိုင်ကနေ ဖုန်းလှမ်းဆက်လိုက်တော့ ဖုန်းကတော့ ပွင့်လာပါတယ်။
ဒါပေမယ့် ဆူညံနေတဲ့ လူသံတွေရယ် မော်တော်ကားတွေ ဆိုင်ကယ်သံတွေကြားပေမယ့် ပြန်မဖြေပါဘူး။
အဲဒါနဲ့အလုပ်က လူတွေရယ် သူ့ဆရာတွေရယ် သူငယ်ချင်းတွေရယ်ကို ဖုန်းလမ်းမှ ကျခဲ့တဲ့အကြောင်းရယ်၊
ဖုန်းဘယ်သူဆီမှာရောက်နေတယ်ဆိုတာ သိချင်တော့ ဆက်သွယ်ထားဘို့အကြောင်း၊
ဖုန်းထဲမှာ သစ်သီးသယ်တွေရဲ့ အသံကြားနေရတော့ ဘုရားကြီးဈေးနားမှာ ဖြစ်နို်င်ကြောင်းအောက်လိုင်းတွေပေးလို့ အကူအညီတောင်းရပါတော့တယ်။
ဒါနဲ့ဘဲအလုပ်နောက်ကျနေမှာစိုးတာနဲ့ဆိုင်အရင်သွားဖွင့် ဆိုင်ကဖုန်းနဲ့ဆက်ပြန်တော့လဲ ဖုန်းက ပွင့်။
ဒါပေမယ့် စကားပြောသံမကြားရတော့ ငွေတော့ အညှစ်ခံရမှာသေချာပြီဆိုပြီးစိတ်တွေလေတာကနေ
စိတ်တွေတိုလာပါတော့တယ်။
သူများကို မဟုတ်ပါဘူး ကိုယ့်ကိုကိုယ်ပါ။
ဒီလောက်ပေါ့ဆရကောင်းလားလို့ပေါ့။
အဲဒါနဲ့အလုပ်လုပ်နေရင်းတန်းလန်းကနေအလုပ်ထဲကကောင်လေးတစ်ယောက်က
သူများလက်ရောက်နေတဲ့ဖုန်းကို ဆက်တိုက်ဆက်နေပါတယ်။
တစ်ခါမှာတော့ “ပြောလိုက်လေ”ဆိုတဲ့အသံကြားပေမယ့်
ကားသံလူသံဆိုင်ကယ်သံတွေသာကြားနေရပါတယ်။
အဲဒီအချိန် ဖုန်းကျပျောက်ဘူးတဲ့သူတွေကိုမေးကြည့်ပြန်တော့
ရုံးကို သွင်းရမှာက တစ်သိန်းခွဲလောက် ဟန်းဆက်အသစ်နဲ့ဆိုရင် နှစ်သိန်းကျော်ကျော်လောက်ကုန်မယ်လို့သိရပြန်ပါတယ်။
အဲဒီလူတုန်းက ကောက်ရတဲ့သူက ငါးသိန်းပေးမှဆိုတာနဲ့ဘဲ ရုံးကိုလျှောက်လိုက်ရပါသတဲ့။
ဒါပေမယ့် တစ်လကျော်ကျော်လောက်တော့စောင့်လိုက်ရပါသတဲ့။
စိတ်ညစ်စရာကောင်းတာက ဖုန်းထဲမှာ မှတ်ထားတဲ့
ဖုန်းနံပါတ်တွေ ပြန်မရတော့တာက ကျန်တာတွေထက်ပိုိုဆိုးပြီး ပိုလဲအလုပ်ရှုပ်ပါသတဲ့။
နောက်တစ်ယောက်တုံးကတော့ တစ်သိန်းနဲ့ဈေးတည့်သွားပါသတဲ့။
နောက်ရုံးက ကောင်မလေးတုံးကတော့ တက္ကသိုလ်နားမှာကျနေခဲ့တာ ကျောင်းသားတွေလက်ထဲရောက်သွားတာ
မိတ်ဖြစ်ဆွေဖြစ် အအေးဘဲတိုက်လိုက်ရပါသတဲ့။
အခုတော့ အဲဒီကောင်လေးတွေနဲ့မိတ်ဆွေတွေကိုဖြစ်လို့ပါတဲ့။
အဲဒါတွေကြားတော့ ပြန်များမရရင် ဆိုတဲ့အတွေးက အတော်လေးကို ဒုက္ခပေးပါသတဲ့။
သူ့ဖုန်းထဲမှာလဲ အလုပ်နဲ့ပါတ်သက်တာ မိတ်ဆွေတွေရဲ့ဖုန်းတွေအများကြီး ထည့်ထားတာကိုး။
နောက်ပြီး ဖုန်းကခေါ်လိုက်ရင်ဖုန်းဖွင့် ဘာမှမပြောဘဲပြန်ပိတ်သွားဆိုတော့
အချဉ်ဖမ်းတာ ခံရပြီဆိုပြီး စိတ်တွေပိုလေသွားပါတယ်။
ဆယ်နာရီပါတ်ဝန်းကျင်လောက်မှာတော့
“83-84ကြား27လမ်းက ——-တည်းခိုခန်းကိုလာခဲ့ပါ၊မြန်မြန်လာနော်”လို့
ပြန်ဖြေသံကြားတာနဲ့ သွားဘို့ပြင်ကြပါတယ်။
ဖြစ်ချင်တော့ အဲဒီအချိန်နယ်က ဖုန်းဝင်လာလို့ပြန်ဖြေ ပြန်ပြောနေတာ ဆယ်မိနစ်လောက်ကြာသွားပါတယ်။
ဒါနဲ့ဘဲ လိုရမယ်ရ ဆိုပြီးပိုက်ဆံတစ်သိန်းခွဲလောက်ထည့်ပြီး လိုက်ကြပါလေရော။
အဲဒီနားလဲရောက်ရော ဘယ်သူမှမတွေ့တော့ စိတ်လေသွားပါတယ်။
ဒါနဲ့ဖုန်းဆက်တော့ အရင်လိုဘဲ ဖုန်းဖွင့်ပြီး ဘာမှမပြောဘဲပြန်ပိတ်သွား။
နားထဲမှာတော့ ကားသံဆိုင်ကယ်သံလူသံ ဆူညံနေတော့ အဘတ်ခံရပြန်ပြီထင်ပြီး စိတ်ဓါတ်ကျသွားပါတယ်။
အဲဒီအချိန်မှာကောင်လေးတစ်ယောက်ကပြေးလာပြီး
“အကိုတို့ ဖုန်းကျပျောက်တဲ့သူလား”လို့မေးသံကြားတော့အတော်ကို ဝမ်းသာသွားပါတယ်။
“အကို ရေ ကောက်ရတဲ့သူက အရက်သမား
တောင်းလဲတောင်းစားပြီးလျှောက်သွားနေတာ။
အုံးလဲသိပ်မပြည့်ဘူး။
ကျနော်ရှေ့ဖုန်းမြည်လာတော့ ကျနော်က ဖြေပေးတာ။
သူက ဖုန်းလဲမကိုင်တတ်ဘူး။
ကျနော်ကစောင့်နေ မုန့်ဘိုးရမှာဆိုတာကို မယုံဘူး။
အကိုတို့ကလဲ ချက်ခြင်းမလာဘူး။
အခုတော့ အရှေ့ဘက်ထွက်သွားတယ်။
လမ်းလျှောက်သွားတာ။
ကျနော်လိုက်ရှာပေးမယ်။”
ဆိုပြီးသူ့ဆိုင်ကယ်နဲ့လိုက်လာလို့ အနီးအနားက လက်ဖက်ရည်ဆိုင် တွေ မုန်ု့ဆိုင်တွေ လူစည်ကားတဲ့
နေရာလေးတွေကို လိုက်ရှာကြပါတယ်။
ဒါပေမယ့် မတွေ့။
နောက်တော့ ကောင်လေးက
“အကိုကုန်ရုံဘူတာနားက အရက်ဆိုင်တော့ သူသွားတတ်တယ်လိုက်ကြည့်ရအောင်”
ဆိုလိုက်ကြည့်ကြပါတယ်။
ကောင်လေးပြောတဲ့အတိုင်းတန်းတွေ့ပါတယ်။
သူကဆိုင်ထဲမှာအရက်သောက်နေတယ် ကောင်လေးက အပြင်ခေါ်ထုတ်လာပါတယ်။
အဲဒီလူက ဆံပင်ရှည်ရှည် လွယ်အိတ်တစ်လုံးလွယ် ထားပါတယ်။
မျက်နှာက အရက်ကြောင့်ဖောသွတ်သွတ်။
ကောင်လေးကပြောပြီးသားဆိုတော့ကိုအောင်မောင်းတို့ကိုမြင်တာနဲ့ဖုန်းကိုထုတ်ပေးပါတယ်။
အောင်မောင်းကလဲ သူ့မြင်တာနဲ့မှတ်မိသွားပါတယ်။
မုန့်စားပြီးထွက်တဲ့အချိန် ဆိုင်ကယ်တွေတန်းစီရပ်ထားတဲ့နားမှာ ထိုင်ပြီး ပိုက်ဆံတောင်းနေတဲ့သူပါတဲ့။
ပါးစပ်ကလဲ “ဘယ်သူ့ဟာမှန်းမသိဘူး ကျုပ်ထို်င်နေတဲ့နားမှာတွေ့တာနဲ့ကောက်သိမ်းထားတာပါ”
ဆိုတာနဲ့ကိုဘဲထပ်ခါထပ်ခါပြောနေပါသတဲ့။
ကိုအောင်မောင်းလဲသူဖုန်းကို မြင်တော့ အတော်ဝမ်းသာသွားပါသတဲ့။
သူ့ဖုန်းလေးကိုလက်ထဲရောက်ရော အနေအထားမပျက်တော့စိတ်ချမ်းသာသွားပြီး
မုန်ု့ဘိုးပေးဘို့ လုပ်ပါတယ်။
လိုက်ပို့တဲ့ကောင်လေးကိုလဲ ကျေးဇူးတင်ကြောင်းပြောလို့ မုန့်ဘိုးပေးပါတယ်။
ကောက်ရတဲ့သူကိုလဲ ပိုက်ဆံထုတ်ပေးလိုက်တဲ့အခါ
အဲဒီလူရဲ့ ပြုံးသွားတဲ့ မျက်နှာက အတော်နဲ့ကို လက်စမသတ်နိုင်ပါဘူးတဲ့။
ကိုအောင်မောင်းကလဲဖုန်းပြန်ရတော့ပျော်ပါတယ်။
လိုက်ရှာပေးတဲ့ကောင်လေးကလဲ သူကူညီလိုက်တာကိုအသိအမှတ်အပြုခံရတဲ့အပြင်
မုန့်ဘိုးပါရတော့ ပျော်ပါတယ်။
ကောက်ရတဲ့သူကလဲ အရက်မပူမပင်သောက်ဘို့ပိုက်ဆံတွေရတော့ပျော်ပါတယ်။
ကိုအောင်မောင်းရဲ့တပည့်လေးကလည်း သူ့ရုံးကလူတွေကို ဖုန်းပြန်ရပြီဆိုတဲ့အကြောင်း
သတင်းတွေပေးရင်ပျော်နေပါတယ်။
(အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ သူတို့ပါ အဆူခံရမှာတွေးမိလို့ပေါ့)

@@@@@ @@@@@ @@@@@ @@@@@ @@@@@@
တစ်ခါတစ်ရံမှာ စိတ်နယ်လွန်လို့သတ်မှတ်တဲ့လက်နဲ့ဆုပ်ကိုင်ပြလို့ မရတဲ့ ကိစ္စမျုးိတွေက
မှန်တယ်မမှန်ဘူးပြောရခက်ပါတယ်။
ဟော အခုကိစ္စမျိုး ကိုအောင်မောင်းရဲ့အိပ်မက်ကလဲမှန်
ဖုန်းကောက်ရတဲ့သူရဲ့အိပ်မက်ကလဲမှန်။
ကဲ မဆန်းဘူးလားဗျာ။
ဒါနဲ့အပျင်းပြေမေးခွန်းလေးတစ်ခုတော့ မေးလိုက်ချင်ပါတယ်။
အခု ဖုန်းကောက်ရတဲ့သူရယ် ကူညီပေးတဲ့ကောင်လေးရယ်ကို
ကိုအောင်မောင်း မုန့်ဘိုးဘယ်လောက်ပေးလိုက်တယ်ဆိုတာလေးကို ခန့်မှန်းပြီးပြောပြစမ်းပါနော်။
နောက် မိတ်ဆွေသာ ဆိုရင် ဘယ်လောက်ပေးမလဲ ဆိုတာကို သိချင်လွန်းလို့???????????????????????????????????????????????

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

21 comments

  • unclegyi1974

    July 23, 2011 at 11:38 pm

    သိချင်ကိုအောင်မောင်းမေးကြည့်ပေါ့ကိုပေါက်ရဲ့
    ဘဆိုရင်လား
    အနည်းဆုံး၂၀၀၀၀ဝ လောက်ကုန်မဲ့အရေးဆိုတော့
    ကောက်ရသူကို ၅၀၀၀
    လိုက်ပို့ပေးသူကို ၅၀၀၀

  • windtalker

    July 24, 2011 at 1:02 am

    ကျွန်တော် သဘောကျ တာတော့ ကုန်တင် ကုန်ချ အလုပ်ကြမ်းသမားတွေ ရဲ ့ဘဝ အကြောင်း နဲနဲ ပါလာတာပါ ပဲ ။

  • kai

    July 24, 2011 at 4:58 am

    ရေအဆုံးကုန်းတဝက်တဲ့..။
    တဝက်လောက်ဖြစ်တဲ့ ၁သိန်းပေးမယ်..။

    လိုက်လုပ်ပေးတဲ့ ကောင်လေးကို ၉သောင်းခွဲပေးပြီး.. ကောက်ရထားတဲ့သူကို ၅ထောင်ပေးမယ်..။ 🙂

  • nature

    July 24, 2011 at 3:24 pm

    ပုံမှန်သဒါကြေးဆိုရင်တော့ တယောက်ကို ၂သောင်း ၃သောင်းလောက်ဆို အဆင်ပြေမယ်ထင်တယ်။ ဒါပေမဲ တခါတလေ ကောက်ရတဲ့သူက သိန်းချီတောင်းရင်တော့ညှိကြရမယ်ထင်တယ်။

  • Foreign Resident

    July 25, 2011 at 5:14 am

    ကောက်ရထားတဲ့သူကို = 40000
    လိုက်လုပ်ပေးတဲ့ ကောင်လေးကို = 10000

  • pan pan

    July 25, 2011 at 9:57 am

    ကောက်ရထားတဲ့လူကို သုံးသောင်း
    ကူညီပေးတဲ့ကောင်လေးကိုလည်း သုံးသောင်းပေ့ါ

  • ကြောင်ကြီး

    July 25, 2011 at 10:03 am

    ဘယ်လောက်ပေးခဲ့ရလဲတော့မသိဘူး။ ဖားကန့်လား မိုးကုတ်မှာလားမသိဘူး၊ ဈေးကွက်စီးပွားရေး အစောပိုင်းကလာမှာ ရန်ကုန်က ကျောက်အဝယ်တော်တယောက် ကျောက်ဈေးထဲလှည့်ပတ်ကြည့်ရင်းနဲ့ တောသားတယောက် ကျောက်တတုံးကို မြေကြီးပေါ်ချပြီး တသိန်းတသိန်းလို့ အော်ရောင်းနေတာတွေ့တယ်။ ကျောက်အရည်အသွေးကလည်း မြင်ရုံနဲ့တင် ကောင်းမှန်းတန်မှန်းသိတော့ ချက်ခြင်း တည်းခိုအိမ်ကိုပြန်ပြီး တွေ့သမျှပိုက်ဆံ အရွက်အသေးအကုန်စု၊ ကျွတ်ကျွတ်အိတ်နှစ်လုံးထဲ စုပြုံထည့်ပြီး အဲဒီလူကို တသိန်းဆိုပြီး ပေးလိုက်သတဲ့။ အဲဒီလူကလဲ တောသား၊ စာမတတ်ပေမတတ်ဆိုတော့ တသိန်းသာအော်နေတယ် ဂဏန်းမပေါင်းတတ်ဘူး။ ဒါနဲ့ပဲ အရောင်းအဝယ်ဖြစ်သွားတယ် ဆိုပါတော့။ တကယ်တမ်း အိတ်ထဲမှာ ပါတဲ့ပိုက်ဆံက အလွန်ဆုံးရှိမှာ လေးငါးသောင်းထက် မကျော်ဘူး။ ကျောက်အဝယ်တော် မြို့ပြန်ရောက်တော့ ကျောက်တန်ဖိုး ဆယ်ဆမက မြတ်သတဲ့။ ဒီအကြောင်း အရင်က ပို့စ်တခုမှာမန်းဖူးတယ်၊ ကြုံလို့ ထပ်မန်းလိုက်တာ….

  • နွယ်ပင်

    July 25, 2011 at 11:24 am

    ကောက်ရတဲ့ သူကို = 30000
    လိုက်ရှာပေးတဲ့ ကောင်လေးကို = 20000

  • Ko Ko Aung

    July 25, 2011 at 1:24 pm

    ကိုပေါက်ရဲ့ မေးခွန်းလေးက လှလှလေးနဲ့ ဆိုက်ကိုပါနေတယ်။
    ဘယ်လောက်ပေးသင့်လဲ လို့ မဟုတ်ပဲ (ကိုယ်သာဆို)ဘယ်လောက်ပေး(မိ) မှာလဲ လို့ မေးလိုက်သလိုပါပဲ။
    အခက်အခဲမရှိ ပြန်တွေ့၊ပြန်ရလို့ ဝမ်းလဲသာ – (ဝမ်းသာနေတော့ စိတ်ကောင်းဝင် သဒ္ဒါပေါက် နိုင်ပါတယ်)
    မုန့်ဘိုးပေးရမယ့်သူတွေကြည့်ပြန်တော့ ဘယ်လောက်ပေးပေးရမယ့်၊ ကျေနပ်မယ့်လူတွေလို့လဲ ထင်ရတော့- (လူများစုသဘာဝက ဒီလိုလျှေ့ာလို့ရရင် လျှော့ချင်ပါတယ်)
    ကိုယ်သာဆိုလဲ …
    သိပ်မနည်းပေမယ့် … သိပ်တော့များမိမယ်မထင်ဘူး …။
    ကိုယ့်စိတ်ကိုယ်စစ်ခွင့်ရလိုက်လို့ ကိုပေါက်ကို ကျေးဇူးတင်ပါတယ်။

  • cobra

    July 25, 2011 at 4:12 pm

    အကိုရယ်ဘယ်လိုမှရန်းပြောလို့မရတဲ့မေးခွန်းပါ
    ကိုယ့်စေတနာကိုဖော်ပြရတာလေ…
    တကယ်သာဆိုရင်တော့အခုပြောမယ့်ပိုက်ဆံနဲ့ကွာနေမှာသေချာပါတယ်။

  • king

    July 25, 2011 at 5:51 pm

    ကျွန်တော့်လက်ရှိနဲ့ပဲ ပြောမယ်နော်
    ကျွန်တော်သာဆိုရင်ပေါ့ ….
    သူ့အခြေအနေနဲ့ သူ ကိုယ့်အခြေအနေနဲ့ကိုယ်ဆိုတော့ တူချင်မှလည်းတူမှာပေါ့လေ
    ကျိန်းသေတာတစ်ခုကတော့ ..
    ကိုယ့်မှာ အခုလက်ရှိ ကိုယ်ပိုင်ငွေရဲ့ တစ်ဝက်ကို တစ်ယောက်တစ်ဝက် ပေးမိလိမ့်မယ် …
    (စာကြွင်း။ ကိုယ်ပိုင်ငွေ 1000 ပဲရှိရင်တော့ သူတို့ကံမကောင်းရှာဘူးပေါ့ဗျာ….. 😛 )

  • naywoonni

    July 25, 2011 at 11:00 pm

    cobra says:

    အကိုရယ်ဘယ်လိုမှရန်းပြောလို့မရတဲ့မေးခွန်းပါ
    ကိုယ့်စေတနာကိုဖော်ပြရတာလေ…
    တကယ်သာဆိုရင်တော့အခုပြောမယ့်ပိုက်ဆံနဲ့ကွာနေမှာသေချာပါတယ်။))))
    အဲဒိတော့ ဒို့က ဝင်မပြောတော့ဘူးလေ………. မြွေဟောက်လေးရဲ့……… 😛 😛 😛

  • weiwei

    July 26, 2011 at 10:33 am

    တော်တော်ခက်တဲ့မေးခွန်းပဲ ..
    ကိုယ့်စိတ်နဲ့ကိုယ်ပဲ နှိုင်းပြီးဖြေကြည့်ရင်တော့ … ကောက်ရတဲ့သူကို နှစ်သောင်း၊ လိုက်လုပ်ပေးတဲ့ကောင်လေးကို နှစ်သောင်းလောက်ပဲ ပေးမိလိမ့်မယ် … ပိုက်ဆံများများပေးတာဟာ အချောင်လိုချင်စိတ်ကို အားပေးသလိုဖြစ်သွားမှာစိုးလို့ ..

    ဘာလို့လဲဆိုတော့ ကျွန်မသာ အဲဒီဖုန်းကိုကောက်ရခဲ့ရင် ပိုင်ရှင်ဆီက တစ်ပြားမှ ယူမှာမဟုတ်ဘူးလေ …

  • နီလေး

    July 26, 2011 at 11:12 am

    အင်း ပညာသားပါတဲ့မေးခွန်းလေးပဲနော် ကိုပေါက်အနေနဲ့ဆိုရင်ကော ဘယ်လောက်ပေးမှာလဲ သိချင်ရုံသက်သက်ပါ

  • MOEPWINTPHYU

    July 26, 2011 at 3:53 pm

    ဦးပေါက်ဆိုဘယ်လောက်ပေးမှာလဲဟင် ဦးကင်းရဲ စိတ်လေးကကောင်းလို်က်တာ အားကျပါရဲ
    ရှိသမျှရဲ တစ်ယောက်တစ်ဝက်ဆိုတော ညစာကိုဘာနဲစားမှာလဲဟင်…..

    • king

      July 26, 2011 at 6:32 pm

      လှတာမက်ရင် ညစာခက်တယ်တဲ့
      အဲဒီတော့ …
      အခုကတည်းက ကြိုကျင့်နေလို့ ကိစ္စမရှိပါဘူးကွယ် …
      အဲ .. အရေးကြီးတာ ပြောရအုန်းမယ် .. ဦးကင်းဆိုတော့ …. အမလေး …
      ငါတော်တော်တောင် ကြီးသွားပြီပဲ …. ထားလိုက်ပါတော့ ကြီးလက်စနဲ့ ခပ်တည်တည်နဲ့ပဲ နေလိုက်တော့မယ် ……….
      ( * _ ^ )

  • ကော်မင်း 50ရရင် ကိုအောင်မောင်းဆီကို အဖြေတောင်းပေးပြီး
    ကိုပေါက် ဘယ်လောက်ပေးမယ်ဆိုတာပြောပြမယ်နော်။

  • တညင်သား

    July 26, 2011 at 10:56 pm

    တစ်သိန်းခွဲလောက် ပိုက်ဆံယူပြီး သွားတယ်ဆိုတော့ တကယ်လို့ များ.. ၂သိန်းပေးမှ ရမယ် ဆိုရင် ၁သိန်း ၁သိန်ခွဲနဲ့ ပြေလည်အောင်ပြောကြည့်မယ် မရတော့ လဲ တမျိုးပေါ့ အခု သူတို့ က တောင်းတဲ့သူမဟုတ်တော့ တစ်သိန်းခွဲ အကုန်ပေးသင့် တယ်…. ကောက်ရတဲ့သူ ၁သိန်း ပြောပြပေးတဲ့သူက ၅သောင်း …
    တကယ်လို့ ကျွန်တော်သာဆိုရင် ကောက်ရတဲ့သူကို ၃သောင်းပေးပြီး လိုက်ပြတဲ့သူကို ၂သောင်းပေးမိမှာပဲ….. လူဆိုတာလဲ အခတ်သားလာဗျာ .. လွယ်လွယ်ရရင် တန်ဖိုးမထားချင်ဘူး .. ကျွန်တော့်ကိုယ် ကျွန်တော် ပြောနေတာနော်….:) 🙂

  • Han Lin

    July 27, 2011 at 4:42 pm

    ဘဝ အကြောင်းလေး တွေ ပါ နဲနဲထည့်ရေးထားတယ်နော်…. ဖတ်ရတာ ရသ အစုံရတယ်…

  • usnczn

    July 27, 2011 at 5:01 pm

    တော်ပါပေတယ် ..စာကို အားလုံးစိတ်ဝင်စားအောင် ရေးသွားတယ်။
    ကျေးဇူးတင်ပါတယ်….
    ဘယ်လောက်ပေးရမလဲ?
    လောလောဆယ် ရကျပ်တော့ရပြီ။

Leave a Reply