နယူးဇီလန်ဆိပ်ကမ်းတွင် ကျွန်းသစ်လုံးများချခိုက် မြန်မာသင်္ဘောသားတစ်ဦး အသက်ရှူကြပ်၍ သေဆုံး

chitkayMay 7, 20101min700

နယူးဇီလန် မြောက်ပိုင်း ဝှန်ဂါရီမြို့အနီး မားစ်ဒဲန်ပွိုင့် ဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး ကျွန်းသစ်လုံး များ ချလျက်ရှိသော ပနားမားမှတ်ပုံတင် သင်္ဘောတစ်စီးပေါ်မှ မြန်မာသင်္ဘောသား တစ်ဦး ဖြစ်သူ ကိုသီဟအောင်သည် မေလ ၃ ရက်နေ့ ညနေပိုင်းက လေအလုံအလောက် မရရှိသဖြင့် အသက်ရှူ ကြပ် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ ယင်းသင်္ဘောပေါ်တွင် မြန်မာသင်္ဘော သား ဆယ်ဦး အလုပ်လုပ်ကိုင်လျက်ရှိပြီး ယခုဖြစ်ရပ် ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ကြမည်ဟု သိရသည်။ ကိုသီဟအောင်သည် ကိုရီးယား သင်္ဘောအရာရှိ တစ်ဦးနှင့်အတူ ယင်းတို့ အလုပ်လုပ်ရာ တီပီစီဝယ်လင်တန် သင်္ဘောဝမ်းကုန်ခန်းအတွင်း ရေဝင်အောင်ခြင်း ရှိ မရှိ သွားရောက်စစ်ဆေးစဉ် အခိုးအငွေ့များအကြား အောင်စီဂျင် အလုံအလောက်မရပဲ သေဆုံး သွားခြင်း ဖြစ်ပြီး အသေးစိတ် ကို ဆက်လက် စုံစမ်းစစ်ဆေးဆဲဖြစ်သည်။ အခင်းဖြစ်ပွားမှုတွင် ကြားဝင် စေ့စပ်ဖြေရှင်း ပေးသော အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး အလုပ်သမားများ ဖက်ဒရေးရှင်းမှ ဂရာဟိန်းမက်ကလန်က သင်္ဘောသားများမှ သင်္ဘောကို စွန့်ခွာရန် အခိုင်အမာ ဆုံးဖြတ်ထား ကြကြောင်း၊ သူတို့၏ အလုပ်ကို ဘေးကင်းမှုမရှိဟု ထင်မြင်ကာ ပျော်ရွှင်မှု ကင်းစွာ စိတ်ဓါတ်ကျလျက် ရှိကြောင်း ပြောကြားသည်။ နယူးဇီလန် အလုပ်သမားသမဂ္ဂကလည်း သင်္ဘောသားများ အနေဖြင့် သူတို့ဘေးမကင်းဟု ယူဆသော အလုပ်တာဝန်များကို ငြင်းဆန်ခွင့် ပြုရန် သဘောတူညီချက်ဖြင့် သင်္ဘောကို ထွက်ခွာခွင့် ပြုလိုက်သည်။ သင်္ဘောသား များသည် သင်္ဘောဖြင့် ကိုရီးယားနိုင်ငံသို့ ပြန်ကြမည် ဖြစ်ပြီး ယင်းတွင် သက်ဆိုင်ရာ ကုမ္ပဏီမှ လစာနှင့် ဆုကြေးအပြန် မြန်မာနိုင်ငံသို့ အပြန်စရိတ်ကိုပါ ထုတ်ပေးမည်ဖြစ်သည်။ သတင်းများအရ ကိုသီဟအောင်သည် ကိုရီးယားအရာရှိ အသက်ရှူကြပ် နေခြင်းကို အသက်ရှူကိရိယာ များမပါပဲ သွားရောက် ကယ်တင် ခဲ့ခြင်းဖြစ်ပြီး သူတို့နှစ်ဦးကို ကယ်တင်ရန် ကြိုးစားသော တတိယ သင်္ဘောသားမှာ ဆေးရုံတင် ကုသနိုင်ခဲ့ပြီး အသက်ရှင်ခဲ့ ကြောင်း သိရသည်။

source by : http://www.enjoy.net.mm