သင် အသုံးချခံရတယ် ဆိုရင် ဘယ်လို နေမလဲ.. အဖိုးမတန်တဲ့ အရာ အတွက် ကိုယ်ကျိုး ကြည့်ပြီး သူများကို အသုံးမချသင့်တာ အမှန်ပဲ။ မှတ်မှတ်ရရ ဗုဒ္ဓဂါယာ သွားတော့ စီးသွားတဲ့ လေယာဉ်က သီရိလင်္ကာ လေကြောင်းလိုင်းက လေယာဉ်ပါ။

ထိုနေ့က တခြား ခရီးသွား အဖွဲ့တွေလည်း သွားကြတာ သတိထားမိတယ်။

ဗုဒ္ဓဂါယာ ကို သွားတဲ့ လူတွေဆိုတာ များသော အားဖြင့် အသက်ကြီးတဲ့ လူကြီးတွေ နဲ့ ဘုန်းကြီး သီလရှင်များ ဖြစ်ကြပါတယ်။ အဲဒီနေ့က ရန်ကုန် လေဆိပ်မှာ ကိုယ့် အဖွဲ့လိုပဲ တခြားသော အဖွဲ့ ၂ခုလောက်တွေ့မိတယ်။ သတိထားမိတာကတော့ တိုင်းရင်းသား ၀တ်စုံ ကို တူညီ ၀တ်ထားကြတာပါပဲ။ ရှမ်းပြည်ဘက်က တိုင်းရင်းသား တမျိုးမျိုး ဖြစ်မယ် ထင်ပါတယ် အားလုံးက မျက်နှာသုတ်စောင်ကို ခေါင်းပေါင်း လုပ်ပြီး ၀တ်ထားတယ်။ ခေါင်းပေါင်းကြားမှာ ဆံထိုး ၂ခု ထိုးစိုက်ထားတယ်။ တိုင်းရင်းသား စကားပဲ ပြောနေကြတဲ့ အတွက် သတိထားမိခဲ့တာ ဖြစ်ပါတယ်။ ထို အဖွဲ့ကို ဦးဆောင်လာတဲ့ လူကတော့ မြန်မာ ဆန်ဆန် တိုက်ပုံနဲ့ လည်ကတုံးဝတ်ထားပြီး ဗမာလို ပြောလိုက် တိုင်းရင်းသားလို ပြောလိုက်နဲ့ ဦးဆောင်နေတာ သတိထားမိတယ်။ လေယာဉ်ပေါ် ရောက်တဲ့ အခါ အချိန်အားဖြင့် နေ့မွန်းလွဲချိန် ဖြစ်နေတဲ့ အတွက် ဘုန်းကြီး နဲ့ သီလရှင်များ လေယာဉ်ပေါ်မှ ကျွှေးတဲ့ အစားအသောက်များ မစားသုံးပဲ အချိုရည်သာ သောက်တာ သတိထားမိပါတယ်။

လေယာဉ်ပေါ် မြင်ကွင်း

ထိုလေယာဉ်ပေါ်မှာ သီရိလင်္ကာ လေကြောင်းလိုင်းက လေယာဉ်မယ်တွေက တခြား လေကြောင်းလိုင်းက လေယာဉ်မယ်တွေနဲ့ မတူ တမူ ထူးခြားချက်ကတော့ အသက်ကြီးကြီး ထောင်ထောင်မောင်းမောင်း ဆာလီဝတ်ဆင်ထားပြီးတော့ ဗိုက်ခေါက်ထွက်နေတဲ့ ပုံစံ ၀တ်ထားတာ ဖြစ်ပါတယ်။ ပုံစံကတော့ အန်တီကြီးတွေ ပုံစံမျိုးပေါ့.. အစား အသောက်ချပေးတဲ့ အခါ ဘာစားမလဲ ဆိုပြီး မေးတယ် စားချင်တာ ပုံနဲ့ ပြောပြီး လက်ညိုးညွန်ပြတဲ့ အခါ ပလပ်စတစ် အုပ်ထားတဲ့ အစားအသောက်များ ဘုတ်ကနဲ စားပွဲပေါ် ပြစ်တင်လိုက်ပါတယ်။ တခါမှ ထိုကဲ့သို့သော ဆက်ဆံရေးမျိုး မကြုံဖူးတော့ တော်တော် အံ့သြမိပါတယ်။ မြင်ဖူးနေကျ လေယာဉ်မယ် ဆိုသည်မှာ ပုံစံက ခပ်သွယ်သွယ် မျက်နှာကို မှုန်ညက်နေအောင် မိတ်ကပ် အဖွေးသားနဲ့ လိမ်းကျံထားပြီး လေသံ တတ်နိုင်သလောက် ချိုအောင် ပြောပြီး အပြုအမူက နိုင်ငံ ကိုယ်စားပြုတဲ့ အတွက် သိမ်မွေ့ကြပါတယ်။ ထူးပေ့ ဆန်းပေ့ သီရိလင်္ကာသူ တို့ရေလို့ ပြောရမလားပဲ.. ဒီလိုနဲ့ မုန့်တွေ ချပေးတဲ့ အခါ ဘုန်းကြီး များ ကို ချပေးတဲ့ အခါ တိုင်းရင်းသားများ ဖြစ်တဲ့ အတွက် ခပ်ရိုးရိုး ဘာမေးလို့ ဘာပြောမှန်း မသိ ယူထားပြီး ဘေးနားက ဒကာကို လှမ်းပေးလိုက်တယ်။ အဲဒါတွေကို မကျေနပ်လို့လား မသိဘူးလို့ ထင်မိပါတယ်။ ဒီလိုနဲ့ လေယာဉ်ပေါ်က ဆင်းတော့ အတူသွားတဲ့ ဘေးနားက ခရီးသည် နဲ့ စကားစပ်မိတော့ သူပြောပြချက်ကတော့ တော်တော် စိတ်မကောင်းစရာ အဖြစ်ကို ကြားသိခဲ့ရပါတယ်။ တိုင်းရင်းသား အုပ်စုကို ခေါင်းဆောင်တဲ့ တိုးလီဒါက ဘီယာတောင်းသောက်တဲ့ အခါ တယောက်ကို တလုံး နှုန်း ဆိုပြီး လက်ကာ ပြလို့ သူ့ အတွက် မဟုတ်ဘူးဆိုပြီး ဘေးနားက ဘုန်းကြီးကို လက်ညိုးထိုးပြီး တောင်းလို့ ဘုန်းကြီး ရှေ့မှာ ဘီယာဘူးကြီး ချပေးသွားတာ ဘုန်းကြီးကလည်း ဘာမှန်းမသိ ညာမှန်း မသိ ဟိုကြည့်ဒီကြည့်နဲ့ ဖြစ်နေတာ.. သိလို့ ရှက်သွားတာလား မသိပဲ ဟောင်တောင်တောင် ဖြစ်နေတာလား တော့ မသိဘူး။ အဲဒီ လေယာဉ်မယ် ဖြတ်ပြီး ကျော်သွားမှ သူက ဘုန်းကြီး တွေကို လက်ညိုးထိုးပြီး ယူထားတဲ့ ဘီယာတွေ လိုက်သိမ်းတယ် လို့ ပြောတယ်။ ကြားရတာ တော်တော် ထိတ်လန့်သွားတယ်။ လုပ်နေတဲ့ အလုပ်က ဘာသာရေးနဲ့ ဆိုင်တဲ့ ခရီးသွား ခေါင်းဆောင် ခရီးသွားတွေ အဆင်ပြေအောင် လုပ်ပေးရမဲ့ဟာ ခရီးသွားကို အသုံးချပြီး အဖိုးမတန်တဲ့ အရာ အတွက် လုပ်ပုံက တော်တော် အဖြစ်ဆိုးတယ်။

လုံးကြီးပေါက်လှ လေယာဉ်မယ်တွေ ဒေါပွပြီး အကုန်ပစ်ပေးတာ လေယာဉ် တခုလုံး အကုန် ခံနေရတော့တာပဲ။ မြန်မာ ဆိုပြီး အထင်သေးခံရတာ အမှန်ပဲ။ လေယာဉ် တစီးလုံး မြန်မာတွေချည်းပါပဲ။ အဖွဲ့ ၃ဖွဲ့ ပါတဲ့ အတွက် အခြား အပြင်လူ လက်မှတ်ဖြတ်ပြီး လိုက်စီးသူ မရှိသလောက် နည်းပါတယ်။

ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ် ဆိုတာ စကားက အမှန်ဖြစ်နေပါတော့တယ်။

About ဆူး

has written 398 post in this Website..