ကျွန်မတို့ လူသားတွေ အားလုံးဟာ ခန္ဓာကိုယ်အသွေးအသား၊ စဉ်းစားဥာဏ်ရှိတဲ့ ဦးနှောက်၊ ခံစားတတ်တဲ့ စိတ်နှလုံးသားတွေနဲ့ လူ့ပတ်ဝန်းကျင်မှာ ကျင်လည်နေကြရပါတယ်။ နံနက်မိုးလင်းမှာ မျက်စိနှစ်လုံး စဖွင့်ချိန်ကစလို့ ခန္ဓာကိုယ်သန့်စင်ရေး၊ စားရေးသောက်ရေး၊ အိမ်အလုပ်၊ ကျောင်းအလုပ်၊ ရုံးအလုပ်စပြီး ကိုယ့်တာဝန်နဲ့ကိုယ် ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ နေ့စဉ်လူမှုဘ၀မှာ အတူနေတဲ့ မိသားစု၊ အိမ်ထောင်စုဝင်တွေက အစပြုလို့ ကျင်လည်နေရတဲ့ နယ်ပယ်အလိုက် လူအများနဲ့ မဖြစ်မနေ ဆက်ဆံကြရပါတယ်။ အဲဒီအခါမှာ အလုပ်၊ ကျောင်း၊ မိသားစု တာဝန်ဝတ္တရားတွေရဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ခံစားမှုအလိုက် စဉ်းစားတွေးခေါ် ပြောဆိုတာလေးတွေ ရှိတတ်တယ်။ လူကြီးသူမတွေကတော့ အိမ်က ပြဿနာ အလုပ်ထဲ မသယ်သွားနဲ့။ အလုပ်က ပြဿနာ အိမ်မသယ်လာနဲ့ လို့တောင် ဆိုစမှတ်ပြုကြပါရဲ့။ ရုံးထဲမှာလဲ ဒီနေ့တော့ ရာသီဥတု မသာယာဘူး ဆိုပြီး လူကြီးတွေရဲ့ စိတ်အခြေအနေကို အချင်းချင်း သတိပေး ပြောတတ်ကြတယ်။ မိသားစုတွင်းမှာလဲ မိဘနဲ့ သားသမီး ဆက်ဆံရေးတွေမှာ ပြဿနာတွေ ခဏခဏ တက်တတ်ကြတယ်။ အိမ်ထောင်ဘက် တွေအချင်းချင်း ရန်တွေ ဖြစ်ကြတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကြည့်မရဖြစ်တယ်။ အရမ်းခင်တဲ့ သူငယ်ချင်းတွေကနေ မခေါ်နိုင်၊ မပြောနိုင်တွေ ဖြစ်တာတွေလဲ ရှိတယ်။ အစည်းအဝေးတွေမှာ ကောင်းမိကောင်းရက် ဆွေးနွေးနေရင်းက ထငြင်းကုန်တာရှိတာ။ စိတ်မထိန်းနိုင်ပဲ ခွန်းကြီးခွန်းငယ် တွေဖြစ်ကြ၊ ထချကုန်တာတွေလဲ ရှိတယ်။

ကိုယ့်စိတ်က အားငယ်နေတဲ့အချိန်၊ ရှုံးနိမ့်နေတယ်လို့ ထင်ချိန်မှာ ပြောရိုးပြောစဉ်အတိုင်း လူတစ်ဖက်သားက ပြောတာကိုလဲ ဆရာလုပ်တယ် ထင်တတ်တယ်။ ကိုယ့်စိတ်က ဘ၀မြင့်နေတဲ့ အချိန်မှာ တစ်ဘက်လူက ကြည့်ရိုးကြည့်စဉ် ကြည့်တာကိုလဲ ကိုယ့်ကို စော်ကားနေတယ်လို့ ထင်တတ်တယ်။ လူတစ်ယောက်ကို အနုတ်လက္ခဏာကနေ ကြည့်မိပြီးရင် အပေါင်းလက္ခဏာဖြစ်လာဖို့ကလဲ တော်တော်ခဲယဉ်းပြန်ရော။
အပေါင်းလက္ခဏာနဲ့ ကြည့်မိရင်လဲ ဘာလုပ်လုပ်ကောင်းနေပြန်ရော။ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ ပြုမူဆောင်ရွက်ပုံတွေက လေ့လာလေ၊ နက်နဲလေ။ မိမိကိုယ်ကို လေ့လာကြည့်ကြရင်တောင် အတော်နက်နဲတဲ့ ကိစ္စ။ တစ်ခါတလေ ဒေါသထွက်သွားမိတဲ့ ကိစ္စတစ်ခုကို သွေးအေးချိန်မှာ ဘာကြောင့် ထွက်သွားရတာလဲ ပြန်စဉ်းစားကြည့်တော့ သွေးဆူချိန်မှာလောက် ဒေါသဖြစ်စရာ မကောင်းတော့တာတွေ လူတိုင်း ကြုံဖူးမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့လူသားတွေဟာ တစ်ဦးတစ်ယောက်တည်းပဲ အပူအပင်ကင်းနိုင်သမျှ ကင်းကင်း နေတော့မယ်လို့ ယတိပြတ် မဆုံးဖြတ်နိုင်သေးစဉ်ကာလတစ်ခုအထိမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ နေထိုင်နေကြရဦးမှာပဲ ဖြစ်ပါတယ်။
ကျွန်မဟာ ပင်ကိုသဘာဝအရ စိတ်အတော်ဆတ်တဲ့ လူပါ။ နီးစပ်တဲ့ လူအများက စိတ်ရှည်တယ်၊ သည်းခံတတ်တယ် ဆိုကြပါတယ်။ ဒါပေမယ့်

ကျွန်မသည်းမခံနိုင်တဲ့ ကိစ္စလေးတွေ တချို့ကလဲ ရှိတတ်တယ်။ တချို့ကိစ္စတွေကျတော့ သည်းခံလိုက်ရင်၊ ငြိမ်နေရင် ပြီးပေမယ့် တချို့ကိစ္စတွေကျတော့လဲ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းလိုက်မှ ပြီးနိုင်တာတွေကလဲ ရှိတတ်ပါတယ်။ ပြဿနာအမျိုးအစားပေါ် မူတည်မယ်ထင်ပါတယ်။ စိတ်ခံစားမှုနဲ့ တုန့်ပြန်မိတာတွေလဲ ရှိတတ်ပါရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် အသက်အရွယ်၊ အခြေအနေတစ်ခု ရောက်လာချိန်ကျတော့ လူမှုပတ်ဝန်းကျင်ဆက်ဆံရေးမှာ အရေးကြီးတဲ့အချက်အလက်တွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ တစ်ဦးနဲ့ တစ်ဦး နားလည်မှု၊ သည်းခံမှု စတဲ့အရာတွေသာ မရှိခဲ့ရင် ဒီကမ္ဘာလောကကြီးမှာလည်း အားလုံးဟာ မိတ်ဆွေဆိုတာ မရှိပဲ ရန်သူတွေပဲ ပိုများပြားလာမယ်လို့ ထင်မိပါတယ်။ ကျွန်မကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောရရင်တော့ နားလည်တယ်ဆိုတဲ့ စကားလုံးလေးက အပြောလွယ်သလောက် အလုပ်အလွန်ခက်တဲ့ ကိစ္စပါ။ မိဘနဲ့ သားသမီးအကြား၊ ဆွေမျိုးသားချင်းအကြား၊ ငယ်ပေါင်းသူငယ်ချင်းတွေအကြားမှာတောင် နားလည်မှု လွဲမှားရာက ဆက်ဆံရေးအဆင်မပြေတာလေးတွေ ရှိတတ်တယ်ဆိုရင် သူစိမ်းသူမနဲ့ဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။ နားလည်မှုဆိုတာက ချက်ချင်းရနိုင်တာတော့ မဟုတ်ပါ။ အပြန်အလှန် နားလည်မှုရလာအောင် ကြိုးပမ်းယူရပါတယ်။ နားလည်မှုမရခင် ဆက်ဆံရေး ပြိုလဲသွားတာလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး နားလည်လာအောင် ကြိုးစားချင်စိတ်လေးရှိဖို့ကတော့ လိုအပ်လှပါတယ်။ တစ်ဖက်သားက ကိုယ့်စိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြောအဆို၊ အပြုအမူလေးတွေ ရှိလာရင် အခြေအနေ၊ အချိန်အခါ၊ သူပြုမူရတဲ့ အကြောင်းရင်း စတာတွေကို လေ့လာကြည့်ပြီးမှ တုန့်ပြန်သင့်တာကို တုန့်ပြန်တာမျိုးကို ဆိုလိုတာပါ။ သူ့နေရာကနေ တစ်ချက် ပြန်ဝင်စဉ်းစားကြည့်လိုက်တာမျိုးပါ။ မလွယ်ပါ။ အလွန်ခက်လှပါတယ်။ အခြေအနေ၊ အချိန်အခါတိုင်းမှာ ကျင့်သုံးလို့ မဖြစ်နိုင်ပေမယ့် ကျင့်သုံးလို့ ရနိုင်တဲ့ အခြေအနေမျိုးတွေလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့ မိတ်ဆွေဖြစ်လာမယ့်သူတွေ၊ မိတ်ဆွေဖြစ်ပြီးသူတွေကို ဆုံးရှုံးမှုနည်းမှာ အမှန်ပါပဲ။ အဖွဲ့နဲ့ အလုပ်လုပ်လာတဲ့အခါ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ကိုယ့်ကြောင့် တစ်ဖွဲ့လုံး ထိခိုက်သွားမလားဆိုတဲ့အတွေးဟာ အတော်ကို တွေးသင့် စဉ်းစား ဆင်ခြင်သင့်တဲ့အပိုင်းပါပဲ။ ငါ သာတယ် သူ သာတယ်ဆိုတဲ့ အတွေးထက် ဒီနေရာလေး တိုးတက်အောင် ဆက်လက်ရပ်တည်နိုင်အောင် အဖက်ဖက်က ၀ိုင်းဝန်းရင်း ဖေးမမှ ရေရှည်ရပ်တည်ပြီး အောင်မြင်မှု ရမှာ အမှန်ပါ။ ဒီတော့ ကျွန်မတို့က ဘာလုပ်ကြမလဲ ရောက်နေတဲ့နေရာမှာ အားလုံးနဲ့ လိုက်လျောညီထွေစွာ ဆက်ဆံပြီး ကိုယ်ကြိုက်တာမကြိုက်တာကို ညှိနှိုင်းတိုင်ပင်ပြီး နေထိုင်သွားကြမယ်ဆိုရင် ဘယ်နေရာရောက်ရောက် အဆင်ပြေပြီး နေထိုင်မှုဝန်းကျင်မှာလည်း ပျော်မွေ့လာမှာ အမှန်ပဲ ဖြစ်ပါတော့တယ်။

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။