မ ရယ် .. မိုး ရယ် .. ချောစိုး ရယ် … .. .. .

မန္တလေး – ကျောက်ဆည် ခရီးစဉ် .. ..

၂၃-ဇူလိုင်-၂၀၁၁

– – – – – – – – – – – – – – – – – – – –

မနေ့က ဘဲ အစ်ကိုတစ်ယောက်က ပြောလိုက်ပါရဲ့..

“ဒီမှာ ထမိန်လေး နဲနဲ မ, လိုက် စမ်းပါ …” ..

“အို .. ဘာဖြစ်လို့ လဲ …” .. ဆိုတော့ ..

“ခြေထောက်မှာ .. ဗွေ ဘယ်နှစ်လုံးလောက်များ ပါသလဲ လို့ ကြည့်ချင်လို့ပါ…” .. တဲ့ … ။ ကျမက ခရီးတွေချည်းဘဲ သွား နေလို့ ပါ တဲ့ ..။ ပြောလဲပြောစရာပါ..။ ဒီလ ၉ ရက်နေ့က ပဲခူးတိုင်းက ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ် နဲ့ ပေါင်းတလည် မြို့နယ် က ရွာတွေ ရောက်တယ်…။ ပြီးခဲ့ တဲ့ အပါတ်က ၁၅-၁၆-၁၇ က ဧရာဝတီတိုင်း – ဒေးဒရဲမှာ၊ အခု ဒီတစ်ပါတ်တော့ မန္တလေး နဲ့ ကျောက်ဆည် လေ.. ။ ပြောတဲ့သူက မလွန်ပါဘူး.. ။ ကျမ က ကိုက လမ်းပေါ်က လေဒီ ဖြစ်နေတာပါ..။

ဒီသောကြာနေ့ (၂၂-၇-၁၁) ကတော့ ည ၉ နာရီကား (မန္တလာမင်း) နဲ့ မန္တလေး ကို ပေါ့..။ မန္တလေး က ညီမလေး ချောစိုး က ပြောလို့ ကျောက်ဆည် ၊ မြင်စိုင်းရပ်က ဆင်ဖြူချပ် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကလေးကို သွား ကြည့်ဖို့ လေ..။

၁၇ ရက်နေ့ ည ဒေးဒရဲ က ပြန်ရောက်ပြီး ၁၈ ရက်နေ့မှာ မန္တလေးက ညီမလေး ချောစိုး နဲ့ ဖုန်းပြောကြ၊ email ပို့ကြ နဲ့ ဒီခရီးစဉ် အတွက် တိုင်ပင်ကြတာ..။

“ချောရေ.. မမ ဘာလုပ်ပေးရမလဲ ကလေးတွေကို ကျန်းမာရေး စစ်ပေးရမလား .. ။ ဒါမှမဟုတ် ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်ပေးရမလား …” လို့ မေးတော့ .. ညီမလေး ချောစိုး က ..

“မမ ရေ .. မမ အရင် လာကြည့်လိုက်ပါလား .. ဒါမှ ဘာလိုအပ်လဲ … မမ ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ဆရာတော် နဲ့ စကားပြောလိုက်ရင် ပိုကောင်းမယ်ထင်တယ် မမ..”

“အင်းလေ.. ဒါဆိုရင် မမ ဒီ စနေနေ့ လာခဲ့မယ်လေ …၊ ချော အားမလား..၊ ”

“ချောက ရတယ် မမ၊ မမ လာနိုင်တယ်ဆိုရင် .. ချော အားအောင်လုပ်ထား လိုက်မယ်.. ၊ ရတယ် မမ…”

ဒါနဲ့ ကျမနဲ့ ညီမလေး ချောစိုး နဲ့ ဒီစနေ (၂၃-ဇူလိုင်) ခရီးစဉ်လေးကို စ, ပြီးစီစဉ် ကြပါတယ်..။ ရန်ကုန်ကနေ ကျမ နဲ့ သမီးလေး ဒေါက်တာ မိုးမိုးက လိုက်မှာပါ..။ ဒါကြောင့် ဒီခရီးစဉ်လေးမှာ ကျမ ရယ်၊ သမီးလေး မိုးမိုး ရယ်..၊ ညီမလေး ချောစိုးရယ်..ပေါ့ ..။

မေ ရယ် .. မိုး ရယ် .. ချောစိုး ရယ် … .. .. .. . ပေါ့ နော် …

ကလေးတွေ က ညီမလေး ချော ပြောတာ .. ၃၀၀ ရှိသတဲ့ ..။ ကျမ က တကယ်တော့ ဒီတစ်ခါ သွားတာ ကျောင်း ကလေး ကို သွားကြည့်ရုံပါ..။ ပြီးတော့ ကျမတို့ရဲ့ ဒီလရဲ့ ပရဟိတ အလှူ ထဲ က ကျပ် တစ်သိန်း ကို လှူဖို့ပါ..။ ဒါပေမဲ့ ကလေးတွေ နဲ့ တွေ့ရင် ကျမက မုန့်ကျွေးချင်ပါတယ်..။ ဒါပေမဲ့ ကလေးကလဲ များတာမို့ ကျမ က အများ စုပြီး လှူကြရင် ကလေးတွေ ကို မုန့်တွေ လုံလုံ လောက်လောက် ၀ယ်သွားပေးနိုင်မှာဘဲ လို့ .. စိတ်ကူးပြီး သွားမဲ့ သောကြာနေ့ မနက်ကျမှ ရုံးက လုပ်ဖော် ကိုင်ဖက် ကျမရဲ့ အလှူရှင် ၊ စေတနာရှင်များကို “ငွေလေး တစ်ထောင်လောက် လှူကြမလားရှင် …” (Can you donate ks. 1,000 for the orphans and poor children?) လို့ email လေး ပို့လိုက်တာ .. သိပ်ကို ချစ်ဖို့ကောင်းကြတဲ့ အလှူရှင်တွေက သဒ္ဓါ တရားထက်သန်စွာနဲ့ ၀ိုင်းပြီး လှူလိုက်ကြတာ.. ကလေးတွေ အတွက် ပူတင်းပေါင်မုန့် အလုံး ၃၂၀၊ Lollipop အချောင်း ၄၀၀၊ ခဲတံ ၂၆ ဒါဇင်၊ ၁၂ လက္မ ပေတံ ၃၀၀ ချောင်း၊ ခဲဖျက် အလုံး ၃၀၀၊ နဲ့ ဆန် ၅ အိတ် ၀ယ်လှူနိုင်ခဲ့ ပါတယ်..။

ဒီတစ်ခါတော့ ညစာထမင်းမငတ်ပါဘူး..။ ည ၉ နာရီ ကား မို့ ရုံးကနေ အိမ်ကိုပြန်၊ ထမင်းစားပြီး ည ၇ နာရီ ကျမှ စိုင်းစိုင်း ရဲ့ ကားလေး နဲ့ အဝေးပြေးဂိတ်ကို သွားတာပါ..။ လမ်းမှာ သမီးလေး ဒေါက်တာ မိုးမိုး ကို ၀င်ခေါ်လိုက်တာပေါ့..။ ကားက အောင်မင်္ဂလာ အဝေးပြေးဂိတ် ကနေ ည ၉ နာရီမှာထွက်ပါတယ်..။ စနေနေ့ မနက် ၅ နာရီကျော် မှာ မန္တလေး ကို ရောက် ပါတယ်..။ ချော စီစဉ်ထား ပေးလို့ ချောရဲ့မောင်လေးက လာကြိုပေးပါတယ်..။ ပြီးတော့ သန့်ရှင်းရေးလေးလုပ် မနက်စော စာ စားကြပြီး မနက် ၈ နာရီ ခွဲ လောက် မန္တလေးက စ, ထွက်ပါတယ်..။ မန္တလေးက မထွက်ခင်မှာ ရွှေကျီးမုန့်တိုက်က ပူတင်းပေါင်မုန့် အလုံး ၃၂၀ မှာထားတာ ၀င်ယူပါတယ်..။ မန္တလေးက တစ်ကယ် စထွက်တော့ မနက် ၉ နာရီ ရှိနေပါပြီ..။ ကားက ကျောက်ဆည် အ၀င်မှာ ကျောင်းအတွက်လှူဘို့ ဆန်တွေ ၀င်ဝယ်တော့ ဆင်ဖြူချပ်ကျောင်း ရဲ့ ကျောင်းအကျိုး ဆောင်၊ ဒကာကြီး ဦးထွန်းတင့်အောင် က ကူညီပေးပါတယ်..။ ဆန်ဝယ်ပြီး သူ့ကားနဲ့ ဘဲ တင်ပြီး လိုက်ပို့ပေးရင်း လမ်းလဲ ပြရင်းပေါ့..။ ကျောင်းကိုရောက်တော့ မနက် ၁၀ နာရီ ရှိပါပြီ..။

ကျောင်းကလေးက ကျောက်ဆည်မြို့ မြင်စိုင်းရပ်၊ ရွှေသာလျောင်းတောင်ခြေရင်းမှာ ရှိပါတယ်..။ ကျောင်းဝင်းကတော့ အကျယ်ကြီးပါ..။ သစ်ပင်တွေ နဲ့ သာသာယာယာ လေးပါ..။

ဆရာတော် က သက်တော် သိပ်မကြီးသေးပါဘူး..။ ဒါပေမဲ့ ပရဟိတ စိတ်ဓါတ် အပြည့်နဲ့ မရ ရအောင်၊ မဖြစ် ဖြစ်အောင် ကြိုးစား ဆောင်ရွက် နေတာကို တွေ့ရပါတယ်..။ ဆရာတော် နဲ့ ဆွေးနွေးရာမှာ ကျမတို့ က လုပ်ပေး နိုင်တဲ့ လုပ်ငန်းတွေ နဲ့ လုပ်ပေးနိုင်တဲ့ ပုံစံလေးတွေကို လျှောက်ထားလိုက်တော့ ဆရာတော်က လဲ စိတ်ဝင်စားပါတယ်..။

“ကလေးတွေ ပညာရဖို့ အတွက် ဆိုရင် … ဘုန်းကြီး အမြဲ စိတ်ဝင်စားတယ်.. ” .. လို့ မိန့်ပါတယ်..။

အဲဒီနေ့မှာ ဆွမ်း အလှူရှင် ရှိတာကြောင့် သံဃာတော် တွေ၊ ကိုရင်တွေ အပြင် ယောဂီ၊ သက်ကြီးရွယ်အိုတွေ၊ နဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရော ကလေးတွေ အားလုံးကိုရော.. ထမင်းကျွေးပါတယ်..။ ကျမတို့ လဲ ထမင်းစားဆောင် မှာ သွားကြည့်ပြီး ဓါတ်ပုံ မှတ်တမ်း ယူကြပါတယ်..။ ကလေးတွေက သိပ်ကို ချစ်စရာ ကောင်းပါတယ်..။ နွမ်းပါးလို့ အ၀တ် အစားက အစ ပြည့်စုံပုံ မပေါ်ပါဘူး..။ ဘာဘဲဖြစ်ဖြစ် အပြစ်ကင်းစင်တဲ့ မျက်နှာလေးတွေကတော့ ချစ်စရာ ကောင်းနေတာ ပါဘဲ..။

ထမင်းစားတဲ့ အခါ လဲ မစားခင်မှာ မေတ္တာပို့ကြပါတယ်..။ ကလေးတွေက စည်းကမ်းလဲကောင်းကြပါတယ်..။ စံနစ်ကလေး တစ်ခုကို သဘောကျတာက ထမင်း လိုချင်ရင် လက် ၁ ချောင်းထောင်ရပါတယ်၊ ချဉ်ရေဟင်း (သို့မဟုတ်) ဟင်းပေါင်း လိုချင် ရင် လက် ၂ ချောင်းထောင်ရပါတယ်..။ ငရုပ်သီးကြော်လိုချင်ရင်တော့ လက် ၃ ချောင်းထောင်ရပါတယ်..။ အဲဒီ သင်္ကေတ နဲ့ ဆိုတော့ ထမင်း၊ ဟင်း လိုက်ရတဲ့ သူတွေက ဘာမှ မေးစရာလဲ မလို၊ မှား လဲ မမှားတော့ဘူးပေါ့..။

အလှူရှင် မရှိတဲ့ အခါ ဆိုရင်တော့ သံဃာတော် တွေနဲ့ ကိုရင်တွေ ဆွမ်းခံထွက်လို့ ရလာတဲ့ ဆွမ်းဟင်းတွေ ကို အိုးကြီးထဲ ထည့် ရောမွှေပြီး (ဟင်းပေါင်း..) တစ်ခွက်ထဲနဲ့ စားကြရပါတယ်..။ အလှူရှင်ရှိတော့လည်း.. အသားဟင်း တွေ ၊ ဘာတွေ နဲ့ လွေးရတာပေါ့..။ ကျမတို့ ကလဲ ထမင်းစားနေတဲ့ အချိန်မှာ ပူတင်းပေါင်မုန့် နဲ့ Lollipop တွေ လိုက်ဝေပေး ပါတယ်..။

အစ က သိခဲ့ တာ (မနှစ်က စာရင်း အရ) သံဃာ၊ ကိုရင်၊ ကျောင်းသား စုစုပေါင်း ၂၉၄ ပါးပါ..။ ဒါပေမဲ့ တစ်ကယ် ရောက်သွားတော့ (ဒီနှစ် စာသင်နှစ် စာရင်း က) .. .. .. ..

သံဃာတော် – ၁၁ ပါး၊

ကိုရင် – ၉၂ ပါး၊

ကျောင်းသား – ၁၇၂ ယောက် နဲ့

ကျောင်းသူ – ၁၆၃ ယောက်

စုစုပေါင်း = ၄၃၈ .. .. ပါ..။

အဲဒီတော့ ကျမတို့ ၀ယ်သွားတဲ့ မုန့်တွေက မလောက်ဘူး ဖြစ်သွားတာပေါ့..။ ဆရာတော်က သံဃာတွေရယ်..၊ ကလေးကြီးတွေရယ်.. မစားဘဲ ကလေး အငယ်တွေကို ဦးစားပေး ကျွေးခိုင်းလိုက်ပါတယ်..။

ပြီးတော့ ကျမတို့ လဲ အလှူ့ ထမင်းနဲ့ နေ့လယ်စာ တီးကြတာပေါ့..။ ပြီးတော့ ကျမတို့ ရဲ့ အလှူ ရေစက်ချ မှာ ကလေးတွေ အများကြီး က မေတ္တာပို့ပေးကြပါတယ်..။

ကျမတို့ ပြန်မယ်ဆိုတော့ နယ်ခံ ဆရာတော့် ဒကာကြီး ဦးထွန်းတင့်အောင် က ရွှေဂူကြီးဘုရားကိုလိုက်ပို့ပါတယ်..။ ရွှေဂူကြီး မသွားခင် အိမ်က ကလေးတွေ အတွက် ကျောက်ဆည်မှာ ဆင်ရုပ် တွေ ၀ယ်ကြပါသေးတယ်..။ ရွှေဂူကြီးဘုရား က ကျောက်ဆည်မြို့ ရဲ့ အနောက်ဘက် ၆ မိုင်လောက်မှာ ရှိပါတယ်..။ အညာရဲ့ ထနောင်းပင်တန်းတွေ စီရရီ ပေါက်နေတဲ့ လမ်းကလေးက သဘာဝ အတိုင်း သိပ်ကို လှပ ပါတယ်..။ ရွှေဂူကြီးဘုရား ကနေ ရွှေဂူကြီး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို လဲ ၀င်ကြည့်ကြပါတယ်..။ ကျောင်းထိုင်ဆရာတော်က ကျောင်း အကြောင်း ရှင်းပြပြီး၊ ဘုရားဂေါပက ကလဲ ရွှေဂူကြီးဘုရားသမိုင်းကို ရှင်းပြပါတယ်..။ ဦးထွန်းတင့်အောင် က ရွှေဂူကြီးဘုရား သမိုင်းမှတ်တမ်း ဓါတ်ပုံ နဲ့ VCD တွေ လက်ဆောင်ပေးလိုက်ပါတယ်..။

မန္တလေး ပြန်ရောက်တော့ ညနေ ၅ နာရီ ရှိပါပြီ..။ ညီမလေးချောက အိမ်ပြန်ပြီး ရေမိုးချိုးချိန်မှာ ကျမတို့က ချော စီစဉ် ပေးတဲ့ကားနဲ့ မန္တလေး ဆေးတက္ကသိုလ် မှာ တာဝန်ကျနေတဲ့ ကျမရဲ့ သမီးလေး (ကျမတို့ ရဲ့ volunteer doctor) ဒေါက်တာအေး ရဲ့ ဇီဇ၀ါဆောင် ကိုသွား ကြပါတယ်..။ ဆေးတက္ကသိုလ် ရဲ့ ဇီဇ၀ါဆောင်ရှေ့က မြောင်းရေတွေက အရမ်းကို ပုပ်စော်နံပါတယ်..။ အသက်မရှူနိုင်လောက်အောင်ပါဘဲ..။ ကျမ အရမ်းအံ့သြမိပါတယ်..။ ကျန်းမာရေး ၀န်ဆောင်မှုပေမဲ့ ဆရာဝန်တွေ မွေးထုတ်ပေးတဲ့ ဆေးတက္ကသိုလ် ရဲ့ အဆောင်ရှေ့က မြောင်းဟာ.. ကျန်းမာရေး အလွန်ထိခိုက်လောက် အောင် ကို နံစော်နေတာ ကိုပါ..။ သက်ဆိုင်ရာက တစ်ခုခုတော့ နည်းလမ်းရှာပြီးဖြေရှင်းပေးသင့်တယ်.. လို့ ထင်ပါတယ်..။ အနားပါတ်ဝန်းကျင်မှာလဲ စားသောက်ဆိုင်တွေ ရှိပါတယ်..။ လူတွေ ဘယ်လို နှာခေါင်းနဲ့များ ထိုင်စားနေကြသလဲ.. ကျမ မတွေးတတ်ပါဘူး..။ အကျင့်ဖြစ်ပြီး နှာခေါင်းယဉ်သွားတာများ လား..။ ဘာဘဲ ဖြစ်ဖြစ် ကျန်းမာရေးနဲ့ မညီညွတ်တာ..၊ ကျန်းမာရေးကို ထိခိုက်မှာ ကတော့ သေချာပါတယ်..။

ကျမရယ်၊ ဒေါက်တာ မိုးမိုးရယ်၊ ဒေါက်တာ အေးရယ်..၊ ဒေါက်တာခိုင်လေး ရယ်.. တရုပ်တန်းဈေးတန်းမှာ ချော နဲ့ ပြန်ဆုံ ကြပြီး မုန့်တွေစားကြပါတယ်..။ ကျမတို့ အဝေးပြေးကားဂိတ်ကို ရောက်တော့ ည ၇ နာရီ ခွဲကျော်ပါပြီ..။ ကားက ၈ နာရီခွဲ ကား ၀ယ်ထားတာပါ..။ ကားက မန္တလေး က ထွက်လာတော့ ထုံးစံ အတိုင်း ကျမ က ဒီကနေ့ ရဲ့ ကုသိုလ်တွေ ကို အမျှ အတမ်း ဝေပါတယ်..။ အလှူရှင် မောင်နှမများ၊ မိတ်ဆွေများ လဲ သာဓုခေါ်ပါနော်..။

ဆင်ဖြူချပ်မှာ ဆရာတော် နဲ့ ဆွေးနွေးကြပြီး လာမဲ့ သြဂုတ်လ ၆-၇ ရက်တွေမှာ ကလေးယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပေး ဖို့ နဲ့ ကလေး တွေ ကို ကျန်းမာရေး စစ်ဆေး ပြီး လိုအပ်သလို ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ စီစဉ် ခဲ့တာကြောင့် ဒီ စာ လေး နဲ့ တစ်ဆက်တည်းဘဲ အလှူခံချင်ပါတယ်..ရှင်..။

ကျောင်းမှာ အရေးတကြီး လိုအပ်ချက် က

၁) အိမ်သာ ဖြစ်ပါတယ်..။

ကျောင်းသား/ သူ ၄၀၀ ကျော် ရှိတဲ့ ကျောင်းမှာ အိမ်သာ ၂ လုံးထဲဘဲ ရှိပါတယ်..။

ဒါကြောင့် တစ်ချို့ကလေးတွေ က အိမ်သာ မစောင့် နိုင်ရင် အပြင်မှာဘဲ ပေါ့ .. .. ။ လက်ရှိ အိမ်သာကလဲ သိပ်မကောင်း တော့တဲ့ အပြင် ၂ လ ကို တစ်ခါ လောက် ပြည့်လျှံလို့ စုပ်ထုတ်ရပါသတဲ့ ..။ ကျန်းမာရေး အတွက် အဲဒါက အရေးတကြီး နဲ့ အမြန်ဆုံး လိုအပ်နေ ပါတယ်..။

Service tank နဲ့ အုတ်ပတ်လည် အိမ်သာ အလုံး ၂၀ လောက်လိုအပ်ပါတယ်..။

အိမ်သာ ၁ လုံး ကို ၃ သိန်းကျပ် နှုံး နဲ့ လှူနိုင်ပါတယ်..။

၂) ရေကန် ကလဲ အဓိက လိုအပ်ချက် တစ်ခုပါ..။

ရွှေသာလျောင်းတောင်က မီးသင့် ကျောက် တောင်ပါ..။ ကျောင်းရဲ့မြေအောက်မှာ လဲ သက်ရင့်မီးသင့်ကျောက်လွှာတွေ ရှိလို့မို့ ရေတွင်း တူးလို့ မရပါဘူး..။ ဒါကြောင့် ရေ ရှားပါတယ်..။ ဆရာတော် က ကလေးတွေ ရေချိုးဘို့ ဇော်ဂျီချောင်းကို ထော်လာဂျီ ငှားပြီး လွှတ်ရတာပါ..။ ပြီးခဲ့တဲ့ နှစ်တွေမှာ ကားခတွေ သိန်းချီပြီး တော်တော်ကုန်ခဲ့ရပါတယ်..။ သုံးရေ အတွက် လဲ ဇော်ဂျီချောင်း က ရေကို ကားနဲ့ တိုက်ပြီး ၀ယ်ခဲ့ ရပါတယ်..။ အခုတော့ ရေစီမံကိန်း နဲ့ ဇော်ဂျီချောင်းကနေ ကျောင်း အရောက် ပိုက်သွယ် နိုင် ခဲ့ပါပြီ..။ ဒါပေမဲ့ ရေကန်က လိုနေပါတယ်..။ ရေကန် အတွက် မြေကြီး တူးပြီးပါပြီ..။ ည မှာ ကန်အပြည့် ရေထည့်လိုက် ရင် မနက်ကျ တစ်စက်မှ မကျန်ပါဘူး..။ အောက်က ကျောက်လွှာတွေတော့ ရှိပါရဲ့..၊ ဒါပေမဲ့လဲ မြေကြီးက ရေမတင်လို့မို့ မြေတူးထားတဲ့ ကန်ကို အုတ်၊ ကွန်ကရစ်တွေနဲ့ ရေ တင်အောင်ပြုလုပ်ရအုံးမှာပါ..။

အဲဒါအတွက် ကုန်ကျစရိတ်က ၁၅ သိန်းပါ..။

၃) ကျောင်းဆောင်

ကလေးတွေ အတွက် စာသင်ဆောင် မလောက်ငှလို့ သစ်ပင်အောက်တွေက စာသင်ခန်းတွေဖြစ်သွားပါတယ်..။ စာသင်ဆောင် လှူဒါန်းလိုသူများ လဲ ဆက်သွယ်နိုင်ပါတယ်..။

၎) အိပ်ဆောင်

ကိုရင်တွေက ၁၅ပေ၊ ပေ ၃၀ လောက်ရှိတဲ့ အိပ်ဆောင်မှာ အပါး ၄၀ ကျပ်ကျပ်တည်းတည်း နေရပါတယ်..။ လှူလိုသူများ ဆက်သွယ်နိုင်ပါတယ်..။

၅) ဆေး

ကလေးတွေ က Hygiene တော့ လိုအပ်ပါတယ်..။ နေရာထိုင်ခင်း ကျဉ်းကျပ်လွန်းတာကြောင့် ကလေးတစ်ချို့ ကို ရွာထဲမှာ သွားအိပ်စေရပါတယ်..။ သန်ရှင်းရေး လိုအပ်ချက်ရှိပါတယ်..။ ကလေးတွေမှာ ပွေး၊ ၀ဲ၊ ဒက် စ, တာတွေ ရှိပါ တယ်..။ ပြီးတော့ ရေရှားလို့လား၊ အပူရှပ်လို့လားမသိပါ၊ မျက်စိ ကျန်းမာရေး ပြဿနာလေးတွေ ရှိပါတယ်..။

၆) စာသင်ခုံ၊ စာရေးကိရိယာ၊ အစားအသောက်

အစားအသောက် အတွက် ကတော့ အဓိက လိုအပ်တာ ဆီ၊ ငရုတ်သီး၊ ပဲ နဲ့ ကြက်သွန် ပါတဲ့..။

ရ) အ၀တ်အစား

ကလေးတွေ ချို့တဲ့ကြလို့ အ၀တ်အစားလဲ မပြည့်စုံကြပါဘူး..။ အသစ်ရယ် မဟုတ်ပါဘူး..။ အဟောင်းတွေ လဲ အလှူခံပါ တယ်..။ အဟောင်း မရှိလို့ လှူချင်တယ်ဆိုရင် ကလေး အရွယ်ဆိုဒ် တီ-ရှပ်တွေ ဈေးပေါပေါ နဲ့ ရနိုင်ပါတယ်..။

အလှူရှင်များ .. ၀ိုင်းကြ ၀န်းကြပါအုံးစို့ လို့ ဒီကနေ ဘဲ နိုးဆော်လိုက်ပါရစေနော်…။ အသေးစိတ်အချက်အလက်များ သိလိုပါက 2000.donation.group@gmail.com သို့ email ဖြင့်စုံစမ်းနိုင်ပါသည်..။ ဆရာတော် နှင့် တိုက်ရိုက် ဆက်သွယ်လိုပါက လဲ ဆက်သွယ်ပေးပါမယ်ရှင်..။

ဓါတ်ပုံတွေကတော့ ဒီ Link မှာပါ…

https://www.facebook.com/media/set/?set=a.1918160990252.2095245.1128815099

ပွင့်တဲ့ပန်းကလေးများအားလုံး လန်းဆန်းနိုင်ကြပါစေ…။

လိုအပ်သူတိုင်းကို ကူညီနိုင်သောသူ ဖြစ်ချင်ပါတယ်..။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OFံNOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

DO SMALL THING IN GREAT WAY.

P.S – ကျမရဲ့ notes များကို.. Share လိုပါက ခွင့်တောင်းရန် မလိုပါ.. Share နိုင်ပါသည်.. ရှင်..

2 toilets for 400 students

အပြစ်ကင်းစွာ ၊ အိပ်ပျော်နေသော.. ကလေး နှစ်ဦး ။ ၀ါးကပ်ပေါ်မှာ အိပ်နေရှာတာ..

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)