မဆုံးတဲ့ ….သီချင်း—၁၈

naywoon niJuly 27, 20111min741

မဆုံးတဲ့ ….သီချင်း—၁၈
*သစ္စာမဲ့တဲ့ ပိတောက်
တစ်နှစ်လုံးလမ်းလျှောက်နေတယ်..။
*တစ်ပင်လုံးဝါထိန်
ရနံ့များမှိန်ပျောက်
နေရာတစ်ကာ သူရောက်နေတယ်..။
*ချောက်လှန့်မှုအိပ်မက်
တစ်ညလုံးနှိပ်စက်
နွေညတွေကို အိပ်ရေးပျက်စေခဲ့..။
* ကဗျာသမားဘဝ
ထင်ထားသမျှထက်ကြမ်းရှ
(ဒါပေမဲ့)
ရင်ထဲက ဒုက္ခချိ်ုမြိန်နေ…။
*အပျိုမ
လှအောင်ဖန်တီး
နမ်းရှိုက်ပြီး နွမ်းမသွားခင်…။
* အလှဖွဲ့ ကဗျာ
ရသမဲ့ကဗျာ
ဘဝရဲ့ကဗျာ
ဗလာကဗျာ
ခပ်နာနာထုထောင်း
ဖုန်ခါပြီးရောင်းလိုရောင်း….။
အတွေးမပြောင်း
သဏ္ဍာန်ဟောင်းနဲ့
ယိုင်နဲ့နဲ့
နိုင်မဲ့ကစားပွဲ တစ်ခု
နှစ်တွေကျော်လွန်ခဲ့ပြီလေ…….။
* ပေတံတစ်ချောင်နဲ့
ဆယ့်ခြောက်နှစ်ရဲ့ အစွန်းတစ်ဖက်
ပြီးခဲ့တဲ့ အတိတ်ဟာ
အိပ်မက်သာသာပါပဲ..။
* ရာသီအိုဖာထေး
အမြင်မှေး
အထင်သေး
သွင်သွင်ကျိုးနေတဲ့
ခြေထောက်ရဲ့ အောက်
မျက်ရည်ပေါက်တွေကျခဲ့ဖူးတယ်..။
အဲဒိလိုနဲ့..။
ငါ
သွားစမ်း ပိတောက်
လွင့်ပေါက်ပစ်မိ
ရေးစမ်းကဗျာ
ဘဝမှာရှာကြည့်
(တစ်ကယ်တော့ )
ဘာမှမဖြစ်နိုင်သေးတာ
ခုနေမှာအကောင်းဆုံးပါပဲလေ………။ ။
ဒီကဗျာမှာ အပျိုမဆိုတဲ့ အပုဒ်ကိုဖြုတ်လိုက် နောက်ဆုံးစာပုဒ်ကို ပြင်လိုက်ရင် ကဗျာလို့ ပြောလို့ဖြစ်ပြီ..။ ခုတော့ နေဝန်းနီရဲ့ စကားလုံးကို ကုလားဖန်ထိုးထားတဲ့ ကဗျက်ပဲ ဖြစ်နေသေးတယ်..။ တစ်ပိုဒ်ချင်း အနေနဲ့ ကောင်းချင်နေတယ်..။ အဆက်အစပ်က ဟနေတယ်..။ ပြီးတော့ လောကမှာ ဘာမှမဖြစ်ဘူးဆိုတာ ရှိကိုမရှိဘူး..။ အချိန်တိုင်း အချိန်တိုင်းမှာ တစ်ခုခုတော့ ဖြစ်နေတာပဲ..။ ခုနေဝန်းနီ အရက်သောက်တယ်..။ လင်းသူ အရက်သောက်တယ်..။ အရက်သမားနှစ်ယောက် ဖြစ်နေတယ်..။ မင်းကဗျာ ရေးတယ်..။ င်ကဗျာရေးတယ်..။ ကဗျာသမားနှစ်ယောက်ဖြစ်နေတယ်..။ မောင်နေရေ.. မင်းတို့လို့ မော်ဒန်ဖြစ်အောင် ဖြစ်ညှစ်ရေးတဲ့ သူတွေ များလို့ ကိုလေးအောင်က ဘာပြောခဲ့လဲ သိလား မြန်မာပြည်မှာ ခွေးလေ ခွေးလွင့်တွေ ပြီးရင် ကဗျာသမားအပေါ ဆုံးပဲတဲ့..။ ဒီတော့ ကဗျာ တစ်ပုဒ်ရေးရင် အချိတ်အဆက်မိအောင်ရေး..။ တစ်ပုဒ်လုံး လှဖို့လိုတယ်..။ အဓိပါယ် ရှိဖို့လိုတယ်..။ အများနားလည်ဖို့လိုတယ်..။ မော်ဒန်ပဲ ဆိုပြီး ရေးချင်သလိုရေးလို့မရဘူး..။ အရေးကြီးတာက အားလုံးနဲ့ သက်ဆိုင်ဖို့ လိုတယ်..။ တစ်ယောက်ထဲ ခံစားရပြီး အများအတွက် အကျိုး မရှိရင် အလကားပဲ..။ ပြီးတော့ စာစုံအောင်ဖတ်..။ စာမဖတ်ဘဲနဲ့ ရေးလိုက်တဲ့ စာကိုဖတ်ရတာ ကလေးနဲ့ စကာပြောနေရသလိုပဲ..။ “
အဲဒိလို စကားတစ်ပြောပြောနဲ့ တစ်ခွက်ပြီး တစ်ခွက် သောက်လာလိုက်တာ နောက်တစ်လုံးပြောင်သွားပါရောလား..။ အပြင်မှာ မိုးတွေရွာနေတယ်..။ အခန်းထဲမှာတော့ မီးချောင်ထွန်းထားလို့ လေလုံပြီး အိုက်စပ်စပ် ဖြစ်နေတယ်…။ ညကိုးနာရီလည်းကျော်ပြီ…။ ဆိုင်ရှေ့မှာ ကိုဇောလည်း ဆိုင်ပိတ်နေပြီ..။
အဲဒါနဲ့ နှစ်ယောက်သား ဖန်ခွက်တွေ အမြည်းခွက်တွေ သယ်ပြီး ရှေ့ခန်းထဲကို ရွှေ့လာခဲ့တယ်..။ စောစောက စကားပြောရင်း ကိုလင်းသူ ရှေ့ထွက်သွားတာ ခုမှသိတယ်..။ သူ့ညီကို အရက်ထပ်ဝယ်ခိုင်းထားတာကိုးးး။။ ကောင်တာပေါ်မှာ ဂျင်တစ်လုံးရောက်နေပြန်ပြီ..။
“ ဒီနေ့မှ နေဝန်းနီ ဆိုတဲ့ကောင် အရက်သမားဖြစ်တာ..။ ဒီလိုသောက်နိုင်မှ…။ လာဒီကို………..”
တဲ့..။.. ကိုလင်းသူက ပြောပြီး ဆိုင်ရှေ့ထွက်သွားတယ်..။ ဆိုင်ရှေ့မှာ မိုးဖွဲလေးတွေ ကျနေတယ်..။ သူကရှေ့ထွက်သွားပြီး မိုးပေါ်ကို လက်ညှိုးထိုးပြတယ်..။ ဘာလဲ …ပေါ့..။ နေဝန်းနီ ဘုမသိ ဘမသိ မော့ကြည့်လိုက်တယ်..။ ဘာမှမတွေ့ရဘူး..။ ဒါပေမဲ့ မျက်နှာ ပေါ် ကျလာတဲ့ မိုးစက်တွေက လူကိုလန်းသွားစေတယ်..။ အေးစက်တဲ့မိုးရေ စက်တွေနဲ့ အဆီပြန်နေတဲ့ မျက်နှာ ထိတွေ့သွားတာကို ..။ အမူးနဲနဲပြေသွားသလို စိတ်ကိုလည်း လန်းသွားတာပေါ့…….။နေဝန်းနီက…
“ ဘာလဲအကိုကြီး” ….ပေါ့..။
“ မင်းရဲ့ အရက်ဆီ ပြန်နေတဲ့ မျက်ခွက်ကြီးကို မိုးရေခံ ခိုးင်းတာ ဟေ့…။ “
တဲ့..။ လေအေးအေး လေးကလည်း တိုက်နေတော့ ရပ်နေရင်နဲ့ အမူးပြေသွားသလို ပိုမူးလာသလိုပဲ…။
“ ညီဇော် ကော..။ သောက်ချင်သောက်နှင့်လေ..။ ကိုကြီးတို့ လေညှင်းခံလိုက်ဦးမယ်..။ အမူးပြေသွားအောင်..။ ငှက်ပျောသီးပေးပါဦးကွ…။ နေဝန်းနီကိုလည်းကျွေ.း.။ ဖီးကြမ်း ငှက်ပျောသီက အရက်သမားရဲ့ဆေး ကွ..။ သိလား…။ “
ကိုဇော်က ဖီးကြမ်း ငှက်ပျောသီးတွေ ဖြုတ်ပြီးလာပေးတယ်..။ နေဝန်းနီကိုလည်း လာပေးလေရဲ့..။ အရက်သမားရဲ့ ဆေး တဲ့ နေဝန်းနီလည်း အခွံ နွာပြီး စားလိုက်တာပေါ့..။ ဆေးလို့ ဆိုကိုး…….။
“ ငှက်ပျောသီးကို ဖြေးဖြေးစား အရသာခံပြီးစား ..။ရေသောက်..။ ဝိတ်လျော့..။ အရက်သမားဟာ အစာတင်ဂရုစိုက်ရမှာမဟုတ်ဘူး..။ ဆီးနဲ့ ဝမ်းကိုလည်း သူတစ်ကာထက် ဂရုစိုက်ရတယ်..။ အချုပ်မခံရဘူး..။ ဆီးချုပ် ဝမ်းချုပ် လေချုပ် မခံရဘူးပေါ့..။ “
ကိုလင်းသူက ပြောပြန်တယ်..။ အင်း..။ သူကနေဝန်းနီရဲ့ ဒုတိယ ဆရာ လို့ သတ်မှတ်ပါတယ်..။ (ကိုလင်းသူကောင်းရာသုဂတိလားပါစေ…။ 2000 ခုနှစ်လောက်က ကွယ်လွန်သွားပါပြီ..။ )
သူပြောသလိုလုပ် ကြည့်တော့လည်း စောစောက မူးနေတာပြေသွားသလိုပဲ..။ ဝမ်းထဲ အစာလည်း ဝင်သွားပြီကိုး ..။ ငြီးစီစီ ဖြစ်နေတာလည်း မိုးရေနဲ့ ထိလို့ လန်းနေတယ်..။ လူကပူထူနေသေးတယ်..။ ထုံနေတယ်..။ ကိုယ်လက်လှုပ်ရှားရတာက လေဟာနယ်ထဲ ရွှေ့နေရသလိုကြီး……။

နေဝန်းနီ

One comment

  • chityaaung

    August 4, 2011 at 8:55 pm

    ကိုနေရေ……. အရက်တောင် ပြန်သောက်ချင်စိတ်ပေါက်လာပြီ……. ငှက်ပျောသီး အမြည်နဲ့………. ခုလို မိုးဖွဲဖွဲလေး ကျနေတဲ့ညမျိုးဆိုရင်. အင်းးးးးးး

Leave a Reply