မဆုံးတဲ့ …သီချင်း–၁၉

naywoon niJuly 29, 20111min811

“ရီဝေယံ”
ကြားဖူးနေကြအသံမို့ နောက်လှည့်ကြည့်လိုက်မိတယ်..။ မသဲကွဲဘူး..။ နေကလည်းပူနေတယ်..။ အင်း မနက် ကိုးနာရီခွဲ ဇူလိုင်လ လယ်..။ ညကတော်တော် မူးနေခဲ့တာမို့ အိပ်ယာက မထချင်ဘူး..။ ဒါပေမဲ့ ဒီနေ့ လက်တွေ့ ရှိတဲ့ နေ့ဖြစ်နေလို့ သွားတိုက်ဆေး အထပ်ထပ်တိုက် ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားမှု လုပ် ..။ ဆပ်ပြာအထပ်ထပ်တိုက်ပြီး ရေချုးိ ..။ ကျောင်းထဲကို ရောက်အောင်လာခဲ့ရတယ်..။ ဘာမှမစားရသေးတာနဲ့ သိပံ္ပ ဆောင် ကင်တင်းဘက်ကိုထွက်ခဲ့တယ်..။ ဟုတ်တယ်..။ အဲဒိတုန်းက ကျောင်းကနှစ်ခြမ်းကွဲနေတာ..။ ကျောင်းက လမ်း80 ပေါ်မှာပဲ..။ အရှေ့ဘက်ခြမ်းက 34 လမ်းဘေး ..။မြောက်ဘက်ပိုင်းက အထက (၂၂) ..။ တောင်ဘက်ခြမ်းက ရတနာဘမ္မိနယ်မြေ ဝိဇ္ဇာ ဆောင် …။ အနောက်ဘက်ခြမ်း 34 လမ်းနဲ့ 35 လမ်းအတွင်း ကျောင်ဝိုင်းကြီးက သိပံ္ပ ဆောင် ..။အဲဒိလိုအလွယ်ပဲခေါ်ကြတာ..။ အရှေ့ဘက်ခြမ်းမှာ ကျောင်းဝန်းက ကျဉ်းတော့ စားသောက်ဆိုင်ထားစရာနေရာမရှိဘူး..။ အနောက်ဘက်ခြမ်းကတော့ နေဝန်းနီတို့ ပထမနှစ်တက်တုန်းက ကျယ်သေးတယ်..။ နေရာပေိုး့ရတယ်ပေါ့..။ 35လမ်းကနေဝင်လိုက်ရင် ကျောင်းပေါက်ကို ရောက်တာပဲ..။ အဲဒိတစ်ပေါက်ပဲ တံခါးကျယ်ရှိတာ..။ မြောက်ဘက် ဝင်းတံခါးက ကျဉ်းတယ်..။ ကျန်တဲ့ အပေါက်တွေက အသေပိတ်ထားတာ..။ စာသင်ခန်းနံပါတ်ကတော့ အနောက်ဘက်ခြမ်းကစရေပါတယ်..။ ကိုမျိုးတို့ IR&IA က စရေတယ်.။ ဒီနှစ်မှ ပထမနှစ်စခေါ်တာဆိုတော့ လူနဲတယ်..။ လူဦးရေကလည်း ကန့်သတ်ထားတာလေ..။ 35လမ်းနဲ့ ကပ်ရက် အောင်ပင်လယ် အဆောင် ကြီးရဲ့ အနောက်ဘက် မှာတစ်ထပ်ဆောင်လေး လေးခန်းရှိတယ်..။ အခန်းနံပါတ် 1,2,3,4 ပေါ့..။ နောက် 34 လမ်း ဘက်က လေးထပ်ဆောင်ကြီးရဲ့ အနောက်ဘက်မှာလဲ တစ်တစ်ထပ်ဆောင်လေးလေးခန်းရှိသးတယ်..။ အဲဒါက 5ကနေ 8အထိ ဘူမိဗေဒ စာသင်ခန်းတွေ..။ နောက်9 ကနေ 20 အထိက လေးထပ်ဆောင်ကြီးမှာ ..။ အဲဒိမှာ မြန်မာစာရယ် အင်္ဂလိပ်စာရယ် ရက္ခဗေဒရယ် သတ္တဗေဒရယ်..။ ပြီးတော့ ဟို းအနောက်ဘက်မှာ နှစ်ထပ်ဆောင်မဲမဲ ကြီးရှိသေးတယ်..။ 34 လမ်းကနေ 35 လမ်းအထိ အရှည်ကြီး အဲဒိမှာ ဘာသာရပ်ဆိုင်ရာလက်တွေခန်းတွေနဲ့ သချင်္ာ ဘာသာ ဓါတုဗေဒနဲ့ ရူပဗေဒဘာသာ စာသင်ခန်းတွေရှိတယ်..။ အခန်း 21ကနေ 25ထိရှိတယ်..။ အောင်ပင်လယ် အဆောင်နဲ့ လေးထက်ဆောင်ကြားမှာ ခရစ်ယာန် ချတ်ကျောင်းကြီးရှိတယ်လေ……။ ဝန်းကန့်ထားတာ..။ စောစောက ကင်တင်းဆိုတာက ချတ်ကျောင်းကြီးကို ကျောပေးပြီး အောင်ပင်လယ် အဆောင်ကြီးကို မျက်နှာ မူထားတာ..။ ဝင်းတံခါးပေါက် ကျယ်ကနေဝင်လာရင် တန်းတိုးတာပဲ..။ အောင်ပင်လယ်ဆောင်ကလား အပေါ်ထပ်ကခန်းမကြီးရှိပါတယ်..။ အောက်ထပ်မှာ လမ်းစဉ်လူငယ် ရုံးခန်းနဲ့ မြန်မာစာ ဌာနရှိတယ်..။ ချတ်ကျောင်းကြီးနဲ့ အနောက်ဘက်နှစ်ထပ်တောင်ကြားမှာ ဘောလုံးကွင်းက ခြားတားပါတယ်..။ ဒါကလည်းနေဝန်းနီတို ့ ပထမနှစ် အနေအထားပါ..။ နောက်နှစ်ကျတော့ ဘောလုံးကွင်းကြီးမရှိတော့ပါဘူး ..။ 1986 ခုနှစ် စနစ်ဟောင်း နောက်ဆုံးနှစ်နဲ့ ဆယ်တန်းအောင်လာတဲ့ ကျောင်းသားတွေ များလို့ စာသင်ဆောင် ပေါက်စတွေ ဖြစ်ကုန်ပါတယ်..။
ပုခုန်းကို လှမ်းပုတ်လိုက်လို့ သောက်နေတဲ့ လ္ဘက်ရည် ခွက်တောင် ဖိတ်သွားတယ်..။ နောက်လှည့်ကြည့်လိုက်တော့ အတန်းထဲက ကောင်တွေ.. ။ ဘောက်စ်..။ ဘောက်စ်ဝက်ဂွန်လို့ ခေါ်တဲ့ ဆေးပြားသုံးလို့ ဘောက်စ်လို့ခေါ်တာ..။ ဆေးပြားဖြူဖြူ လုံးလုံးလေးမှာ W လို့ရေးထားတယ်လေ..။ လမ်းဘေး ဆေးဆိုင်တွေမှာ ဝယ်လို့ရတယ်..။ သူ့ဟာနဲ့သူပေါ့..။ အဲဒိတုန်းက လမ်းဘေးမှာ ချရောင်းတဲ့ဆိုင်လေးတွေရှိတယ်..။ ခုမှပြန်စဉ်းစားမိတော့ sex နဲ့ ပါတ်သက်တာတွေ ရောင်းတာပါ.။ တားဆေးတွေဘာတွေလည်း ရတယ်..။ အဲဒိကထဲက မန္တလေးက ခောတ်မီနေတယ်လို့ပြောလို့ရပါတယ်..။ ဂေါ်လီတို့ငှက်မွှေးတို့ နဖားတို့ ကွန်ဒုံးတို့ လည်းအဲဒိမှာရှိတယ်..။ နောက် ကြီး ရှည် ကြာ ဆိုလား အဲဒိဆိုင်လေးတွေ မှာရှိတယ်..။ အဆက်အသွယ်ကောင်းရင် ဖင်န် စီ ဒိုင်းတောင် ရတယ်လို့ ပြောတာပဲ..။ 120 လောက်ပဲရှိတာ..။
“ဘာလဲဟ ဘောက်စ်ရ”
“ ဘာလဲ လုပ်မနေနဲ့..။ ဆရာသိန်းထွန်းခေါ်နေတယ်..။ မြန်မြန်သောက် သွားရအောင် “
တဲ့..။ လက်တွေ့စာအုပ်တွေ အတန်းထဲ ပြန်ဝေခိုင်းမလို့ထင်ပ..။ နေဝန်းနီတို့က အတန်းသာ မတက်တာ..။ လက်တွေ့ချိန် ကျတဲ့ ဆရာနဲ့ လက်တွေ့ စာအုပ်တွေ အသယ်အပို့လုပ်ပေးရင်း ဆရာနဲ့ နေဝန်းနီတို့က ရင်းနှီးပြီးသား..။ လက်တွေ့ရှိတဲ့နေ့တွေဆိုရင် ဘောက်စ်တို့ ဖန်န်စီတို့က ဆရာ့အိမ်ကနေ လက်တွေ့စာအုပ်တွေသယ်လာ..။ သူတို့က လူနဲတော့ နေဝန်းနီကိုလာခေါ် အတန်းထဲ တစ်ယောက်ချင်းပြန်ဝေပေး..။ လက်တွေ့ချိန် ပြီးရင် လက်တွေ့စာအုပ်တွေလိုက်စု ဆရာ့အိမ်လိုက်ပို့ပေးး..။ ဪ …ဆရာ သိန်းထွန်းအိမ်က မိန်းရဲ့ အရှေ့မြောက်ထောင့်မှာ…။ အဲဒိတုန်းက ခေါင်တယ်..။ အိမ်သိပ်မရှိသေးဘူး..။ နောက်မှ လူထူထပ်သွားတာ…။
အဲဒိလိုနဲ့ လက်တွေ့စာအုပ်တွေ ဝေပေးဖို့ ကျောင် ဝိုင်ိ်းထဲကို ပြန်လိုက်သွားလိုက်တယ်..။ နေဝန်းနီတို့က အရှေ့ဘက်ခြမ်းမှာလေ..။ အရှေ့တိုင်း ဘာသာရယ်..။ ပထဝီရယ်..။ ဒဿနိကရယ် ..။သမိုင်းရယ်..။ ဒါပဲ..။ မေဂျာဌာနတွေကတော့ သချင်္ာရယ် ပထဝီရယ်..။ အောက်ဆုံးထပ်က ကျောင်းသားရေးရာ ဌာနကြီးရှိတယ်..။
နေဝန်းနီလည်း ထုံပေပေဖြစ်နေတာ စာအုပ်ဝေရင်ချွေးပြန်လာတာပဲ..။ ကိုမြင့်ဇော်တို့ ပြောသလိုပဲ အရက်သမားက ချွေးထွက်နေမှ နေသာတာ ဆိုတာ..။ ဒါပေမဲ့လည်း မသက်သာပါဘူး..။ ချွေးထွက်တော့ အနံ့က အရက်နံ့ထွက်တာ..။ ဘယ်ကောင်းပါ့မလဲ..။ ကျောင်းသူတွေ ဝိုင်းအုံပြီး စာအုပ်လုနေကြတာ..။ ကျောင်းသားတွေက သိတဲ့အတိုင်း တစ်ခုခု လုပ်လိုက်တာနဲ့ ဝိုင်းအုံလိုက်တာပဲ…။ အဲဒိတော့ နေရာတင်နေ နာမယ်ပါရင်လက်ထောင်လိုက် နောက်ရောက်နေရင် လက်ဆင့်ကမ်းပြီးပေး..။ စည်းကမ်းလုပ်လိုက်ရတယ်..။ အဲဒိမှာပဲ ရီဝေဝေနဲ့က ချွေးပြန်ထွက်ပြီး ပြေသွားတော့တာပဲ..။ လက်တွေ့လုပ်ပြီးတော့ မိန်းနားလေး စာအုပ်တွေလိုက်ပို့..။ ဆရာက မနှစ်က မေးခွန်းတွေ တစ်စုံစီ ပေးလိုက်တယ်..။ ကျောင်းမတက်မှန်းသလို့လေ…။ မေးခွန်းပုံစံ လေ့လာဖို့တဲ့…။ မေဂျာဘာသာတင် မဟုတ်ဘူး ..။ ဘာသာစုံ ။ နိုင်ငံရေး သိပံ္ပ ကစပြီးတော့ မိုင်နာသချင်္ာ ဘာသာအထိ…။ ဟုတ်တယ်..။ နေဝန်းနီတို့ဘာသာကို ကိုးလို့ကန့်လိုက် လုပ်ထားတာ..။ မိုင်နာတွဲကို သချင်္ာ (သို့မဟုတ်) ပါဌိ ဘာသာ ယူရမယ်တဲ့ …။ အဲဒိတော့ အများယူရာ သချင်္ာပဲယူလိုက်မိတာ…။
ဆရာဆီက ပြန်လာတော့ ကိုမြင့်ဇော် ကုတင်နားသွားပြီး လက်ကျန်ရှာကြည့်လိုက်တယ်..။ သူထားတတ်တဲ့နေရာတွေ သိပြီးသားလေ..။ လစ်ပိုဗီတန် -ဒီ ပုလင်းခွံနဲ့ ထားခဲ့တဲ့ အရက်တွေ့တာနဲ့ ကောက်မော့လိုက်တယ်..။ ဒီလောက်တော့ ရေမလိုပါဘူး…။ မော့ပြီးတော့ ကိုမြင့်ဇော်က သူ့အခန်းထဲဝင်လာတယ်…။
“ ဟာ… ကောင်လေး ဆော်လိုက်ပြီလား”
တဲ့…။ ဝမ်းမီးရပ်လို့ ပြောတာပဲ..။ ဘယ်လိုစာလုံးပေါင်းလဲတော့ သိပါဘူး..။ ထမင်းစားပြီးတော့ ညက ဂျင်အရက်နဲ့ စောစောက ချလိုက်တဲ့ ဘီအီး ရောပြီး ပြန်မူးလာတာပေါ့လေ….။ ဒါပေမဲ့ ချွေးထွက်နေတော့ အနေတော်ပါပဲ…။ ကိုမျိုးက စာအုပ်တစ်ထပ် ကိုင်ပြီး နေဝန်းနီ အခန်းထဲဝင်လာတယ်..။
“ ငနေ စာကျက်တော့”
တဲ့..။ စာအုပ်ကို ရင်ဘတ်ပေါ် ပစ်တင်ပေးပြီး ပြန်ထွက်သွားတယ်..။ နေဝန်းနီလည်း မျက်တောင်တွေ စဉ်းပြီး ခဏ အိပ်ပျော်သွားတယ်…။

နေဝန်းနီ

One comment

  • chityaaung

    August 4, 2011 at 9:40 pm

    ကျောင်း အဟောင်းကို မြင်သာပါပေတယ်..။ ခုတော့ ဘာလုပ်ထားလည်းမသိရဘူးနော်……….. ကျောင်းဘက်ကောရောက်ဖြစ်သေးရဲ့လား?

Leave a Reply