ဟိုတစ်နေ့ က သားအမိ သားအဖ သုံးယောက် မနက်စာ စားဖို. လက်ဖက်ရည်ဆိုင် သွားကြတယ်..ပုံမှန်ဆို အိမ်မှာပဲ မနက်စာ စားနေကျမို. ရံဖန်ရံခါ ဆိုင်မှာ စားတုန်းလေး တ၀ ကြိတ်ကြပါတယ်.. အဲဒီဆိုင်က လက်ဖက်ရည်လဲကောင်း၊ စားစရာလဲ စုံပါတယ်..အာလူးပူတီ ၊နန်းကြီးသုတ် တစ်ယောက် တစ်ပွဲနဲ့ မ၀လို့ နောက်တစ်ပွဲ ထပ်မှာ ၊ တစ်ယောက် တစ်ဝက်စားနဲ့ ဗိုက်တော်တော်လေးကားမှပဲ ပိုက်ဆံရှင်းတော. စားပွဲထိုးမလေး ရောက်လာပါတယ်..စားထားတာတွေ ကြည်.ပြီး ၅၀၀၀ ကျတယ်တဲ့ … ကျမတို. က ပိုက်ဆံရှင်းခါနီးဆို ပြန်စစ်တတ်တဲ့ အကျင့်ရှိတော. ကောင်မလေးကို ဈေးတွေ ပြောခိုင်းပြီး ပြန်တွက်ပါတယ်..စားထားတာများပေမဲ့ ၅၀၀၀ တော့ မကျဘူးလို.လဲထင်လို.ပါ.. တကယ်တွက်ပြီးတော့ ၃၈၀၀ ပဲ ကျပါတယ်..ကဲ ဒီအထိထားဦး .. အမေက ၄၀၀၀ ပေးလိုက်ပါတယ်… အကြွေ ၁၀၀ မပါဘူးလားတဲ့…. ဟုတ်ပြီ ၁၀၀ လဲပါတယ်… သူဘာလုပ်မလဲ ကြည့်ရအောင် အကြွေ ၁၀၀ ပါပေးလိုက်တယ်.. ခဏနေတော့ ကောင်မလေး ပိုက်ဆံ ပြန်လာအမ်းပါတယ်… ၂၀၀ တန် တစ်ရွက်နဲ့ ဘောပင် တစ်ချောင်းပါ… အဲတော့မှ အမေက  ” သမီးရယ် ကျတာက ၃၈၀၀ ၊ အန်တီက ၄၁၀၀ ပေးတော့ သမီး ၃၀၀ အမ်းရမှာလေ..ဘောပင်က ဘာလို.ပါလာတာလဲ “ဆိုမှ “အော် ” ဆိုပြီး တစ်ခါ ပြန်သွားယူပါတယ်… ပြီးတော့လာပြန်အမ်းတာက ခုနက အမေပေးလိုက်တဲ့ ၁၀၀ တန်လေးပါပဲ…ကျမတို့ အားလုံးပြုံးဖြစ်ကြပါတယ်… ဒီနေရာမှာ သူက ၅၀၀၀ ကျတယ်ဆိုကတည်းက ပြန်မစစ်ဘဲ ပေးသွားတဲ့ သူတွေ ရှိမှာပါ…ဒါကြောင့်လဲ ဒီလို လုပ်တယ်လို. ထင်ပါတယ်.. အကြွေ ပြဿနာကတော့ နေရာတိုင်းဖြစ်နေတာမို. မပြောလိုပေမဲ့ ဒီလို မဆီမဆိုင် ဘောပင်အမ်းတာတော့ စနိုးစနောင့်နဲ့ ..သူ့သဘောနဲ့သူပဲ လုပ်နေသလား ..ဆိုင်ရှင်ကပဲ သင်ထားသလား ..စဉ်းစားစရာပါ…ဒါက မနက်ခင်းဖြစ်တဲ့ ဇာတ်လမ်း…

အဲဒီနေ့ပဲ အိမ်မှာ အလုပ်များပြီး ဟင်းမချက်နိုင်တာနဲ. ညနေစာကိုလဲ အပြင်မှာပဲ စားဖြစ်ကြပါတယ်… ညနေခင်းဆိုတော့ အဖေကလဲ ဘီယာလေးသောက်ချင်တာနဲ့ တရုတ်ဟင်းလျာ စုံစုံနဲ့ ဘီယာရော ၊ အကင်ရော ရတဲ့ ဆိုင်တစ်ဆိုင်ဆီ သားအမိ သားအဖ သုံးယောက် ချီတက်ကြပြန်ပါတယ်..စားပွဲထိုးကောင်လေးရောက်လာတော့ အဖေက သူ့အတွက် တိုက်ဂါးတစ်ခွက်နဲ့ အကင်မှာပါတယ်.. ဒီနေရာမှာ ..မှာတဲ့ အကင်တွေကို ပြောပါရစေ… ကြက်တောင်ပံ —- ၁ ကင် ၊   ကြက်ဆီဘူး—- ၁ ကင် ၊  ရုံးပတီသီး ၂ကင် ၊ ကြက်သွန်ဖြူ ၂ ကင် ၊ အာလူး ၁ ကင်  ပါ။ ဒါက အဖေ ဘီယာနဲ့စားဖို့ပါ .. ကျမတို. သားအမိက အဆီဘူးဆို အနံ့ မခံနိုင်လို့ မစားပါဘူး…နောက် ဟင်း ၃ ပွဲနဲ့ ထမင်းဖြူ ၃ ပွဲမှာ လိုက်ပါတယ်…စားပွဲထိုးလေးက ကျမတို့ မှာတဲ့အတိုင်းပြန်ရွတ်ပြသွားပါသေးတယ်….ခဏနေတော့ အကင်တွေ အရင်လာချပါတယ်… ရုံးပတီသီး ၊ အာလူး၊ ကြက်သွန်ဖြူ အားလုံး သူ့အရေအတွက် အတိုင်း မှန်ပါတယ်..ပြဿနာက ကြက်ကင်မှာ စပါတော့တယ်.. ကြက်တောင်ပံကင်ကို ပန်းကန်နဲ. အပြည့် တစ်ပွဲလာချပါတယ် .. အကင်ဆိုင်တွေမှာ အကင်ဆိုပေမဲ့တုတ်နဲ့မဟုတ်ဘဲ စားရလွယ်အောင် ပန်းကန်နဲ့ ပြင်ဆင်ပေးတာကြောင့် ကျမတောင် ကြက်တောင်ပံ တစ်ကင်က များသားပဲလို့ တောင်တွေးမိပါတယ်.. အမေကတော.  ” ဟဲ့..ဒါ တစ်ကင်တည်းမဖြစ်နိုင်ဘူးနော်..မေးပါဦး “ဆိုလို. ဒီပွဲထဲ အဆီဘူးပါ ပါနေမလားဆိုပြီး သေချာကြည့်မိပါသေးတယ်.. စားပွဲထိုးကိုခေါ်တော့ ဆီဘူးတစ်ပန်းကန်နဲ့ ထပ်ရောက်လာပါတယ်…ဒါက ဘယ်လိုလဲလို. မေးတော.မှ “ဦးတို့မှာတဲ့ အတိုင်း တစ်ပွဲဆီပါ” တဲ့…ဒါနဲ့ တစ်ပွဲကို ဘယ်နှချောင်းပါလဲ ဆိုတော့ ၅ ချောင်း တဲ့ … ဒါနဲ့ပဲ အဖေက “မင်းကို တစ်ကင်ဆီပဲ မှာတာ ဘာလို့ တစ်ပွဲချလဲ  ” ဆိုတော့ “ဦးလေးကို တစ်ကင်လား မေးတော့ တစ်ပွဲဆိုလို. တစ်ပွဲချပေးတာ ၊ ကျနော်တောင် ပြန်ရွတ်ပြလိုက်သေးတယ် ” တဲ့….စကားလုံးလေး တစ်လုံးနဲ့ အဲဒီလို မလိမ့် တစ်ပတ်လုပ်တာလောက် အသည်းယားတာ မရှိဘူး..ဒါနဲ့ အဖေက ” ဒါဆို မင်း အာလူးတို. ၊ ကြက်သွန်ဖြူတို့ကျ တစ်ကင်စီ ချပြီး တောင်ပံနဲ့ ဆီဘူးကျမှ ဘာလို့ ပွဲနဲ့ချလဲ” လို.မေးရော.. အဲလိုနဲ့ အငြင်းပွားရရော…နောက်တော့ အဖေက ‘မင်းကို ငါ တစ်ကင်မှာတာ တစ်ကင် ဖိုးပဲ ပေးနိုင်မယ်.. ကျန်တာ မင်းဟာမင်းရှင်း… မဟုတ်ရင်တော့ မင်းတို့ မန်နေဂျာနဲ့ ရှင်းရလိမ့်မယ် ” ဆိုမှ  ဒါဆိုလဲ ပြန်လျှော့ပေးပါ့မယ်ဆိုပြီး ပွဲတွေ ပြန်ယူသွားပါတယ်..ခုတလော ကြုံတွေ့နေရတာကတော့ နေရာတိုင်းလိုလို မလည် ရှုပ်၊ မလိမ့်တပတ်နဲ့ ၊ ကိုယ်ကလဲ မမှန်တာဆို “ထားလိုက်ပါတော့လေ ” ဆိုပြီး လျစ်လျူမရှုနိုင်တော့လဲ ခက်ပေသားပဲ..

“ဟိုလူနဲ. မတည့် ဒီလူနဲ့ မတည့် မင်းတော့ ငပွကြီးဖြစ်နေပြီ ” ဆိုပြီး ပြောတတ်ကြတာ သတိရမိပါရဲ့… ဒါပေမဲ့ ဟိုလူ ဒီလူတွေက မဟုတ်တာတွေ မမှန်တာတွေ လုပ်နေလို့ အလိုလို ငပွကြီးဖြစ်မှန်း မသိဖြစ်နေရရင်တော့  ” ဒါ ငပွကြီး အလွန်လား ” လို့ပဲ မေးလိုက်ချင်ပါတော့တယ်။       ။

 

About P zer

P Zer has written 3 post in this Website..