သမီးလေးရဲ့အလှတရား (၃)

Pearl MayJuly 30, 20111min1183

ဒီလိုနူးညံ့တဲ့ သမီးလေးဟာ တစ်ခါတစ်လေတော့လည်း အရိုင်းဆန်တတ်သေးတယ်။ ဒီကလေးနဲ့ပတ်သက်ရင် ကျမ တို့ကအကဲဆတ်လွန်းလို့ သူ့အမေရင်းက ဘာမှဝင်ပြီးကလေးအတွက် မစီစဉ်ရဲ မပြောရဲရှာဘူး ၊ နဂိုကတည်းက လူလည်းအရမ်းကြောက်တယ်။ ကလေးရဲ့အဖေကလည်း ရပ်ဝေးမှာ အလုပ်လုပ်နေတာဆိုတော့ ကလေးနဲ့ပတ်သက်ရင် ကျမတို့ခြေ ကျမတို့လက်ပဲ။ နွေရာသီကျောင်းပိတ်ရက် သင်တန်းအပ်တာ၊ ကစားကွင်းလိုက်ပို့တာကအစ ကျမစီစဉ်သလိုပဲလိုက်လုပ်ပေးတာ။ ဒီအပေါ်မှာကလေးကလည်း တမျိုးဖြစ် နေတယ်ထင်ပါတယ်။ တစ်ရက် အိမ်ကိုသူ့အမေလာတော့ မေကြီး လာ အလှပြင်ပေးမယ်ဆိုပြီး ပေါင်ဒါရိုက် နှုတ်ခမ်းနီဆိုး ဆံပင်စည်းပေးတယ်။ ရီစရာကြီးလိုပြင်ပေးထားတာပေါ့။ ပြီးတော့မှ ပြောတယ် မေကြီး video ရိုက်လို့ရပြီတဲ့။ သူ့အမေက ဝမ်းသာအားရနဲ့ ဟုတ်လားသမီး ဆိုတော့ သမီးလေး က ဟုတ်တယ် ရိုက်လို့ရတယ် ကားနာမည် က “လူရာမဝင်” တဲ့။ သူ့အမေမှာ အီလည်လည်ကြီးနဲ့ ဘာမှပြန်မပြောတတ်တော့ဘူး။ သူ့အဘွားက ဝင်ဆုံးမရတယ် ။ သမီး ကိုယ့်အမေကို ဒီလိုမပြောရဘူး ။ သမီးအမေကြီးကလူရာ မဝင်တာမဟုတ်ဘူး ။ သူကအိမ်မှာနေရတဲ့သူ ၊ သမီး မေမေ (ကျမ) က အပြင်မှာ အလုပ်လုပ်တဲ့သူ။ အပြင်မှာ အလုပ်လုပ်တဲ့သူက ဘယ်သင်တန်းကောင်းတယ် ဘာတွေ ခေတ်စားနေတယ်ဆိုတာ အိမ်မှာနေတဲ့လူထက်ပိုသိတယ်။ အဲဒါကြောင့် သူက ဘာမှ ဝင်မစီစဉ်ပေးတာ။ လိုအပ်တာမှန်သမျှ နောက်ကအကုန်လုပ်ပေးနေတယ်လေ။ အဲလိုနောက်က လုပ်ပေးရတဲ့သူက ပိုတောင်ပင်ပန်းသေးတယ် လို့ ပြောပြရတယ်။ အဲဒီနောက်ပိုင်းတော့ ကျမတို့အကဲဆတ်တာ နည်းနည်းလျှော့ပြီး သူ့အမေကိုပွဲထုတ်ရတယ်။ သားသမီးက မိဘကို အထင်သေးရင် သူ့နောင်ရေး အတွက် မကောင်းဘူးလေ။ ကျမတို့ သတိမမူခဲ့မိတဲ့အချက်ကို သမီးလေးက ထောက်ပြလိုက်သလိုပါပဲ။ သူ့အဘိုးက မိဘမေတ္တာစာအုပ်လေးတွေဝယ်လာပြီး အတူတူဖတ်ကြတယ်။ ကျမနဲ့အတူတူ အိပ်နေရင်းက တစ်ပါတ် ၂ ရက်လောက်ဆိုသလို သူ့အမေဆီပြန်အိပ်ခိုင်းရတယ်။ ကိုယ်ဝယ်ပေးချင်တဲ့စာအုပ် အဝတ်တွေဆို သူ့အမေကိုသေချာပြောပြပြီး ကလေးနဲ့အတူတူသွားဝယ်ခိုင်းရတယ်။ သူ့အမေရင်းအပေါ်မှာ ယုံကြည်အားကိုးမှုရှိလာအောင် ပြန်လုပ်ပေးရတယ်။ ကျမတို့အတ္တကြောင့် ကလေးအယူမှားမှာစိုးရိမ်တယ်လေ။ ဒီလိုလုပ်ပေးနေတဲ့ကြားက သူ့အမေခံလိုက်ရတဲ့အဖြစ်လေးရှိသေးတယ်။ ကျမအမမှာ သမီးလေးထက် ၃ နှစ်လောက်ကြီးတဲ့မွေးစားသားရှိတယ်။ အရင် ဦးလေးက အဲဒီကလေးကို ဇလွန်ကခေါ်လာပြီး မွေးစားထားတာ။ ဦးလေးဆုံးသွားတော့အမက တာဝန်ယူပြီးဆက်မွေးလိုက်တယ်။ ကျောင်းလည်း ထားပေးတယ်။ အခုဆို ၉ တန်းတောင်ရောက်နေပြီ။ သားအရင်းလိုချစ်ပေမယ့် တခါတလေတော့လည်း ပြောမရဆိုမရ ရင် ဒေါသအလျှောက်နာအောင်ပြောမိတာတွေလည်းရှိမှာပေါ့။ တစ်ရက် အဲဒီကောင်လေး ကျောင်းဆင်းတာအိမ်ပြန်ရောက်မလာလို့ လိုက်ရှာရရော။ နောက်ဆုံး game ဆိုင်မှာတွေ့တော့ ပြန်ခေါ်လာ ပြီး အားရပါးရဆူတာပေါ့ ။ နင့်ဘဝနင်သိ ငါလက်လွှတ်လိုက်ရင် နင်သူတောင်းစား ဖြစ်သွားမယ်ဆိုပြီးတော့။ အဲဒီမှာ သမီးလေးကထလာပြီး မေကြီး ခြေသလုံးကွဲအောင်ဖြစ်ဖြစ်ရိုက်လိုက်ပါ ။ အဲဒီလိုတော့ မပြောပါနဲ့ဆိုပြီး ငိုတော့တာပဲ။ စကားဆိုတာပြောတိုင်း ကောင်းတာမဟုတ်ဘူး လူမှာဒါဏ်ရာ ရတာထက် စိတ်ဒါဏ်ရာမရပါစေနဲ့ဆိုတာ သမီးလေးက သူတတ်သလို သင်ပေးလိုက်တာပါ။

အဲဒီနောက်ပိုင်း သူ့အမေလည်း ဆူချင်ပြောချင်တိုင်း ဒေါသကိုမျိူချပြီး ကောင်းကောင်းမွန်မွန် ချော့ပြီးဆုံးမတာ အကျင့်ဖြစ်ပြီး အပြောအဆိုတောင်အရင်ကထက် ပိုသိမ်မွေ့လာသလိုပဲ။ (ကိုယ်ပဲလိုရာတွေးပြီး စိတ်အထင်လားတော့မသိဘူး) သမီးလေးဆင်ပေးလိုက်တဲ့ အလှတရားတစ်ခုပေါ့။

မွေးစားအကိုအပေါ်အရမ်းချစ်တဲ့ သမီးလေး ကသူငယ်ချင်းတွေကိုလည်း နားလည်ပေးတတ်သေးတယ်။ ရာသီဥတုနည်းနည်းပူတာနဲ့ သမီးလေးနှာခေါင်းဖျားမှာ အဖုလေးတွေပေါက်ပြီး နှာခေါင်းထိပ် လေးနီနီနေတတ်တယ်။ အဲဒါကို သူ့ကျောင်းက ကောင်လေးသူငယ်ချင်းတွေက နှာနီမ လို့လိုက်စတယ်တဲ့။ အိမ်ကကောင်မလေး သူ့ကိုကျောင်းသွားကြိုရင်း ကြားလာလို့ ကျမတို့ ကိုပြန်ပြောပြတာ။ အဲဒီမှာဒေါသ မောဟတွေဖုန်းလွှမ်းနေတဲ့ ကျမက ဘယ်ကောင်တွေလဲ အဲလိုခေါ်တာ မနက်ဖြန်ဆရာမနဲ့လိုက်တိုင်မယ်လို့ပြောမိတယ်။ သမီးလေး ကကျမကို အထူးအဆန်း သတ္တဝါတစ်ကောင်လိုကြည့်ပြီး ဘာဖြစ်လို့လဲမေမေ မီးမီး နှာခေါင်းနီလို့ နှာနီမခေါ်တာလေ။ နှာနီမလို့ခေါ်တာ နှာဘူးမလို့ခေါ်တာမှ မဟုတ်တာလို့ပြန်ပြောတယ်။ ပေါ်လီယာနာအကြောင်း မသိသေးတဲ့ သမီးလေးရဲ့ နဂို ခွင့်လွှတ်ပေးတတ်တဲ့ စိတ်အလှတရားရှေ့မှာ ကျမအကျည်းတန်ခဲ့ရတယ်။

ဆက်ရန်

3 comments

  • hmee

    July 31, 2011 at 8:12 pm

    အခုခေတ်ကလေးတွေက အဲလိုပဲ အတော်တတ်တယ်။ ကိုယ်ငယ်ငယ်တုန်းကဆို အတော်တုန်းတာ။ မှီလည်း တခါတလေ သားဖြစ်သူဆီက အတုခိုးရတာရှိသေးတာ။ သားနဲ့မှ အင်္ဂလိပ်စာတွေ ဘာတွေ ပိုတတ်လာတယ်။ သူမေးတာကို မသိဘူး မပြောချင်လို့ စာအုပ်တွေ ပြန်ဖတ်နေရတယ်လေ။

  • hmee

    July 31, 2011 at 8:13 pm

    အတော်တုံးတာ လို့ရေးတာ သတ်ပုံမှားသွားတယ်။

  • ဆူး

    July 31, 2011 at 8:52 pm

    ကလေးတွေနဲ့ တူတူ မနေဘူးတော့ မသိဘူး ဒါပေမဲ့ ကိုယ်တိုင် ဖြတ်သန်း လာတဲ့ ဘဝ အနေအထားကိုတော့ ကောင်းကောင်း မှတ်မိတယ်။

Leave a Reply