သမီးလေးရဲ့အလှတရား (၄/ ပြီး)

Pearl MayJuly 30, 20111min1028

ဒီကလေးဟာ စိတ်ထားလေးကောင်း သလို ပညာရေးမှာလည်းကောင်းရှာတယ်။ ကျောင်းစာမှာ အဆင့်ကောင်းရုံအပြင် ၊ ပန်းချီ ၊ စာစီစာကုံး ၊ ကျောင်းဖျော်ဖြေရေးတွေမှာလည်း ဆရာမတွေအတွက် အားထားရာဖြစ်ခဲ့တယ်။ အမြဲတမ်းအဆင့်ကောင်းတဲ့သမီးလေး တစ်ခါတော့ အဆင့် ၆ ကို ဆင်းသွားတယ်။ အဆင့် ၁ ရတဲ့ကောင်မလေးက စာတော်တဲ့စာရင်းထဲမှာမပါပဲ မထင်မှတ်ပဲရသွားတာလေ။ သမီးလေးအဆင့်ကျသွားလို့ ဒေါသဖြစ်သွားတဲ့ကျမ က သူကဘာလို့အဆင့် ၁ ရတာလဲ ၊သမီးနောက်လပါတ်ကျရင် အဆင့် ၁ ပြန်ယူစမ်းလို့ပြောလိုက်မိတယ်။ အရမ်းဆိုးတယ်နော်။ ကိုယ့်ဟာကိုယ်တော့မသိဘူး ၊ ပူလောင်နေတာ။ သမီးက အေးဆေးပဲပြန်ပြောတယ်။ မေမေ တို့ မီးမီး အဆင့်ကောင်းရင်ပျော်တယ်မဟုတ်လားတဲ့။ ကျမကလည်း အင်း ပေါ့။ မီးမီး သူငယ်တန်းကတည်း က ခုချိန်ထိ ကျောင်း စာဆုတွေလည်း နှစ်တိုင်းရတယ် ပန်းချီ စာစီစာကုံးဆုတွေလည်းဆုဖူးတယ်။ မီးမီးသူငယ်ချင်းက အခုမှ အဆင့် ၁ တစ်ခါပဲရဖူးသေးတာ။ သူရော သူ့မိဘတွေရော ဘယ်လောက်ပျော်လိုက်မလဲတဲ့။ မီးမီးနောက်လ အဆင့်တက်အောင်တော့လုပ်မှာပါတဲ့။ ကြိုးစားခြင်း ရောင့်ရဲတတ်ခြင်း သီအိုရီစာအုပ်တွေမဖတ်ဘူးသေးတဲ့ သမီးလေးရဲ့ ရိုးသားတဲ့ စာနာတွေးခေါ်တတ်မှု အလှတရားလေးပါ။ လူလူချင်းကိုယ်ချင်းစာတရားထားဖို့ မျှဝေခံစားတတ်ဖို့ တွင်တွင်ဆုံးမတတ်တဲ့ ကျမတတ်ယောင်ကားမ နှုတ်ဆိတ်ခဲ့ရပါတယ်။ သမီးလေးလှစ်ဟပြတဲ့အလှတရားလေးတွေက အများကြီးပါ။ တစ်ခုချင်းစီ မှတ်မိနေတဲ့ကျမ အကုန်လုံးကိုစာဖွဲ့ရင် ပြီးဆုံးနိုင်မှာမဟုတ်ဘူး။ လောလောလတ်လတ်ဖြစ်ခဲ့တဲ့ အဖြစ်ကလေးမှာတော့ ကျမတကယ်ကိုခေါင်း မဖော်နိုင် အောင်ဖြစ်ခဲ့ရပါတယ်။ အိမ်မှာ နောက်ထပ် တူမကလေးငယ်လေးတွေရောက်လာလို့ အရေးအကြောင်းရှိရင် အဆင်ပြေအောင်ဆိုပြီး ရှိစုမဲ့စုငွေလေးနဲ့ ပေါချောင်ကောင်း ကားလေးတစ်စီး အမေက ဝယ်လိုက်ပါတယ်။ အခုမှရှိဘူးတဲ့ကားဖြစ်တာကတစ်ကြောင်း ကိုယ်က ကားမောင်းမကျွမ်းကျင်တာက တစ်ကြောင်း ကားရပ်ရင်နေသားကျဖြစ်ဖို့ ရှေ့တိုးနောက်ဆုတ် အခါခါလုပ်ယူရတယ်။ အဲဒီကြားထဲ အိမ်ရှေ့ (တိုက်ခန်း) လမ်းမှာ ဆိုက်ကားပြင်တဲ့နေရာ ညအိပ်ဆိုက်ကားလက်ခံတဲ့ နေရာတွေလုပ်ထားတော့ ကျမအတွက်ပိုအခက်တွေ့စေတာပေါ့။ တစ်ရက်တော့ ကျမကားရပ်နေကျနေရာမှာဆိုက်ကား တစ်စီးရပ်ပြီး ဘီးလေထိုးနေတယ်။ ကျမကားလာတော့ အမြန်ဖယ်ပေးရှာပါတယ်။ ကားလေးတစ်စီးရလို့အောက်ခြေလွတ်သွားတဲ့ ကျမ ကအမေ့ကိုပြောလိုက်မိတယ်။ အမေရယ် ကားရပ်ရမဲ့နေရာမှာသူတို့က ဒီလိုစည်းကမ်းမရှိ လုပ်ငန်းတွေလုပ်နေကြတာ သက်ဆိုင်ရာကိုသာ သွားတိုင်လိုက်ချင်တော့တယ်လို့။ အမေက ဘာမှပြန်မပြောခင်မှာ သမီးလေးက ထမင်းစားနေရာက မေမေရယ် မေမေ့ကားလေးတစ်စီး လွယ်လွယ် ရပ်ရဖို့အရေး သူများစီးပွါးပျက်အောင်လုပ်မလို့လားတဲ့။ ခုလည်းအဆင်ပြေနေတာပဲကိုတဲ့။ ကျမမျက်နှာနွေးကနဲဖြစ်သွားပြီး တကယ်မတိုင်ပါဘူးသမီးရယ် စကားအဖြစ်ပြောတာပါလို့ ပြန်လျှောချလိုက်ရတယ်။ ကျမဒီလိုမကောင်းစိတ်ဝင်မိလို့ထင်ပါရဲ့။ စနေနေ့တစ်ရက် ကားရပ်ထားတုန်းကလေးတစ်ယောက် ကား ကိုခြစ်သွားတာ အရှေ့ကနေ အနောက်ထိ အရှည်ကြီးပဲ။ ကျမမှာ ၃ ရက်လောက် စားမဝင်အိပ်မပျော်ဖြစ်ပြီး တော်တော်လက်ဆော့တဲ့ကလေးတွေ လက်ကိုဖြတ်ပစ်ဖို့ကောင်းတယ်လို့ ဒီပါးစပ်ကြီးက စည်းမရှိကမ်းမရှိ ထွက်မိပြန်ရော။ မတတ်ပ လေးက ခေါင်းထောင်လာတယ်။ မေမေ မောင်ထိပ်ကွက်လေးကိစ္စတုန်းက မေမေဘာပြောလည်း ရက်စက်လိုက်ကြတာ ယုတ်မာလိုက်ကြတာဆို ။ ဒါတောင်သူတို့က ခြေလက်ကို ဖြတ်ပစ်တာမဟုတ်ဘူးတဲ့။ (မောင်ထိပ်ကွက်လေးဆိုတာ ဆိုင်ပိုင်ရှင်ရိုက်နှက် နှိ်ပ်စက်လို့ ဆေးရုံရောက်သွားတဲ့ကလေးပါ၊ ဆိုင်ရှင်လည်းအခုထောင်ကျနေပါပြီ) ။ အခုမေမေက ကားလေးအစင်း ထင်တာနဲ့ဘာလို့ အဲလိုရက်စက်ချင်ရတာလဲတဲ့။ ကျမတကယ်မလုပ်ဘူး ၊ ခြစ်သွားတဲ့ကလေးကိုသိပေမယ့် ဘာမှတောင်ခေါ်မပြောဘူးဆိုတာသိပေမယ့် စကားအဖြစ်နဲ့တောင်ရက်စက်မှုကိုလက်မခံနိုုင်တဲ့သမီးလေးပါ။ ခုလိုစိတ်အလှတရားတွေနဲ့ပြည့်နှက်နေတဲ့သမီး လေး ကိုပြုစုပျိုးထောင်ရင်း  ကုန်ခဲ့ရတဲ့အချိန်တွေအတွက် သမီးလေး ဆီက အလှတရားတွေကို တိတ်တိတ်လေး ပြန်လည်သင်ယူနေရတာနဲ့တင် နောင်တရစရာမရှိဘူးလို့ထင်ပါတယ်။ သမီးလေးလဲ ဒီအလှတရားတွေကို အရွယ်ရောက်လို့ လောကအလယ်မှာရုန်းကန်လျှောက်လှမ်းရတဲ့အချိန်ထိ မပျက်မယွင်း စောင့်ရှောက်သယ်ဆောင်သွားနိုင်ပါစေလို့။

8 comments

  • windtalker

    July 30, 2011 at 10:02 pm

    အိုကေ ဗျာ
    တောင်းတဲ့ ဆုနဲ ့ပြည့်ပါစေ လို ့
    ဆန္ဒပြု လိုက်ပါတယ်

  • kai

    July 31, 2011 at 3:43 pm

    ကလေးအဖြူစင်ကလေးက.. အဖြူစင်စိတ်အခံနဲ့စဉ်းစားတွေးတော့… မွန်မြတ်တာလေးတွေထွက်လာတယ်ထင်ပါတယ်..။
    .. အဒေါ်တယောက်ရဲ့… မေတ္တာကိုတော့…အသိအမှတ်ပြုလိုက်ပါကြောင်း..။ 🙂

  • Grace

    July 31, 2011 at 8:04 pm

    ကလေးတိုင်းတော့ pisikway ရဲ့ သမီးလေးလို ဖြူစင်နိုင်မယ် မထင်ဘူး။အင်မတန်ကောင်းတဲ့ မွေးရာပါဗီဇလို့ ပြောရမယ်။ ပင်ကိုယ်သန္ဓေကောင်းတာမို့
    သမီးလေးလဲ ဒီအလှတရားတွေကို အရွယ်ရောက်လို့ လောကအလယ်မှာရုန်းကန်လျှောက်လှမ်းရတဲ့အချိန်ထိ မပျက်မယွင်း စောင့်ရှောက်သယ်ဆောင်သွားနိုင်မှာပါလို့…………..

  • hmee

    July 31, 2011 at 8:05 pm

    ကလေးလေးတွေရဲ့ စိတ်က တကယ့်ကို အဖြူထည်လေးတွေပါ။ ပတ်ဝန်းကျင်ကြောင့်သာ အရောင်လေးတွေ စွန်းသွားတတ်တာ။ တူမလေးကိုတောင် ဒီလောက်ချစ်တာ သားသမီးဆို ပိုချစ်မှာနော်။

  • ဆူး

    July 31, 2011 at 8:59 pm

    သက်ငယ် စကား သက်ကြီး ကြားနေရသလို ဖြစ်နေပြီ။
    ကလေးဆိုတာ ဗီဇာ နဲ့လည်း ဆိုင်တယ်။
    ကလေး က လာခြင်း ကောင်းတဲ့ ကလေး ဖြစ်ပါလိမ့်မယ်။

  • weiwei

    July 31, 2011 at 11:05 pm

    ကလေးဆိုတာ ဗီဇနဲ့လာတာဖြစ်လိမ့်မယ် …
    စိတ်ထားကောင်းတဲ့ကလေးက မွေးကထဲက မသင်ရပဲ စိတ်ထားကောင်းတယ် …
    ကျွန်မ တူတော်မောင်လေးကတော့ မွေးရာပါဗီဇလို့ပြောရမလားပဲ .. ရန်လိုတတ်တယ် … အားမတန်လို့မာန်လျော့ရပေမယ့် သားသားကြီးလာရင် … ဟိုလိုလုပ်ပစ်မယ် .. ဒီလိုလုပ်ပစ်လိုက်မယ်နဲ့ အမျိုးမျိုး ခြိမ်းခြောက်နေတော့တာပဲ …
    သားသားကြီးလာရင် တီချယ်တွေအကုန်လုံးကို ဖိုက်ပစ်မယ်တဲ့ … 😛

  • nature

    August 1, 2011 at 12:32 am

    ကိုယ်ချင်းစာတရားလေးနဲ့ နှစ်ဖက်မြင် ကြည့်တတ်ရင် တော်တော်များများ အဆင်ပြေသွားပါလိမ့်မယ်။ ဒီခလေးရဲ့ ပင်ကိုယ်စိတ်ဓါက် ကလေးကိုတော့ မချီးကြူးပဲ မနေနိုင်လောက်အောင်ပါပဲ။

  • chitpyae

    August 1, 2011 at 10:26 am

    ကလေး ဆိုပေမဲ့ သူ့ရဲ့တွေးခေါ်မှုနဲ့ စဉ်းစားတတ်ပုံလေးတွေက လူကြီးတွေ ထက်တောင် သာနေပါသေးတယ်။ ဒီလို ကလေးမျိုးအတွက် ဂုဏ်ယူပါတယ် 🙂

Leave a Reply