လေညှင်းလေးမှကြားစေ၏

tunkhannJuly 31, 20111min760

ခေတ်မှီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့  ဦးတည်နေသောလမ်းကြောင်းကြီးသည် အမှန်တကယ်ပင် တည့်တည့်မတ်မတ် တရိပ်ရိပ်ပြေးလွှားနေခဲ့သည်။အော်မောပေမှာပေါ့ အမောင်ရယ်…။

တစ်ရက်ဝင်ငွေ တစ်ထောင့်ငါးရာလောက်နဲ့ လောကကြီးကိုရင်ဆိုင်နေခဲ့သည်။မမှုပါ မဖြုံပါ အားကိုခဲလို့ ထိုယာဉ်ကြီးနဲ့ တစ်ဖဝါးမခွာ လိုက်လာခဲ့ရတာ ရေးရေးသာ မြင်ရတော့သည်။ထိုယာဉ်ကြီးက ဟိုးအဝေးတစ်နေရာကနေ ကျနော့ကို စောင့်စားနေဟန်တူပါလေ၏။မီးရောင်ထိန်ထိန်လင်းနေတဲ့ ဟိုးအဝေးက ရွှေမြို့တော်ကြီးကို တစ်ခေါက် အဲ နှစ်ခေါက်ရောက်ဖူးပါသည်။တစ်ညအိပ်ခ 65000 လောက်ရှိသော ပမာဏကို ကျနော့မျက်လုံးများ ပြာဝေမူးမိုက်စွာ သုံးညတာ အိပ်စက်ခဲ့ပါသည်။မတူလေမှ မတူနိုင်ပေ။စားစရာကို တစ်နေရာတည်းတွင်ရရှိနိုင်ပါသော်လည်း တာယာပါးအောင်မောင်းခဲ့ရသော ခရီးသည် တစ်ရက်လျှင်150မိုင်နှင့်200 ဝန်းကျင်ခန့်ရှိပေလိမ့်မည်။ကျယ်ဝန်းပါပေသည် စည်ကားပါပေသည် အဆင့်အတန်းဆိုတာကို သိသာစေပါသည်။ခွဲခြားထားသော အနေအထားမဟုတ်သော်လည်း လောကနီယာမအရ ပိုင်းခြားခံနေရသော လူသားတို့သည် များပြားလှပေသည်။အခန်းထဲမှာ ဇိမ်ကျကျ lip top တစ်လုံးနှင့်အလကားရသော အဲဆားဗစ်တစ်ခုဖြစ်သော WiFi ကိုတစ်နေကုန်ထိုင်သုံးရင်း အချိန်လဲဖြုန်းခဲ့ရပါသေးသည်။အမဖြစ်သူ၏စကားများကိုလဲ နေ့တိုင်းကြားယောင်မိပါသည်။ငါဘယ်ကိုသွားသွား ခေါ်မယ် ဘာကိုပဲတွေ့တွေ့ စားဖူးအောင် ဝယ်ကျွေးမယ်။အဆင့်တန်းဆိုတာသိအောင် အဆင့်ရှိတဲ့နေရာတွေကို လိုက်ပို့မယ်။အဲဒါတွေကို နင်မက်မောလာရင် ငွေကိုရအောင်ရှာချင်စိတ်ဖြစ်လာမယ်ဆိုရင် ငါခေါ်ခဲ့ ကျွေးခဲ့ ထားခဲ့တာတွေက တန်ပါတယ်တဲ့…။

မျှော်တော်ယောင်…မျှော်တော်ယောင်… အဆောင်အရောင်တွေနဲ့များလိုက်ပါဘိကွယ်။ကိုယ့်အရပ်ကိုယ့်ဒေသ ပြန်ရောက်တော့ ကြားလိုက်မိတဲ့သတင်းစကားတစ်ခု။အော် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ရောက်ပြီလို့ စိတ်ထဲမှာ အားရဝမ်းသာ တွေးမိနေခဲ့ပါသည်။လမ်းဘေးဈေးဆိုင် ကင်းရှင်းရေးဆိုသော အစီအစဉ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လိုက်ကြတာ တက်ညီလက်ညီပါပဲ။အဲဒီအထဲမှာ ကျနော်တို့ဆိုင်လေးလဲအဆစ်ပါသွားတာပေါ့။ဈေးဝယ်တွေ နေမပူစေချင်သော စေတနာဖြင့် အရိပ်လေးတစ်ခု အမိုးလေးပေါ့ လုပ်ထားလိုက်တယ်။ပစ္စည်းဖိုး လုပ်အားခ များများတော့မဟုတ်ပါဘူး 150000 လောက်အကုန်ခံထားတာလေးပါ။ဖျတ်လိုက်ရပါတယ်။ဒါတောင် မသေချာမှာစိုးလို့ တိုင်တွေမဖြုတ်ပဲ အမိုးတွေ ဖြုတ်ထားတာကိုပြောသွားသေးတယ် စည်ပင်က မင်းတို့က အမိုးဖြူတ်ထားလို့ ဒဏ်မရိုက်တော့ဘူး ကျန်တာအကုန်ဖျတ်လိုက်တော့တဲ့။ကိုယ်ကလဲပြောလိုက်ရတာပေါ့ဗျာ။လက်သမားတွေခေါ်ထားတာ မနေ့ညနေက ညနေစောင်းမှ ရောက်လာလို့ မပြီးလိုက်ဘူး။ဒီနေ့မနက်လဲ စောစောလာခဲ့လို့ပြောထားတာကို မလာကြသေးလို့ပါလို့ပေါ့။အင်း…ပြောရရင် အဲလောက်အကုန်ခံထားရမှာတော့ ဖျတ်ခပါထပ်ကုန်ဦးမယ်ဆိုတော့ ကိုယ်တိုင်ဖျတ်ထားလိုက်တာပါ။

အသံတွေကြားရပါပြီဗျာ။မကြာပါဘူး နောက်နှစ်ရက်လောက်နေတော့ပေါ့ဗျာ။ဆိုင်ခန်းမငှားနိုင်လို့ လမ်းဘေးရတဲ့နေရာလေး ကပ်ပြီးဈေးရောင်းနေကြရတဲ့ မိသားစုဘဝကို သနားသောအားဖြင့် တစ်စက္ကန့်လောက်မြင်ယောင်ကြည့်ပါ။သူတို့ဘယ်မှာဆိုင်ဖွင့်မလဲ။ဒီတိုင်းပစ်ထားတဲ့ မီတာတောင် စောင့်ရှောက်ခဆိုတဲ့ စာတန်းအောက်မှာ တစ်ထောင်ပေး ပေးနေရတယ်မဟုတ်လား။သူတို့ဘဝက လုပ်စားစရာမရှိတော့မှတော့ ငတ်သေရုံပဲပေါ့ဗျာ။ဆိုင်လည်းမဖွင့်ရမှတော့ အလုပ်အကိုင်ကလဲမရှိတော့ဘူး။တစ်နေကုန်အိမ်ထဲ ဗိုက်မှောက်အိပ်နေကြရုံပဲပေါ့။ပြောကြပါပြီ။ပွက်လောရိုက်နေအောင်။လုပ်ကြပါဦး အော်ဟစ်နေကြပြီ။ဘယ်လောက်ထိလဲဆိုရင် ခင်ဗျတို့စည်ပင်ကို ကျုပ်တို့က တစ်နှစ်စာပေးပြီး ဖွင့်ထားရတာ ခုဘာအာမခံချက်မှမရှိဘူး။ဘယ်လိုလုပ်မလဲ ဆိုသောစကားများ အပြည့်အသိပ်ကြားနေကြရသည်။စည်ပင်ကလဲ စဉ်းစားစရာဖြစ်လာသည်။ဘက်ဂျက်အဖြစ် လမ်းဘေးဈေးဆိုင်များကို အခွန်ခေါက်ခံရန် ထိုလူကြီးမင်းကိုယ်တိုင် ချမှတ်ထားခြင်းဖြစ်သည်။ယခုလမ်းဘေးဈေးဆိုင် ကင်းရှင်းရေး အစီအစဉ်ချမှတ်သော ထိုလူကြီးမင်း အမြန်ပြန်လည်ပြင်ဆင်လိုက်ရပါတယ်ခင်ဗျာ…။ပြန်လည်ရောင်းချစေ…။