ဝေခွဲမရသော incoming call no. များ အကြောင်း …

etoneJuly 31, 20111min1005

ဒီနေ့ ရုံးမှာ အင်တာနက် ကွိုင်ပတ်နေတာနဲ့ … ဘာမေးလ်မှလည်း မဝင် ၊ ဘယ်သူနဲ့မှလည်း ဆက်သွယ်လို့ မရတာကြောင့် … pending လုပ်ထားတဲ့ အလုပ်လေးတွေ ဟိုလုပ်ဒီလုပ်နဲ့  … အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာပေါ့ … ။ ဘရော့ဘမ်း ပြသနာ တက်နေလို့တဲ့လေ … အိပဲ့အိပဲနဲ့တော့ ပြင်ဖို့ ကြိုးစားနေတာပါပဲ … ။ သုံးလို့မရတာ သုံးလေးရက်ရှိပြီ … အစကတော့ ဆာဗာ ဗိုင်းရပ်စ်ကိုက်တယ် ပြောတာပဲ … အခုတော့လည်း မဟုတ်ပြန်ဘူး … ဘရော့ဘမ်းဖြစ်တာတဲ့ … ။ MCWill ထပ်ထည့်မယ်လည်း စဉ်းစားနေတယ်တဲ့ … ဘယ်မှာ ပြသနာရှိရှိ … စိတ်မဝင်စားပါဘူး …. အင်တာနက်ပြန်သုံးရဖို့ပဲ အရေးကြီးတာလေ … ။ နေ့တိုင်း ဝင်ဖတ်နေကြ ဂေဇက်ထဲ မရောက်ဖြစ်တော့ … ရင်ထဲမှာ ဟာတာတာနဲ့ … ရုံးချိန်ပြင်ပအပြင်မှာ သုံးဖို့ကလည်း ….ညနေပိုင်း နောက်အလုပ်တစ်ခု ပြေးရသေးတာကိုး ….. အိပ်ချိန်မှ အိမ်ပြန်ရောက်တဲ့ … စက်ရုပ်လူသားလိုပဲ … အရာရာတိုင်းကို အချိန်ကိုက်လုပ်ဖို့ သတ်မှတ်ထားပေမဲ့ …  အင်တာနက်မရတာကြောင့် … လတ်တလော အလုပ်ပါးပြီး နောက်ပိုင်း ခေါင်းကိုက်လောက်အောင် အလုပ်ရှုပ်မှာ မို့ … တွေးပြီး စိတ်ညစ်ရပါတယ် … ။

ဟိုလုပ် ၊ဒီလုပ် လုပ်နေတုန်း … ချမ်းချမ်းသီချင်းသံလေး ကြားမိလိုက်လို့ …. တိုးတိုးလေးလိုက်ညည်း မိလိုက်သေးတယ် … နောက်တော့ အသံက တဖြည်းဖြည်းကျယ်လာတယ် … ဘယ်သူများဒီလောက် သတိ္တကောင်းကောင်းနဲ့ ရုံးချိန်ကြီးကို သီချင်းဖွင့်ရဲသလဲ တွေးနေတုန်း … ထပ်ခါ ထပ်ခါ ပြန်လာနေတဲ့ သီချင်း စာပိုဒ်လေးကြောင့် … သတိဝင်သွားခဲ့ပါတယ် … ။ အော….. ကျွန်မဖုန်းသံပါ …။

အိမ်မှာ ဖုန်းအားသွင်းရင် မီတာတက် …. အဲ… အလကားပြောတာပါ …ဖုန်းအားသွင်းဖို့ မေ့နေခဲ့လို့ … ပလပ်ပေါက်လွတ်တဲ့ GM ရဲ့ စားပွဲနောက်မှာ ကဒ်ထူပုံးလေးပေါ်တင်ပြီး အားသွင်းထားတာ … အဲ့ဒီကဖုန်းမြည်တဲ့ အသံပါပဲ … ။ ကိုယ့်အနားက အသံမဟုတ်တော့ …သူများ သီချင်းဖွင့်တယ်ပဲ ထင်တာ … ။ ကျွန်မတို့ ခုံနားကပလပ်တွေ အပေါက်ပေါင်းမြောက်မြားစွာ ကွန်ပျူတာတွေ ၊ စကန်နာတွေ ၊ပရင်တာတွေ သောင်းခြောက်ထောင် လိုင်းဆွဲထားတော့ … ဘယ်ပလပ်ပေါက်မှ မအားတာကြောင့် …. လွတ်တဲ့နေရာလေးမှာ သွားပြီး အားသွင်းထားရတာ … ။ ကျွန်မကြောင်အမ်းအမ်းနဲ့ သီချင်းလိုက်ညည်းကောင်းနေတုန်း …. ဖုန်းသံမှန်း သိသိချင်း ဖုန်းကိုင်မလို့သွားတော့ … ဖုန်းကကျသွားပါတယ် … ။   နောက် တမိနစ်လောက်အကြာမှာ ထပ်ခေါ်ပါတယ် … ။ 0039 နဲ့ စကာဆိုတော့ … အီတလီကပေါ့ … ။ အီးမေးလ်တွေ စာ မပြန်လို့ ဖုန်းဆက်ပြီး မေးတာဖြစ်မယ် …… အလုပ်ပါတနာတွေ စိတ်ကြီးကြပုံပါပဲ ….  😀 ဖုန်းလိုင်းက ကျလိကျလိသံရောနေတာကြောင့် … လိုတာပြောပြီး … ဖက်စ်ပို့ပါဆိုကာ ဖုန်းချလိုက်တယ် … တဖက်ကလူကလည်း သုံးမိနစ်အတွင်း ဖက်စ်ပို့မယ်ဆိုပဲ …. ။ ကျွန်မလည်း ဖက်စ်လေးနားမှာ ငုတ်တုတ်လေးသွားစောင့်တယ် … ဘယ်ဖက်စ်မှ မဝင်ဘူး … ။ ဒါနဲ့ … ငါးမိနစ်လောက်ခြားတော့… ဖုန်းတခါ ထပ်ဝင်ပါတယ် … လိုကယ် ဂျီအက်စ်အမ် နံပါတ်နဲ့ပါ … ။ 095031 xxxx သိတဲ့ နံပါတ်မဟုတ်တော့ … ဇဝေဇဝါနဲ့ ဖုန်းကိုင်လိုက်တယ်  … ။ ကြားရတဲ့ အသံက ခုနက ခေါ်တဲ့ အီတလီကပါတနာ အသံပါ … ။ ဟဲ့ ဘယ်လိုများဖြစ်သလဲပေါ့ … နင်ဒီကိုရောက်နေလားမေးတော့ … မရောက်ဘူးတဲ့ … ငါအီတလီမှာပါပဲတဲ့လေ … ။ ဖက်စ်က အလုပ်မလုပ်လို့ … မေးလ်ကို ညဘက်ဝင်စစ်ဖို့ချည်း အထပ်ထပ်မှာပြီး ဖုန်းချသွားပါတယ် … ။ အိုဗာစီးကောဆိုလျှင် ဒီဘက်မှာ တခါတလေ နံပါတ်မှန်ပေါ်တယ် … ဧရိယာကုတ်တောင် ပါသေးတယ် … ။ တခါတလေ … unknown no. ဆိုတာမျိုးပေါ်တယ် … အခုလို … လိုကယ် နံပါတ်ပေါ်ပြီး အိုဗာစီးကော ဝင်တာ ဒါနဲ့ဆို သုံးကြိမ်မြောက်ပါပဲ … ။ ဘာလို့မှန်းတော့ ကျွန်မလည်း သေချာမသိဘူးလေ … ။

ပထမတစ်ခါတုန်းက … ဂျာမဏီဘက်က ပါတနာက ဖုန်းခေါ်တယ်… နေပြည်တော် ငါးသိန်းဖုန်းနံပါတ်ဒီဘက်မှာ လာပေါ်တယ်… ကိုင်လိုက်မှ သူဖြစ်နေတော့ … ဘယ်မှာလဲမေးတော့လည်း … ဂျာမဏီမှာပါတဲ့ … ။ စဉ်းစားမရတာကို ဇွတ်မစဉ်းစားတော့ဘူး … မေ့မေ့ပျောက်ပျောက်နေလိုက်တာပါပဲ …. ။ ဒီလိုနဲ့ … ညနေခင်းတစ်ခုမှာ …. ကိုရီးယားရောက်နေတဲ့ … သူငယ်ချင်းတစ်ယောက်ဖုန်းဝင်လာတယ်.. မြင်ကတည်းက 0082 ဆိုတော့ …ကိုရီးယားကမှန်းသိလို့ … စကားမပြောချင်တာနဲ့ … ကျွန်မ မကိုင်လိုက်ပါဘူး …. ။ ဘေးမှာကလည်း ကျွန်မ ချစ်သူ ရှိနေတာကြောင့် …ဖုန်းမကိုင်ဖြစ်တာပါ… ။ သူက သဘောထား သေးသိမ်ပြီး အူတိုတတ်တဲ့ လူတော့ မဟုတ်ပေမဲ့ …. သူဘေးမှာ ရှိနေတုန်း တစိမ်းယောကျာင်္းလေး သူငယ်ချင်းဖုန်းဝင်လာတာ … ဘယ်လို စကားကောင်းကောင်းပြောလို့ရပါ့မလဲနော် … တော်ကြာ တဖက်ကလူကိုလည်း ….စကားပြောရတာ အနှောက်ယှက်ဖြစ်လျှင် အားနာနေရာမှာမို့ … ဖုန်းမကိုင်လိုက်တာပါ …. ဟိုတယောက်ကလည်း … အတော် အားနေတယ်ထင်ပါရဲ့… ဇွဲရှိရှိနဲ့ ခေါ်တယ် …သုံးလေးကြိမ် ဆက်တိုက်ပဲ … ။ အကြိမ်တိုင်း နံပါတ်က 0082 xxxxxxxxx ချည်းပေါ်နေတာမို့ …ကျွန်မထမကိုင်ပါဘူး .. ။ ဖုန်းမကိုင်တော့ … မဆက်လောက်တော့ပါဘူး ထင်ပြီး မေ့မေ့ပျောက်ပျောက်နဲ့ …ကော်ဖီသောက်ထားတဲ့ပန်းကန်တွေ ဆေးနေတုန်း … ဖုန်းတခါထမြည်တယ် … သူက နံပါတ် သုံးလုံးပဲပေါ်တယ်ဟေ့ … အဲ့ဒါဘယ်သူလဲတဲ့ … နံပါတ်ကလည်း 000 ချည်းပေါ်နေတာဆိုတော့ ..ကျွန်မလည်း မသိဘူး ကိုင်ချင်ကိုက်လိုက်လို့ … ပန်းကန်ဆေးနေတုန်း လှမ်းအော်လိုက်တယ် …. ။ သူကိုင်လိုက်တော့ … ကိုရီးယားက တယောက်ဆက်တာဆိုပဲ … ။ အေးအေးဆေးဆေး သူပြန်ပြောလိုက်ပါတယ် … ကျွန်မအခု မအားလို့ … နောက်မှ ပြန်ဆက်ချင်ဆက်ပါလို့လည်း မှာလိုက်တယ်တဲ့ … ။

ဒီလိုနဲ့…ညဘက် အလုပ်ပြီးလို့ အိမ်ပြန်တဲ့လမ်းမှာ … ဖုန်းဝင်လာပြန်တယ် …… 09516 နဲ့ စတဲ့ ဖုန်းမို့ … လိုကယ်ဖုန်းတော့ ဟုတ်ပါရဲ့ …နံပါတ်ကလည်း အသစ်ပါပေါ့ … ဘယ်သူများလဲ ဒီအချိန်ကြီးတွေးရင်း ဖုန်းကိုင်တော့ … ဟိုကိုရီးယားမှာ အလုပ်လုပ်နေတဲ့ ဘော်ဒါ … ။ သာကြောင်းမာကြောင်း မေးဖို့ … ဇွဲရှိရှိနဲ့ ဆက်တဲ့ ဖုန်းပါပဲ … ။ တကယ်ကို စိတ်လေသွားပါတယ် ….. ။ ကျွန်မတို့ဒီမှာတောင် အိပ်ချိန်ဖြစ်နေပြီဆိုတော့…သူတို့ဆီမှာ သန်းခေါင်ကျော်ပါ … ။ စကားနည်းနည်းပြောပြီး … နှုတ်ဆက်ကာ ဖုန်းချလိုက်ရပါတော့တယ် … ။

ဘာလို့ … အိုဗာစီးကောမှာ လိုကယ်နံပါတ်တွေ ပေါ်နေသလဲ … ဆက်သွယ်ရေး ကွန်ရက်တွေများ မှားချိတ်မိနေသလားတော့ မပြောတတ်ဘူး … ။ မကိုင်ချင်တဲ့ ဖုန်းတောင်မှ …. နံပါတ်တလွဲပေါ်လို့ ကိုင်မိရက်သား ဖြစ်သွားရတဲ့ အဖြစ်မို့ … ဘယ်ဒင်းကို ပြသနာရှာရမှန်းမသိတော့ပါဘူး … ။

ကြံကြံဖန်ဖန်တွေးမိတာလေး ရှိသေးတယ် … ကျွန်မဆီကို အဲ့ဒီနံပါတ်နဲ့ လိုကယ်ဖုန်းတွေဝင်တာတော့ ဟုတ်ပါ့ရဲ့ … ဖုန်းနံပါတ်တွေကလည်း တကယ်ရှိမယ့်နံပါတ်တွေပါ … … အဲ့ဒါဆို သူတို့ ဘေလ်ထဲမှာများ … ခေါ်ဆိုခ သွားနှုတ်သလား တွေးစရာပါပဲ … ။ ကျွန်မလို အိုဗာစီးကောကို လိုကယ်ဖုန်းနံပါတ်ပေါ်တဲ့ အဖြစ်ပျက်လေးတွေ ရှိလျှင်လည်း … ပြောပေးကြပါဦးနော် … ။ ဒီရက်ပိုင်းအတွင်း ဖုန်းဘေလ်တွေ ကမောက်ကမဖြစ်နေခဲ့တာလည်း … အဲ့ဒါတွေ ကြောင့်များလားလို့… မဆီမဆိုင်  တွေးမိပါတော့တယ် ။

5 comments

  • etone

    August 1, 2011 at 8:09 am

    ဘယ် သူမှလည်း မဖြစ်ဖူးဘူးလား ဟင် .. နာပဲ အူလည်လည် ဖြစ်တာ လား ။
    🙄

  • စုံ စုံ

    August 1, 2011 at 9:07 am

    ဖြစ်တယ် etone ရေ
    ခနခနဘဲ
    အိုဗာဆီးကောတွေက သူတို့ကုတ်တွေနဲ့လဲဝင်သလို
    ရန်ကုန်၅သိန်း၊နေပြည်တော်၅သိန်း၊ရန်ကုန်ဂျီအက်အမ်နံပါတ်တွေနဲ့
    အစုံကိုဝင်တယ်
    တခါတလေဝင်ပြီးကျလို့ရှိရင်ကိုယ်ကပြန်ခေါ်တာပေါ့
    အဲ့ခါကျရင်လူကြီးမင်းခေါ်ဆိုသောဖုန်းကမအားပါလို့ပြောကော
    ကျမကလဲဇွဲမလျော့ဘူး
    ကိုယ့်ဖုန်းနဲ့တင်မကဘဲရုံးဖုန်းနဲ့ပါအဲ့ဒိနံပါတ်တွေကိုပြန်ခေါ်ကြည့်တယ်
    ဘယ်တော့မှအော်တိုဝင်တယ်ဆိုတာမရှိဘူး
    အဲ့လိုမျိုးခနခနကြောင်တောင်တောင်နံပါတ်တွေဝင်တော့
    လိုကယ်လားအိုဗာဆီးလားကိုမသိတော့တာ
    အိုဗာဆီးဆိုရင်တော့ချစ်ချစ်ဆီကဖုန်းမှန်းသိတော့ချိုချိုသာသာထူးတာပေါ့ 🙂
    လိုကယ်နံပါတ်ကိုယ်မသိတာနဲ့ဝင်ရင်တော့ထူးချင်သလိုထူးတာပေါ့ 🙂
    အဲ့လိုထူးချင်သလိုထူးလို့သူမှန်းသိရင်တော့ဆောတီးပါကိုကိုရယ်ပေါ့ အဟီး

  • pisikway

    August 1, 2011 at 9:26 am

    ခုတလောခဏခဏကြုံနေရပါတယ်။ miss call ဖြစ်သွားလို့ပြန်ခေါ်ရင်ဘယ်တော့မှ လိုင်းမအားပါ။ နံပါတ်စိမ်းနေလို့ တခါတလေမကိုင်ပါဘူး။ သူငယ်ချင်းတွေတောင် နင့်ကိုငါဖုန်းခေါ်တာမကိုင်ဘူး။ ငါ့ miss call မတွေ့ဘူးလားမေးမေးနေလို့ သူတို့ရွွှီးနေတယ်ထင်တာ။ နောက်ခဏခဏဖြစ်မှသတိထားမိတာ။

  • နွယ်ပင်

    August 1, 2011 at 9:51 am

    ဟုတ်ပ အခုတစ်လော အိုဗာစီးကော တော်တော်များများဝင်လာရင် လိုကယ်ဖုန်းနံပါတ်နဲ့ပေါ်နေတက်တယ်
    ဟိုနေ့ကလဲ သူငယ်ချင်းတစ်ယောက်လှမ်းဆက်တာ ပထမတစ်ခါတော့ စကာင်္ပူဖုန်း နံပါတ် အမှန်ပေါ်ပြီး
    နောက်တစ်ခါပြန်ခေါ်တော့ လိုကယ်နံပါတ်ကြီးနဲ့ပေါ်နေတာလေ ….

  • zawthulay

    August 1, 2011 at 10:57 am

    နောက်တစ်ခုရှိသေးတယ်..ဟိုနားဒီနားခေါ်တာတောင် တစ်ခါတစ်လေကျရင် ဖုန်းမဝင်ဘူးဗျာ.. တော်တော်ကောင်းတဲ့ ဖုန်းလိုင်းတွေပဲ

Leave a Reply