ကျွန်ုပ်တို့ တကယ်ချစ်နေတာ ဘာလဲ (အပိုင်း ၂)

True AnswerJuly 31, 20111min1575

ဒီခံစားချက် ဝေဒနာများ တို့အပေါ် ကျွန်ုပ်တို့ တန်ဖိုးထားလွန်း နေသည်။ ခံစားချက်ဝေဒနာများအပေါ် ငါ့ခံစား ချက်၊ ငါ့ဝေဒနာ၊ ငါ့ဖီလင် ထင်ပြီး (သို့) စိတ်ခံစားချက်-ဝေဒနာ-ဖီလင် များအပေါ် တစ်ခုတည်း တစ်ဆက်တည်းအဖြစ် အရှိအဟုတ်ထင်ကာ အတည်ယူဆုပ်ကိုင် – အဓိကထားနေမှုကြောင့် (ဝေဒနာ ပစ္စယာ တဏှာ ဖြစ်ပြီး) ကျွန်ုပ်တို့ လောဘ၊ ဒေါသ (တဏှာ) တို့ ဆက်လက် ဖြစ်ပေါ် လာကာ အာရုံ အမျိုးမျိုးအပေါ် စွဲလန်းမိပြီး မဆုံးနိုင်အောင် ခံစားပြီးရင်း ခံစားချင်နေကြပါတယ်။

တကယ်တော့ ဒီဝေဒနာ-ခံစားမှု တို့ဟာ ဖြစ်လိုက်ပျက်လိုက် နှင့် တရစပ် ဖြစ်ပြီးပျက်၊ ခံစားလိုက်၊ ကုန်ဆုံးလိုက်နှင့် မပိုင်ဆိုင်သော သဘော၊ ထိန်းချုပ် မထားနိုင်သောသဘော၊ အဖတ်မတင်သောသဘော၊ ဘာမှသိမ်းထားလို့မရသော၊ ဆုပ်ကိုင်လို့မရသော၊ အတည်ယူ၍မရသော သဘော – သဘာဝတရား သက်သက်သာ ဖြစ်လေသည်

ကျွန်ုပ်တို့ အရူးအမူး တန်ဖိုးထားနေသော စိတ်ခံစားချက်-ဝေဒနာများမှာ တကယ်တော့-ငါ့ဝေဒနာ၊ ငါ့ခံစားချက်မဟုတ်၊ ဆုပ်ကိုင်ထား၍မရသော၊ အတည်ယူထား၍မရသော-တရစပ်ချုပ်ငြိမ်းကုန်ဆုံးနေသော – တရစပ်အသစ်အသစ် ပြောင်းလဲ အစားထိုးနေသော သဘာဝတရားသက်သက်သာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ဟာ ထိုသို့ နားမလည်ဘဲ စိတ်ခံစားချက်များ(ဝေဒနာများ)အပေါ် ငါ့ဝေဒနာ၊ ငါ့ခံစားချက် အဖြစ် အထင်မှားမှုကြောင့် (သို့) ဝေဒနာ-စိတ်ခံစားချက်-ဖီလင်များသည် အချိန်တစ်ခုကြာ တစ်ခုတည်း တစ်ဆက်တည်းအဖြစ် ရှိနေသည် ထင်မှတ်ကာ အဟုတ်ထင်လျှက် အတည်ယူဆုပ်ကိုင် – အဓိကထားနေမှုကြောင့် ကျွန်ုပ်တို့ မဆုံးနိုင်အောင် အဝိုင်းပြေး-ပြေးကာ၊ တစ်ချိန်လုံး-ယောက်ယက်ခတ်-တစ်ချိန်လုံး အရေးကြီးနေကြရပါတယ်။

ရာထူး၊ အာဏာ၊ ငွေ၊ အကြင်နာ၊ မေတ္တာ၊ စေတနာ၊ ချစ်ခြင်းတရား၊ ဂုဏ်သက္ခာ၊ ဘဝ စသည်ဖြင့် လည်းကောင်း၊ သားသမီး၊ ချစ်သူ၊ ဇနီး၊ ခင်ပွန်း၊ သူငယ်ချင်း၊ ဆရာ၊ တပည့်၊ အိမ်မွေးတိရစ္ဆာန် စသည်တို့ကို လည်းကောင်း၊ ကျွန်ုပ်တို့ ချစ်မြတ်နိုးသည်-တန်ဖိုးထားသည် ဆိုသော်လည်း အမှန်တကယ် တန်ဖိုးထားလွန်း ချစ်လွန်းနေသည် မှာ မိမိခံစားချက် မိမိဝေဒနာ များသာ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓကလည်း မိမိကိုယ်ကိုသာ မိမိအချစ်ဆုံး၊ မိမိခံစားချက်ကိုသာ မိမိအချစ်ဆုံး ဖြစ်ကြတယ်လို့ ဆိုထားပါတယ်။

ဒီခံစားချက်ဝေဒနာများအပေါ် ငြိတွယ်လွန်းနေခြင်း၊ စွဲလန်း လွန်းနေခြင်း၊ တန်ဖိုးထားမြတ်နိုးနေလွန်းခြင်း၊ အဓိကထားလွန်းနေခြင်း၊ မိမိကိုယ် ကိုသာ အဓိကဦးစားအပေးဆုံးဖြစ်နေရခြင်းမှာ စိတ်ခံစားချက်များအပေါ် ငါ့စိတ်၊ ငါ့ခံစားချက်၊ ငါ့ဝေဒနာ အဖြစ် အချိန်တစ်ခုကြာ တစ်ခုတည်း တစ်ဆက်တည်းအဖြစ် အရှိ အဟုတ်ထင်ကာ အတည်ယူဆုပ်ကိုင်မှုကြောင့် သာ ဖြစ်ရလေသည်။

ဒီစိတ်ခံစားချက်ဝေဒနာများအပေါ်- အတည်ယူ ဆုပ်ကိုင်မှုကြောင့် အဟုတ်ထင် ငြိတွယ်လာကာ ဒီအချိန်မှာလည်း ဒီခံစား ချက်-နောက်အချိန်မှာလည်း ဒီခံစားချက်ပဲလို့ အထင်မှားပါသည်။ ဒီစက္ကန့်မှာလည်း ဒီဝေဒနာ-နောက်စက္ကန့်မှာလည်း ဒီဝေဒနာပဲ၊ လို့ အထင်မှားပြီး၊ ခံစားချက်များကို တောက်လျှောက် တဆက်တည်း ရှိနေတယ် ထင်ကာ၊ ငါ့ခံစားချက်-ငါ့ဖီလင်-ငါ့ဝေဒနာ-ငါ့စိတ်ထား အဖြစ် မှားယွင်း-သတ်မှတ်မိကာ မိမိစိတ်ခံစားချက်များကို သာလျှင် အဓိကထားလွန်း ဦးစားပေးလွန်းရာမှ မိမိကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသော ကာယကံမှု – ဝစီကံမှု များကို ပြုလုပ်မိကြလေသည်။

5 comments

  • ကြောင်ကြီး

    August 1, 2011 at 11:41 am

    ပဋိစသမုပ္ပကို ပြောကြတာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကမ္မဘဝ …ဝေဒနာ… ဇာတိ ဇရာ မရဏ ။
    ကျနော်ကတော့ သဲအင်းဂူဆရာတော်ဟောသလို ဝေဒန တဏှာ ဥပါဒါန် ဘဝ ဇာတိလို့ အလွယ်မှတ်တယ်။ ဒီထက်ပိုချုပ်ရင်တော့ နာမ်အကြောင်း ရုပ်အကျိုး၊ ရုပ်အကြောင်းပြန်တော့ နာမ်အကျိုး။ ပဋိစသမုပ္ပ လည်စေတာ သိမှုနာမ်လေးကလို့ တလုံးထဲမှတ်တယ်..

  • pan pan

    August 1, 2011 at 11:56 am

    အဝိဇ္ဇာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါန်၊ ဥပါဒါန်ပစ္စယာ ကမ္မဘဝ၊ ကမ္မဘဝပစ္စယာ ဇာတိ ဇရာ မရဏ ဆိုတော့…
    နေ့စဉ်ပြုလုပ်နေတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ စတဲ့ ကံ၃ပါးကြောင့် သံသရာလည်နေရတာပဲလို့ တွေးမိပါတယ်

  • Mee2

    August 1, 2011 at 5:45 pm

    ဇာတိ=မွေးဖွားခြင်း။ဇရာ=အိုမင်းခြင်း။ဗျာတိ=ဖျားနာခြင်း။မရဏ=သေဆုံးခြင်း။. ကျွန်မတို ့မေ့လျော့နေတတ်ကြပါတယ်။သတိတရားစွဲမြဲအောင်အမြဲကျင့်ကြံနေထိုင်သင့်ပါတယ်

  • True Answer

    August 2, 2011 at 9:04 am

    ဟုတ်ကဲ့ ကိုကြောင်ကြီး ၊ ပစ္စုပ္ပါန် အကျိုး နဲ့ ပစ္စုပ္ပါန် အကြောင်း စပ်ပုံ မှာ ဝေဒနာ တဏှာ ဥပါဒါန် ဘဝ ဇာတိ အစဉ်အတိုင်းပါပဲခင်ဗျာ။
    ခံစားချက်တွေကို အတည်ယူ အဟုတ်ထင်မှုကြောင့် ဥပါဒါန်
    ဥပါဒါန်တွေကို အတည်ယူ ဆုပ်ကိုင်မှုကြောင့် ဘဝ ဇာတိ……………အစဉ်အတိုင်း သွားပါတယ်။

  • manawphyulay

    October 29, 2011 at 2:50 pm

    သမုဒ္ဒသစ္စာ၊ ဒုက္ခသစ္စာရဲ့ စက်ဝိုင်းထဲမှာ လည်နေတဲ့သူတွေဆိုတော့ ခုထိတော့ ဒုက္ခသစ္စာထဲမှာ တစ်ဝဲလည်လည်ဖြစ်နေမိသေးတယ်။ ဝေဒနာရှုရင်း အိပ်ပျော်ပျော်သွားလို့ ဇာတိတို့ တဏှာတို့ဘက်ကို မရောက်လိုက်ဘူး ဖြစ်ဖြစ်နေတယ်။ ဘုရားရှင်သော်မှ အိုနာသေ ဘဝက မလွတ်ခဲ့တာ လူသားတွေအတွက်ကတော့ ပိုဆိုးတာပေါ့။ သံသရာကြောမှ ဘယ်တော့များမှ လွတ်မှာပါ့။
    တစ်ခါတလေ ကိုယ့်ဘာသာစဉ်းစားမိတယ်။ ကံလမ်းကို လျှောက်မှာလား… ဉာဏ်လမ်းကိုလျှောက်မှာလားဆိုတဲ့ အတွေးမျိုးကိုပေါ့။ ကျင့်ကြံဖို့တော့ တော်တော်လိုပါသေးတယ်။

Leave a Reply