မနေ့က တူတော်မောင်ရဲ့ ၄ နှစ်ပြည့်မွေးနေ့ဆိုတော့ သူတို့အိမ်ကို သွားလည်ပါတယ် … တစ်ခါသွားလည်ရင်တစ်ခါ ပိုပိုဆိုးပြီး စကားပိုများလာတဲ့ သားသားအကြောင်းက ပြောမဆုံးအောင်ပါပဲ … မူကြိုကျောင်းမှာ လူဆိုးလေးလို့တောင် နံမည်ကြီးနေတဲ့သားသားကို အဘိုးအဘွားတွေကတော့ ချစ်မဆုံးဖြစ်နေပေမယ့် အမြဲအတူနေရတဲ့ ကလေးမေမေကတော့ စိတ်ညစ်နေရရှာတာပေါ့ …

ဧည့်သည်နဲနဲရှိနေတော့ သားသားက အမျိုးစုံပညာပြနေပါတယ် … နဲနဲလေးမှ အငြိမ်မနေတာ မျက်စိနောက်လွန်းလို့ သူ့အဒေါ်က အခုလိုမိုးရွာနေတဲ့အချိန်မှာ အဲဒီလောက်ဆိုးနေရင် မိုးပေါ်က ဒေဝေါကြီးဆင်းလာပြီး လာဖမ်းလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ကျွန်မတို့ငယ်ငယ်ကဆို ဒေဝေါဆိုရင် ကြောက်တယ်လေ .. မိုးရွာရင် ကြောက်လို့ မေမေ့ဘေးနားမှာ ကပ်နေကြရတာ … ကလေးကို ကြောက်မလားလို့ ပြောကြည့်လိုက်တာ … သားသားက ခဏလေးငြိမ်ပြီး စဉ်းစားလိုက်တယ် … ပြီးတော့ သူပြန်ပြောလိုက်တာက …

“သားသား အကျီအမဲကြီးဝတ်လိုက်မယ် … နောက်ကျောမှာလဲ ၀တ်ရုံကြီးတပ်ဝတ်မယ် … သေနတ်အစစ်ကိုယူပြီး မိုးပေါ်ကိုထောင်ပြီးပစ်လိုက်မယ် … ဒေဝေါကြီးထိသွားလိမ့်မယ် …
နောက်ပြီးတော့ ကြိုးခွေကြီးတစ်ခွေယူမယ် … ကြိုးကိုပစ်ပြီး ဒေ၀ါကြီးကို ကြိုးနဲ့ပစ်ဖမ်းလိုက်မယ် … ကြိုးနဲ့ပတ်လိုက်ရင် မလှုပ်နိုင်အောင်ဖြစ်သွားလိမ့်မယ် … ပြီးတော့ စစ်သားတွေ၊ ရဲတွေ၊ မော်တော်ပီကယ်တွေကိုခေါ်ပြီး ဖမ်းပစ်လိုက်မယ် …. ”

သူပြောတာနားထောင်ပြီး ကျွန်မတို့အားလုံးကြောင်သွားတယ် … မျက်နှာအမူအယာ၊ ကိုယ်အမူအယာမျိုးစုံလုပ်ပြီး သရုပ်ပါအောင်ပြန်ပြောလိုက်တဲ့ သားသားကို ငေးကြည့်နေကြရပါတယ် …

မနှစ်က ၃ နှစ်ပြည့်မွေးနေ့တုန်းကထဲက သားသားက စကားအလွန်တတ်နေပါတယ်။ ကျွန်မတို့ရောက်နေတုန်း သူက အီးပါချင်တယ်ဆိုပြီး အိမ်သာထဲဝင်သွားတာ တော်တော်ကြာပါတယ်။ ကိစ္စပြီးမှ သူထွက်လာတော့ ကျွန်မက စချင်တာနဲ့ …
“သားသားက အီးအီးပါပြီး ပြန်စားနေလို့ ကြာနေတာလား ..”
သားသားပြန်ပြောလိုက်ပုံက
“ကြီးကြီးက သေးပေါက်ပြီးရင် သေးတွေကို ပြန်သောက်သလား” .. တဲ့ :P

ဘာစကားပဲပြောလိုက်ပြောလိုက် ပြန်ချေပစရာ စကားအမြဲတမ်းထွက်တဲ့ သားသားကို ကျွန်မတို့မိသားစုတွေ ချစ်ကြပေမယ့် ဆုံးမလို့မရလို့ စိတ်လဲညစ်ကြရပါတယ်။

သားသားကြီးလာရင်တော့ စကားနပန်း ဒါရိုက်တာပဲ လုပ်ခိုင်းရမယ် ထင်ပါရဲ့ … :)

ခေတ်ကြီးကိုက ကလေးတွေအတတ်လွန်နေတာလားတော့ မပြောတတ်တော့ပါဘူး …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....