သားသားမကြောက်တဲ့ ဒေဝေါ …

weiweiJuly 31, 20111min1358

မနေ့က တူတော်မောင်ရဲ့ ၄ နှစ်ပြည့်မွေးနေ့ဆိုတော့ သူတို့အိမ်ကို သွားလည်ပါတယ် … တစ်ခါသွားလည်ရင်တစ်ခါ ပိုပိုဆိုးပြီး စကားပိုများလာတဲ့ သားသားအကြောင်းက ပြောမဆုံးအောင်ပါပဲ … မူကြိုကျောင်းမှာ လူဆိုးလေးလို့တောင် နံမည်ကြီးနေတဲ့သားသားကို အဘိုးအဘွားတွေကတော့ ချစ်မဆုံးဖြစ်နေပေမယ့် အမြဲအတူနေရတဲ့ ကလေးမေမေကတော့ စိတ်ညစ်နေရရှာတာပေါ့ …

ဧည့်သည်နဲနဲရှိနေတော့ သားသားက အမျိုးစုံပညာပြနေပါတယ် … နဲနဲလေးမှ အငြိမ်မနေတာ မျက်စိနောက်လွန်းလို့ သူ့အဒေါ်က အခုလိုမိုးရွာနေတဲ့အချိန်မှာ အဲဒီလောက်ဆိုးနေရင် မိုးပေါ်က ဒေဝေါကြီးဆင်းလာပြီး လာဖမ်းလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ကျွန်မတို့ငယ်ငယ်ကဆို ဒေဝေါဆိုရင် ကြောက်တယ်လေ .. မိုးရွာရင် ကြောက်လို့ မေမေ့ဘေးနားမှာ ကပ်နေကြရတာ … ကလေးကို ကြောက်မလားလို့ ပြောကြည့်လိုက်တာ … သားသားက ခဏလေးငြိမ်ပြီး စဉ်းစားလိုက်တယ် … ပြီးတော့ သူပြန်ပြောလိုက်တာက …

“သားသား အကျီအမဲကြီးဝတ်လိုက်မယ် … နောက်ကျောမှာလဲ ဝတ်ရုံကြီးတပ်ဝတ်မယ် … သေနတ်အစစ်ကိုယူပြီး မိုးပေါ်ကိုထောင်ပြီးပစ်လိုက်မယ် … ဒေဝေါကြီးထိသွားလိမ့်မယ် …
နောက်ပြီးတော့ ကြိုးခွေကြီးတစ်ခွေယူမယ် … ကြိုးကိုပစ်ပြီး ဒေဝါကြီးကို ကြိုးနဲ့ပစ်ဖမ်းလိုက်မယ် … ကြိုးနဲ့ပတ်လိုက်ရင် မလှုပ်နိုင်အောင်ဖြစ်သွားလိမ့်မယ် … ပြီးတော့ စစ်သားတွေ၊ ရဲတွေ၊ မော်တော်ပီကယ်တွေကိုခေါ်ပြီး ဖမ်းပစ်လိုက်မယ် …. ”

သူပြောတာနားထောင်ပြီး ကျွန်မတို့အားလုံးကြောင်သွားတယ် … မျက်နှာအမူအယာ၊ ကိုယ်အမူအယာမျိုးစုံလုပ်ပြီး သရုပ်ပါအောင်ပြန်ပြောလိုက်တဲ့ သားသားကို ငေးကြည့်နေကြရပါတယ် …

မနှစ်က ၃ နှစ်ပြည့်မွေးနေ့တုန်းကထဲက သားသားက စကားအလွန်တတ်နေပါတယ်။ ကျွန်မတို့ရောက်နေတုန်း သူက အီးပါချင်တယ်ဆိုပြီး အိမ်သာထဲဝင်သွားတာ တော်တော်ကြာပါတယ်။ ကိစ္စပြီးမှ သူထွက်လာတော့ ကျွန်မက စချင်တာနဲ့ …
“သားသားက အီးအီးပါပြီး ပြန်စားနေလို့ ကြာနေတာလား ..”
သားသားပြန်ပြောလိုက်ပုံက
“ကြီးကြီးက သေးပေါက်ပြီးရင် သေးတွေကို ပြန်သောက်သလား” .. တဲ့ 😛

ဘာစကားပဲပြောလိုက်ပြောလိုက် ပြန်ချေပစရာ စကားအမြဲတမ်းထွက်တဲ့ သားသားကို ကျွန်မတို့မိသားစုတွေ ချစ်ကြပေမယ့် ဆုံးမလို့မရလို့ စိတ်လဲညစ်ကြရပါတယ်။

သားသားကြီးလာရင်တော့ စကားနပန်း ဒါရိုက်တာပဲ လုပ်ခိုင်းရမယ် ထင်ပါရဲ့ … 🙂

ခေတ်ကြီးကိုက ကလေးတွေအတတ်လွန်နေတာလားတော့ မပြောတတ်တော့ပါဘူး …

8 comments

  • Grace

    July 31, 2011 at 8:28 pm

    အမေရိကန်ချွေးမဆိုတဲ့ ပိုစ့်လေး တစ်ခါက တင်ဖူးတာ မှတ်မိလားတော့ မသိဘူး။ အဲဒီ ပိုစ့်ကို ဖတ်ပြီး တော်လိုက်တာလို့ ချီးကျူးမိတယ်။ ဘယ်လိုဘယ်နည်းက ကလေးကို လမ်းမှန်ရောက်အောင် ပို့ဆောင်နိုင်သလဲဆိုတာ တကယ် ကိုယ်တွေ့ ကလေးထိန်းတဲ့အခါကျတော့ ကိုယ်ကိုယ်တိုင်ကိုယ်က မရွေးချယ်နိုင်ဘူး။ 🙁

  • ဆူး

    July 31, 2011 at 8:30 pm

    ချစ်စရာ ကောင်းတဲ့ ကလေးတွေပဲ.. ကလေးတွေလည်း အကြားအမြင် ဗဟုသုတများတော့ တတ်ကြတာ များတယ်။

  • hmee

    July 31, 2011 at 9:27 pm

    ဟုတ်ပါ့ မဝေရေ။ တခါတခါ သူတို့ ပြန်ပြောတာ ကြားပြီး ကိုယ့်မှာ ပါးစပ် အဟောင်းသား ဖြစ်လို့လေ။

  • weiwei

    July 31, 2011 at 10:59 pm

    သားသားက အလွယ်တကူ နာခံတတ်တဲ့စိတ်မရှိပဲ ဆန့်ကျင်ချင်တဲ့စိတ်များတဲ့ကလေးဖြစ်ပါတယ် … သူ့အမေကိုလဲ အမြဲဆရာလုပ်လေ့ရှိတယ် .. တစ်ရက်မှာ သားသားက အကျီချုပ်တဲ့အခါမှာသုံးတဲ့ သံပေတံကိုယူပြီး ကစားနေပါတယ် … သူ့အမေက ..
    “Thar Thar, Don’t play with stick.” လို့ လှမ်းခေါ်လိုက်တော့ ..
    “Wrong wrong May May, it is not stick, it is ruler.” ပါတဲ့ …
    ဘာထပ်ပြောရမှန်းမသိအောင် ပါးစပ်အဟောင်းသား ဖြစ်သွားပါတော့တယ် …

  • ဒီလိုပြန်ပြောတာတွေက စကားတတ်စ ငယ်စဉ်မှာချစ်စရာကောင်းပေမယ့်
    ကြီးလာတဲ့အချိန်မှာတော့ ဒီလို့ ပက်ကနဲ့ တုံ့ပြန်တတ်တဲ့စိတ်ကလေး ပါမသွားအောင်ထိန်းသိမ်းပေးဘို့လိုမယ်ထင်ပါတယ်။

  • ကြောင်ကြီး

    August 1, 2011 at 11:19 am

    အပိုတွေဗျာ၊ ကျုပ်ကတော့ တူဆို ထုရိုက်ဖို့ပဲသိတယ်…။ ေဩာ်လူတွေလူတွေ…

  • pan pan

    August 1, 2011 at 11:23 am

    သားသားပြန်ပြောလိုက်ပုံက
    “ကြီးကြီးက သေးပေါက်ပြီးရင် သေးတွေကို ပြန်သောက်သလား” .. တဲ့
    လူကြီးကို ပက်ခနဲပြန်ပြောတာတော့ မကောင်းပေမယ့် ကိုယ့်အမြင်ကို အမှန်အတိုင်း ရဲရဲပြောတာချီးကျူးဖို့ ကောင်းတယ်

    “သားသား အကျီအမဲကြီးဝတ်လိုက်မယ် … နောက်ကျောမှာလဲ ဝတ်ရုံကြီးတပ်ဝတ်မယ် … သေနတ်အစစ်ကိုယူပြီး မိုးပေါ်ကိုထောင်ပြီးပစ်လိုက်မယ် … ဒေဝေါကြီးထိသွားလိမ့်မယ် …
    နောက်ပြီးတော့ ကြိုးခွေကြီးတစ်ခွေယူမယ် … ကြိုးကိုပစ်ပြီး ဒေဝါကြီးကို ကြိုးနဲ့ပစ်ဖမ်းလိုက်မယ် … ကြိုးနဲ့ပတ်လိုက်ရင် မလှုပ်နိုင်အောင်ဖြစ်သွားလိမ့်မယ် … ပြီးတော့ စစ်သားတွေ၊ ရဲတွေ၊ မော်တော်ပီကယ်တွေကိုခေါ်ပြီး ဖမ်းပစ်လိုက်မယ် …. ”
    သူများပြောမယုံဘဲ ကိုယ့်အတွေးကို သေချာတွေးတတ်တာ အလွန်ကောင်းတယ်လို့ထင်ပါတယ်
    ပြီးတော့ ကိုယ်တိုင်ဖြေရှင်းဖို့နည်းလမ်းလည်း တပါတည်းတွေတတ်တာ အံ့ဩစရာပါပဲ

  • etone

    August 1, 2011 at 1:32 pm

    etone မှာလည်း တူလေးရှိတယ် … ကလေးတွေ တတ်ပုံများ လက်ဖျားခါတယ် … ။ သင်စရာမလိုဘူး အော်တိုတက်တယ် .. ။ 😛

Leave a Reply