မြို့ပြဆင်းရဲနွမ်းပါးမှု လျှော့ချရေး

kaiAugust 1, 20111min22816

မြို့ပြဆင်းရဲနွမ်းပါးမှု လျှော့ချရေး

ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကျေးလက်ဒေသကနေ မြို့ပြသို့ ပြောင်းရွှေ့အခြေချမှု (rural- urban migration) နှုန်းက တိုးတက်များပြားလာပါတယ်။ ဒီလို ပြောင်းရွှေ့အခြေချသူအများစုဟာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူမှုဘဝ တိုးတက်မှု အခွင့်အလမ်းအတွက် မြို့ပြကို ပြောင်းရွှေ့နေထိုင်ကြတာ ဖြစ်ပေမယ့် မြို့ပြရှင်သန်နေထိုင်မှု စရိတ်ကြီးမားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်ကြီးမားခြင်း၊ ကျန်းမာသန့်ရှင်းမှုမရှိသော ဆင်ခြေဖုံးများတွင် နေထိုင်ရခြင်း၊ ရောဂဘယ ကူးစက်ပြန့်ပွားခြင်း စတဲ့ အခြေအနေတွေကို ရင်ဆိုင်ရပြီး တိုးတက်တဲ့ လူမှုဘဝ အခွင့်အလမ်းတွေကို ခံစားခွင့် မရကြပါဘူး။ မြို့ပြသို့ ပြောင်းရွှေ့အခြေချမှု ရာခိုင်နှုန်း မြင့်တက်လာတာနဲ့အမျှ လူဦးရေထူထပ်မှုရှိလာသလို၊ မြို့ပြဆင်းရဲနွမ်းပါးမှု (urban poverty) နှုန်းကလဲ တိုးမြင့်လာပါတယ်။

မြို့ပြဆင်းရဲနွမ်းပါးမှု သွင်ပြင်လက္ခဏာများ

မြို့ပြဆင်းရဲနွမ်းပါးမှုမှာ သွင်ပြင်လက္ခဏာ (၅) ရပ် ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ ဝင်ငွေမလောက်ငမှု ဖြစ်ပါတယ်။ မြို့ပြမှာ နေထိုင်တဲ့ ဆင်းရဲနွမ်းပါးသူတွေဟာ များသောအားဖြင့် အလုပ်တခုခု လုပ်နေသူများ ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ နေထိုင်သူများထက် ဝင်ငွေပိုများပေမယ့် မြို့ပြရဲ့ နေထိုင်မှုအသုံးစရိတ်ကြီးမားမှုကြောင့် ဝင်ငွေ မလောက်ငမှု နဲ့ ရင်ဆိုင်ကြရတတ်ပါတယ်။ စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေ ပြည့်စုံဖို့အတွက် ဝင်ငွေလောက်ငမှု မရှိပဲ ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်ရတတ်တာကြောင့် အလုပ်အကိုင်လုံခြုံရေး အခက်အခဲနဲ့လဲ ရင်ဆိုင်ရတတ်ပါတယ်။

ဒုတိယသွင်ပြင်လက္ခဏာကတော့ ငတ်မွတ်ခေါင်းမှု ဖြစ်ပါတယ်။ မြို့ပြဆင်းရဲနွမ်းပါးသူတွေဟာ အစားအစာတွေကို ဝယ်ယူစားသုံးကြရတာ ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာလို မြေပိုမြေလျှံ မရှိတဲ့အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ဖို့ ခဲယဉ်းတာကြောင့်၊ အစားအစာတွေကို ဝယ်ယူစားသုံးကြရပါတယ်။ ဒီလို ဝယ်ယူစားသုံးရတဲ့အခါမှာလဲ သယ်ယူ ပို့ဆောင်ရေးစရိတ်နဲ့ အဆင့်ဆင့် ဖြန့်ဖြူးစရိတ်တွေကြောင့် မြို့ပြမှာနေထိုင်သူတွေဟာ ကျေးလက်မှာနေထိုင်သူတွေထက် အစားအသောက် ကုန်ကျစရိတ် ပိုပြီး များပါတယ်။ မြို့ပြဆင်ခြေဖုံးရပ်ကွက်များနဲ့ ကျူးကျော်ရပ်ကွက်များမှာ နေထိုင်ရသူတွေဟာ သန့်ရှင်းတဲ့ရေနဲ့ ပတ်ဝန်းကျင် မရှိခြင်းကြောင့် ရောဂါဘယ ကူးစက်ခံရမှု အန္တရာယ်ကိုလဲ ရင်ဆိုင်ကြ ရပါတယ်။ infection-related အစာအာဟာရချို့တဲ့မှု ပြဿနာက မြို့ပြမှာ အဖြစ်များပါတယ်။

တတိယသွင်ပြင်လက္ခဏာကတော့ informal sector အလုပ်အကိုင်အခြေအနေ ဖြစ်ပါတယ်။ မြို့ပြမှာ အလုပ်လုပ်ကိုင်သူ အများစုဟာ နေ့စားလုပ်သားများ၊ ယာယီလုပ်သားများအဖြစ် လုပ်ကိုင်ကြရပါတာဖြစ်တဲ့အတွက် အလုပ်သမားအခွင့်အလမ်း၊ ဥပေဒေအကာအကွယ်များ ဆုံးရှုံးကြရပြီး၊ အလုပ်အကိုင် မလုံခြုံမှု (job insecurity) ဆိုင်ရာ စိတ်ဖိစီးမှုတွေကိုလဲ ခံစားကြရပါတယ်။

စတုတ္ထသွင်ပြင်လက္ခဏာကတော့ informal settlements ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းကြောင့် အလုပ်နဲ့ နီးစပ်ရာနေရာတွေမှာ အခြေချနေထိုင်မှုတွေ ရှိလာပါတယ်။ ဒီလို အခြေချနေထိုင်မှုတဲ့အခါမှာ မြေယာပိုင်ဆိုင်မှု၊ ငှားရမ်းစရိတ် ကြီးမားမှု အခက်အခဲတွေကြောင့် မီးရထားလမ်းဘေး၊ မြစ်ကမ်းဘေး၊ တံတားများနဲ့ အမှိုက်ပုံများအနီးမှာ ကျူးကျော်နေထိုင် အခြေချမှုတွေ ဖြစ်ပွားလာတတ်ပါတယ်။

ပဉ္ဒမသွင်ပြင်လက္ခဏာကတော့ ဝန်ဆောင်မှုများကို ခံစားခွင့် မရခြင်းပဲ ဖြစ်ပါတယ်။ ကျူးကျော်ရပ်ကွက်များနဲ့ အခြား informal settlements တွေမှာ အစိုးရတွေရဲ့ အခြေခံလူနေမှုအဆောက်အအုံ ဝန်ဆောင်မှု အားနည်းချက်တွေ ရှိတတ်ပါတယ်။ ရေရရှိရေးအတွက် ရပ်ကွက်ထဲက public tap တွေမှာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းရမှုတွေ ရှိတတ်သလို၊ လျှပ်စစ်မီးသုံးစွဲနိုင်မှုလဲ မရှိကြပါဘူး။ အညစ်အကြေးစွန့်ပစ်မှု ပြဿနာတွေလဲ ရှိပါတယ်။

မြို့ပြဆင်းရဲနွမ်းပါးမှုအား တိုင်းတာခြင်း

မြို့ပြဆင်းရဲနွမ်းပါးမှု ဆိုတာကို ဘောဂဗေဒရှုထောင့်နဲ့ မနုဿဗေဒ ရှုထောင့်တွေကနေ တိုင်းတာသတ်မှတ်လေ့ရှိပါတယ်။ ဘောဂဗေဒရှုထောင့်အရ မြို့ပြဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာမှာ ဝင်ငွေ (သို့မဟုတ်) စားသုံးမှု ညွှန်ပြကိန်းဂဏာန်းတွေ အပြင် အာဟာရပြည့်ဝမှု၊ အစားအစာ မျှတလုံလောက်မှု၊ စာတတ်မြောက်မှု၊ သန့်ရှင်းသောရေ ရရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့် ဆိုတဲ့ လူမှုတိုးတက်မှုဆိုင်ရာ ညွှန်ပြကိန်းဂဏာန်းတွေနဲ့ တိုင်းတာကြပါတယ်။ မနုဿဗေဒ ပညာရှင်တွေနဲ့ လူမှုစီမံကိန်းရေးဆွဲသူတွေကတော့ အထက်ပါအချက်တွေအပြင် လူမှုဘဝကွဲပြားခြားနားမှုနဲ့ ပစ္စည်းဥစ္စာဓန မဟုတ်သော အရာများ ချို့တဲ့မှု (non-material deprivation) ကိုပါ ထည့်သွင်းပြီး တိုင်းတာဖို့ လိုအပ်ကြောင်း ဆိုထားကြပါတယ်။

ဝင်ငွေနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာ ဆင်းရဲနွမ်းပါးမှုကွာဟချက် (poverty gap)၊ ဝင်ငွေတန်းတူညီမျှခြင်းမရှိမှု (income inequality)၊ အလုပ်လက်မဲ့နှုန်း (unemployment rate)၊ အကြွေးရယူသုံးစွဲနိုင်မှု၊ လျှပ်စစ်ပစ္စည်း ရယူသုံးစွဲမှု (access to electricity) စတာတွေ ပါဝင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာတော့ စာတတ်မြောက်နှုန်း၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ပြီးမြောက်အောင်မြင်မှုနှုန်း၊ ကလေးလုပ်အား၊ ပညာရေးဆိုင်ရာ ကျားမကွဲပြားမှု၊ ပညာရေးအတွက် အိမ်ထောင်တခုချင်း စီအလိုက် ပျမ်းမျှအသုံးစရိတ်၊ အလုပ်ခွင်ဆိုင်ရာ သက်မွေးကျောင်း သင်တန်းများသို့ တက်ရောက်နိုင်မှု စတာတွေ ပါဝင်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်၊ အစာအာဟာရ ပြည့်ဝရေးဆိုင်ရာ safety nets များရှိမှု၊ အစားအစာအတွက် အိမ်ထောင်စုတခုချင်းစီအလိုက် ပျမ်းမျှ အသုံးစရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အိမ်ထောင်တခုချင်းစီအလိုက် ပျမ်းမျှအသုံးစရိတ်၊ ရေသုံးစွဲမှာ ပမာဏ၊ ဖွားသေနှုန်း၊ ကလေးသူငယ်အစာအာဟာရ ချို့တဲ့မှု၊ လမ်းပန်းဆက်သွယ်မှုဆိုင်ရာ မတော်တဆမှုများဆိုင်ရာ သေဆုံးနှုန်း၊ ရောဂါဘယများဆိုင်ရာ သေဆုံးနှုန်း၊ အကြမ်းဖက်မှုများဆိုင်ရာ သေဆုံးနှုန်း စတာတွေ ပါဝင်ပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာတော့ ခွင့်ပြုချက်မရှိသော အဆောက်အဦးများနှင့် ကျူးကျော် အိမ်ယာများ တည်ဆောက်ထားမှုုနှုန်း၊ ရဲတပ်ဖွဲနှင့် ဥပဒေအရ အကာအကွယ် ရယူနိုင်မှု၊ မြေယာပိုင်ဆိုင်မှု အခွင့်အလမ်း၊ လူသတ်မှုနှင့် အခြားရာဇဝတ်မှုများ ဖြစ်ပွားမှုနှုန်း စတာတွေ ပါဝင်ပါတယ်။ Empowerment နဲ့ ပတ်သက်တဲ့ ညွှန်ပြကိန်းဂဏာန်းတွေမှာတော့ နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းတွေမှာ ပါဝင်မှု၊ ဝန်ဆောင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများအား ခံစားခွင့်၊ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုနိုင်မှု၊ စီမံကိန်းရေးရာ ဆုံးဖြတ်ချက်များတွင် ပြည်သူအများ၏ ဆန္ဒသဘောထားပေးပိုင်ခွင့်၊ အစိုးရ ဝန်ဆောင်မှုများအား ပြည်သူအများမှ ကျေနပ်မှု စတာတွေ ပါဝင်ပါတယ်။

မြို့ပြဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ

တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး (urban development) က အရေးကြီးပါတယ်။ ဒီလို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြဆင်းရဲနွမ်းပါးမှု (urban poverty) လျှော့ချနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ မြို့ပြဆင်းရဲနွမ်းပါးသူများဘက်မှ citizen driven actions များ လုပ်ဆောင်ဖို့လိုအပ်သလို၊ နိုင်ငံတော်ဘက်ကလဲ မြို့ပြဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ ထိထိ ရောက်ရောက် ချမှတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

တနိုင်တပိုင် စီးပွားရေးလုပ်ငန်းငယ်များ ပေါ်ပေါက်လာစေရန် အားပေးကူညီမှု

မြို့ပြမှာ တနိုင်တပိုင် စီးပွားရေး လုပ်ငန်းငယ်များ ပေါ်ပေါက်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်ခြင်း၊အလုပ်လက်မဲ့နှုန်းလျော့နည်းခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိလာစေနိုင်ပါတယ်။ အချို့လူတွေဟာ အရောင်းအဝယ် လုပ်ငန်းများအတွက် အတွေးအမြင်ရှိပေမယ့် စတင်ရန် ငွေအရင်းအနှီး မရှိတဲ့ အခက်အခဲကို ကြုံကြရတာကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းများက အသေးစားငွေချေးပေးတဲ့ အင်စတီကျူးရှင်းများ (Micro Finance Institutions) တည်ထောင် ခြင်းဖြင့် အားပေးကူညီနိုင်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် ဆောင်ရွက်မှု

မြို့ပြဆင်းရဲနွမ်းပါးသူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရေးအတွက် အခွန်နှုန်းထားများလျှော့ချခြင်း၊ အလုပ်အကိုင်တိုးချဲ့မှုကို ခက်ခဲကြန့်ကြာစေသော နည်းဥပဒေများအား ရုတ်သိမ်းခြင်း၊ အမျိုးသမီးများ လုပ်ငန်းခွင် ဝင်နိုင်ရေးအတွက် ကလေးသူငယ်စောင့်ရှောက်ရေးစင်တာများ ဖွင့်လှစ်ခြင်း၊ လုပ်ငန်းခွင်သင်တန်းများပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေနိုင်သော စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးကူညီခြင်း စတဲ့ မူဝါဒများကို ချမှတ်ဆောင်ရွက်နိုင်ပါတယ်။

မြို့ပြစိုက်ပျိုးရေး (urban agriculture) ကဏ္ဍ ဖန်တီးဖော်ဆောင်မှု

မြေပိုမြေလျှံအနည်းငယ်ရှိသူများအနေနဲ့ တနိုင်တပိုင်စိုက်ပျိုးခြင်းဖြင့်ဖြစ်စေ၊ အခြားစိုက်ပျိုးနိုင်သူများအား မြေပိုငှားရမ်း အသုံးပြုစေခြင်းဖြင့် ဖြစ်စေ မြို့ပြစိုက်ပျိုးရေးကဏ္ဍတွေကို ဖန်တီးဖော်ဆောင်နိုင်ပါတယ်။ နိုင်ငံတော်ပိုင် အသုံးပြုဖော်ဆောင်ထားခြင်း မရှိသော မြေပိုမြေလျှံများကို စိုက်ပျိုးရေးကဏ္ဍအတွက် ဆင်းရဲနွမ်းပါးသူများကို ငှားရမ်းအသုံးပြုစေခြင်းဖြင့်လဲ မြို့ပြစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာအောင် အားပေးကူညီမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မြို့ပြစိုက်ပျိုးရေးသမားများအတွက် လိုအပ်သောနည်းပညာများ ပံ့ပိုးပေးခြင်း၊ အကြွေးရယူသုံးစွဲနိုင်ခွင့် အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်း၊ အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်း စတဲ့ မူဝါဒများကို ချမှတ်အကောင်အထည်ဖော်နိုင်ပါတယ်။

အိမ်တွင်းမှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးကူညီခြင်း

ဆင်းရဲနွမ်းပါးသူတွေအနေနဲ့ မုန့်လုပ်ခြင်း၊ စက်ချုပ်လုပ်ငန်း၊ ဇာထိုးပန်းထိုးလုပ်ငန်း စတဲ့ တနိုင်တပိုင် အိမ်တွင်းမှု လုပ်ငန်းတွေကို ဆိုင်ခန်းငှားရမ်းပြီး လုပ်ဆောင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် မိမိအိမ်မှာနေပြီး အလုပ်လုပ်လို့ရတဲ့ အိမ်တွင်းမှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးကူညီဖို့လိုပါတယ်။ ဒီလိုအိမ်တွင်းမှုလုပ်ငန်းများကို အားပေး ကူညီရေးအတွက် အခြေခံအဆောက်အအုံ (လျှပ်စီးမီး၊ သန့်ရှင်းသောရေ၊ ဆက်သွယ်ရေး စသည်) ဆိုင်ရာ ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ခြင်း၊ အသေးစားငွေချေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ အိမ်တွင်းမှု သင်တန်းများပေးခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း၊ ဈေးကွက်များဖော်ဆောင်ပေးခြင်း၊ လုပ်ငန်းတည်ထောင်မှု ဆိုင်ရာ အကြံဉာဏ်များပေးခြင်း စတဲ့ မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်နိုင်ပါတယ်။

လူမှုထောက်ကူအခွင့်အလမ်းများ ပံ့ပိုးပေးခြင်း

မြို့ပြဆင်းရဲနွမ်းပါးသူများဟာ များသောအားဖြင့် ပုံမှန်လုပ်ခလစာတွေအပေါ်မှာ မှီပြီး ရပ်တည်နေသူများ မဟုတ်ကြပါဘူး။ ကြုံရာကျပန်းအလုပ်တွေ လုပ်ကိုင်နေကြရသူများ ဖြစ်ပါတယ်။ ဒါကြောင့် အစာအာဟာရ ပြည့်စုံလောက်ငရေးအတွက် ငွေကြေး (သို့မဟုတ်) အစားအစာ ပေးဝေခြင်း စတာတွေနဲ့ ကူညီဖြည့်ဆည်းပေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ အစိုးရအနေနဲ့ safety-net intervention policies များ ချမှတ်ဆောင်ရွက်နိုင်သလို၊ အန်ဂျီအို လူမှုရေးအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများသို့ အကူအညီတောင်းခံခြင်း ဆိုင်ရာ မူဝါဒတွေကို ချမှတ် ဆောင်ရွက်နိုင်ပါတယ်။

မြို့သစ်များ ဖော်ဆောင်ပေးခြင်း

ကျူးကျော်ရပ်ကွက်များ၊ ရထားလမ်း၊ ကားလမ်း၊ မြစ်ကမ်းဘေးမှာ နေထိုင်နေရသူများအတွက် မြို့သစ်များ ဖော်ဆောင်ပေးပြီး၊ ပြောင်းရွှေ့နေရာချထားပေးခြင်း၊ သန့်ရှင်းသောရေရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြို့သစ်များ အနီးတွင် စက်မှုဇုံများ တည်ထောင်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျောင်းများနှင့် ဆေးရုံများ ဆောက်လုပ်ပေးခြင်း စတာေွကို ပြုလုပ်နိုင်ပါတယ်။

ကောင်းမွန်သော မြို့ပြအုပ်ချုပ်ရေး (good urban governance)

ကောင်းမွန်သော မြို့ပြအုပ်ချုပ်ရေး ဖော်ဆောင်နိုင်ဖို့အတွက် တာဝန်ခံမှု၊ တာဝန်ယူမှု၊ အများပြည်သူ ပူးပေါင်းပါဝင်မှု၊ စွမ်းရည်တိုးတက်မြင့်မားမှု၊ လာဘ်စားမှုများကို တိုက်ဖျက်နှိမ်နင်းရေး စတဲ့ကဏ္ဍတွေမှာ သင့်လျော်တဲ့ မူဝါဒတွေ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ ရပ်ရွာဖွံ့ဖြိုးရေးဆောင်ရွက်နေသော အရပ်ဘက်လူ့အဖွဲ့များမှ တာဝန်ရှိသူများရဲ့ စွမ်းရည်မြင့်မားမှုကလဲ အရေးပါတဲ့အတွက် စာတွေ့၊ လက်တွေ့သင်တန်းများ ပေးခြင်းကို ပြုလုပ်နိုင်ပါတယ်။ နိုင်ငံတကာ အဆင့်မီ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ပညာများကို ဖြန့်ဖြူးပေးဖို့ လိုအပ်ပါတယ်။

လူသားလုံခြုံရေး (Human Security) ရှိလာစေရန် ကာကွယ်စောင့်ရှောက်ခြင်း

မြို့ပြဆင်းရဲနွမ်းပါးမှုနဲ့ ရာဇဝတ်မှု ထူပြောခြင်းတို့အကြားမှာ ထင်သာမြင်သာတဲ့ ဆက်စပ်မှုတွေ ရှိပါတယ်။ ရာဇဝတ်မှုများကို တားဆီးကာကွယ်နှိမ်နင်းခြင်း၊ လူသားလုံခြုံရေးရှိလာစေရန် ပြည်သူအများအား ကာကွယ် စောင့်ရှောက်ခြင်း၊ ဥပဒေအခွင့်အလမ်းများ ခံစားခွင့်ရှိစေခြင်း၊ ဥပဒေဘက်တော်သားများအား လူထုမှ ယုံကြည်မှု တိုးပွားလာစေခြင်းဆိုင်ရာ မူဝါဒများကို ချမှတ်အကောင်အထည်ဖော်နိုင်ပါတယ်။

နိဂုံး

ကျေးလက်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မူဝါဒများထက်စာရင် မြို့ပြဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မူဝါဒတွေက မူဝါဒရေးရာ ချမှတ်ဆောင်ရွက်နေသူများအတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ပိုမိုတွေ့ကြုံစေနိုင်ပါတယ်။ မြို့ပြဆင်းရဲနွမ်းပါးမှု၊ မြို့ပြလူတန်းစားကွာဟမှု ပြဿနာတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တစထက်တစ ကြီးထွားလာတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် သင့်လျော်သော မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေးက အရေးကြီးလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၃၁၊ ၇၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။ ။

Baker, J. & Schuler, N. (2004) Analysing Urban Poverty: A summary of methods and approaches, World Bank Policy Research Working Paper 3399, World Bank, Washington DC.

Baharoglu, D. & Kessides, C. (2002) “Urban Poverty” in Klugman (ed.) A sourcebook for poverty reduction strategies: Volume 2: Macroeconomic and sectoral approaches, World Bank, Washington DC.

Urban Poverty and the Working Poor: FACING THE CHALLENGES OF URBANIZATION AND URBAN POVERTY IN ASIA AND THE PACIFIC, Committee on Poverty Reduction, Economic and Social Commission on Asia and Pacific, Fourth Session, 12-14 December 2007, Bangkok

16 comments

  • weiwei

    August 1, 2011 at 2:52 pm

    ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ လူတန်းစားအများစုက ဝန်ထမ်း (အစိုးရ၊ ကုမ္ပဏီ၊ အရောင်းဆိုင်) စသဖြင့် သူတစ်ပါးဆီမှာ လခစားလုပ်နေရတဲ့သူတွေများပါတယ်။ ပျှမ်းမျှလစာက တစ်ဦးကို ငါးသောင်းပတ်ဝန်းကျင်လောက်ပဲ ရှိပါတယ်။ အိမ်မှာရှိတဲ့လူကုန် အလုပ်လုပ်နိုင်ရင် မသိသာလှပေမယ့် တစ်ဦးလစာကို အများက မှီခိုစားသောက်နေရရင်တော့ ဒုက္ခရောက်တာပဲ။
    ပညာရေး၊ ကျန်းမာရေးကုန်ကျစရိတ်တွေအတွက် မတတ်နိုင်လို့ ချေးငှားရင်း ဆင်းရဲသံသရာလည်နေကြတယ်။
    ဆင်းရဲမှုပပျောက်အောင် လူတစ်ဦးချင်းစီရဲ့ဝင်ငွေကို မြင့်တက်အောင်လုပ်ရမလား ?
    အသုံးစရိတ်တွေကို ကျသွားအောင် လုပ်ရမလား ?

    မြို့ပြနေ လူတန်းစားတွေမှာ အပြင်ပန်းဟန်လုပ်ပြီး ဝတ်စားပြနေပေမယ့် မီးဖိုချောင်သွားကြည့်လိုက်ရင် စိတ်ပျက်ချင်စရာ၊ သနားချင်စရာ …

    မြို့ပြဆင်းရဲနွမ်းပါးမှုကို အမြန်လျော့ချနိုင်ပါစေလို့ ………

  • pan pan

    August 1, 2011 at 3:27 pm

    ပြည်တော်သာစီမံကိန်းလိုမျိုး တစ်ခုခုစဉ်းစားသင့်တယ်
    ဆင်းရဲချမ်းသာ ကွာဟချက်ကြီးနေတာကို ဆွဲမစိနိုင်ရင်တောင် ဆင်းရဲနေတဲ့လူတွေကို သက်သာချောင်ချိအောင်လုပ်နိုင်ရင် အဆင်ပြေမယ်
    အရမ်းကြီးလုပ်ရခက်မယ့်ဟာမျိုးမစဉ်းစားဘဲ ဖြစ်နိုင်ချေရှိတာကို စဉ်းစားတာပိုထိရောက်မယ်ထင်တယ်
    ကောင်းလွန်းတာကြီးစဉ်းစားပြီး မလုပ်နိုင်ရင်၊ တကယ်လုပ်ဖို့မလွယ်ရင် အချိန်ကုန်လူပန်းတာပဲ အဖတ်တင်မယ်

    • maungmoenyo

      August 2, 2011 at 7:38 am

      သခင်နုရဲ့ ပြည်တော်သာစီမံကိန်းကြီး ပျက်ရတဲ့ အကြောင်းက ကိန်းဂဏန်းစာရင်းဇယားတွေ အမှန်အကန်မရှိလို့ဖြစ်ရတာဆိုရင်ယုံနိုင်မလား။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာပါ။ သိပ်ကောင်းတဲ့ အစီအစဉ်ပါ။ အစ္စရေးလ်နိုင်ငံကနေ ပုံတူးကူးခဲ့တဲ့ မဟာစိမံကိန်းကြီးက (ရိုက်စား၊ အမြတ်ထုတ်၊ လာဘ်ပေးလာဘ်ယူ တွေ အလျင်းကင်းခဲ့တာတောင်) သက်ဇိုးမရှည်ခဲ့ရှာပါဘူး။ ပြည်တွင်းမငြိမ်မသက်မှုက လည်းအကြောင်းတခုပေါ့။ နိုင်ငံရေးဩဇာလွန်ဆွဲပွဲမှာ အဲ့ဒီစီမံကိန်းကြီး ရေစုံမြောခဲ့ရပါတယ်။ ဦးကျော်ညိမ်း (တည်မြဲ) ဝန်ကြီးချုပ်ဖြစ်ခဲ့ရင်၊ ခုချိန် စင်္ကံာပူက မြန်မာ ကိုအဖေခေါ်နေရတဲ့ အချိန်ရောက်နေပြီပေါ့ (စကားချပ် – ချိုချိုကျော်ငြိမ်းတို့ မပါ)

  • suicide blind

    August 1, 2011 at 3:30 pm

    ဟုတ်တယ်ဗျို ့…..မြန်မာကားတွေထဲမှာ…သွပ်မိုးအိမ်တွေကိုဆင်းရဲသားအိမ်လို ့ရိုက်ရတယ်..
    ဓနိမိုးအိမ်တွေကိုတောင်ခွင့်မပြုတော့ဘူးလို ့သိရတယ်…

  • etone

    August 1, 2011 at 3:48 pm

    ခင်မမမျိုးတို့ကတော့ လုပ်ပြီ … အပြောလွယ်သလောက် အလုပ်ခက်ပါသတဲ့ကွယ် … ။ 🙂

  • ရွှေဘိုသား

    August 1, 2011 at 3:56 pm

    မပြည်.တဲ. အိုးက ဗောင်ပင်ခတ် တယ်လို.ပြောရမှာပေါ.နော်

    ဆင်းရဲသားကားကို သွပ်မိုးနဲ.ရိုက်ခိုင်းတာဆိုတော.

  • alinsett

    August 1, 2011 at 8:00 pm

    ကိုယ် တို ့လို ဆင်းရဲ သားတွေ ကို အဓိက ခြောက်လှန် ့နေတာက ကုန်ဈေးနှုန်းပါပဲ။
    ဝင်ငွေနဲ ့ထွက်ငွေ မမျှတ မှု ပေါ့။ ကိုယ် သိရသလောက်တော့ တခြာနိုင်ငံတွေ ရဲ ့တစ်ရက် လုပ်အားခ က
    လူနေမှုဘဝ ကို ဖူလုံ ရုံမက ပိုလျှံ နေစေတဲ ့ထိ ရတယ်…တဲ ့ ကိုယ် တို ့ဆီမှာတော့….တစ်နေ ့လုပ်စာနဲ ့တစ်နေ ့ ထမင်းဝအောင်စားရဖိ ု့တောင်အနိုင်နိုင်..။
    မင်္ဂလာဒုံကနေ ဆူးလေ က အရောင်းဆိုကို အရောင်းစာရေး သွားလုပ်ရတဲ ့ မိန်းကလေး တချို ့ဆိုရင်….
    ရတာ က လစာ….တစ်လ 45000 လောက်ပဲ။ ကားခ (ယာဉ်စီးခ) က အသွားအပြန် 400 ။
    တစ်နေ ့ ဝင်ငွေ ရဲ ့ ရာခိုင်နှုန်း တော်တော်များများကို ကားခ အဖြစ် ကုန်လိုက်ရတယ် ။ ကျန်တဲ ့ လုပ်အားခ ငွေနဲ ့ နေရေးထိုင်ရေး. ..စားရေး သောက်ရေး နဲ ့ကျန်းမာရေးတွေ ကို ဘယ်လို သုံးမလဲ….။
    တရုတ်နိုင်ငံမှာ လူဦးရေ အများကြီးကိ တိုးတက်အောင်……..စီမံပေးနိုင်တယ်။ ကိုယ်တို ့နိုင်ငံမှာ… တရုတ်လောက် လူဦးရေ မများတဲ ့ ပြည်သူတွေ ထမင်းမဝ ဘူး။ အာဟာရ မပြည့်ဝ ဘူး။
    အားလုံး..အတွက် စဉ်းစားပေးကြပါ..လို ့ ဘယ်သူ ့ကိုပြောရမလဲ..။
    ကိုယ် သိသလောက် တွေ လျှော်ပြောလိုက်ရရင်..ကိုယ်လည်းတော်တော် ….ပွကြီး ဖြစ်သွားမယ် ။ နိုင်ငံလည်းတော်တော် မွသွားတော့မယ် ။ ဒီလောက်ပဲ..ပြောတော့မယ် ။

  • Grace

    August 1, 2011 at 8:54 pm

    ခေါင်းစဉ်ကြည့်ပြီး မဖတ်ပဲနေမလို့ သူကြီးတင်တာမို့ ဖတ်လိုက်တာ ဖတ်ရကျိုးနပ်သွားတယ်။

  • naywoonni

    August 1, 2011 at 8:59 pm

    တစ်ကယ်တော့ ဆင်းရဲသားနဲ့ ကိုက်တာက သွပ်မိုးပါပဲ…။ ဘာလို့လဲဆို နေဝန်းနီတို့ဆီမှာ သက်ငယ်ပေါ့လေ…။ တစ်ရာကို 15000 လောက်ဖြစ်နေပြီ..။ အိမ်ဘယ်လောက်ပဲသေးသေး သက်ငယ် ငါးရာခြောက်ရာကနေ တစ်ထောင်လောက်တော့ မိုးရတာပဲ..။ ဝါးဈေးနှီး ဈေးကလည်း ကြီးသေး…….။ ပြီးတော့ နှစ်နှစ်လောက်ဆိုရင် နောက်တစ်တစ်ခါပြန်မိုးရပြန်ရော………။။

  • nature

    August 1, 2011 at 9:32 pm

    တော်တော်လေးကောင်းပြီးတော်တော်လေး ဗဟုသုတ ရပါတယ် သူကြီးရေး။
    ဒီ ပိုစ့်လေးတင်ပေးတာ ကျေးဇူးတင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 1, 2011 at 10:10 pm

    ဪ……………
    ဒီလိုဖြစ်သင့်တယ်
    ဟိုလိုဖြစ်သင့်တယ်လား
    ……………
    ……………
    …………..
    ဒီလိုဖြစ်သင့်တယ်လို့ပြောတာ
    ငါတို့ စစ်ဘောင်းဘီ ပုံစံပြောင်း အုပ်စုကို စော်ကားတာဘဲ
    မဖြစ်ဘူးကွာ
    ဘာလုပ်ခြင်လဲ
    ပုံ…….
    ………..ထိပ်ပြောင် မျက်နှာပြောင် သိန်းဂိန်

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 1, 2011 at 10:22 pm

    ခင်ဗျားတို့ကလည်း တော်တော်စိတ်ကူးယဉ်တာဘဲ
    ဒီလိုစစ်အာဏာရှင်တွေ အရင်းရှင်တွေလက်ထည်းမှာ
    ကိုယ့်အချင်းချင်း မျက်နှာအိုးမဲသုတ်ပြီး ချနေကြတဲ့
    ပြည်သူတွေအချင်းချင်း အပြန်အလှန်နားလည်ပူးပေါင်းမှု့ကို
    ဦးစားပေးမလုပ်ဘဲ
    ခုပြောနေတဲ့အစီစဉ်တွေ အသာထား
    မီးမှန်အောင် တစ်ခုတည်း ဖြစ်သင့်တာလေးပြောကြည့်ပါလား
    ရက်စက်ပါပေ့
    ပြောတတ်ပါပေ့
    ဟိုက မလုပ်လို့ မဖြစ်တဲ့ကိစ္စကြီးကို ဟိုလိုလုပ်သင့်ပါတယ်
    ဒီလိုလုပ်သင့်ပါတယ်လို့ ပြောတာကတော့ လွန်တာပေါ့
    ပြောပြန်ရင်လည်း အောင်ပုလွန်ရာကျဦးမယ်
    နေဦး နာမည်ပြောင်းမယ်
    မိုက်ကယ်ဂျော်နီအောင်ပွ လို့
    ဖြစ်သင့်တာကိုပြောရရင်တော့
    ပြည်သူတွေ တစ်ကယ်ရွေးချယ်ထားတဲ့ ပါတီတွေ အာဏာရသင့်ပါတယ်
    စစ်အာဏာရှင်တွေ ကိုအရေးယူသင့်ပါတယ်
    ဂက်စ်ငွေ့တွေကနေ မြန်မာပြည်လျှပ်စစ်မီးတွေ အပြည့်အလျှံရသင့်ပါတယ်
    ကားဈေးနှုန်းတွေ
    ဖုံးဈေးနှုန်းတွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    တွေ
    နောက်ဆုံးပိတ် တွေရမယ်ဆိုရင်တော့ သွားကြားထိုးတံလုပ်တဲ့စက်ရုံလေးတစ်ရုံလည်း ရှိသင့်ပါတယ် ခင်ဗျား

  • forever

    August 2, 2011 at 10:00 am

    အခုခေတ်ကဆိုက်ကားဆရာတွေတောင် MP 4 နားထောင်ရင်း
    ဆိုက်ကားနင်းနေတဲ.ခေတ်ပါဗျ.

  • Mee2

    August 2, 2011 at 11:47 am

    ဘယ်လို ဘဲဖြစ်ပါစေ။ဆင်းရဲသားရာခိုင်နှုန်းနှစ်စဉ်တိုးလာတာ အားလုးံအသိပါ။အစိုးရသစ်ပြောနေတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအစိအစဉ် ကစတောင်မစရသေးပါဘူး။မအောင်မြင်မယ့်ရာခိုင်နှုန်းက များနေတယ်။ဘာလို ့လဲဆိုတော့ တကယ်အလုပ်လုပ်ကြရမယ့် လူတွေထဲမှာ အရှိအတိုင်းတင်ပြကြမယ့်အစား စာရင်းဇယား အလိမ်တွေတင်မယ့်လူတွေပါနေကြလို ့ပါ

  • moethidasoe

    August 2, 2011 at 11:59 am

    ဒီခေတ်မှာ စာရင်းဇယား ဘယ်တော့မှ မှန်မှန်ကန်ကန် ရမှာ မဟုတ်ဘူး
    အမြတ်ခွန် ဆိုတာ တမျိုး ..
    လုပ်ငန်းခွန် ဆိုတာ တမျိုး ..
    ရန်ပုံငွေ ဆိုတာ တမျိုး ..
    ဒါတွေက သူတို့ကောက်ထားတဲ့ စာရင်းပေါ် မူတည်ပြီး ကောက်ခံကြ .. ဓါးပြ တိုက်ကြ .. အနုကြမ်း စီးကြ ဆိုတော့
    ဘယ်တော့မှ အရှိအတိုင်း ရမှာ မဟုတ်ဘူး ..
    အုပ်ချုပ်သူတွေ ကိုယ်တိုင်လဲ ပေးမှာ မဟုတ်ဘူး .. သူဌေးတွေလဲ ပေးမှာ မဟုတ်ဘူး ..
    ဆင်းရဲသားတွေအတွက်ကတော့ ?????

  • windtalker

    August 2, 2011 at 12:15 pm

    “ ဆင်းရဲ နွမ်းပါး မှု လျှော့ချ ရေး ” ဆိုတဲ့ အစီအစဉ် နဲ ့ပတ်သက်ပြီး
    မရှိဆင်းရဲ သူများ လည်း အကျိုးဖြစ်
    ကိုယ့်အတွက် လည်း အကျိုးဖြစ် မယ့် စီမံကိန်းများ (ဥပမာ- နေ ့စဉ် သတ်မှတ်ချက် အတိုင်း ပြန်ဆပ် ရတဲ့ အတိုးနည်း ချေးငွေ၊ မရှိဆင်းရဲသား များ လိုအပ်နေတဲ့ လူသုံးကုန် ပစ္စည်း များ၊အဝတ်အထည်များ အစရှိသဖြင့် ကို သင့်တင့်တဲ့ အတိုးနှုန်း အမြတ် ပေါင်းပြီး လပေး စနစ်ဖြင့် ရောင်းချပေးခြင်း ၊ အစရှိသဖြင့် ) ကို တည်ဆောက်နိုင်ပါတယ် ဗျာ ။ ကျွန်တော့် မှာသာ ပိုက်ဆံ ပေါလို ့ကတော့ ၊ မင်္ဂလာဆောင်ချင်ပေမယ့် မင်္ဂလာဆောင် စရိတ် မရှိတဲ့ အပျို လူပျို တွေ ကို လစဉ် အရစ်ကျ ပြန်ဆပ်ခိုင်းမယ့် ၊ မင်္ဂလာဆောင် စရိတ် ထုတ်ချေးပေးချင်တယ် ဗျို ့။ ခက်တာ က ဒီဩဂုတ် ၁ ရက်နေ ့ထွက်တဲ့ ထီကလည်း မပေါက် ။ ဟူး…..ပိုက်ဆံ..ပိုက်ဆံ

Leave a Reply