မင်္ဂလသုတ်ဆွေးနွေးခြင်း (လူမိုက်အကြောင်းနှင့် လူမိုက်ကိုသိခြင်း မသိခြင်းရဲ့ ကြောင်းကျိုးစကား)

lionkingAugust 2, 20111min672

မင်္ဂလာ ဆိုတဲ့စကားကို ငြိမ်းချမ်းရေးလို့ ဆွေးနွေးပြတဲ့စာကို ဖတ်တဲ့ သူတွေကို ကျေးဇူးအထူးတင်ပါတယ်။ ဒီမှာရေးထားတဲ့ ဆရာသမား ဆိုတာ တခြားမဟုတ်ပါဘူး။ ဒေသသုံး စကားတလုံးပါပဲ။ အချင်းချင်း နောက်နောက် ပြောင်ပြောင်ခေါ်တဲ့ စကားပါ။ ကိုကြောင်ကြီးရဲ့ ရေးသားချက်ကို သဘောကျ တယ်ဗျာ။ aungnng87 ရေ ဒီဆွေးနွေးချက်ဟာ ဘာသာအချင်းချင်း ကွဲစေဖို့ ခွဲနေတာ မဟုတ်ဘူးဆိုတာကို ကျွန်တော် ကျိန်ပြီးပြောပါတယ်ဗျာ။ (သိန်းတစ်ထောင် ထီပေါက်ရစေရဲ့လို့ပေါ့ဗျာ-ဟဲ-ဟဲ)။ windtalker ရေ ကျွန်တော် မနောက်ပါဘူးဗျ။ မင်္ဂလာ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို စာဖတ်သူ တွေရဲ့ အမြင်သဘောထား ဘယ်လိုရှိကြသလဲလို့ သိချင်ရုံသက်သက်ပါ။ ကျွန်တော် အခုဆွေးနွေးပြပါ့မယ်။ မင်္ဂလာဆိုတာကို ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ်အထိရောက်အောင်ပေါ့။ “ဟ ကိုယ့်ဆရာသမား ရောက်လာပြန်ပြီလား”။
“အေး ဒီတခါတော့ နဲနဲကြာမယ်ဟေ့။ ဒါနဲ့ မင်းပြောတဲ့ အရင်တပတ်က ငြိမ်း ချမ်းရေးတရား အကြောင်းပြောစမ်းပါဦးဟ”။
“ပြောတာပေါ့ ဒါဆို အသေဝနာ စ ဗာလာနံကို ပြောကြည့်တာပေါ့။ဒီနေရာမှာ ဗာလာနံလို့ခေါ်ရတဲ့ လူမိုက်ကို သရုပ်ပေါ်အောင် ဖေါ်ကြည့်တာပေါ့။ လူမိုက် ကို “မိုက်ရိုင်းတဲ့ ကာယကံ မိုက်ရိုင်းတဲ့ ဝစီကံ မိုက်ရိုင်းတဲ့ မနောကံ” အကျင့် ်ူ့ရှိသူလို့ပြောချင်တယ်”။
“ဒါများကွာ တထူးတဆန်း လုပ်ပြီး လူမိုက်ကို အကျယ်ချဲ့နေသေးတယ်။ ဒီ အနက်မျိုး ဒီဆိုလိုချက်မျိုး အရင်ကတည်းက ရှိပြီးသားပဲ။ ဘာလဲ အဓိပ္ပါယ် မပေါ်လွင်ဘူးလို့ ပြောချင်တာလား”။
“ဟုတ်တယ် မပေါ်လွင်ဘူး ထင်လို့တင်မဟုတ်ဘူး။ ပေါ်ကိုမပေါ်လွင်ဘူးဗျ”
“မပေါ်လွင်ဘူးဆိုတော့ ကိုယ့်လူက ပေါ်လွင်အောင် ပေါ်ပြ လွင်ပြပါဦးဗျာ”
“ပေါ်လွင်မပေါ်လွင် သိရအောင် မေးကြည့်မယ်။ ကိုယ့်ဆရာသမားတို့ သိတဲ့ လူမိုက်ဆိုတာကို သိပြီးတဲ့နောက်မှာ အဲဒီလူမိုက်ကို မမှီဝဲ မပေါင်းသင်း မဆက်ဆံပဲ နေနိုင်ကြလို့လား”။
“ဟ-ကိုယ့်လူရ လူမိုက်လဲလူပဲဆိုတော့ ပြောဆိုတာဖြစ်ဖြစ် ဆက်ဆံတာဖြစ် ဖြစ် တခုခုတော့ လုပ်ရမှာပေါ့။ သူမိုက်တာက သူ့အသိနဲ့သူမိုက်တာပဲ။ ဒါကြီး ကိုပဲ အပြစ်ကြီးတခုလိုလုပ်ပြီး ရှောင်တိမ်းဖယ်ခွာ မဆက်ဆံရတော့ဘူးဆို ရင် လောကထဲ ဆက်ဆံစရာ လူမရှိပဲဖြစ်သွားမှာပေါ့ဟ။” “ကျွန်တော်ပြောချင်တာက လူမိုက်ရဲ့ တကယ့်လူမိုက်အဖြစ်ကြောင့် ထိုမိုက် သူနှင့် ထိုမိုက်သောသူကို ဆက်ဆံတဲ့သူတို့ ဘယ်လောက်နစ်နာတယ်။ ဘယ်လောက်မနစ်နာဘူး ဆိုတာကို ဘယ်အတိုင်းအတာထိ အမြင်အသိရှိရှိ နဲ့ လူမိုက်ရဲ့ အတိုင်းအတာပမာဏ သိသလဲပေါ့”။ “ဒါကတော့ကိုယ့်လူရေကိုယ့်ဝန်းကျင်မှာရှိတဲ့ မိဘတွေနဲ့ ကိုယ့်အဝန်းအဝိုင်း က သင်ကြားပေးတဲ့အသိ ဘုန်းတော်ကြီးများ ဆရာ ဆရာမများ သင်ကြား ပေးတဲ့ အသိနဲ့ပဲ လူမိုက်ဆိုတာကို သိကြမှာပေါ့”။ “အဲဒီလူမိုက်ဆိုတဲ့ အသိကြောင့် လူမိုက်ဟ လူမိုက်ဟလို့ သိကြသူတွေထဲ ကဘယ်နှစ်ယောက်လောက်များ လူလိမ္မာအသိတွေနဲ့ ငြိမ်းချမ်းနေကြပြီလဲ”။ “ဒါကတော့ကွာ ငါလည်းစာရင်းပြုစုထားတာ မဟုတ်တော့ ဘယ်သိပါ့မလဲ”။ “ဟုတ်တယ် ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သိကိုသိသင့်တဲ့အဖြစ်ရှိရမှာပေါ့။ “ဒါဆိုရင် သိသင့်တဲ့ အကြောင်းလေး လင်းစမ်းပါဦး” “သိသင့်တာပေါ့ဗျာ။ ကျကျနနကို သိသင့်တာပေါ့။ ဘာကြောင့်လဲဆိုရင် မသိ ရင် မသိသလောက် ဒုက္ခရောက်ပြီး သိရင်သိသလောက် ငြိမ်းချမ်းလို့ပဲ။ လူမိုက်ဆိုတာ သူကိုယ်တိုင်လည်း အမိုက်ကို အမိုက်လို့မသိပဲ သူ့ကိုယ်သူ အမိုက်တွေနဲ့ ရစ်နှောင်ထားပြီး သူနဲ့ဆက်စပ်နေတဲ့ လူအများကိုလည်း သူ့ နည်းနှင်နှင် အမိုက်တွေကူးစက်စေလို့ပဲ။ ထိုလူမိုက်နဲ့ ဆက်စပ်နေကြသူတွေ လည်း ထိုလူမိုက်၏ မိုက်ဂုဏ်မိုက်ရှိန်တွေကြောင့် လူအများ၏ ငြိုငြင်ခြင်းခံရ လား ခံရရဲ့။ အပြစ်တင်ခြင်း ခံရလား ခံရရဲ့။ အဲသလို အများငြိုငြင်ပြစ်တင်ခံရ တဲ့အတွက် လူမိုက်နဲ့ ဆက်စပ်ကြသူတွေဟာ ဘယ်လိုပဲ ကောင်းတာလုပ်စေ ထိုလူမိုက်ကြောင့် ထိုသူတွေ လွတ်လပ်စွာလုပ်ဆောင်ခွင့် လွတ်လပ်စွာပြော ဆိုခွင့် လွတ်လပ်စွာကြံစည်တွေးခေါ်ခွင့်တွေ ဆုံးရှုံးကြရတယ်။ ဒီလို လူသား ရဲ့ လွတ်လပ်ခွင့်တွေဆုံးရှုံးတာလောက် ဆိုးဝါးတဲ့ ဆုံးရှုံးမှုမျိုး လောကရှိမယ် မထင်ဘူး။ ဒီလိုတွေ မဆုံးရှုံးချင်ဘူးဆိုရင် လူမိုက်ကို လူလိမ္မာဖြစ်အောင် လုပ်၊ လူလိမ္မာဖြစ်စေတဲ့ အသိအမြင်တွေ ဖွေရှာမယ်ဆိုရင် ထိုသူတွေ အား လုံးဟာ တကယ့်လူ့ငြိမ်းချမ်းရေးကိုဖြစ်စေတဲ့ လွတ်လပ်စွာလုပ်ကိုင်ပြောဆို ကြံစည်ခွင့်တွေ အပြည့်အဝရကြလိမ့်မယ်။ ဒါဟာ လူမိုက်ကို လူမိုက်လို့သိ ရင် ကိုယ်နှင့်တကွသော ကိုယ့်ဝန်းကျင်အပါအဝင် ထိုလူမိုက်ပါ မိုက်ချင်စိတ် တွေ ကုန်စေပါလိမ့်မယ်။ ဒါဟာ အမိုက်နဲ့တကွ မိုက်ကျိုးမိုက်ပြစ်တွေကိုမြင် ပြီး ပြင်ကြဆင်ကြမယ်ဆိုရင် တကယ့်တကယ်ကို လူ့ငြိမ်းချမ်းရေးရကြလိမ့် မယ်ပေါ့ ဆရာသမားရေ”။ “အေးကွာ မင်းပြောဆိုဆွေးနွေးပြတဲ့ အဓိပ္ပါယ်အထိတော့ တို့မတွေးဖူးဘူး။ ဒီလိုကြားရတော့လည်း လူမိုက်ကြောင့်ဖြစ်တဲ့ ကောင်းကျိုးဆိုးပြစ်တွေဟာ လူသားလောကကို ဘယ်လောက်ထိခိုက်တယ် ဘယ်လောက်မထိခိုက်ဘူး ဆိုတာဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာတွေ့မြင်နေရတော့ မင်္ဂလာကို ငြိမ်းချမ်းရေးလို့ ဖွင့်ပြတာကို နားလည်လိုက်ပြီ”။ “နားလည်တယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ”။ “နောက်ရက်ကြရင် ဆက်ပြီးဆွေးနွေးကြတာပေါ့”။ “ဟုတ် ဒါဆို ဒီနေ့ ဆွေးနွေးချက် ရပ်လိုက်တာပေါ့”။
“လူမိုက်ရှောင်”
လူမိုက်ဆိုရင် ဝေါင်ဝေါင်ရှေးလို့ မောင်မောင်လေးတို့ ဝေးဝေးရှောင် ဝေးဝေးမရှောင် အတူတွဲက အယူလွဲလို့ ယီးတီးယောင် အူတိအူကြောင် အမူစွဲသမို့ အပူကဲလို့ ဦးဏှောက်ချောင် ထိုသို့ အမောင်မဖြစ်ရေးက လူမိုက်ဘေးက ဝေးဝေးရှောင် အဲဒါမှ ဗာလဝါဒ မုချလွတ်မယ်မောင်။ ။

2 comments

  • True Answer

    August 3, 2011 at 8:04 am

    ပိုစ်လေးအတွက် ကျေးဇူးပါ။

    သစ္စာထိုက်တဲ့ တကယ်မှန်ကန်တဲ့ လူမိုက် လူလိမ္မာ အစစ် အကြောင်း သိနားလည်စေဖို့ အတွက် မိုးကုတ်ဆရာတော်ကြီးရဲ့ ရှင်းပြချက်လေးပါ http://www.mediafire.com/?mmzncn22ydn

    နားထောင်ဖြစ်အောင် နားထောင်ကြည့်စေချင်ပါတယ်ခင်ဗျာ။

  • lionking

    August 6, 2011 at 7:43 pm

    ကျေးဇူးတင်ပါတယ် True Answer ။ ဒါပေမယ့် မိုးကုတ်ဆရာတော်ရဲ့ တရားတွေကို ကျွန်တော် ကျကျနန နားထောင်ပြီးပြီဗျ။ ဆရာတော်က မင်္ဂလာကို နိဗ္ဗာန်လို့ အနက်ဖွင့်တယ်ဗျ။ ကျွန်တော်ကြိုက်ပါတယ်ဗျ။ သို့သော် တချို့စကားတွေက ယနေ့ခေတ်နဲ့ မလိုက်ဖက်တော့ဘူးလေ။ ဒါကြောင့် ကျွန်တော်က သူနားလည် ကိုယ်နားလည် ဖြစ်တဲ့ စကားတွေနဲ့ ပြန်ဆိုပြတာပေါ့။ တကယ်သာ မိုးကုတ်ဆရာတော်ကြီးရဲ့ စကားရှင်းလင်း ချက်တွေ ကောင်းတယ်ဆိုရင် အသံဖိုင်ရှိရာကို မညွန်ပါနဲ့။ ထိုစကားသံတွေကို စကားလုံးတွေအဖြစ် ပြောင်းပြီး ဝက်ဘ်ဆိုက်တခုအနေနဲ့ တပိုင်းချင်းတင်ပြရင် ပိုပြီးအဆင်ပြေမယ် ထင်ပါတယ်။

Leave a Reply