လက်လျှော့လို်က်ပါတယ် ကိုရွေကြွက်

ဘုရားတောင်ရှိခိုးလို့မှမပြီးသေး ဘုရားစင်ပေါ်မှာတော့ ကိုရွေကြွက်က ဆွမ်းပန်းကန်ကို ကောင်းကောင်းကြီး ပွဲတော်တည်နေပြီ။သည်ကြွက်တွေကြောင့်လည်း ဘုရားကို ဆွမ်းကပ်ရင်လည်း ပြစ်မထားရဲ။ သစ်သီးတွေတင်ရင်လည်း ပြစ်မထားရဲနဲ့။ဘုရားစင်ရှေ့မှာ ကင်းစောင့်ချထားရမလိုကိုဖြစ်နေတော့တာ။ နာရီဝက်မပြောနဲ့ (၁၅)မိနစ်လောက်ကိုတောင် ဘုရားဆွမ်းတော်က မခံတော့တာတော့ လွန်လွန်းပြီလို့ ထင်မိရပြီ။ ကိုရွှေကြွက်တွေကတော့ဖြင့် ဘုရားစင်ကို အပေါ်အောက်လူးလားခေါက်ပြန်လုပ်နေပုံများကတော့ လူကို မခန့်လေးစားလုပ်ရာကြနေပြီလေ။ အင်္ကျီတွေကိုလည်း ကောင်းတာတွေကိုမှ ရွေးကိုက်တတ်ပြန်သေးတာပါ။ ကြွက်ကို  အင်္ကျီကိုက်လို့ဆိုပြီ မဆဲမဆိုရဲ။ ဆဲဆိုရင် ပိုကိုက်တတ်တယ်လို့ ပြောကြတာကိုး။ ကြွက်တွေကို မွေးထားတဲ့ ကြောင်ကိုလည်း ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင် ထင်ကြတာ မဟုတ်ဘူး။ ကြောင်ကြီးကလည်း သူကလက်ပေါ်၊ သူ့အမြည်းပေါ် ဥဒဟိုဖြတ်လျှောက်နေတဲ့ ကြွက်တွေကို ဘေးမဲ့ပေးထားလေသလားမသိ။ ကြောင်မပီသလိုက်ပုံများပြောပါတယ်။

သည်ကြွက်တွေကို  နှိမ်နင်းဖို့စဉ်းစားကြည့်လိုက်တော့ အဖြေရှာမရ။ အစာထဲ အဆိပ်ထည့်ကျွေးဖို့ရာကြတော့ ခွေးတွေ ၊ကြောင်တွေ စားမိလို့ သေမှာလည်းဆိုးရသေးတယ်။ ညင်ညင်သာသာလေး ကြွက်ကို နှင်ထုတ်ဖို့ရာကြတော့ မလွယ်ရေးချမလွယ်။ တစ်ရက်နဲ့တစ်ရက်နောက်ကျနေလို့ကတော့ ဘုရားစင်ဟာ ကြွက်တွေရဲ့ ဘူမိနက်သန် နေရာဘကီးဖြစ်ကိန်းဆိုက်နေပြီ။ ဘုရားပန်းတွေကို ကိုက်လိုက်ကြတာများ ထောင်းလမောင်းကိုထလို့ပါ။ တစ်ရက် တစ်ရက် လှည်းကျင်းလိုက်ရတဲ့ ကိုရွှေကြွက်တွေရဲ့ မစင်တွေလည်း မနည်းမနှော။မဖြစ်တော့ဘူးဆိုပြီ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းကြည့်လိုက်တော့ သူငယ်ချင်းက ဒီလိုပြောတယ်။

ဒါများလွယ်လွယ်လေး ကြွက်ဖြူမွေးကြည့်လိုက်ပေါ့လို့ ပြောလာပါရော။ ကြွက်ဖြူကိုဆို ကြွက်မည်းတွေကြောက်တယ်ဆိုတာကို တော့ ကြားဖူးနားဝရှိထားတယ်လေ။ ခက်တာက ကြွက်ဖြူကို ဘယ်လိုရှာရမလဲဆိုတာကို စဉ်းစားမရဖြစ်နေတာ။ သူငယ်ချင်းကတော့ –

လွယ်လွယ်လေး ဘာမှ ခေါင်းစားမနေနဲ့ ငါ့ကောင် ငါတို့အိမ်ဘေးက ဈေးဆိုင်မှာ ရှိတယ်။ငါဖမ်းခေါ်လာခဲ့မယ်လို့ပြောတော့ ဝမ်းသာလိုက်တာ မပြောနဲ့တော့။ ဒီလိုနဲ့ အိမ်ကိုကြွက်ဖြူရောက်လာတော့ မင်းသားလေးကို ကောင်းကောင်းထားကောင်းကောင်းကျွေးလေတော့တာပေါ့။ ယူလာတဲ့ ကြွက်ဖြူက အကောင်ကြီးမျိုးမဟုတ်ပဲ အိမ်ကြွက်ပေါက်စတွေလောက်ပဲရှိတော့ သူငယ်ချင်းကိုပြောမိသေးတယ်-

မင်းကြွက်ကလည်းကွာ ငါ့အိမ်က ကြွက်တွေကို နိုင်နိုင်ပါ့မလားလို့ပြောတော့-

ဟေ့ကောင် ငါယူလာတာ ကြွက်ဖြူကွ နယ်နယ်ရရမှတ်လို့လို့ပြောတာပါပဲ။ ဟုတ်မဟုတ်တော့မသိဘူး။ စောင့်ကြည့်ရမှာပဲဆိုပြီး စောင့်ကြည့်လိုက်တာ။တစ်လလောက်ကတော့ ကြွက်မည်းတွေ နည်းနည်းတော့ ချဲသွားတယ်။ အဲဒီအတောအတွင်းတော့ စိတ်ချမ်းချမ်းသာသာနဲ့ ဆွမ်းတော်လေးကပ်လိုက်၊ သစ်သီဆွမ်းလေးလှူလိုက်နဲ့ ကောင်းလိုက်သည်ဖြစ်ခြင်းပေါ့။ မကြာပါဘူး နောက်တစ်လလောက်ကြာတော့ တစ်ရက်မှာ ကြွက်ဖြူနဲ့ကြွက်မည်း တူနှစ်ကိုယ်တိုင်းပြည်ထူထောင်နေသလားအောင် ခုန်ပေါက်ပြေးဆော့နေတာကို မြင်ရတော့ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံချင်။ ပြောတော့ ကြွက်ဖြူရှိရင် ကြွက်မည်းပြေးတယ်ဆိုတော့။ ခုတော့ ကြွက်မည်းနဲ့အတူတူတောင်ပျော်မြူးဆော့လို့ပါလာပေါ့။

အခုတော့ ပြန်ပြီး အင်အားတောင့်တင်းလာတဲ့ ကြွက်မည်းအဖွဲ့ဟာ ကြွက်မျိုးစု နောက်ထပ်တိုးပေးလိုက်သလို ကြွက်တွေတောင်ပိုပိုများလာတယ်လို့ထင်ရတယ်။ ကြွက်သေးသေးတွေက အိမ်ထုတ်တန်းတွေမှာ ၊လက်ယန်းတွေမှာ ပြေးပြေးဆော့ဆော့။အထူးသဖြင့်တော့ ဘုရားစင်ပေါ်မှာ အနေများတဲ့ကြွက်တွေဟာ ကြည့်ရတာ ဘုရင်တစ်ဆူလို နေရာကျကျ တပ်စွဲ မင်းလုပ်နေတာနဲ့တူနေတော့တယ်။

သည်တော့ ကြွက်နှိမ်းနင်းဖို့ နောက်တစ်နည်းရှာရတော့တာပေါ့။အရင်က (၁၅)မိနစ်လောက်ဆွမ်းကပ်ချိန်ရပေမယ့်လို့ ခုတော့ (၁၀)မိနစ်တောင် မခံတော့။ ဆွမ်းကပ်ရင် ကုသိုလ်မရပါပဲ အကုသိုလ်တွေချည်းပဲရနေတော့ ကြွက်ဆိုရင် အသံကိုမကြားချင်တော့တာပါ။ဘယ့်နှယ် ဘုရားကို ဆွမ်းကပ်ပါတယ်ဆိုမှ သူတို့တွေကို မနက်စာလာကျွေးတယ်ထင်ပြီး အသားကုန်ဆော်နေကြတယ်။ တရိစာ္ဆန်ဆိုတဲ့အတိုင်း စဉ်းစားဆင်ခြင်ဉာဏ်ကို မရှိကြဘူး။ စိတ်အချဉ်ပေါက်ပေါက်နဲ့ လုပ်မိလုပ်ရာ လုပ်မိလို့ကတော့ ပါဏာတိပါတတာကံတော့ ကျူးလွန်မိတော့မယ်။ ဝေရမဏီ သိက္ခာပဒံ သမာဒိယာမိ လုပ်ထားတဲ့ ငါးပါးသီလထဲက တစ်ပါးသော ကံကို ဒင်းတို့ကြောင့် ဖေါက်ဖြတ်ရတော့မယ်။ ဒါပေမယ့် သူ့အသက်ဆ ိုခြင်တောင်အလွှတ်ပေးတတ်တဲ့ သူက ခြင်ထက်အဆပေါင်း များစွာကြီးတဲ့ကြွက်ကို ဘယ်လိုသတ်ရမလဲ စဉ်းစားရတာ ခေါင်းကိုက်လို့ ဆေးသောက်ယူရတဲ့အထိပါ။

ဘာပဲဖြစ်ဖြစ် ကြွက်တွေကို သတ်မယ်လို့ ဆုံးဖြတ်ချက်ချထားမိလို့ ကြွက်တွေရဲ့ ဘူမိနက်သန် နေရာကို ရှာပုံတော်ဖွင့်မယ်ပေါ့။ ဒါပေမယ့်လို့ သူတို့တွေ ဘယ်ကနေ ဘယ်ကိုသွားတယ်ဆိုတာ ကြည့်လို့မရနိုင်တော့ ဘုရားစင်နားကပဲ စောင့်ကြည့် တုတ်နဲ့ရိုက်မယ်လို့ စောင့်နေရတော့တာပေါ့။ ကိုရွေကြွက်တွေမှာလည်း နတ်မျက်စိ၊ နတ်နားတွေများရထားသလားမသိ အဲဒီနေ့ ကြွက်တွေ အလုပ်နားသလားလို့ထင်ရအောင် တစ်ကောင်တစ်လေမှ ထွက်လာတာမမြင်ရဘူး။အချိန်တွေတာ ကုန်သွားတယ် တစ်ကောင် တစ်မြည်းမှ မမြင်ရ။ နောက်ရက်တွေမှာလည်း ဆွမ်းတော်ကို ဝင်တွယ်မယ့်ကောင်လည်း မတွေ့ရ၊ ပန်းကိုကိုက်မယ့်ကောင်ကိုလည်းမတွေ့ရ၊ သစ်သီးကိုက်ဖောက်မယ့်ကောင်ကိုလည်း မတွေ့ရ။ အင်း စိတ်ထဲကတော့ သည်ကြွက်တွေ သွေးရိုးသွေးသာမှဟုတ်ရဲ့လားလို့ တွေးမိတယ်။ ဟုတ်တယ်လေ။ သူတို့ကို သတ်မယ်လို ဆုံးဖြတ်ချက်ချလိုက်တာကို ကြားသွားကြလို့များလား။ ဘုရားစင်ပေးကကြွက်တွေ ဘယ်ရောက်သွားသလဲဆိုတဲ့ ပဟေဌိဖြစ်စရာပါ။

ဒါနဲ့ကြွက်ကို တစ်ကောင်တစ်မြည်းမှ မသတ်လိုက်ရပါပဲ နည်းနည်းရှင်းသွားတော့ စိတ်ချမ်းသာလိုက်တာ။ ဟိုတစ်ကောင်စ သည်တစ်ကောင်စတွေ့နေရပေမယ့် အရင်လောက်များတော့ အရေးမဆိုက်မိတော့ဘူး။ သည်နေ့တော့ ဘုရားစင်ကို သန့်ရှင်းရေးလုပ်မယ်လို့ အတွေးလေးရတော့ ဘုရားပန်းအိုးတွေချ၊ သပြေပန်းအိုးတွေချ၊ ပုံတော်တွေ ဖုန်သုတ် လေလေးတချွန်ချွန်နဲ့ စိတ်ပါလက်ပါ လုပ်နေမိတယ်လေ။ ဘုရားပွဲတွေချ အသစ်တင် လုပ်နေရင်းမှ ဘုရားဆင်းတုတော်ဆီကို မျက်စိရောက်သွားတယ်။ ဟုတ်သားပဲ   ဆင်းတုတော်ကို ရေသပ္ပါယ်ဦးမှပဲပေါ့။ တစ်လက်စတည်း ဘုရားပလ္လင်တော်ကိုလည်း အောက်ချပြီး ရေဆေးဦးမှလို့ အတွေးထပ်ရပြန်ပါရော။

အတော့်အတင့် ပြန်လည် သန့်ရှင်းစပြုလာတဲ့ ဘုရားစင်ပေါ်မှာ ပန်းအိုးတွေကို အရင်ပြန်တင်ရင်း ဆင်းတုတော်ကို အရင်ပင့်ယူလိုက်တယ်။ နောက် ပလ္လင်တော်ကို ယူမယ်ဆိုပြီးအမ…မှာတော့ မျက်လုံးတွေ ပြာထွက်သွားသလားအောက်မေ့ရအောင် ပျောက်လှပါပြီဆိုတဲ့ကိုရွေကြွက်မည်းတွေနဲ့ ကိုရွှေကြွက်ဖြူတွေ ဗုံးကျင်းခိုနေသလားမှတ်ရအောင် အုပ်စုလိုက် မွေးမြူရေးလုပ်နေကြပါရောလား။ စိတ်ထဲက လာရော့ သိပ်ကို ဒုက္ခပေးတဲ့ကြွက်တွေလို့ တုတ်နဲ့ထုသတ်မယ်အလုပ်မှာ စက္ကူစတွေ ပိတ်စတွေမကြားက သူတို့ရဲ့ ရင်မှဖြစ်တော့ သားသားမီးမီးတွေကြောင့် လက်ရော တုတ်ရော လေထဲမှာ တုန့်ခနဲ့ရပ်သွားခဲ့တာပါ။ ဪ ငါက သူတို့တွေကိုသတ်လိုက်ရင်တော့ သူတို့ သားသားမီးမီးတွေ ဘယ်လိုအသတ်ရှင်မလဲလို့ တွေးလိုက်မိတဲ့ခဏမှာတော့….ပလ္လင်တော်ကို အသာချလို့ ရေစိုဝတ်နဲ့ ဖုန်သုတ်ပြီး ဆင်းတုတော်ကို ပြန်တင်ကာ ဘုရားစင်ကို မော်ကြည့်နေလိုက်မိတော့တာမှ    အကြာကြီးရယ်။