တစ်ခါသုံးဖုန်းကတ်များဝယ်ယူရာတွင် နိုင်ငံသားကတ်ပြားပါရှိရမည့်အပြင် မိတ္တူနှစ်စောင်ပေးအပ်ရမည်

klnMay 8, 20101min400

GSM နှင့် CDMA 450 MHz (ကမ်းရိုးတန်း)တစ်ခါသုံးဖုန်းကတ်များဝယ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းပြသရမည့်အပြင် မိတ္တူနှစ်စောင်ကိုပါ ဝယ်ယူသည့်ဆိုင်တွင် ပေးအပ်ရမည်ဟု တစ်ခါသုံးဖုန်းကတ်အရောင်းဆိုင်များနှင့် ဝယ်ယူရာသုံးစွဲခဲ့သူများက ပြောကြားသည်။ တစ်ခါသုံးဖုန်းကတ်များ ရောင်းချပေးရာတွင် ဝယ်ယူသုံးစွဲသူများ၏ နိုင်ငံသားကတ်မူရင်းကို စစ်ဆေးရန်နှင့် မိတ္တူနှစ်စောင်ကိုပါ တောင်းယူထားရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများက ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် အခြေစိုက်ဖွင့်လှစ်ထားသော မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်များထံမှ သိရှိရသည်။ “Mobile King ဆိုင်မှာ FEC 50တန်သွားဝယ်တာနိုင်ငံသားကတ်မပါလို့ မဝယ်ခဲ့ရဘူး။ ယာဉ်မောင်းလိုင်စင်ပြလို့လည်းမရ၊ ဝန်ထမ်းကတ်ပြလို့လည်း မရဆိုတော့ မဝယ်ခဲ့ရဘူး” ဟု ပုံနှိပ်မီဒီယာတစ်ခုတွင် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးကဆိုသည်။ FEC 50 တန် ဖုန်းကတ်တစ်ကတ်လျှင် ကျပ် ၅၅၀၀၀၊ FEC 20 တန် တစ်ကတ်လျှင် ၂၁၀၀ဝနှုန်းဖြင့် မေလ ၅ရက်နေ့တွင် ရောင်းချပေးလျက်ရှိကြောင်းတစ်ခါ သုံးကတ်ဝယ်ယူခဲ့သူများထံမှသိရှိရသည်။