ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဖျက်သိမ်း

klnMay 8, 20101min350

တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေဆဲဖြစ်သော တောင်ကြီးအခြေစိုက်ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( ပ.အ.မ.ဖ) သည်နိုင်ငံရေးပါတီအဖြစ်ဆက်လက်မှတ်ပုံမတင်ဘဲ ဖျက်သိမ်းမည်ဖြစ်ကြောင်း ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူးဦးခွန်မောင်တုတ်က ပြောကြားသည်။ တောင်ကြီးမြို့ရှိ ယင်းပါတီဌာနချုပ်၌ ဧပြီလ ၂၄ရက်နေ့တွင် ၎င်းကအထက်ပါ အတိုင်း ပြောကြားသည်။ ၁၉၄ရခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်အနေဖြင့် စီးပွားရေးလုပ်ငန်း များလည်းမရှိကြောင်း၊ ပါတီခေါင်းဆောင်ပိုင်းသည်လည်း အသက်ကြီးရင့်လာပြီဖြစ်သည့်အတွက် ဆက်လက်ခေါင်းဆောင်မှုပေးနိုင်ခြင်းမရှိတော့ကြောင်း၊ အထက်ပါ အကြောင်းများကြောင့် မတ်လ ၂၄ရက်နှင့် ၂၅ရက်နေ့တွင် တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားညီလာခံတွင် ( ပ.အ.မ.ဖ) ကိုဖျက်သိမ်း၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( PNO) တစ်ခုတည်းသာ နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံရန် ဆုံးဖြတ်ခဲ့ကြောင်းဦးခွန်မောင်တုတ်ကဆိုသည်။ ၁၉၉၁ခုနှစ်တွင် ငြိမ်းချမ်းရေးရယူ၍ ဖွဲ့စည်းတည်ထောင်ထားသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် စီးပွားရေးနှင့် စည်းရုံးရေးအပိုင်းတွင် ပအိုဝ်းတစ်မျိုးသားလုံးအား ဦးဆောင်မှုပေးနိုင်သည့် အခြေအနေကြောင့် ၎င်းတို့၏ ပါတီမှ မလိုအပ်တော့ဟု ယူဆ၍ ဖျက်သိမ်းရခြင်းဖြစ်ကြောင်း၊ ပါတီမှ ငယ်ရွယ်သူ ဗဟိုအလုပ်အမှုဆောင်အချို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တွင် ပြန်လည်ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောကြားသည်။ “ ရွေးကောက်ပွဲဥပဒေအရ မေလ ၆ရက်နေ့ဆိုရင် အလိုအလျှောက်ဖျက်သိမ်းပြီးသားဖြစ်သွားမှာပါ။ ခုခေတ် ပအိုဝ်းလူငယ်တွေက ပြည်ထောင်စုပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ဆိုတာမသိတော့ဘူး။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဆိုတာပဲသိတော့တယ်”ဟုဦးခွန်မောင်တုတ်ကဆိုသည်။ သက်တမ်းရင့်လူမျိုးစုနိုင်ငံရေးပါတီတစ်ခုဖြစ်သော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ၁၉၅၂ခုနှစ် တွင်ကျင်းပသည့် ရွေးကောက်ပွဲ၌ အမတ်နေရာသုံးနေရာ၊ ၁၉၅၆ခုနှစ်တွင် တစ်နေရာ၊ ၁၉၆ဝပြည့်နှစ်တွင် သုံးနေရာ အသီးသီးအနိုင်ရရှိခဲ့ပြီး ၁၉၉ဝပြည့်နှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်များတွင် အနိုင်ရရှိခဲ့ကြောင်း ယင်းပါတီ၏ မှတ်တမ်းများအရသိရသည်။