“ကျွန်တော့်နတ်သမီးလေး အေးအေးဆေးဆေး အိပ်ပျော်နေပါစေ”

ဝင်သက်၊ ထွက်သက် ဖြည်းဖြည်းချင်းမှာ

အသိစိတ်ကို ခဏလေးလွှတ်ချထား

ကျွန်တော်ချစ်တဲ့ နတ်သမီးလေးလေ . . .

အေးအေးဆေးဆေး အိပ်ပျော်နေရှာတယ်

ခါတိုင်းလို စကားတွေ တတွတ်တွတ်မပြောဘဲ၊

ကျွန်တော့်ကို ပြောင်ချော်ချော်မရယ်ပြဘဲ၊

မျက်လုံးလေးမှိတ် . . . သူ အိပ်နေတယ်

ပါးလေးဖောင်းလို့

နှုတ်ခမ်းလေးထော်လို့

ကျွန်တော့်ရဲ့ ခပ်စွာစွာနတ်သမီးလေး

ယဉ်ယဉ်ကျေးကျေး အိပ်ပျော်နေတယ်

သူ့ကို သွားမနှိုးကြပါနဲ့

ကျေးဇူးပြုပြီး မနှိုးလိုက်ပါနဲ့

နတ်သမီးလေး ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေပါစေ

သူ့ကို စိုက်ကြည့်မိရင် မနေတတ်မထိုင်တတ်ဖြစ်တဲ့ ကောင်မလေး

ကျွန်တော်ဟာ အခုမှပဲ . . .

သူ ခေါင်းကလေးစောင်းပြီးအိပ်နေတာကို ငေးကြည့်ခွင့်ရ

သူ့ဆံပင်လေးတွေပါ ငြိမ်သက်အိပ်ပျော်နေတာကို ငေးကြည့်ရ

ကျွန်တော့်ရင်ခုန်သံဟာ သူ့နောက်ကို ကဆုန်ပေါက်ပြီးလိုက်လို့ . . .

ကျွန်တော်သိပါတယ်

သူနိုးလာရင် အရက်မူးသလို ယိုင်တိုင်တိုင်ထွက်လာမှာ၊

မနည်းတွန်းဖွင့်ထားရတဲ့တံခါးလို မျက်လုံးလေး စင်းနေမှာ၊

ကျွန်တော့်ကိုမြင်ရင် “ဟီး”ကနဲ တစ်ချက်ရယ်ပြမှာ၊

ကျွန်တော်သိပါတယ်

စက်သေနတ်ပစ်သလို စကားတွေ တတွတ်တွတ်ပြောတော့မှာ

သူ့ကိုစကားများတယ်လို့ပြောပြန်ရင်လည်း နှုတ်ခမ်းစူ၊ စိတ်ကောက်တော့မှာ

သူနိုးလာရင် သူ့ကိုစိုက်မကြည့်မိအောင်

ကျွန်တော့်မျက်လုံးတွေကို ကပျာကယာ သိမ်းထားဖွက်ထားရမှာ

အဲဒါတွေထားပါ၊ အခုလောလောဆယ်

ကျွန်တော့် ပေကပ်ကပ်နတ်သမီးလေး

ငြိမ်သက်အေးဆေး . . . အိပ်ပျော်နေ ။

သူရဿဝါ

မေ ၈ ရက် ၊ ၂၀၁၀ ခုနှစ်


About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah