ညနေခင်း တစ်ခုမှာပေါ့ဗျာ ကျွန်တော်ဆေးခန်းဖွင့်ဖွင့်ချင်း … လူတစ်ယောက်ရှေ့က ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက်နေတာ တွေ့မိတယ် ။ ဆရာဝန်လာမလာ လာကြည့်တာပဲ အထင်နဲ့  စောင့်နေတဲ့ လူနာတွေကို ကုသပေးရင်း အမှူမဲ့ အမှတ်မဲ့ နေလိုက်ပါတယ် ။ နောက်တစ်နာရီခွဲလောက်အကြာ … ထိုလူ ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက်တာ မြင်ရပြန်ပါရော … ကျွန်တော်လည်း သမရိုးကျမဟုတ်တဲ့ အပြုမူဖြစ်လို့ သိချင်စိတ်ဖြစ်မိပါတယ် ။ ပထမတစ်ခါလမ်းလျှောက်တုန်းက ဆေးခန်းကို လာချောင်းတာလို့ နားလည်သော်လည်း အခုတစ်ခါလာချောင်းတာက ဘာလို့များပါလဲ သိချင်မိပါတယ် ။ လမ်းမှာမ လမ်းလျှောက်ပြီး ဆေးခန်းထဲ ကျီးကန်းတောင်းမှောက်လျှောက်ကြည့်နေတဲ့လူကို ကျွန်တော်ဘယ်လို အကြောင်းပြချက်နဲ့ ခေါ်မေးလို့မှ မရဘူးလေ ။

သူဆေးခန်းထဲချောင်းကြည့်ချိန် ရှာဖွေနေတဲ့ မျက်လုံးတွေနဲ့ပါ ။ ကျွန်တော့်အထင် သူ့အိမ်သားတစ်ဦးဦးများ လူနာအနေနဲ့ ဆေးခန်းထဲလာသလား ရှာချင်နေတယ်ထင်ပါတယ် ။ သိချင်စိတ်သိပ်မပြင်းပျတော့ပဲ ကျွန်တော့အလုပ်ကျွန်တော်ဆက်လုပ်နေခဲ့တယ် ။ ဆေးခန်းပိတ်ချိန်ရောက်တော့ လူနာတွေ အကုန်လည်းပြန်ရော ကျွန်တော် ကုန်သွားတဲ့ ဆေးစာရင်းနဲ့ နောက်ထပ်ဝယ်ရမဲ့ ပစ္စည်း၊ဆေးစာရင်း ၊ စတာတွေကို တွက်ချက်ပါတော့တယ် .. ။ အဲ့ဒီအချိန် တံခါးလေးကိုတော့ ဂျက်မထိုးပဲ ဟစိလေး ဖွင့်ထားပါတယ် ။ ကျွန်တော်စာရင်းတွက်တာ အလွန်ဆုံးကြာ ဆယ့်ငါးမိနစ်ပါပဲ … ဒါကြောင့်လည်း တံခါးလေးကို မပိတ်ပဲ ဖွင့်ထားတာပါ … ။ စာရင်းတွေ အကုန်ပြီးလို့ … သွားတော့မယ် ပြင်တော့မှ … ကျွန်တော့် ဖွင့်လျှက်သား တံခါးရှေ့မှာ မတ်တပ်လေး လာရပ်နေတဲ့လူက ကိုခေါက်တုံ့ခေါက်ပြန်ပါပဲ … ။ သူ့နာမည်ရင်း မသိလို့ အမည် တပ်လိုက်တာပါ ။

ညိုးငယ်နေတဲ့မျက်လုံးတွေနဲ့ ကျွန်တော့်ကို တိုးတိုးလေး လှမ်းပြောပါတယ် ။ ဆေးခန်းပြချင်လို့ တဲ့ … ။ ကျွန်တော်လည်း ဆေးခန်းပိတ်ပြီး ပစ္စည်းတွေသိမ်း ခုံတွေတောင် နေရာချပြီး ၊ သော့တွေလည်း ပိတ်ပြီးကုန်ပြီလေ ။ ကျွန်တော့ စာတမ်းတစ်ခုပြုစုဖို့အတွက် ဆရာတစ်ယောက်နဲ့ ချိန်းထားတာ ဆေးခန်းပိတ်ချိန် သွားရမှာကြောင့် … သူ့ကို မနက်ဖြန်မှ လာပါလားလို့ အလွယ်ပဲပြောမိလိုက်ပါတယ် … ။ ဖျော့တော့တဲ့ လေသံလေးနဲ့…လူရှင်းအောင် စောင့်နေတာပါလို့ ပြန်ပြောတော့ လွယ်လွယ်နဲ့ လက်လျှော့ပြီး ပြန်မဲ့လူ မဟုတ်မှန်းသိခဲ့ပါတယ် ။ ကျွန်တော်လည်း အလွယ်ပြောလိုက်ပေမဲ့ … မျက်နှာလွဲပြီးမနေနိုင်တာကြောင့် သူ့ကို ကြည့်ပေးဖို့ …သဘောတူလိုက်ပါတယ် ။

ဆေးခန်းအတွင်းပိုင်းကို ၀င်ခိုင်းကာ စမ်းသပ်မှူပြုလုပ်စဉ် သူ့အကြောင်း အနည်းငယ်ကို ပြောပြပါတယ် … ။ ထိုလူက တစ်ချိန်က ခရီးသွားကားများ မောင်းနှင်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ ကျန်းမာရေး အခြေနေမကောင်းလို့ …အလုပ်မလုပ်နိုင်ပဲ အိမ်မှာ ထိုင်စားနေရတာပါတဲ့ ။ လေးစားဖို့ကောင်းတာ တစ်ခုက သူ့မှာ အေအိုင်ဒီအက်စ် ဖြစ်နေပြီဆိုတဲ့အကြောင်း ကို မကွယ်မ၀ှက်ပဲ ရှင်းရှင်းပြောခဲ့ပါတယ် … ။ ထိုလူနဲ့ စကားပြောစဉ် ခဏတွင်း သူ့ဘ၀ တစိတ်တပိုင်းကို သိလိုက်ရပါတယ် … အေအိုင်ဒီအက် ရောဂါသည်တစ်ယောက်မို့ ပတ်ဝန်းကျင်မှာတင်မကပဲ မိသားစုရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရကာ အထီးကျန် အဖြစ်နဲ့ သေမဲ့ရက် ထိုင်စောင့်နေရသူပါပဲ… ။ ကျွန်တော် သူ့စကားတွေကိုကြားရတော့ … ရင်ထဲနေလို့မကောင်းဘူး … ဟာတာတာနဲ့ စိတ်မကောင်းတာမျိုးလား  သတ်မှတ်ချက်မရှိတဲ့ ဝေဒနာတစ်ခု ခံစားလိုက်ရပါတယ် ။  သူဆေးခန်းကို ဖွင့်ဖွင့်ချင်းလာလျှင် ဘယ်သူမှ မရှိဘူးထင်လို့ လာကြည့်တာဖြစ်ကြောင်း ၊ သူ့ရောဂါအကြောင်း အတော်များများက သိကြကြောင်း သူ့ကြောင့် ဆေးခန်းမှာ လူမလာတော့မှာစိုးကြောင်း ၊ထို့ကြောင့် လူရှင်းချိန်အထိစောင့်နေရကြောင်းလည်း ပြောပြပါတယ်…ဒါအပြင် တခြား ဆေးခန်းတွေ ရောက်ခဲ့ဖူးကြောင်းနဲ့ … အရမ်းနွမ်းနယ်နေလို့ အကြောဆေးထိုးချင်တဲ့အခါ  မထိုးပေးကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ် ။ နှင်လွတ်လို့ မကောင်းတတ်တာကြောင့် ကုသမှူပေးတဲ့အခါ … အသားကို ကိုင်တွယ်လျှင်တောင် လက်အိတ်စွပ်ကိုင်တွယ်ကြောင်းနဲ့ နှာခေါင်းစည်းပါ တပ်ထားကြောင်း မျက်ရည်ဝဲ၀ဲနဲ့ ပြောပြရှာပါတယ် … ။ သူ့အသံတွေက တုန်တုန်ရင်ရင်နဲ့ပါ … ဖွင့်မပြောပေမဲ့ ဘယ်လောက်တောင် အထီးကျန်နေလဲ ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်ခြင်းကို ခံရလဲ သိနိုင်ပါတယ် ။

ကျွန်တော် စိတ်မကောင်းအတော်ဖြစ်သွားတယ် … ဆရာဝန်ဆိုတာ အယုတ်အလတ် အမြတ်မရွှေးရောဂါရတဲ့ လူတွေကို ကုသပေးရမှာပါ ။ စိတ်ဓါတ်တန်းတူထားပြီး ကိုယ်ချင်းစာတရားနဲ့ ကုသပေးပါမှ ဆေးစွမ်းထက်မှာပါ ။ ဟိုလူက ဟိုရောဂါရှိလို့ မကုချင်လို့မရပါဘူး… ။ ဒါဆိုရင် စိတ်ဓါတ်မမှန်တဲ့လူအမျိုးစားထဲ ပါသွားပါလိမ့်မယ် ။ ယခုတော့ အေအိုင်ဒီအက်စ် ဝေဒနာရှင်ကိုလည်း ၀တ်နည်းနဲ့ မညီ ဆက်ဆံတာတွေမြင်ရတာ စိတ်မကောင်းစရာပါပဲ။

ဆရာဝန်ဆိုတာက သာမန်ပြည်သူတွေထက် အေအိုင်ဒီအက်စ်ရောဂါ ဘယ်လို ကူးလဲ ၊ ဘယ်လိုကာကွယ်နိုင်လဲ ၊ ဘယ်လို နေထိုင်လို့ရလဲဆိုတာတွေ ပိုပြီး တတ်သိနားလည် ထားပြီးပါပြီ ။ အသားချင်းထိယုံလောက်နဲ့ မကူး ၊ လေထဲက မကူးပါလျှက်  မလိုအပ်ပဲ ကာကွယ်မှူတွေပြုလုပ်နေတဲ့ သူသွားဖူးတဲ့ ဆေးခန်းတွေကိုတော့ နားမလည်နိုင်တော့ဘူး ။ ဆေးထိုးမပေးတာကလည်း ဆေးထိုးအပ်က ကူးနိုင်တာကြောင့်ဆိုတာ သိပေမဲ့ ဆေးထိုးအပ်ကို ကိုင်ရုံနဲ့ မကူးပါဘူး… ။ သွေးကနေတဆင့်ကူးတာ သိနေလျှက်နဲ့ အသဲမာတဲ့လူတွေပါပဲ … ။ ကျွန်တော်တော့ သနားလွန်းလို့  သူ့စိတ်ဆန္ဒအတိုင်း အကြောဆေးသွင်းပေးခဲ့ပါတယ် ။ အားမငယ်ဖို့နဲ့ စိတ်ဓါတ်တတ်ကြွအောင် ခဏတာ စကားပြော အားပေးနှစ်သိမ့်ခဲ့ပါသေးတယ် ။ သူမပြန်ခင် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောသွားခဲ့တာ ကျွန်တော့မျက်လုံးထဲ ယနေ့ထိမထွက်တော့ပါဘူး ။

ကူးစက်ပုံကူးစက်နည်းနဲ့ နေထိုင်နည်း သိထားလျှင် ကြောက်စရာမလိုတဲ့ရောဂါဆိုးကြောင့် ရောဂါသည်တွေ ခွဲခြား နိမ့်ချ ဆက်ဆံတဲ့လုပ်ရပ်ကို တိုက်ဖျက်ချင်ပါတယ် ။ လူသားချင်း အတူတူ စာနာလက်တွဲပြီး သူတို့ အသက်ရှင်စဉ်တွင်းမှာ စိတ်အေးလက်အေး နေသွားလို့ရအောင် ပစ်ပယ်ခြင်းတွေ မပြုလုပ်ဖို့ပဲ တိုက်တွန်းလိုက်ပါတယ် ။ ။ 

About AKKO

A K K O has written 50 post in this Website..