မူရင်း ။ ။ The Story Of Stuff by Annie Leonard
ဘာသာပြန်။ ။ ကုန်ပစ်စည်းများဧ။် ရာဇဝင် (မောင်ဒေး)
Member Only ဖြန့်ဝေတဲ့ စာအုပ်မို့ လူတိုင်း ဝယ်ဖတ်ဖို့မဖြစ်နိူင်တာကြောင့် မန်းဂေဇက်မှတဆင့် Knowledge Sharing လုပ်လိုက်ပါတယ်။

ရှင့်မှာ iPod ရှိလား။ ကျွန်မကတော့ ကျွန်မ iPod ကိုတမ်းတမ်းစွဲဖြစ်နေမိပြီ။ အမှန်ပြောရရင်
ကျွန်မ ပိုင်ဆိုင်တဲ့ ပစ်စည်းအားလုံး ငြိတွယ်စွဲလမ်းမိတာပါဘဲ။ ဒါထက် ကျွန်မတို့ ဝယ်ယူသုံးစွဲနေတဲ့ ပစ်စည်းတွေ ဘယ်ကလာပြီး၊ စွန့်ပစ်တဲ့အခါ ဘယ်ကိုရောက်ကုန်သလဲ ဆိုတာကိုကော ရှင်စဉ်းစားကြည့်ဖူးလား။ ကျွန်မ ကတော့ အဲဒီအကြောင်းကို မနားတမ်းစဉ်းစားခဲ့ဖူးတယ်။ စာအုပ်တွေထဲလည်း ရှာဖွေဖတ်ကြည့်ခဲ့တယ်။ ကျောင်းသင်ရိုးစာအုပ်တွေထဲမှာတော့ ကျွန်မတို့ပိုင် ပစ်စည်းတွေဟာ (သယံဇာတ) တူးဖော်ထုတ်ယူခြင်း၊ ကုန်ပစ်စည်းထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ စားသုံးခြင်းနှင့် စွန့်ပစ်ခြင်း စတဲ့အဆင့်တွေကို ဖြတ်သန်းရတယ်လို့ဆိုတယ်။

1) သယံဇာတတူးဖေါ်ခြင်း
2) ကုန်ပစ်စည်းထုတ်လုပ်ခြင်း
3) ဖြန့်ဖြူးရောင်းချခြင်း
4) စားသုံးခြင်း
5) စွန့်ပစ်ခြင်း

ဒီအဆင့်တွေကို စုပေါင်းပြီး ကုန်စည်စီးပွါးရေးလို့ခေါ်တာဘဲ။ ဒီဖြစ်စဉ်ထဲကို ဒီထက်ပိုပြီး ကျွန်မစူးစမ်းကြည့်ရုှုခဲ့တယ်။ ဒီလိုနဲ့ကုန်ပစ်စည်းတွေ ဘယ်ကလာလို့ ဘယ်ကိုသွားတယ်ဆိုတာကို ကဘာပတ်လေ့လာလိုက်တာ ဆယ်နှစ်တောင်ကြာသွားတယ်။ အဲဒီလေ့လာချက်ထဲက ကျွန်မဘာတွေ တွေ့ခဲ့တယ်လို့ထင်သလဲ။ တခြားတော့မဟုတ်ဘူး။ အပေါ်မှာပြထားတဲ့ဖြစ်စဉ်ဟာ ကုန်ပစ်စည်းတခုရဲ့ ရာဇဝင်အပြည့်အစုံ မဟုတ်သေးဘူးဆိုတာဘဲ။ ဒီရာဇဝင် ဒီဇာတ်လမ်းထဲမှာ မပါဘဲပျောက်ဆုံးနေတာတွေ အပုံကြီးရှိပါသေးတယ်။

အပြင်ပန်းကိုကြည့်ရင်တော့ ဒီဖြစ်စဉ် ဒီစနစ်ဟာ ကောင်းကောင်းမွန်မွန်ပါဘဲ။ ဘာပြသနာမှမရှိသယောင်ပါဘဲ။ ဒါပေမဲ့ အမှန်မှာတော့ ဒီစနစ်က အကြပ်အတည်းထဲ ရောက်နေတဲ့စနစ်။ အဲသလိုဖြစ်ရတဲ့အကြောင်းက ဒီစနစ်ဟာ မျဉ်းဖြောင့်အတိုင်းသွားတဲ့စနစ် ဖြစ်နေခြင်းဘဲ။ ကျွန်မတို့ဟာ အကန့်အသတ်တခု အတွင်းမှာသာဖြစ်တည်နေတဲ့ ဂြိုဟ်ပေါ်မှာ အဲဒီ မျဉ်းဖြောင့်စနစ်ကို အကန့်အသတ်မဲ့စွာ ကျင့်သုံးလို့မရပါဘူး။

တကယ်တော့ ဒီကုန်ပစ်စည်းထုတ်လုပ်မှုစနစ်က တကယ့်အစစ်အမှန် ကဘာကြီးနဲ့ အပြန်အလှန်ပတ်သတ်နေတာပဲ။ ဒီစနစ်ဟာ စာရွက်ဖြူအလွတ်တရွက်ပေါ်မှာ အဖြစ်ရှိနေတာမှမဟုတ်တာ။ လူ့အဖွဲ့အစည်းတွေ၊ ယဉ်ကျေးမှုတွေ မတူညီတဲ့စီးပွါးရေး အဆောက်အဦးတွေ ပြီးတော့ သဘာဝပတ်ဝန်းကျင်….ဒါတွေအားလုံးနဲ့ ဆက်ယှက်ပတ်သတ်နေတာလေ။ ပြီးတော့ ဖြစ်စဉ်တလျှောက်လုံးမှာ အကန့်အသတ်တွေနဲ့ ဝင်တိုးဝင်တိုက်နေမိတာမဟုတ်လား။ အဲဒီ အကန့်အသတ်တွေကိုတော့ အပေါ်က ဆက်သွယ်ချက်ပြပုံတွေမှာ တွေ့ရမှာမဟုတ်ဘူး။ ပုံကပြည့်စုံမှုမှ မရှိသေးဘဲကိုး။ အဲဒီတော့ဘာတွေလိုအပ်နေသလဲဆိုတာ ဖြည့်ကြည့်ကြရအောင်။

အရေးကြီးဆုံးတခုကတော့ လူတွေဘဲ။ ဟုတ်တယ်။ လူတွေ ဒီဖြစ်စဉ်ကိုဖေါ်ပြချက်မှာ သူတို့ပျောက်နေတယ်။ တကယ်တော့ သူတို့ဟာ ဒီစနစ်တခုလုံးမှာ အလုပ်လုပ်ကိုင်သူအဖြစ်နဲ့ရော နေထိုင်မှီတင်းသူအဖြစ်နဲ့ပါ ရှိနေတာပါဘဲ။ အဲ…….အဲဒီလူတွေထဲက တချို့ကတော့ ကျန်လူတွေထက် ပိုအရေးပါကြတယ်။ အဲဒီအရေးပါသူတွေက ဘယ်သူတွေလဲ။

ဟုတ်ပြီ။ အစိုးရ။ သူတို့အကြောင်းပြောရင်းက စကြရအောင်။ အစိုးရကို တင့်ကား (သံချပ်ကာကား)နဲ့ သင်္ကေတပြု ဖေါ်ပြသင့်တယ်လို့ ကျွန်မ သူငယ်ချင်းတွေက ကျွန်မကို အကြံပြုတယ်။ ဟုတ်လည်းဟုတ်တာဘဲလေ။ ကျွန်မတို့ တိုင်းပြည်……….အမေရိကန်ပြည်ထောင်စုနဲ့ တိုင်းပြည်တော်တော်များများမှာ ဒီအတိုင်းဖြစ်နေတာဘဲ။ အမေရိကားမှာ အခွန်ငွေရဲ့ ၅၀% ထက်ပိုတဲ့ငွေကို စစ်အင်အား တိုးမြှင့်ဖို့အတွက် အသုံးချနေတယ်။ ဒါပေမယ့် ကျွန်မကတော့ အစိုးရကို တင့်ကားအဖြစ် သင်္ကေတမပြုလိုဘူး။ အစိုးရဆိုတာ ပြည်သူလူထုထံမှ၊ ပြည်သူလူထုအားဖြင့်၊ ပြည်သူလူထုအတွက်သာ ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တန်ဖိုးကို မြတ်နိုးရမှာမို့ ကျွန်မကတော့ အစိုးရကို လူအဖြစ်သာ သင်္ကေတပြု သတ်မှတ်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ကို ဂရုစိုက်ရမှာ၊ စောင့်ရှောက်ရမှာ အစိုးရရဲ့ အလုပ်ပဲ။ အဲဒါ သူတို့ရဲ့အလုပ်ပဲ။

အစိုးရအပြင် အခြားအရေးပါသူတွေကတော့ ကော်ပိုရေးရှင်းတွေဘဲ။ ကနေ့ ကော်ပိုရေးရှင်းတွေ အစိုးရထက်ကြီးမားတယ်လို့ ထင်ရစေတဲ့ အကြောင်းအရင်းကတော့ ကော်ပိုရေးရှင်းဟာ အစိုးရထက် တကယ်လည်း ပိုအရေးပါ ကြီးမားလို့ဖြစ်တယ်။ ကဘာ့ အင်အားအကြီးမားဆုံး စီးပွါးရေးအဆောက်အဦ (၁၀၀) မှာ ကော်ပိုရေးရှင်းတွေက (၅၁) ခုထိရှိတယ်။ (ကျန်လေးဆယ့်ကိုးခုက တိုင်းပြည်စီးပွါးရေးတွေဖြစ်ပါတယ်။) ကော်ပိုရေးရှင်းတွေရဲ့ အရွယ်အစားနဲ့ ဩဇာ ပိုကြီးမားလာတာနဲ့အမျှ အစိုးရတွေအတွင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတယ်။ အစိုးရတွေဟာ ပြည်သူတွေထက် အဲဒီကော်ပိုရေးရှင်းတွေကို အလုပ်ဖြစ်ဖို့ ပိုပြီး ပူပန်၊ ပိုပြီး စဉ်းစားလာကြတယ်။ ဟုတ်ပြီ။ ကုန်ပစ်စည်းထုတ်လုပ်မှု ဖြစ်စဉ်မှာ အခြားဘာတွေ ဖေါ်ပြဖို့ ကျန်နေသေးလဲကြည့်ရအောင်။

(သယံဇာတ တူးဖေါ်ထုတ်လုပ်ခြင်း ခေါင်းစဉ်အား ဆက်လက်ဖေါ်ပြပါမည်။)

Shwe Ei
5th Aug 2011

About Shwe Ei

Shwe Ei has written 44 post in this Website..