ကျွန်တော်နှင့် ဘာသာမဲ့ စာစဉ် (၃)

koyoAugust 6, 20111min844

မိမိမငြိမ်းချမ်းခြင်းအတွက် မိမိမှာသာ တာဝန်အရှိဆုံးဖြစ်ပါသည်။ မည်သူ က မည်သည့်ဘာသာကို ပုတ်ခတ်နေပါသည်၊ စော်ကားနေပါသည်၊ ဖျက်ဆီး နေပါသည် ဆိုရုံမျှဖြင့် ထိုဘာသာ ပျက်စီးသွားလိမ့်မည်မဟုတ်ပါ။ မိမိတို့၏ ဘာသာကို မိမိတို့ကိုယ်တိုင်သာလျှင် ချိုးဖျက်၊ပုတ်ခတ်၊ဖျက်ဆီးနေကြခြင်း ကြောင့်သာလျှင် ပျက်စီးနေကြရခြင်းဖြစ်ပါသည်။ ထေရဝါဒဗုဒ္ဓသာသနာကြီး အမှန်တကယ် ထွန်းတောက်လိုပါသလား။ ယခု ကျွန်တော်ပြောမည့် အချက် ကလေး တစ်ချက်တည်းကိုသာ လိုက်နာလိုက်ပါ။ လူလည်လုပ်ပြီး လိုက်နာ ခိုင်းနေခြင်းမဟုတ်။ လိုက်နာဖို့ သတ်မှတ်ထားသော ရှိပြီးသားစည်းကမ်းကို သာ တင်ပြမှာဖြစ်ပါတယ်။ ထိုအချက်ကား ရဟန်းတော်များ ရွှေ၊ငွေ၊ပိုက်ဆံ မကိုင်ဖို့ သတ်မှတ်ထားချက် စည်းကမ်း(၀)သီလသိက္ခာကလေးပါပဲ။ မိမိတို့ ၏ သာသနာကို အမှန်တကယ် ထွန်တောက်စေလိုပါလျှင် အကြောင်းအမျိုး မျိုးပြပြီး ငြင်းပယ်လိုက်ဖို့တော့ မကြိုးစားမိဖို့တော့ လိုပါလိမ့်မည်။
ထိုအပြစ်သည် များစွာကြီးလေး၏။ နိဿဂိ္ဂတ်ပါစိတ်အာပတ်သင့်ခြင်းဖြစ် ပါသည်။ ထိုပါဠိ၏ အဓိပ္ပါယ်မှာ မိမိကိုင်ဆောင်ထားသော ရွှေ၊ငွေ၊ပိုက်ဆံတို့ ရှိနေသမျှကာလပတ်လုံး စည်းကမ်းပျက်သော(ဝါ)သီလမရှိသောရဟန်း ဖြစ် နေပါတော့သည်။ ဤအချက်ကို လိုက်နာပါက ရရှိမည့် ကောင်းကျိုးချမ်းသာ တို့သည်ကား မရေမတွက်နိုင်အောင် ပေါ်ထွက်လာပေလိမ့်မည်။ စည်းကမ်း တို့ကိုမလိုက်နာသော စည်းပျက်၊ကမ်းပျက် ဖွဲ့စည်းထားသော မည်သည့်အဖွဲ့ အစည်းမဆို မလွဲမသွေကျဆုံးရမည်မှာ မြေကြီးလက်ခတ်မလွဲပင်တည်း။
လူသားစည်းကမ်း(ဝါ)လူသားသီလကို လိုက်နာကျင့်သုံးသူ မည်သူမဆို ဘာသာမဲ့အဖွဲ့အစည်းကို တည်ထောင်သူဖြစ်ပါသည်။ ထို့ကြောင့် လူသားတို့ လိုက်နာကျင့်သုံးရမည့် လူသားသီလကို လိုက်နာကျင့်သုံးခြင်းဖြင့် ငြိမ်းချမ်း သာယာသော လူသားအဖွဲ့အစည်းကြီးကိုတည်ထောင်ကြပါစို့။ လူသားထဲက လူတစ်ယောက်သည် လူသားစည်းကမ်း(ဝါ)လူသားသီလကို ဖောက်ဖျက်၊ ကျူးလွန်လိုက်သည်နှင့် ထိုပြစ်မူကျူးလွန်သူ တစ်ဦးတည်းသာခံရသည် မဟုတ်။ လူသားလောကကြီး တစ်ခုလုံးကိုရိုက်ခတ်ခြင်းခံရပါတော့သည်။
လူတစ်ဦးတစ်ယောက်သည် အခြားလူတစ်ဦးတစ်ယောက်အား သတ် ဖြတ်လိုက်သော လူသားစည်းကမ်းကို ကျူးလွန်လိုက်သည် ဆိုပါစို့။ အသတ် ခံရသူ တစ်ဦးတည်းသာခံရခြင်းဖြစ်ပါသလော။ သတ်သူတစ်ဦးတည်းသာ ခံရခြင်း ဖြစ်ပါသလော။ ထိုသူနှစ်ဦးတည်းသာ ခံရခြင်းဖြစ်ပါသလော။လူသား စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်ခြင်းသည် ထာဝရငရဲထက်လည်း ကြောက်စရာကောင်းပါ၏။ မဟတ္တမာ မဖြစ်မှာထက်လည်း ကြောက်စရာ ကောင်းပါ၏။ သေပြီး နှောင်ဘဝ၌ အသက်တိုမှာ၊ အနာရောဂါထူပြောမှာ၊ ပြန်လည်အသတ်ခံရမှာထက်လည်း ကြောက်စရာကောင်းပါ၏။
သတ်ဖြတ်သူ၏ အသိုင်းအဝိုင်းနှင့် သတ်ဖြတ်ခံရသူ၏ အသိုင်းအဝိုင်းတို့ သည်လည်း ငြိမ်းချမ်း၍ရနိုင်တော့မည်မဟုတ်ပေ။ ဗိုလ်ချုပ်အောင်ဆန်းအား သတ်ဖြတ်ခံရခြင်းကြောင့် မြန်မာပြည်သူတို့အတွက် များစွာနစ်နာရ၏။ ဦးစော၏ ဆွေမျိုးသားချင်းတို့သည်လည်း ဘာမဆိုင် ညာမဆိုင် လူတို့၏ ငြို ငြင်ခြင်းကို ခံကြရရှာလေတော့၏။ ယင်းသို့ လူသားတို့ ရရှိခံစားနေရသော အကျိုးဆက်များသည် လူသားစည်းကမ်းကို ဖောက်ဖျက်ကျူးလွန်ရာမှာ ထွက်ပေါ်လာချက်များပင်မဟုတ်ပါလော။ထိုအကျိုးဆက်များသည် အဘယ် ဘုရားသခင်၊ အဘယ်အတိတ်ကံတို့ကြောင့်မှ မဟုတ်သည်မှာ ထင်ရှားပေါ် လွင်လှပါသည်။

ကယ်တော်မူလှည့်ပါ့
လူ့စည်းကမ်း (အ)ဟုတ်(အ)မှန်ဟာ
လူ့ထံမှာပေါ်မြဲ လူ့ဉာဏ်လွှာတော်ကဲလို့
ဖေါ်သဟဲစုံစွာ။
ပြုံးတစ်လှည့် မဲ့တစ်ခါ
လှည့်အလာအားစိုက်လင်းရှာ။
လူ့ကမာ္ဘလူ့လောက
သူ့ဒေါသ ကင်းစွာ။
သူ့လောဘ အတင်းခွာတယ်
ယင်းကမာ္ဘသာရေး။
သူ့စရိုက် မိုက်အမှောင်ကို
လိုက်ယောင်ကာ မကျင့်စေဖို့တွေး။
လူ့အသိ လူ့ပညာကို
လူ့ထံမှာ မရှာပါပဲနဲ့
ဘာသာထဲ ကုန်းကောက်လို့မွှေ
ဦးဏှောက်တို့ဝေ
ဗုံးပေါက်လို့ ဘဝသေတယ်
အမရေ ကယ်တော်မူလှည့်ပါလေး။(အစ်မ=အမေ)

4 comments

  • True Answer

    August 7, 2011 at 8:56 am

    ဒီပိုစ်ကို ဖတ်ရင်း “ခပ်ပါးပါးလေးပဲ ပြောကြည့်ပါမယ်” ဆိုတဲ့ ပို့စ်လေးသတိရပြီး သက်ဆိုင်မယ်ထင်လို့ ဖော်ပြအပ်ပါသည်။ ဘာကို အဓိကထားရမလဲ ဆိုတာ သိနားလည်အောင် အထောက်အကူပြုမည်လို့ မျှော်လင့်ပြီး http://www.ashinkusala.com/2011/03/blog-post_28.html က ကူးယူဖော်ပြတာပါ။ ကျွန်တော့်အာဘော်မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။

    “ခပ်ပါးပါးလေးပဲ ပြောကြည့်ပါမယ် ”
    တန်ဇန်နှင့် အိကိဒိုဆိုတဲ့ ဘုန်းကြီးလေးနှစ်ပါး ခရီးအတူ သွားနေကြတယ်။ လမ်းတစ်လျှောက်မှာ ရွှံ့တွေဗွက်တွေ ထူလို့နေပါတယ်။ မိုးကလည်း သည်းကြီးမည်းကြီး ရွာနေတုန်းပဲ။ ချောင်းဆုံလေးနားရောက်တော့ ပိုးသား ကီမိုနိုဝတ်စုံလေးနဲ့ အလွန်ချစ်စရာကောင်းတဲ့ ကောင်မလေးကို တွေ့လိုက်ကြတယ်။ ရေတွေက ကြီးနေတော့ ကောင်မလေးက ချောင်းကို ဖြတ်မကူးရဲဘူး။ တန်ဇန်ဆိုတဲ့ ဘုန်းကြီးလေးက ရောက်ရောက်ချင်းမှာပဲ “ကောင်မလေး … လာ”ဆိုပြီး တစ်ဖက်ကမ်းကို ပွေ့ခေါ်သွားခဲ့တယ်။

    အီကီဒိုဆိုတဲ့ ဘုန်းကြီးလေးက တော်တော် စိတ်ဆင်းရဲသွားတယ်။ ဒါပေမယ့် အဲဒီအကြောင်းကို ဘာမှ ဖွင့်မပြောခဲ့ဘူး။ သူတို့နေတဲ့ ကျောင်းကို ရောက်ပြီး ညအချိန်အထိပဲ။ စိတ်ထဲမှာ တအုံနွေးနွေး ဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ သူ မမြိုသိပ်နိုင်တော့လို့ “ဟေ့.. တန်ဇန်၊ မင်း နေ့ခင်းက ကောင်မလေးကို ပွေ့ပြီး တစ်ဖက်ကမ်းကို ပို့ပေးခဲ့တယ်။ ငါတို့ ဘုန်းကြီးတွေဆိုတာ မိန်းကလေးတွေကို ကိုင်လို့ မရဘူးလေကွာ၊ အထူးသဖြင့် မင်းပွေ့ခဲ့တဲ့ ငယ်ငယ်ချောချောလေးတွေကိုပေါ့။ ဒါ တအား အန္တရာယ်ကြီးတာ သိရဲ့သားနဲ့၊ မင်းဘာလို့ လုပ်ခဲ့တာလဲ”လို့ ပြောပစ်လိုက်ပါတယ်။

    ဒီတော့ တန်ဇန်ဆိုတဲ့ ဘုန်းကြီးလေးက “အော် ….. ငါက ကောင်မလေးကို တစ်ဖက်ကမ်းကနေ ပွေ့ပြီး တစ်ဖက်ကမ်းမှာ ထားခဲ့ပြီလေကွာ၊ မင်းက ကောင်မလေးကို အခုထိ ပွေ့ထားတာကိုးကွ”လို့ ဆိုလိုက်ပါတယ်။

    (၂)
    တက္ကသိုလ်မှာ ဆရာကြီး နန္ဒာသိန်းဇံ သင်တန်း တက်ခဲ့စဉ်က မကြာခဏ ကြားရတတ်တဲ့ ဇာတ်လမ်းလေးပါ။ ဆရာကြီးက လူ့စိတ်အကြောင်း ပြောတိုင်းလိုလို ဒီဇာတ်လမ်းလေးကို ထည့်ပြောတတ်ပါတယ်။ ဇာတ်လမ်းလေးက တိုတိုလေးပေမယ့် အားပြိုင်မှုက အပြည့်၊ စဉ်းစားစရာ၊ အငြင်းပွားစရာတွေက အပြည့်ပါပဲ။ ယုတ္တိနည်း(logical)နဲ့ စဉ်းစားမလား၊ စိတ်ပညာ (Psychological) နည်းနဲ့ပဲ ပြောကြမလား။ ဒဿနိကဗေဒ(Philosophy)နည်းနဲ့ပဲ ဆိုကြမလား။ ဗုဒ္ဓဝိနည်းနဲ့အညီ ဆွေးနွေးကြမလား။ အများကြီးပါပဲ။

    (၃)
    ဒီပုံပြင်လေးကို ပြောပြပြီး တရုတ်ကျောင်းသူလေးတစ်ယောက်နဲ့ ကျောင်းသားသုံးယောက်ကို မေးဖြစ်တော့ သူတို့က တန်ဇန်းဘက်က အပြည့်အဝ ရပ်တည်ပါတယ်။ 100% လုံးဝ မလျှော့ဘူးလို့ ဆိုပါတယ်။ သူတို့ပြောတဲ့အထဲမှာ စကားတစ်ခွန်းက မျက်လုံးပြူးစရာ ဖြစ်ခဲ့ရတယ်။ “တန်ဇန်ကို ရှုတ်ချဖို့ ကြိုးစားတဲ့ ဘယ်ဆင်ခြေကိုမှ အထင်မကြီးဘူး”ဆိုတဲ့ စကားပါပဲ။

    (၄)
    တစ်နေ့ ကျောင်းမှာ ပရိတ်ရေ ဖြန်းပေးနေတုန်း အီရန်ကမ္ဘာ့လှည့်ခရီးသွားတွေ ရောက်လာတယ်။ အဲဒီထဲက ဘာသာရေးတွေအကြောင်း ကျမ်းရေးနေတယ်ဆိုတဲ့ တက္ကသိုလ်ဆရာမတစ်ယောက် ပါလာတယ်။ ဖော်ဖော်ရွေရွေပါပဲ။ ထုံးစံအတိုင်း နိုင်ငံရေးအကြောင်း စရတာပေါ့။ အမာဒီနီဂျက်ကို ကြိုက်လားဆိုတော့ စက်ဆုပ်တယ်လို့ ဆိုပါတယ်။ “ငါမေးသမျှ အီရန်လူမျိုးတိုင်းက အမာဒီနီဂျက်ကို မကြိုက်ဘူး ပြောကြတယ်။ ဒီလိုဆို ဘာလို့ သူ့သက်တမ်းက ရှည်နေရသလဲ”ဆိုတော့ “မင်းတို့ နိုင်ငံကော မင်းတို့ အစိုးရကို ကြိုက်တဲ့သူ ဘယ်နှစ်ယောက်ရှိလို့ စစ်အစိုးရ သက်တမ်းရှည်နေတာလဲ”တဲ့။ ပြီးရော။

    “မင်းကျမ်းက ဗုဒ္ဓဘာသာအကြောင်း ဘာတွေ ပါမှာလဲ”လို့ မေးဖြစ်တော့ “ဗုဒ္ဓဆိုတာ (၃၇)ပါးမြောက် နတ်တစ်ပါး ဖြစ်တဲ့အကြောင်း……….”စသဖြင့် ပြောနေပါတယ်။ “ဟေ့ နေပါအုံး …. မင်းပြောနေတာ မှားနေတယ်၊ မင်းပြောတဲ့ ၃၇-မင်းနတ်ဆိုတာ သိပ်အဆင့်အတန်းရှိတဲ့ နတ်တောင် မဟုတ်ဘူး၊ ဘယ်က သိရတာလဲ၊ ဘယ်ကအချက်အလက်တွေလဲ”လို့ မေးတော့ သူဖတ်တဲ့စာအုပ်တွေ အွန်လိုင်းကနေ ပို့ပေးမယ်လို့ ဆိုပါတယ်။ ပြောချင်တာက ဒါမဟုတ်ဘူး။

    “ဒါနဲ့ မသိလို့ မေးချင်တယ်၊ မင်း မိန်းမရှိလား”တဲ့။ “ဟဟဟ… ဒို့က မိန်းကယူလို့ မရဘူး”…..အဖြေက ဒီလောက်နဲ့ မရပ်ဖြစ်ခဲ့ဘူး…..“မိန်းမဆို သူတို့အသားကိုတောင် ထိလို့ မရဘူး”လို့ ဆိုတော့ “ဒါဆိုရင် စောစောက မင်း ကောင်မလေးတွေကို ပရိတ်ကြိုးတွေ ချည်ပေးနေတာ သူတို့လက်ကို ကိုင်နေတာပဲ”တဲ့။

    (၅)
    အဲဒီစကားလေးကို အွန်လိုင်းကနေ သူငယ်ချင်းနဲ့ ပြောနေဖြစ်တယ်။ “ငါကွာ … အဲဒီစကားကို ဘာမှ မဖြေနိုင်ခဲ့ဘူး”လို့ဆိုတော့ “မင်းကလည်း ဘာခက်တာမှတ်လို့၊ သာယာတဲ့စိတ်မဖြစ်ရင် ဘာအပြစ်မှ မရှိဘူး”လို့ ဖြေလိုက်ပြီးတာပဲလို့ အကြံပေးပါတယ်။ သူငယ်ချင်း အကြံပေးသလို ဖြေဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် “ချောလှနေတဲ့ ကောင်မလေး လက်ကို ကိုင်တာ မင်း နည်းနည်းကလေးမှ သာယာတဲ့စိတ်မဖြစ်ဘူးလား”လို့ မေးလာရင်…..ဆိုတဲ့အတွေးနဲ့ မဖြေဖြစ်ခဲ့ပါဘူး။ ငယ်ငယ်က စာသင်တိုက်က ဆရာတော် မိန့်ကြားခဲ့တဲ့စကားတစ်ခွန်းကလည်း ကြားယောင်လို့ပေါ့ “ထက်ထက်မိုးဦးက ပန် ပန် ပန်ဆိုပြီး ပြုံးပြနေတာကိုမှ မင်း ကြည့်မကောင်းဘူးဆို မင်း ဂန်ဒူးလားကွ”။

    (၆)
    ပီနန်းဆရာတော်ကြီး ပြောပြောနေတဲ့ အဖြစ်အပျက်တစ်ခု ရှိပါတယ်။ တစ်ခါက ဘုန်းကြီးတစ်ပါးက ဝိနည်းအရာမှာ တော်တော်နာမည်ကြီးတယ်တဲ့။ ဦးဇင်းလေးတစ်ပါးကလည်း ဝိနည်းကို အရမ်း တတ်ကျွမ်းချင်နေတာ။ နောက်ဆုံး ဝိနည်းနာမည်ကြီးဘုန်းကြီးနေတဲ့နေရာကို သိသွားခဲ့တယ်။ တစ်နေ့တော့ ဦးဇင်းလေးဟာ ဘုန်းကြီးနေတဲ့ကျောင်းကို ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်း ဘုန်းကြီးကို မတွေ့တော့ လိုက်ရှာတယ်။ နောက်ဆုံး ဝိနည်းဘုန်းကြီးက သရက်ပင်ပေါ်မှာ ခါးတောင်းကျိုက်ပြီး သရက်သီးခူးနေတယ်တဲ့။ ဦးဇင်းလေးကို လှမ်းပြောလိုက်သေးတယ် “ဒီတောင်းပြည့်ရင် ဆင်းခဲ့မယ်ဟေ့”တဲ့။ ဦးဇင်းလေး စိတ်ညစ်သွားတယ်… (သရက်သီးခူးတာ ဝိနည်းအရ အပြစ်ရှိတယ်။)။ သရက်ပင်ပေါ်က ဆင်းတော့ ဦးဇင်းလေးကို ရှင်းပြတယ်။ “ဦးဇင်းလေး…. ဦးဇင်းက ဝိနည်းတတ်ချင်တာလား၊ ဝိနည်းကျင့်ချင်တာလား။ ဝိနည်းတတ်ချင်ရင် ကျုပ် သင်ပေးမယ်။ ဝိနည်းကျင့်ချင်ရင် ကျုပ်ဆီမလာနဲ့”တဲ့။ ဦးဇင်းလေး သဘောကျသွားတယ်။

    (၇)
    မြန်မာနိုင်ငံက ဝိပဿနာနာမည်ကြီး ဆရာတော်တစ်ပါး အနောက်နိုင်ငံတစ်ခုကို ရောက်သွားတယ်။ သူဟောဟောနေတာက ဝိပဿနာ၊ အရာရာဟာ မမြဲဘူး။ ဆင်းရဲတယ်။ အစိုးမရဘူး။ ဘာကိုမှ တွယ်တာမနေနဲ့။ ဒီလိုပဲ အမြဲဟောတယ်။ သူ့ကြည့်ရတာ ကြည်ညိုဖို့ သိပ်ကောင်းတယ်။ အမြဲတမ်း သင်္ကန်းလေးကို သပ်သပ်ရပ်ရပ်ကလေး။ အပြောအဆိုက တကယ့်ကို တရားထူး ရထားသူတစ်ယောက်လို။ စကားပြောရင် အေးအေးကလေး၊ ယဉ်ယဉ်ကလေး။ ဝိနည်းလည်း လေးစားတယ်တဲ့ (လူတွေ အဆို)။ သူက ပိုက်ဆံ မကိုင်ဘူးတဲ့။ စာအိတ်ကိုတော့ ထိတယ်။ (ဒီနေ့ခေတ်မှာ အရီရဆုံး ဟာသပြကွက်တွေပေါ့)။ အခု သူ မြန်မာမှာ ကျောင်းလုနေတယ်။ အမှု မပြီးသေးဘူး။ ဘာမှ မမြဲဘူးတရားကိုတော့ ဆက်လက်ဟောနေဆဲပဲ။ ကြည်ညိုဖွယ်အမူအရာလေးတွေတော့ လုပ်နေဆဲပဲ။ ဆိုလိုချင်တာက သူဟာ အမူအရာနဲ့အကျင့် တစ်ခြားစီပဲ။ တဖြည်းဖြည်းနဲ့ ဟန်ဆောင်ခြင်းဟာ လက်ရှိကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာ (အမြင်ဗုဒ္ဓဘာသာ၊ မြတ်စွာဘုရားရှင်ဟောတဲ့ ဗုဒ္ဓဘာသာမဟုတ်ဘူး)ရဲ့ အဓိက ကိစ္စတစ်ရပ်လို ဖြစ်နေတယ်။

    • koyo

      September 5, 2011 at 6:41 pm

      ဝိနည်းကျင့်ရတာဟာ လူတွေရဲ့အကြည်ညိုခံရဖို့မဟုတ်ရပါဘူး။ သံဃာညီညွှတ်ဖို့သာဖြစ်ပါတယ်။
      သံဃာဆိုတာညီညွတ်ရမှာ။ အခုတော့ လိင်္ဂသံဃာတွေ ဖြစ်နေကြလေရဲ့။

  • နိုင်ကြီး

    August 8, 2011 at 11:45 am

    ဘာသာမဲ့တွေရဲ့ ကျင့်ဝတ် နဲ့ ပန်းတိုင်ကို သိချင်ပါတယ်

    • koyo

      September 5, 2011 at 6:32 pm

      ဘာသာမဲ့ ကိုရိုးရဲ့ကျင့်ဝတ်က လူသားတွေကို မငြိမ်းချမ်းစေမယ့် အပြော၊အဆို၊အနေအထိုင်တွေ
      ကို လူသားငြိမ်းချမ်းဖို့ ပန်းတိုင်ထားပြီး လူ့ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကုန်ဆုံးစေဖို့ပဲပေါ့။ ဆရာက
      ပုဒ်စာတစ်ပုဒ်ကိုတွက်ပြလို့ နားလည်ပြီဆိုရင် ကျန်တဲ့ ပုဒ်စာတွေကို ကိုယ်တိုင်တွက်သွားရုံပါပဲ။ ဒါကိုနားလည်ဖို့ လူ့ဘဝကိုပန်းတိုင်ထားပါ။ ဖြစ်နေတဲ့ပြဿနာတွေကို လူတွေဆီကပဲ တွေ့အောင်
      ရှာဖွေပါ။ ပြဿနာကိုတွေ့မှတော့ ပြဿနာဖြစ်ကြောင်းကို မလွဲမသွေ တွေ့ပြီပေါ့။

Leave a Reply