၁။ ထိုစဉ်က ကျွန်တော်သည် အတော်ပင်ငယ်ပါသေး၏။ တောင်ပေါ်မှ မဟာရန်ကုန်ဟုခေါ်တွင်အပ်သော ရန်ကုန်မြို့သို့ မိဘများနှင့်အတူ မအူမလည်ဖြင့် ရောက်ရှိခဲ့စဉ် အချိန်ကာလကပင်ဖြစ်ပါသည်။ ဆယ်တန်းစာမေးပွဲကိုဖြေဆိုပြီးသောအခါ ကျွန်တော်၏ ပညာသင်ကြားခြင်းသည်လည်း အလိုအလျောက်ပင် ဆုံးရှူံးသွားပြီဖြစ်သော အခါပင်ဖြစ်လေသည်။ အသက် ၁၆ နှစ်ကျော်ပြီဖြစ်သည့်အတွက် ငွေရှာဖွေရပေတော့မည်။ ပင်စင်စားမိဘ၏ ၀င်ငွေဖြင့် ကျွန်တော့်အား လောက်ငှအောင်မကျွေးနိုင်တော့ကြောင်း မိဘများမှ အသိပေးသဖြင့် အလုပ်ရှာဖွေရလေပြီ။

သို့ကလိုဖြင့် ကျွန်တော်သည်ကား ရန်ကုန်မြို့နှင့် အတော်အလှမ်းဝေးရာ၊ တောရွာလေးတစ်ရွာတွင် ခမ်းခမ်းနားနား တည်ဆောက်ထားသော မြန်မာနိုင်ငံရှိ သိပ်မများလှသော ဘီယာစက်ရုံ(၃)ရုံအနက်မှ တစ်ရုံတွင် Store Keeper ရာထူးကို တစ်လလျင် မြန်မာငွေ ၈၀၀၀ ကျပ်တိတိဖြင့် အလုပ်ခန့်အပ်ခြင်း ခံရလေတော့သည်။

၂။ စက်ရုံ၏ တည်နေပုံကို အကျဉ်းချုံးဖော်ပြရလျင် ရန်ကုန် အမှတ်(-) လမ်းမကြီးဘေးတွင် ဘေးပါတ်ပါတ်လည်တွင် လယ်ကွင်းများဝန်းရံလျက် ၂၇ ဧကကျယ်သော မြေကွက်တွင် မလေးရှားနှင့် ဖက်စပ်တည်ဆောက်ထားခြင်းဖြစ်သည်။ အလုပ်သမားများကို ၂ မျိုး၊ ၂ စားခွဲခြားထားသည်။ ပုံမှန်လခစားဝန်ထမ်းနှင့် နေ့စားဝန်ထမ်း တို့ဖြစ်သည်။ နေ့စားဝန်ထမ်းများ၏ ထိုစဉ်က ငှားရမ်းခမှာ မိန်းကလေး ၁၇၅ ကျပ်၊ ယောကျာ်းလေး ၂၀၀ ကျပ်ဖြစ်သည်။ ကျွန်တော်သည်ကား Store Keeper ဖြစ်သည့် အားလျော်စွာ Warehouse Department တွင်သာ နေ့စားဝန်ထမ်းအယောက်(၂၀၀)ကျော်နှင့် ကျင်လည်နေရသည်။

နံနက်မိုးလင်းသည်နှင့် နေ့စားအလုပ်သမားများအား စုဝေးစေပြီး တာဝန်ကျရာနေရာအသီးသီးသို့ ခွဲဝေ တာဝန်ချထားပေးခြင်းပြုရသည်။ လူအင်အားအများဆုံးအသုံးပြုရသည်မှာ ကုန်ထုတ်ဌာနနှင့် ထုပ်ပိုးဌာနတို့သာဖြစ်သည်။ နေ့စားဝန်ထမ်းများမှာလည်း မမြဲကြပါ။ နေ့မြင်၊ညပျောက်သာ ဖြစ်သည်။ နေ့စဉ်လိုပင် လူဟောင်းတစ်ယောက်နှင့် လူသစ် ၅ ယောက်ခန့်တို့အား အတူတကွ တွဲအလုပ်လုပ်ခိုင်းရသည်။

ဘီယာထုတ်လုပ်ပုံအဆင့်ဆင့်

၃။ ဘီယာချက်လုပ်ပုံကိုတော့ဖြင့် စေ့စေ့စပ်စပ် နားမလည်သဖြင့် ချန်လှပ်ခဲ့ပါမည်။ ဘီယာပုလင်းသွင်းပုံမှ စတင်ပြီး တင်ပြပါမည်။

ဦးစွာပထမ စော်ဘွားကြီးကုန်း ပုလင်းကုန်သည် (ဘော်တယ်ကုလားများ)ထံမှ လာရောက်ချထားသောပုလင်းပုံများမှ ပုလင်းများကို စတင်ရွေးချယ်စီစစ်ရပါသည်။ ဒီနေရာတွင် ပုလင်းအမျိုးအစား များစွာရှိသည့်အနက်မှ Local နှင့် Beer Chang နှစ်မျိုးကိုသာ အသုံးများသည်။ စက်မှု(၁) မှ ပုလင်းများ လာရောက်ပြသသော်လည်း Pressure ကိုမခံနိုင်သည့်အတွက် မသုံးဖြစ်ပါ။ Carlsberg Beer မှ ပုလင်းများကိုသုံးရာတွင်လည်း Singapore မှတစ်ဆင့် သွင်းရသောကြောင့် ကုန်ကျစရိတ်ကို မကာမိပေ။ Can များအတွက်သာ မလေးရှားမှ မှာယူသုံးစွဲသည်။

Local ပုလင်းများသည် အများအားဖြင့် ဒဏ်ရာဒဏ်ချက်များခြင်း၊ ငံပြာရည်၊ ငရုတ်ဆီ၊ တင်ချာ၊ အစရှိသည့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများမှ အသုံးပြုပြီး ရောက်ရှိလာသည့်အတွက် ပယ်ပုလင်းများသည်။ ရနောင်းနယ်စပ်မှ တင်သွင်းလာသော Beer Chang ပုလင်းများမှာမူကား တစ်ခါသုံးသာ ရှိသေးသည့်အတွက် ၉၀% ခန့် အသုံးပြုနိုင်သည့်အတွက် တင်သွင်းသူရော၊ စက်ရုံအတွက်ပါ အကျိုးအမြတ်များလှသည်။

ပုလင်းများကို ၂ မျိုးခွဲခြား ထုတ်ပိုးသည်။ ၁၁၀ ပါအိတ်နှင့် ၇၀ ပါအိတ်ဖြစ်သည်။

ပုလင်းများကို ရွေးချယ်ရာတွင် ဆာလာအိတ်များအားဖွင့်ပြီး ကြမ်းပြင်တွင် ကျဲချပြီးနောက် ရွေးချယ်ခြင်းဖြစ်သည်။ ပုလင်းနှုတ်ခမ်းများတွင် ပဲ့ရာပါမပါ၊ ပုလင်းကိုယ်ထည်တွင် အက်ရာပါမပါ၊ အမျိုးအစား တူ၊ မတူ (ဒီနေရာတွင် Local ပုလင်းများတွင် သက်ဆိုင်ရာ Beer တံဆိပ်များ ရိုက်နှိပ်ထားသည်ကို မြင်ဖူးကြမည်) ထိုသို့သော ပုလင်းများအား မသုံးပါ၊ ငရုတ်ဆီ၊ ငံပြာရည် ပုလင်းများဖြစ်ပါက လည်ပင်းတွင် ကော်ပါတ်များပါနေလျင် ဖယ်ထုတ်ခြင်း၊ အဖုံးပါနေလျင် အဖုံးများခွာခြင်း အစရှိသည်တို့ ပြုလုပ်ပြီးသောအခါ Crate များအတွင်းသို့ ၁၂ ပုလင်းကျစီထည့်ပြီး ၆ လွှာစီ စီရသည်။ ထိုသို့စီပြီးသော Crate များအား တစ်စောင်းအနေအထားဖြင့် လက်ဖြင့် လည်ပါတ်ရွေ့လျားစေပြီး ကုန်ထုတ်ဌာနအတွင်းရှိ ပုလင်းဆေးစက်ရှိရာသို့ ပို့ဆောင်ရသည်။ ထိုသို့ရွှေ့ယူရာတွင်မူ ပညာသားပါလှပေသည်။ ဟန်ချက်ညီအောင် မလှည့်နိုင်ပါက ပုလင်းများကျကွဲပြီး လူကိုပင် အန္တရာယ်ဖြစ်စေနိုင်သည်။

၎။ ပုလင်းဆေးစက်အတွင်းသို Conveyor များမှတစ်ဆင့် ပုလင်းများအားသွင်းရသည်။ ပုလင်းဆေးစက်၏ စက်စွမ်းအားမှာ တစ်နာရီ ပုလင်း တစ်သောင်းနှူန်းဖြစ်သည်။ စက်အတွင်းတွင် ကော့စတစ်ဆိုဒါနှင့် ဆပ်ပြာမှုန့်တို့အား ရေဖြင့် ရောနှောကာ အပြန်ပြန်အလှန်လှန်ဆေးကြောခြင်းဖြစ်သည်။ ထိုသို့ဆေးကြောလိုက်သောအခါ ပုလင်းမှ စက္ကူတံဆိပ်များ ပြောင်စင်ပြီးနောက် ပုလင်းအရည်ဖြည့်စက်ရှိရာသို့ Conveyor များမှတစ်ဆင့် ပို့ဆောင်ရသည်။ စက်မှအထွက်တွင် မီးချောင်းဖြင့် အလင်းပေးထားသောနေရာသို့ဖြတ်ရသည်။ ထိုနေရာတွင် အလုပ်သမား ၃ ယောက်ခန့်က ထွက်လာသမျှ ပုလင်းတိုင်းအား မပြတ်တန်း စောင့်ကြည့်ရသည်။ အက်ရာပါသည့်၊ မပြောင်သည့်ပုလင်းများအား ဖယ်ချပြီး နောက်တစ်ကြိမ်ဆေးကြောရန် ပြန်လည်ပို့ဆောင်ရသည်။

ထိုသို့ စကာတင်ရွေးချယ်ပြီးသည့်ပုလင်းများအား ပုလင်းအရည်ဖြည့်စက်အတွင်းတွင် ဘီယာနှင့် CO2 ကိုဖြည့်သွင်း၊ အဖုံးဖုံးပြီးနောက် ပိုးသတ်ခန်းကို ထပ်မံဖြတ်ခိုင်းရသည်။ ထိုမှ လွန်မြောက်လျင် တံဆိပ်ကပ်စက်အတွင်းဖြတ်သန်းကာ Product Code ရိုက်ပြီးသည့်နောက် အဆုံးသတ် Conveyor သို့ ရောက်ရှိပြီဖြစ်သည်။ အဆုံးတွင်မတော့ အလုပ်သမား ၆ ယောက်ခန့် တစ်ဆိုင်းစီဖြင့် ထွက်လာသည့် ပုလင်းများအား Conveyor မှတစ်ဆင့် Crate များအတွင်းသို့ ဆွဲချ ထည့်သွင်းရသည်။

ထိုနေရာတွင် လုပ်ကိုင်ရသူများအဖို့မှာ အတော်ပင် အန္တရာယ်များလှသလို ကျွမ်းကျင်မှုရှိရန် လိုသည့်အတွက် လူဟောင်းများကိုသာ သီးသန့်တာဝန်ပေးထားရသည်။ စက်မှ ထွက်လာသမျှကို နိုင်နိုင်နင်းနင်း ဆွဲချနိုင်ရန်လိုအပ်သလို ပုလင်းများ မကွဲစေရန်အတွက်လည်း ဂရုစိုက်ရသည်။ ထိုအနေအထားတွင် ပုလင်းများမှာ ကွဲရန် လွန်စွာမှာ အခြေအနေပေးသည်။

Crate များအတွင်း ဖြည့်သွင်းပြီးသော ဘီယာပုလင်းများအား Warehouse အတွင်းသို့ Forklift ဖြင့် အပြန်ပြန်အလှန်လှန် ပို့ဆောင်ရသည်။

ပုံမှန်အားဖြင့် ပုလင်း ၆၀၀၀၀ ခန့်ထုတ်သည်။ အားလုံးပြီးဆုံးသောအခါတွင်ကား ဘီယာထုတ်လုပ်ခြင်း ပြီးလေပြီဖြစ်သည်။

ထုပ်ပိုးခြင်း

၅။ Crate များအတွင်းမှ ဘီယာများအား စက္ကူသေတ္တာများတွင် ထုပ်ပိုးနိုင်ရန်အတွက် ရောက်ရှိလာသော စက္ကူပုံးများအား တိပ်ဖြင့်ကပ်ပြီးပုံသွင်းခြင်း၊ စက္ကူလျှာများထည့်သွင်းပြီးနောက် ဘီယာထုပ်ပိုးရန်အသင့်ဖြစ်ပြီဖြစ်သည်။ ထိုမှတစ်ဆင့် ထုပ်ပိုးပြီးသော ဘီယာများအားသစ်သားခုံများတွင် တစ်ခုံလျင် ၇၂ သေတ္တာနှူန်းဖြင့် ကမာရိုက်ပြီး နှစ်လွှာစီ Forklift ဖြင့် ထားသိုရသည်။

ဒီနေရာတွင် အလျဉ်းသင့်သဖြင့် ပြောပြရမည်ဆိုလျင် ပုလင်းဘီယာမှာ ဘီယာအတွင်း အအေးဓါတ်ကိုထိန်းသိမ်းထားနိုင်ရန်အတွက် CO2 ကို ဖိနှိပ်ထည့်သွင်းထားသဖြင့် ၆ လသက်တမ်းရှိသည်။ စည်ဘီယာမှာမူကား 20 Litter Can များအတွင်းတွင် ဘီယာသက်သက်သာထည့်သွင်းပြီး ခွက်အတွင်းပြောင်းသည့်အခါမှ CO2 ကို ရောနှောပေးသည့်အတွက် သက်တမ်းတိုသည်။ ထုတ်လုပ်သည်မှ ၃ ရက်အထိသာ သုံးနိုင်သည်။ ထို့အတွက်ကြောင့် ကျွန်တော်သည်လည်း လတ်ဆတ်သည့် စည်ဘီယာကိုသာ သောက်ပါသည်။

၆။ စက်ရုံမှပုံသေ၀န်ထမ်းများအား ထိုစဉ်က တစ်လတစ်ကြိမ်၊ လတစ်လ၏နောက်ဆုံးပါတ် သောကြာနေ့တွင် ဘီယာစိတ်ကြိုက်သောက်ရန်နှင့် အမြည်းပါ စီစဉ်ပေးသည့် Beer Party ကိုလုပ်ပေးသည်။ ကျွန်တော်မှာကား စက်ကိုင်ပေးရုံသာ ကိုင်ပေးလေသည်။ အကြောင်းမှာမူကား ကျွန်တော်သည်ကား Warehouse တွင် အလုပ်လုပ်ပေသည်မလား။ ပုလင်းများမှာ အတော်ပင်ကွဲတတ်သောကြောင့် နေ့စဉ်ပင်ကွဲရပေသည်။ တစ်ချို့မှာကား ကွဲပြီး ကြမ်းပြင်သို့ဖိတ်စဉ်ကျသည်လဲရှိသလို တစ်ချို့မှာကား မကွဲခင်ကပင် ကျွန်တော့်ကိုယ်ခန္ဒာထဲ စီးဝင်သွားမြဲဖြစ်ပေသည့်။ ထို့အတွက်ကြောင့် Beer Party တွင် ကျွန်တော် Beer မသောက်ပါ။

၇။ နောင်တွင် တစ်လ ၈၀၀၀ မှ တစ်လ ၁၀၀၀၀ ဖြစ်လာပြီးနောက် သိပ်မကြာခင်ကာလတွင်ပဲ ကျွန်တော့်ဘ၀ ပြောင်းလဲရန်ဖြစ်လာတော့သည်။ တစ်ခါဖူးမျှ လယ်မထွန်ဘူးပဲ၊ ရှမ်းဆန်၊ ၀န်ထမ်းဆန်၊ ပေါ်ဆန်းမွှေးနှင့် မနောသုခလောက်သာသိသော ကျွန်တော်မှာ ဘုရင့်နောင်သို့ ဆန်ပွဲရုံစာရေးအဖြစ် ရောက်ခဲ့ပြန်လေတော့သည်…….။

(ဒီဆိုက်မှာ စာကောင်းတွေရှားနေတယ်ဆိုလို့ ဗဟုသုတအလို့ငှာ ကိုယ်တွေ့များကို ရေးသားပါသည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..