N+ 110911 ရှားလော့ဟုမ်းနှင့် ဘောင်ဒရီလမ်းလူသတ်မှု 2.5

natureSeptember 11, 20111min761

2.4 မှအဆက်-

တင် ။ ။ဒါထက် အလောင်းနံဘေးမှာတွေ့တဲ့ဦးထုတ်အသစ်ကို ဆရာသတိထားမိရဲ့လား။ ရှား။ ။ ထားမိတယ် ဒါလဟိုဇီလမ်း တိုက်နံပါတ် ၃၃၉ အိုရီရန်တယ် ဦးထုတ် ကုမ်ပဏီက ။ ကိုသန်းတင်မှာ ထင်သလောက်အသားမယူနိုင်သဖြင့် ဂွကျသွားလေ၏။ တင်။ ။ဪ ဆရာလည်း သတိပြုမိတာကိုး။ နို့ အဲဒီဆိုင်ကော ဆရာရောက်သေးလားဆရာ။ ရှား။ ။မရောက်ပေါင်ဗျာ။ တင်။ ။ဒီတချက်တော့ ဆရာရှန်းသွားတာကိုး ၊ သဲလွန်စဆိုတာ ကြီးသောငယ်သော ရွေးမနေပဲ တွေ့သမျှ ကောက်လိုက်ရတာမျိုးကလား ဆရာရဲ့။ ဒါထက် အိုရီရန်တယ် ကုမ္ပဏီ သွားပြီးစုံစမ်းတော့ ဘရွတ်ကင်းလမ်း တိုက်နံပါတ် ၄၈ မှာ နေတဲ့ မစ္စတာ ဝေဿက ဆိုတဲ့ လ ူကမှာသွားလို့ .. အော်ဒါမိတ်.. ချုပ်လုပ်ပြီး ပို့လိုက်ရကြောင်း ကြားခဲ့ရတာကိုးဆရာရဲ့။

ရှား ။    ။တော်ပါပေ့ဗျာ၊တယ်တော်။

တင်။    ။ဒါနဲ့ ကျနော် ဘရွတ်ကင်းလမ်း တိုက်နံပါတ် ၄၈ ကို သွားစုံစမ်းတော့ မုဆိုးမကြီး မစ္စစ်ဒေးဗစ်ရဲ့ တိုက်ခန်းမှာ ထမင်းလခပေးစားတဲ့ ဧည့်သည်တယောက် ဖြစ်ကြောင်းသိရတာကိုးဆရာရဲ့။ ကျွန်တော်ရောက်သွားတော့ မစ္စစ်ဒေးဗစ်နဲ့ သူ့သမီးလေးကို တွေ့တယ်။ ဒါထက် စကားမစပ် သမီးကလေးက မိန်းမချောလေးဆရာ။ အသက် ၁ရနှစ်လောက်ရှိသေးတယ်။

ရှား။    ။ဆိုပါဦးဗျ။

တင်။   ။ဒါထက် ကျနော်က မစ္စတာ ဝေဿက သေရှာပြီ ဆိုတာ ကြားပြီးပြီလားလို့ မေးတော့ အမေကြီးက ခေါင်းညိတ်ပြတယ်။ သမီးကတော့ ဘာမှ မပြောနဲ့တော့ ဆိုပြီး မျက်ရည်တွေ ဝိုင်းလာပါလေရော။

ရှား။    ။ဪ။

တင်။   ။အမဲနံ့ရတဲ့ တောလိုက်ခွေးမျိုးလို ကျနော့်မှာ နားမျက်စိတွေ ကျယ်ထွက်သွားတာပေါ့ဆရာရယ်။ ကျနော်က… မစ္စတာဝေဿက ဘယ်အချိန်ထွက်သွားလဲ ..လို့ မေးတော့ …၈နာရီလောက်ထွက်သွားတယ်..။ … နောက်တော့ပြန်မလာဘူး လားမေးတော့ အမေကြီးကမလာဘူးတဲ့။ သမီးကလေးကတော့ မှန်မှန်ပြောလိုက်ပါမာမီတဲ့ ။ ဒီတော့ အမေကြီးက ကောင်းတော့တာပဲ၊ ကိုယ့်မောင်ကို ဒုက္ခရှာတဲ့နှမ၊ကောင်းနိုင်ကြသေးလားတော်တဲ့  ညည်းညူပါလေရော။ ဒီတော့မှ ကျွန်တော်ချော့မေးလို့ ဖွင့်ပြောတာကိုးဆရာရဲ့။

ရှား။   ။ပြောပုံက ဘယ်လိုတဲ့လဲဗျာ။

တင်။   ။ ဝေဿကနဲ့ ဟိန္ဒက တို့ မစ္စစ်ဒေးဗစ်တို့အိမ်မှာ နေတဲ့အခိုက်မှာ ဝေဿကဆိုတဲ့လူက သမီးချောလေး ရိုစီကို ပိုးနေတာကိုးဆရာရဲ့။ သူ့ပိုးပုံက ကုလားပီပီ စောင်းပါးရိပ်ခြည်မကပဲ ၊ တို့လားဆိတ်လား၊ ဆွဲလားငင်လား လုပ်တယ်တဲ့။ အမေလုပ်တဲ့သူကလည်း ဧည့်သည် ၂ယောက်က တလတစ်ရာစီပေးနေကြတော့ ငွေမျက်နှာ မက်မောပြီး မနှင်ထုတ်ရက်ပဲ အောင့်အီး သည်းခံနေရတယ်။ ဝေဿက ငနဲက တနေ့ မူးမူးနဲ့ တနေ့ထက်တနေ့ ကဲကဲလာတော့မှ ၊ နောက်ဆုံးမှာ မောင်းချလိုက်တော့ သူတို့နှစ်ယောက် ပစ္စည်းတွေဘာတွေယူပြီး ပြည်မြို့ဘက် လိုက်မလိုလိုနဲ့ ဆင်းသွားကြပါရော ဆရာရဲ့။

ရှား။    ။ဒီတော့ ၈နာရီလောက်ဟုတ်စ။

တင်။  ။ ဟုတ်တယ်ဆရာ တော်တော်ကြာလို့ နာရီဝက်လောက်ရှိတော့ ဝေဿကတယောက်တည်း မူးမူးနဲ့ ပြန်လာပြီး ရိုစီကို သူနဲ့လိုက်ဖို့ အတင်းခေါ်ပါလေရောဆရာရေ။ ကောင်မလေးက ငြင်းတော့ ငနဲက ဆွဲလားငင်လား ပွေ့လားဖက်လား လုပ်နေတုန်း ဗြုန်းဆို စာတိုက်မှာလုပ်တဲ့ မောင်ဖြစ်သူ ဂျွန်နီ ရောက်လာပြီး လှေကားက ကန်ချလိုက်ပါရောဆရာရဲ့။ ဝေဿက တိုက်အောက်ကနေပြီး ကြိမ်းဝါးနေတော့ ဂျွန်နီက … တယ်၊ဒီကောင် မသွားသေးဘူးလား ဆိုပြီး တိုက်ပေါ်က ဆင်းလိုက်သွားတာ ညသန်းကောင်ကျော် ပြန်ရောက်ပြီး နောက်နံနက်တော့ ဝေဿက သေပြီဆိုပြီး ကြားါ်ရတော့တာပဲဆရာ။

ရှား။   ။ဒီတော့ ခင်ဗျား ဘာလုပ်လဲ။

တင်။   ။ ပုလိပ်နှစ်ယောက်နဲ့ စာတိုက်ကြီးသွားပြီး ဂျွန်နီ ဒေးဗစ်ကို ဖမ်းတာပ ဆရာရယ်။သူ့ကို ဖမ်းဖမ်းချင်း ဂျွန်နီက… ခင်ဗျားတို့က ကျွန်တော့်ကို ခွေးမသား ဝေဿက အမှုနဲ့ ပတ်သက်ပြီး ဖမ်းတာပေါ့လေ..လို့ ပြောတယ် ဆရာရဲ့။

ရှား။   ။ဟုတ်တာပေါ့။

တင်။ ဒါထက် ဟိုညက ဂျွန်နီက ရှားနှစ်တုတ်တချောင်း ကိုင်ဆင်းသွားတယ်လို့ သူ့အမေကပြောတယ်။ ကျွန်တော်တို့ ဖမ်းတော့လည်းလက်ထဲမှာ ရှားနှစ်တုတ်ကိုင်လျှက်ပဲ ဆရာရဲ့။

ရှား။ ခင်ဗျား ယူဆပုံ ဆိုစမ်းပါဦးဗျ။

တင်။  ။ ဂျွန်နီဟာ ဝေဿကနောက်က လိုက်သွားပြီး ရိုက်သတ်ပြီး လူမရှိတဲ့ အိမ်ကြီးထဲ ဆွဲသွင်းထားခဲ့တယ်။ ဖယောင်းတိုင်တို့ ၊ သွေးစက်တို့ လက်စွပ်တို့  ဆိုတာက အထင်မှားအောင် ဉာဏ်ဆင်တာပေါ့ဆရာရယ်။

ရှား။  ။ ဘရွတ်ကင်လမ်းကနေပြီး ဘောင်ဒရီလမ်းအထိ လိုက်သတဲ့လား ဗျာ။

တင်။   ။ ရှေ့က ရထာနဲ့ သွားရင် နောက်က ရထားနဲ့ လိုက်နိုင်တာပေါ့ ဆရာရဲ့။

ရှား။   ။ တော်ပါပေ့ဗျာ။

တင်။  ။ ကျွန်တော့်လုပ်ပုံ မသပ်ယပ်ပါလားဆရာရယ်။ ကိုအုန်းဖေ လုပ်နေပုံတော့ တွေးပြီး ရယ်လိုက်ချင်ပါဘိ ဆရာရယ်။

…ဘာကြောင့် ဒီလောက်တမ်းတ နေရတာလဲ၊ ကိုင်း ၊ လာပါပြီဗျာ။  .. ဟု ပြောပြီးဝင်လာသော ကိုအုန်းဖေအား အံ့အားသင့်စွာဖြင့် ငေးကြည့်နေကြ၏။ အမြဲသပ်ယပ်စွာ ဝတ်ဆင်တတ်သော ကိုအုန်းဖေသည် ဖိုးရိုးဖားရား အသားများ အဆီပြန်နေသော ကြောင့်ပေတည်း။

ဖေ။   ။အရှုပ်တကာ့အရှုပ်မှာ ဒီ အမှုဟာ ဗိုလ်ချုပ်ကြီးလို့ ဆိုထိုက်ပါပေသဗျား။

တင်။  ။ မရှင်းနိုင်တဲ့သူ အဖို့တော့ ရှုပ်တာ်ပေါ့ဗျ။

ဖေ။  ။ ခင်ဗျားကတော့ ရှင်းနိုင်တယ်လို့ ဆိုချင်တယ်ပေါ့ ၊ ဟုတ်စ။

တင်။   ။ရှင်းနိုင် မရှင်းနိုင် ဟောဒီက ဆရာကြီးသာမေးကြည့်ပေတော့။ ဒါထက် ခင်ဗျားလူ ဟိန္ဒကရော ဘယ့်နှယ်လဲ။

ဖေ။   ။ဒီနေ့မနက် ၈နာရီလောက်က လိပ်ဗျူး ဟော်တယ်မှာ အသတ်ခံရလို့ သေရှာပြီကော။

 

၅။ အာရုဏ်တက်မှ နေထွက်

ကိုအုန်းဖေ၏ စကားကို ကြားသောအခါ ကျနော်တို့ ၃ယောက စလုံးမှာ အလွန်တရာအံ့ဩကြရ၏။ ကိုသန်းတင်မှာ ဣန္ဒြေမဆည်နိုင်အောင် ရုတ်တရက်ထခုန်မိသည်။  ဦးစံရှားမှာ နှုတ်ခမ်းကို ကိုက်လျှက် စဉ်းစားနေလေ၏။

ရှား။   ။ဟိန္ဒကလည်း ပါသွားပြီ။ အင်း….။

ဖေ။  ။ဒီအတိုင်းဆက်သွားနေရင် ခက်ကောင်ခက်ရချေရရဲ့ ဆရာရေ။

တင်။  ။ခင်ဗျားဥစ္စာ သေချာရဲ့လား ။

ဖေ။  ။သေချာလိုက်တာမှ ကျုပ်ကိုတိုင် ပထမဆုံးမြင်ရတဲ့ လူပဲဗျ။

ရှား။  ။ကိုသန်းတင်ရဲ့ ယူဆပုံတွေတော့ သူပြောလို့ ကြားပြီးပါပြီ။ ကိုင်း တလှည့် ခင်ဗျား ဆောင်ရွက်ခဲ့ပုံ အယူအဆလေးတွေကို လင်းစမ်းပါဦးဗျ။

ဖေ။ ကျနော့်သဘောက ဝေဿက ကို သူ့သူကငယ်ချင်း ဟိန္ဒက သတ်တယ်လို့ ထင်တာကိုး ဆရာရဲ့။ဟိုနေ့ညက ည ၈နာရီခွဲလောက်အထိ တူတူရှိသေးတယ်။ ၈ နာရီခွဲနဲ့ နာရီပြန် ၂ချက်အတွင်း ဟိန္ဒက ဘာလုပ်နေလဲ တနေ့လုံး လိုက်စုံစမ်းတော့ လိပ်ဗျူးဟော်တယ်မှာ ခြေရာခံမိတယ်။ ကျွန်တော်က မေးမေးချင်းပဲမန်နေဂျာ လုပ်တဲ့သူက လူတယောက်လာမေးရင် ဘယ်အချိန်မဆို သူ့ဆီလွှတ်လိုက်ပါလို့ မှာထားပါတယ်တဲ့။

တင်။  ။ဝေဿက သေတာကို သူမသိသေးဘူးလား ကရို့။

ရှား။   ။သူ မသိသေးလို့ ဖြစ်မှာပေါ့။ ကိုင်း ဆိုပါဦး ဗျ။

ဖေ။   ။မန်နေဂျာ ပြောလိုက်တဲ့ အခန်းနံပါတ် ၄ ကို ရောက်တော့ တံခါးဘယ်လိုမှ ခေါက်လို့ မရတာနဲ့ ကြမ်းပေါ်ငုံ့အကြည့်မှာ အခန်းထဲက သွေးတွေ စီးထွက်လာတာ တွေ့ပါလေရော။ ဒါနဲ့ ကျနော်က မန်နေဂျာ ခေါ်ပြပြီး နှစ်ယောက်သားတံခါး ကို ကိုယ်စောင်းတိုက်ဖွင့်တော့ လက်ယှက်ပြုတ်ထွက်ပြီး တံခါးပွင့် ၊ အထဲဝင်ကြတော့ ပြတင်းပေါက်ပွင့်ပြီး အနားမှာ မစ္စတာ ဟိန္ဒက လဲနေတာကိုး။ စမ်းကြည့်တော့ အသက်မရှိတော့ဘူး။လက်ဝဲဘက်ရင်ဘတ်မှာ ဒါးထိုးရာကြီးနဲ့ ၊ ထူးဆန်းတာ တခုက ဘာလဲဆိုတော့ အလောင်းဘေးက နံရံမှာ…

…ဗွီဒီတီ ဆိုတဲ့ စာလုံးကို သွေးနဲ့ ရေးထားတယ်မဟုတ်လား….ဟု ဦးစံရှားက မေးလိုက်ရာ-

အစစ်ပဲဆရာရဲ့ လို့ ဝန်ခံပြီးနောက် ဆက်၍ –

ဖေ။    ။မနက်စောစောတုန်းက နွားနို့သည် ကုလားတယောက်က လူတယောက် လှေကားထောင်ပြီး တိုက်ပြတင်းပေါက်က ဆင်းသွားတာကို တွေ့လိုက်ရတယ်တဲ့ဆရာရဲ့။ အရပ်အမောင်းကတော့ ဆရာ ပြောတဲ့အတိုင်းပဲတဲ့ ဆရာရဲ့။

ရှား။   ။ အခန်းထဲမှာ ခြေရာလက်ရာ ဘာတွေ့ရသေးလဲဗျ။

ဖေ။   ။ မျက်နှာသစ် ဇလုံထဲမှာ သူ့လက်ဆေးသွားဟန်ရှိတယ်။ အိပ်ရာခင်းမှာလည်း သူ့ဓားကို သုတ်သွားခဲ့တဲ့ သွေးစွန်းရာ တွေ့တယ်ဆရာ။

ရှား။   ။သည့်ပြင်ကောဗျာ။

ဖေ။    ။သည့်ပြင်တော့ ခြေရာလက်ရာ ဘာမှမတွေ့ဘူးဆရာ။ ( D T K gone to Siam) ဆိုတဲ့ ဒီတီကေ ယိုဒယားကို သွားပြီဆိုတဲ့ ကြေနန်းတစောင်တွေ့တယ်ဆရာရဲ့။

ရှား။   ။ဘယ်သူ့ဆီက ရိုက်တဲ့ ကြေနန်းလဲ။

ဖေ။  ။ ရိုက်တဲ့သူ အမည်တော့ မပါဘူး။ ပါလိပုတ္တမြို့ကတဲ့ဆရာရဲ့။

ရှား။   ။သည့်ပြင်ကော ဘာများ တွေ့သေးလဲဗျာ။

ဖေ။  ။အိပ်ရာနံဘေးမှာ ဆေးတံတချောင်း ၊ စာအုပ်တအုပ် ၊ စားပွဲလေးပေါ်မှာ ရေတခွက် ၊ ပြတင်းပေါက်ခုံပေါ်မှာ  သေတ္တာလေးတလုံးနဲ့ထည့်ထားတဲ့ ဆေးလုံးလေးနှစ်လုံး တွေ့တယ် ဆရာရဲ့။

ထိုစကားကို ကြားသည်နှင့် ဦးစံရှားမှာ ဝမ်းမြောက်စွာနှင့် ..ဟုတ်ပြီဗျ ၊ ခုမှစုံပေတော့ဗျား။ .. ဟု အားပါးတရ ပြောလေ၏။

ရှား။   ။ဒီအမှု ဟာ အခုမှ ကျုပ်လက်ထဲ ကွင်းဆက်စုံစုံလင်လင် ရောက်တော့တာကိုးဗျ။ ကိုင်း သို့သော် မှန်မမှန် သက်သေခံ ပြလိုက်ရဦးမှာပေါ့။ အဲဒီ ဆေးလုံးလေးတွေပါရဲ့လား။

ဖေ။  ။ ပါပါတယ်ဆရာ။

ရှား။   ။ပေးစမ်းဗျာ၊ ကြည့်ရအောင်။

ဆေးလုံးကလေး ၂ လုံးမှာ ဖြူရော်ရော် အရောက်ရှိ၍ ရွေးစေ့ခန့် ပမာဏရှိပြီး နေရောင်တွင် ထုတ်ချင်းပေါက် မြင်နိုင်လေသည်။

ရှား။    ။ကိုင်း ကိုသိန်းမောင် တနေ့ကကြောင်နာကြီး သွာယူစမ်းဗျာ။

ကျွန်တော်သည် ကြောင်အိုကြီးကို ပွေ့ယူလာပြီး ကုလားထိုင်ပေါ်တွင် တင်လိုက်သောအခါ ကြောင်အိုကြီးမှာ အသက်ကို ခဲယဉ်းစွာရှုနေရရှာသည်။

ဦးစံရှားသည် ဆေးလုံး ၂လုံးအနက်တလုံးကို ဓါးဖြင့်လှီး၍ တခြမ်းကို  နွားနို့ နှင့် ရောကာ ကြောင်အိုကြီးကို တိုက်လိုက်လေသည်။ ဦးစံရှားမှာ ကြောင်ကြီးကို နွားနို့တိုက်ပြီးသည်နှင့်တပြိုင်နက် လက်ပတ်နာရီကို စိုက်၍ကြည့်နေခဲ့ရာ ငါးမိနစ်ခန့် အချိန်ကုန်ဆုံးသည်အထိ ထူးခြားမှုမရှိသောအခါ အလွန်စိတ်ပျက်သော မျက်နှာထားမျိုး ဖြစ်လာလေသည်။ နောက်ဆုံး၌ ဦးစံရှားသည် ခေါက်တုန့်ခေါက်ပြန် စင်္ကြန်လျှောက်ရင်း ..ကံအားလျှော်စွာ တိုက်ဆိုင်တဲ့ သဘောမျိုးတော့ မဖြစ်တန်ကောင်းပါဘူး၊ ကြာင်ကလည်း ဘာမှမဖြစ် ၊ ဪ ၊ ဟုတ်ပြီ ၊ ဟုတ်ပြီ ၊။… ဟု ပြောလျှက် ဦးစံရှားသည် ရွှင်ပြသောမျက်နှာထားနှင့် ကျန်ဆေးလုံး တလုံးကို ဓါးဖြင့်လှီး၍ နွားနို့နှင့်ရောလေသည်။ နွားနို့သည် ကြောင်ကြီး၏ လျှာပေါ်သို့ ရောက်သည်နှင့် ကြောင်ကြီးသည် တချက်တည်း ဆန့်ကနဲ အကြောဆွဲပြီး အသက်ပျောက်သွားလေသည်။

ရှား။   ။ ဆေးလုံးတလုံးမှာ အဆိပ်ပါတယ်ဗျ။ ကျုပ်လဲပဲ တော်တော်ညံ့ပါတယ်ဗျာ။ ဒီတချက်ကို သိသင့်လျှက်သားနဲ့ ရှန်းသွားတယ်။

အဆိပ်ပါခြင်းမှာ ကြောင်ကြီးက သက်သေခံလျှက် ရှိသောကြောင့်ပေတည်း။

ရှား။   ။ဘယ်အမှုမဆို ရိုးလေ ရှင်းလို့ခက်လေ။ ဆန်းလေ စဉ်းစားဖို့ လမ်းများလာလေပဲဗျ။ ထူးဆန်းတဲ့ အချက်တွေဟာ မရှုပ်ထွေးစေတဲ့အပြင် ခြေရာကောက်လို့ သာပြီးလွယ်ကူသေးတယ်ဗျ။

တင်။   ။ (စိတ်တိုသော အမူအရာဖြင့်) ဆရာ့လက်ချာကို နားထောင်ဖို့ထက် တရားခံဖမ်မိတာကို ကျွန်တော်တို့မြင်ချင်ပါတယ်။ ဆရာ့ဟာက ဟိုတချက်ဒီတချက် အရိပ်အမြွတ်တော့ပြောပြ ရုံလောက်နဲ့ မပြီးနိုင်ပါဘူးဆရာ။ တကယ်တော့ ဘယ်သူဘယ်ဝါ သတ်တယ်ဆိုတာ တပ်အပ်ပြောနိုင်ရင် ပြောပြဖို့တိုက်တွန်းပါရစေ ဆရာ။

ဖေ။   ။ဟုတ်ပါတယ် ဆရာရေ။ ဆရာ့လက်ဝယ်မှာ သက်သေခံ ခိုင်ခိုင်လုံလုံ ရပြီး သိရင်လဲပြောပြဖို့ အချိန်သင့်ပါပြီ ဆရာ။

ကျွန်။  ။ဟုတ်ပါတယ်ဗျာ။ တရားခံကို သိလျှက်နဲ့ မဖမ်းပဲထားရင် တယောက်ပြီးတယောက် လျှောက်သတ်နေပါဦးမယ်ဗျာ။

ရှား။   ။နောက်ထပ်လူသတ်မှု ထပ်မဖြစ်တော့ဘူးဆိုတာတော့ တထစ်ချ မှတ်လိုက်ကြပါ။ လူသတ်သမားကိုကျုပ်သိတယ်။ မကြာမီ လက်ရဖမ်းမိအောင်စီမံထားတယ်။ သို့သော် ကျုပ်တို့ဖမ်းရမဲ့လူဟာ အင်မတန် ဉာဏ်သွားပြီး အပင်အပန်း ခံနိုင်လို့ သူ့ကိုဘယ်သူမှ မသိနိုင်ဘူးလို့ စိတ်ချနေရင် ဖမ်းဖို့လွယ်လိမ့်မယ်။ ဒါပြင်သူ့ကို ကူညီတဲ့ လူလည်တယောက်ရှိသေးတယ်။ ဒါကြောင့် အလျှင်မလိုပဲ နေရာကျတာနဲ့ ခင်ဗျားတို့ကို အကြောင်းကြားဖို့ အာမခံ ပါတယ်။

စုံထောက်၂ဦးမှာ ဒေါပွဟန် အမူအရာဖြင့် နှုတ်ခမ်းကို ကိုက်လျှက် ကြည့်နေလေ၏။ ထိုခဏ၌ အခန်းတံခါး ရုတ်တရက်ပွင့်လာ၍ ကော်ရင်ဂျီ ကုလားလေး အာချီးယား ဝင်လာပြီး ..မြင်းရထား ခေါ်လာပြီ်ဆပ်…ဟု ပြောလေ၏။

ရှား။   ။ ဟေ့ အာချီးယား။ ငါ့သေတ္တာတွေဝိုင်းသယ်ရအောင် ရထားကုလား သွားခေါ်လိုက်စမ်း။

ဦးစံရှားသည် ကျွန်တော်အား ခရီးသွာမည်ကိုပြောမပြထားသဖြင့် အံ့ဩမိ၏။ ဦးစံရှားသည် သားရေသေတ္တာ၁လုံးကို သားရေပတ်ကြိုးနှင် ပတ်လျှက်ရှိရာ ရုတ်တရက်ဝင်အောင်မပတ်နိုင်သဖြင့် အခက်တွေ့နေဟန်ရှိလေ၏။ ရထားကုလား တက်လာသောအခါ ဦးစံရှားက …ဟေ့ ဂယ်ရီဝါလား ၊ ဒီကိုလာစမ်း ၊ ဟောဒါ ကူလုပ်ပေးစမ်း..ဟု ခေါင်းမထောင်ပဲ ပြောလေရာ ကုလားသည် အောင့်အောင့်အီးအီး အမူအရာဖြင့် သားရေသေတ္တာကို ကိုင်လေ၏။

နောက်ခဏ၌ ချောက်ခနဲ အသံကြားရသည်နှင့် တပြိုင်နက် …ကိုင်း မိတ်ဆွေတို့ ၊ လူသတ်တရားခံ ဒဿကဆိုတာ သူပါပဲ… ခပ်အေးအေးပင် ပြောလေ၏။ ရထားကုလားသည် ရုတ်တရက် အံ့ဩသွားပြီး ချက်ခြင်း ဦးစံရှား၏ လက်မှ ရုန်းထွက်၍ ပြတင်းပေါက်မှ ထိုးချလေ၏။ သို့ရာတွင် သူတို့ ၃ဦးမှာ ဖြတ်လတ်သူများ ဖြစ်သည့် အလျှောက် လျှင်မြန်စွာ လိုက်ကာ ပြေးဆွဲကြလေရာ ခြေထောက်ကို ကိုင်ဆွဲမိသဖြင့် ရထားကုလားမှာ ပေ ၃ဝ ခန့် မြင့်သော ပြတင်းပေါက်မှ ဇောက်ထိုးတန်လန်းကြီးဖြစ်နေလေ၏။ ထို့နောက် ကျွန်တော်ပါကူညီ၍ ကုလားကို ခြေထောက်မှ ဆွဲတင်ကြလေ၏။ အခန်းအတွင်းသို့ ရောက်သော်လည်း ကုလားကြီးသည် အားမလျှော့ပဲ ရုန်းကန်သော်လည်း ၄ယောက်နှင့်တယောက် ဖြစ်၍ နောက်ဆုံးတွင် အရှုံးပေးရလေတော့၏။ ကုလားကြီး၏ လက်နှင့် ခြေထောက်ကို ကြိုးဖြင့်တုတ်၍ အမောဖြေနေကြရသေး၏။ အမောပြေလတ်သော် –

ရှား။   ။ အဆင်သင့်ပဲ ကိုအုန်းဖေရေ။ သူ့ရထားနဲ့သူ့ကို ခေါ်သွားကြပေတော့ဗျို့။ ကိုင်းဗျာ တခါဖြင့် အမှုလဲ ဆုံးခန်တိုင်ရောက်ပြီးမြောက်ပါပေပြီ။ မရှင်းမလင်းတာများ ရှိရင် မေးမြန်းနိုင်ကြပါတယ်ဗျ။

 

(ဒုတိယပိုင်း)

၁  ။ကန္တာရခရီး

အိန္ဒိယပြည်နယ်၏ အလယ်ဗဟိုတွင်တည်ရှိသော ရာဇပုတ္တနယ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော သဲကန္တာရကြီးတည်ရှိ၏။သဲကန္တာရ ဆိုသည်မှာ သက်ရှိသတ္တဝါကို မဆိုထားဘိ သစ်ပင်မြက်ပင်တို့ကိုပင် ရှင်သန်ခွင့်မပေး သဖြင့် ကြောက်မက်ဖွယ်ကောင်းလှပေ၏။ တနေ့သ၌ သဲကန္တာရအတွင်း နေမင်း၏ အပူရှိန်အောက်၌ လူကြီးတယောက်သည် အထုတ်ကြီးတထုတ်ကို ထမ်းလျှက် ကန္တာရခရီးကိုလျှောက်လှမ်းလျှက် ရှိလေ၏။  ထိုစဉ် အထုတ်ထဲမှဦးခေါင်းတလုံးပြူထွက်လာပြီး ..ဘိုးဘိုး ရေဆာတယ် ၊ရေပေးပါဟု ..တောင်းလေ၏။ နောက်တခဏအတွင်း၌ အထုတ်ပြေသွားပြီးလျှင် ၅နှစ်အရွယ် ကုလားမလေး တယောက်သည် အထုတ်အတွင်းမှ ပြေးထွက်၍ အဖိုးကြီး၏ ရင်ခွင်ထဲသို့ ပြေးဝင်လေ၏။ ထိုမြေးအဖိုးကား လွန်ခဲ့သော တလကျော်လောက်က ကန္တာရခရီးဖြတ်ကူးရန် ထွက်လာသော ခရီးသည် ၂ဝ ကျော်မျှအနက် မသေမပျောက် ကျန်ရစ်သော ခရီးသည် ၂ယောက်ဖြစ်၏။

ယင်းခရီးသည်တစုမှာ စားနပ်ရိက္ခာ ပြည့်စုံစွာနှင့် ထွက်ခွါလာခဲ့ရာမှ ကန္တာရအတွင်း၌ ရံဖန်ရံခါ တိုက်ခတ်တတ်သော လေပူကြီးများကြောင့် ရေအိတ်များသည် ခမ်းခြောက်ကုန်လေသည်။ ပထမ၌ ကုလားအုတ်ကိုသတ်ပြီး ဝမ်းထဲမှ ရေကိုထုတ်ယူ သောက်သုံးကြရ၏။ ကုလားအုပ်များ ကုန်ပြီးနောက် ရေရှိသော အိုအေစစ်စခန်းသို့ ခြေလျှင်လျှောက်ကြပါသော်လည်း လမ်းမှား၍ ရေငတ်သော ဝေဒနာနှင့် သေဆုံးခဲ့ရာ မြေးအဖိုး ၂ယောက်သာလျှင် ကျန်ရှိလေတော့၏။

အခြားသူများသေဆုံးကုန်ပါလျှက် ၅နှစ်အရွယ် ကလေးတယောက်ကျန်ရစ်နေခြင်းမှာ ဤသို့တည်း။ ကုလားအုပ်များကို သတ်ဖြတ်စဉ်ကပင် ရသမျှရေများကို အတွက်ကျ ဝေငှထားရာ အဖိုးဖြစ်သူမှာ တသက်ပတ်လုံး ခြိုးခြံစွာ စားသောက်နေထိုင်ခဲ့ဘူးသော တောမုဆိုးတယောက် ဖြစ်သည့်အတွက် တပတ်လုံး ခြိုးခြံစွာ အာစွတ်ရုံလောက်မျှသာ သောက်ပြီးလျှင် မြေးဖြစ်သူကိုသာလျှင်တိုက်ကြွေးခဲ့လေ၏။ အဖိုးဖြစ်သူမှာ အသက် ၅၀-၆ဝ အရွယ် ကုလားလူမျိုးတယောက်ဖြစ်ပြီး မုဆိုးပီသသော ရုပ်လက္ခဏာရှိပေသည်။ မြေးကလေး၏ အလွန်အမင်းရေငတ်သောကြောင့်ငိုမဲ့မဲ့ဖြစ်နေသဖြင့် လက်မောင်းသွေးကို ဖောက်ကာတိုက်လေ၏။ ထို့နောက်ကျောက်တောင်တခု၏ အရိပ်တွင်အိပ်ပျော်ကြရှာလေသည်။ထိုစဉ် လူ ၂၀၀၀-၃၀၀ဝ ခန့်ရှိသောခရီးသွားတစုသည် ရောက်ရှိလာလေသည်။ ခေါင်းဆောင်ဖြစ်သူက မြေးအဖိုး ၂ယောက်ကိုတွေ့ရှိသွားပြီး အကြောင်းစုံလင်မေးမြန်းလေ၏။ ထို့နောက်ခေါင်းဆောင်ဖြစ်သူက

ကျွန်ုပ်တို့နဲ့ကောင်းတူဆိုးဘက် သဘောနဲ့လိုက်မလား။

ဘယ်သဘောနဲ့လိုက်ရလိုက်ရ လိုက်ပါမယ်။

သစ္စာစောင့်ပါမယ်လို့ သစ္စာရေသောက်မလား။

များများသောက်ပါမယ်။

ခေါင်းဆောင်ဖြစ်သူသည် ရေတခွက်ကို သစ္စာပြု၍ သောက်စေရာ မြေးအဖိုး ၂ယောက်မှာ ဝမ်းဗိုက်ကားသည့်တိုင်အောင် တခွက်ပြီးတခွက်ဆင့်ပြီးသောက်ကြလေ၏။ ထို့နောက်မြေးအဖိုး ၂ယောက်ကိုခေါ်၍ ခရီးဆက်လေ၏။

 

၂ ။ ပါတလိပုတ္တရထိပ်ခေါင်တင်

ခရီသည်များသည် သဲကန္တာရကို တအိအိဖြတ်သန်းရင်း နောက်ဆုံး၌ ဝေလုဝတီမြစ်၏ တဘက်ကမ်းတွင်လမ်းစခန်းအနေအထားနှင့်မြေဩဇာ ကောင်းမွန်လေရကား ခေါင်းဆောင်များစုဝေး၍ မြို့တည်ရန် ဆုံးဖြတ်ကြလေသည်။ မြို့တည်ပြီးနောက် ၁၅ နှစ်ခန့်ကြာသောအခါ ထိုမြို့မှာ တဖြေးဖြေးတိုးတက်ခဲ့လေသည်။

ထိုမြေးအဖိုး ၂ယောက်ဖြစ်သော ဖလိတနှင့် မြေးမလေး ချန္ဒရာတို့သည်အခြားရွားသားများထက်ပို၍ လျှင်မြန်စွာ ကြီးပွားလေသည်။အဖိုးဖြစ်သူ ဖလိတသည် မုဆိုးအလုပ်တွင် ကျွမ်းကျင်သူတယောက်ဖြစ်ရကား စိုက်ပျိုးရေးလုပ်၍ အားလပ်ချိန်တွင် မုဆိုးအလုပ်ကို လုပ်ကိုင်ခြင်းဖြင့် မြို့မျက်နှာဖုံး ချမ်းသာသူစာရင်းဝင်တယောက်ဖြစ်လာပေသည်။

ချန္ဒရာမှာမူကား အဘိုးဖြစ်သူ၏ မုဆိုးအလုပ်တွင်ကူညီလုပ်ကိုင်ခဲ့ရကား ယောကျာင်္းလေးအမူအရာမျိုးက အကဲလွန်ပိုမိုလျှက်ရှိပေသည်။ ပင်ကိုယ်မကြမ်းတမ်းသော်လည်း ပြောရဲဆိုရဲ ဆတ်ဆတ်ကြဲ ခေါ်လောက်ပေ၏။ ချန္ဒရာမှာလည်း ပြေပြစ်နုယဉ်ချစ်ခင်ဘွယ်ကောင်းသော ပါတလိပုတ္တရမြို့တွင်အလှဆုံးဟူ၍ ဩဘာပြေးလျှက်ရှိ၏။ ချန္ဒရာမှာ ချောမောလှပသည့်အပြင် ချမ်းသာသော ဖလိတ၏ တဦးတည်းသော အမွေခံ မြေးကလေးဖြစ်ရကား မြို့ပေါ်ရှိ လူကြီးလူကောင်းသားများသည်သူ့ထက်ငါပိုးပန်းကြပါသော်လည်း ချန္ဒရာသည် စိတ်ဝင်စားခြင်းအလျှဉ်းမရှိခဲ့ပေ။

တနေ့၌ ချန္ဒရာသည် တောထဲမှ မြင်းစိုင်း၍ ပြန်အလာတွင် ကျွဲအုပ်ကြီးတအုပ်နှင့် ရင်ဆိုင်တွေ့လေသည်။ကျွဲရိုင်းများကိုပင် မကြောက်ရွံ့သော ချန္ဒရာသည် ကျွဲအုပ်အတွင်းမှဖောက်ထွက်စီးရန်မြင်းကိုနှင်လေသည်။ ကျွဲအုပ်ကြီး၏ အလယ်သို့ရောက်သောအခါ ကျွဲတကောင်၏ ချွန်မြသောဦးချိုဖြင့် မြင်း၏ နံဘေးသို့ ဝှေ့မိသောအခါ မြင်းသည် နာကျင်သော ဝေဒနာကြောင့်ပတတ်ရပ်လိုက်လေသည်။ ကျွဲများသည်လည်းလန့်ပြီးခြေဦးတည့်ရာပြေးကြလေရာ ချန္ဒရာမှာလည်း ခုန်ပေါက် ကန်ကြောက်လုပ်နေသော မြင်းပေါ်မှ စိုးရိမ်ဘွယ်ရာဖြစ်နေပေသည်။ မြင်းစီးကျွမ်းကျင်၍သာ မြင်းပေါ်မှ ပြုတ်မကျခြင်းဖြစ်ပေသည်။ မြင်းမှာလည်း ကြာလေလန့်လေဖြစ်နေသဖြင့် ချန္ဒရာမှာ မျက်လုံးပြာလျှက်ရှိနေစဉ် တစုံတယောက်သောသူကမြင်းဇက်ကြိုးကို ကိုင်ဆွဲလျှက် အားပေးစကားပြောရင်း ကျွဲအုပ်ကို ရှင်းလင်းကာ အပြင်သို့ရောက်အောင် ထုတ်ဆောင်လာလေသည်။

” လန့်ရုံလောက်ပဲမှတ်တယ် ၊ ဘယ်များထိခိုက်မိသွားသေးလဲ” ဟု ဂရုဏာထာ။မေးမြန်းလိုက်သောသူ၏ မျက်နှာကို မော့ကြည့်လိုက်သောအခါ ရဲရင့်သော မျက်နှာထားရှိသည့် လုင်ပျိုတယောက်ကိုမြင်းပေါ်၌ မြင်ရလေ၏။

ရာ။  ။လန့်သွားရုံပါပဲ။ ကျေးဇူးတင်ပါတယ်။

ထိုသူ။   ။ဖလိကနဲ့ ဘယ်နှယ့်တော်သလဲ။

ရာ။   ။ မြေးတော်ပါတယ်။ ရှင်က ဘယ်ကလဲ။

ထိုသူ။   ။(ပြုံးလျှက်) ထရင်ချနိုပိုလီမြို့က ဗန္ဓကရဲ့သား ဒဿာကပါ။ ကျုပ်အဖေနဲ့ ဖလိကနဲ့မိတ်ဆွေတွေပါပဲ။တွေ့ခဲ့တယ်လို့ ပြောလိုက်ပါဗျာ။

ရာ။   ။မိတ်ဟောင်းဆွေဟောင်းဖြစ်ရင် အိမ်လာလည်အုံးမှပေါ့ရှင်။

ဒ ။  ။ဒီမှာကြာကြာနေဖြစ်ရင်  လာလည်ပါဦးမယ်။ကိုင်း သွားလိုက်ပါဦးမယ်နော်။

ထို့နောက်ထိုသူသည် မြင်းကို ကြိမ်သွင်း၍ စိုင်းသွားလေရာ ချန္ဒရာမှာ မျက်စိတဆုံးတိုင်အောင် ငေးမျှော်ကြည့်နေရစ်လေ၏။

နောက်နေ့၌ ပင် ဒဿကသည် ချန္ဒရာတို့အိမ်သို့ လာရောက်လည်ပတ်လေရာ ဖလိကမှာလည်း မိတ်ဟောင်းဆွေဟောင်းတဦး၏ သားနှင့်တွေ့ရသည့်အတွက်ကြောင့် ဝမ်းကာအားရဖြစ်ပြီး ဤ မြို့တွင်နေသမျှ နေ့စဉ်လာရောက်လည်ပတ်ရန်ဖိတ်ကြားလေရာ ဒဿကမှာ မြေဝယ်မကျနားထောင်လေသည်။ ဒဿကမှာ ယခင်က ၄-၅ ရက်မျှသာနေရန်ရည်ရွယ်သော်လည်း ယခုအခါလေးပတ်မျှ ရှိနေပေပြီ။ ထိုအတောအတွင်း ချန္ဒရာနှင့် သမီးရည်းစားအဖြစ်သို့ ရောက်ရှိလာလေသည်။ ထိုအချိန်တွင်သူတို့ ၂ဦး၏ ချစ်ခြင်းကို နှောက်ယှက်မည့်သူပေါ်လာလေသည်။

ထိုသူကား ပါတလိပုတ္တရမြို့တော်ဝန်၏သား ဝေဿကပေတည်း။ ဝေဿကသည် ဩဇာအာဏာကို အလွဲသုံးစားလုပ်လျှက် လက်ရဲဇက်ရဲ ရှိရကား ဝေဿက၏အကြံ မမြောက်လိုက်သော မြို့ထဲမှ မိန်းခလေးဟူ၍ ခပ်ရှားရှားပင်။ ချန္ဒရာအရွယ်ရောက်ချိန်မှစ၍ ဝေဿကသည် ထုံးစံအတိုင်း ပံ့ပိုးခဲ့သော်လည်း လက်မြန်သော ချန္ဒရာ၏ အနားသို့ လွယ်လွယ်မကပ်နိုင်သဖြင့်ကြိုးရှည်ရှည်လှန်ထားခဲ့၏။ ဒဿာကနှင့် ချန္ဒရာ တို့ချစ်ကြိုက်နေကြသည်ကို သိရှိသောအခါ ” နေနှင့်ကြဦး ၊ သိကြရောပကွာ ” ဟု ကြိမ်းမောင်းလေ၏။ ထိုအခါ ဒဿကမှာ ဩဇာအာဏာကြီးမားသော ဝေဿက၏ ဖခင်မြို့တော်ဝန်ကြောင့် ညတွင်းချင်းထွက်ခွါရန်ပြင်ဆင်ရလေ၏။ မထွက်ခွါမှီ အလုပ်ကိစ္စနှင့် သွားရန်ရှိသော မာလတာမြို့သို့ သွားပြီး တလခန့်တွင် ရောက်အောင်ပြန်လာ၍ ချန္ဒရာနှင့် လက်ထပ်ပြီး ခေါ်ဆောင်သွားရန် စီစဉ်ပြီးနောက် တပည့်၂ယောက်နှင့်အတူ မာလတာမြိုု့သို့ ထွက်ခွါသွားလေ၏။

 

၃။ မြို့တော်ဝန်၏ ဆုံးဖြတ်ချက်

ပါတလိပုတ္တ၏ အုပ်ချုပ်ပုံမှာလွန်စွာ ဆန်းကြယ်လေ၏။ ယင်းမြို့တွင် လွှတ်တော်ရုံးများ တရားသူကြီးများ ပုလိပ်များ မရှိသလောက်ရှားပါးလှ၏။ ရာဇဝတ်ကောင် တရားခံများမှာ အပြစ်တစုံတရာ ကျူးလွန်သည်ဟု သင်္ကာမကင်းဖြစ်ရုံမျှပင် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြလေသည်။ မြို့တော်ဝန်မကောင်းပြောသူများ ဝေဿက မကောင်းပြောသူများများ တယောက်ပြီးတယောက် နေ့ချင်းညချင်း ပျောက်ကွယ်သွားသောအခါ မည်သူမျှ ဘာမျှ မပြောဝံ့ကြတော့ချေ။ ထိုကဲ့သို့သော အခြေအနေရှိသည့်မြို့တွင် ဝေဿက၏ ကြိမ်းဝါးမှုကြောင့် ဖလိကတို့ မြေးအဖိုးမှာ စိတ်မအေးရချေ။

တနေ့သ၌မြို့တော်ဝန်ကြီးသည် ရောက်ရှိ်လာ၍ဖလိက၏ မြေးချန္ဒရာ အား အတွင်းဝန် ၃ယောက်၏ သားဖြစ်သော ဂေါသက ၊ ဝေဿက ၊ ဟိန္ဒက ၃ယောက်ထဲမှ တယောက်ယောက်နှင့် ပေးစားရန်ပြောလေသည်။ ထိုအခါ ဖလိက က-

လိ။   ။ သူတို့မှာ မယားတွေ အသီးသီးနဲ့ပါဝန်မင်း။

ဝန်။   ။ဝေဿကမှာ ၅ယောက်၊ ဟိန္ဒကမှာ ၃ယောက် ၊ ဂေါသကမှာ ၄ယောက်ရှိတယ်။ မယားတယောက် တိုးလာလို့ သူတို့မှာ ဝန်လေးမယ်ထင်သလား။ ကျုပ်အမိန့်ဆိုရင် မလိုက်နာပဲအချိန်ပေးရတယ်ထုံးစံမရှိပေမဲ့ ခင်ဗျားကိုတော့ တနယ်သားဖြစ်နေတဲ့အတွက် ၁လအချိန်ပေးမယ်။ တလစေ့တဲ့နေ့မှာ ကျုပ်စီမံတာကို နာခံရမယ်။

လိ။   ။ကောင်းပါပြီ ဝန်မင်း။

ထို့နောက် မြို့တော်ဝန်သည် အိမ်ပေါ်မှဆင်းသွားလေရာ ဖလိကမှာ ခေါင်းငိုက်စိုက်ကျန်ခဲ့ရာမှ ပခုံးကို ပွေ့ဖက်ခြင်းခံရသည်တွင်မှ မော့်ကြည့်လိုက်သောအခါ မိမိတို့ပြောသောစကားများကို ကြားခဲ့ပြီးဖြစ်သော ချန္ဒရာမျက်နှာကလေးကိုတွေ့ရလေသည်။ ထို့နောက် ဖလိက က နက်ဖန်မာလဘာကို သွားမည့် ကုန်သည်များနှင့် ဒဿကထံ အကြောင်းကြားလေသည်။ ဒဿက သာဤသတင်းကို သိလျှင်ချက်ခြင်းပင်ရောက်လာပေလိမ့်မည်။

ဤည၍ ဖလိကသည် ဝင်းတံခါး စသည်တို့ကိုသေချာစွပိတ်ဆို့၍ သေနတ်ကိုလည်း ယမ်းတောင့် အပြည့်ထိုး၍ အိပ်ရာနံဘေး၌ ထောင်ထားလေသည်။

 

၄။အသက်အန္တရာယ်ကြောင့် လက်လွတ်ထွက်ပြေးရပုံ။

နံနက်အိပ်ယာထသောအခါ ဖလိက၏ ခေါင်းအုံးတွင် တွယ်အပ်နှင့် ထိုးထားသည့်စာရွက်ကလေးကို တွေ့ရလေသည်။

” ၂၉ ရက်သာကျန်တော့သည် ၊ ရက်စေ့၍ မလိုက်နာပဲ ရှိခဲ့လျှင်……”

တံခါးကို သေချာစွာပိတ်ထားလျှက်နှင့် ထိုစာရွက် ကို မည်သည့်နည်းနှင့် မိမိခေါင်းအုံးတွင် ထိုးထားနိုင်သည်ကို မတွေးတောနိုင်ပဲ အတော်ကြီး တုန်လှုပ်ခဲ့၏။ ထိုသို့ မဟုတ်ပဲ ဖလိက၏ ရင်ဝသို့ ဓါးမြှောင်စိုက်လိုကပါမူ ….။ ဘယ်နည်းဘယ်ပုံ ဘယ်လမ်းက ဝင်လာမှန်းမသိသောရန်သူကား ကြောက်မက်ဖွယ် ကောင်လှပေသည်။ေ

နောက်တနေ့ နံနက်တွင်ကား မျက်နှာကြက်တွင် ၂၈ ဟူသော ဂဏန်းကို တွေ့ရလေရာ ဖလိကမှာသေနတ် တလက်နှင့်  ညမအိပ်ပဲ  စောင့်နေ၏။ သို့ရာတွင် နောက်တနေ့ မိုးလင်းသောအခါ အိမ်တံခါးအပြင်မှ ၂ရ ဟူသော ဂဏန်းကြီးကို တွေ့မြင်ရလေ၏။ ဤနည်းအားဖြင့် တရက်ပြီးတရက် ကုန်လွန်လာလေရာ နံနက်တိုင်း ထင်ရှားသော နေရာတခုခုတွင် ကြွင်းကျန်သောရက်ကို ဂဏန်းဖြင့် ရေးသားသတိပေးခြင်းများကို မှန်မှန်ကြီး တွေ့မြင်ကြရလေ၏။ နောက်ဆုံး၌ ၅မှ ၄၊ ၄မှ ၃သို့ရောက်သောအခါ ဒဿက မျှော်ခြင်းကို လက်လျှော့လိုက်လေသည်။ မြစ်လမ်းတွင် ၎င်း တောလမ်းတွင်၎င်း အစောင့်အကြပ်မြောက်များစွာ ဝိုင်းရံထားလေရာ ထွက်ပြေးဖို့ရာ ခဲယဉ်းလှပေသည်။ ဖလိ်ကသည် သေချင်းသေလျှင် မိ်မိနှင့် သေမင်းနိုင်ငံ တတ်နိုင်သရွှေ့များများ ခေါ်သွားနို်င်ရန် သာလျှင် စဉ်းစားထား၏။

၂ဂဏန်းတွေ့မြင်ရပြီးသောနေ့၌ ဧည့်ခန်းအတွင်းထိုင်ှု၍ တွေးတောနေစဉ် ”ဂျစ်ဂျစ် ၊ ဂျစ်ဂျစ် ” ချစ်ခြုပ်သံများကို ကြားရလေသည်။ ထိုအခါ ဖလိတသည် သတိ ကြီးစွာထား၍ သေနတ်ကို ကောက်ယူပြီး တံခါးကိုဖွင့်လိုက်သောအခါ ခြေကားယား လက်ကားယား မှောက်နေသော လူတယောက်ကို တွေ့ရလေသည်။ ဖလိက သည် ဒဏ်ရာတစုံတရာနှင့် သေနေသူဖြစ်တန်ရာ၏ ဟု စဉ်းစားနေစဉ် ထိုသူသည် လျှင်မြန်စွာ အိမ်ထဲသို့ဝင်လာ၍ ကြည့်လိုက်သောအခါ ဒဿက ဖြစ်နေသည်ကိုတွေ့ရပေသည်။

ဒ။   ။ဘာများစားစရာရှိကြလဲ ၊ ပေးကြစမ်းပါ။ ၂ရက်လောက်ဘာမှ မစားသေးဘူး ။ချန္ဒရာကော ဘယ်နှယ့်နေလဲ။ တော်တော် ခံနိုင်ရည်ရှိရဲ့လား။

လိ။   ။တော်ပါရဲ့။

ဒ။   ။ (အစာစားရင်း) နက်ဖြန်ခါ ဘိုးဘိုးအတွက် နောက်ဆုံးဖြစ်လေတော့ ဒီနေ့ညလွတ်အောင်ကြံရမယ်။ ကျနော်လာခဲ့တဲ့တောလမ်းက ပြေးဖို့ စီမံထားခဲ့တယ်။ ဒီကနေ ၂မိုင်လောက်ဝေးတဲ့ တောင်ကြားစခန်းတခုမှာ လားတကောင်နဲ့ မြင်း၂ကောင် ကျွန်တော်ဝှက်ထားခဲ့တယ်။ ဒါထက်ဘိုးဘိုးမှာ စုပြီးငွေဘယ်လောက်ရှိလဲ။

လိ။   ။ ငွေ ၂၀၀ဝ ကျပ်ကျော်ကျော်လောက်ရှိတယ်။

ဒ။   ။ နှစ်ရပ်ပေါင်းလိုက်ရင် တော်တော်ခရီးသွားလောက်ပါတယ်။ စောစောထွက်နိုင်လေကောင်းလေပဲ။

ဖလိကသည် ရွှေထုတ်ကလေးကို ၎င်း ၊ ဒဿက သည် စားစရာရိက္ခာကို ၎င်း ချန္ဒရာသည် ပစ္စည်းအနည်းငယ်ကို ယူဆောင်၍ မှောင်မိုက်ချိန်ကို စောင့်ကာ ဝပ်တွားလျှက်သွားကြလေ၏။ ထိုခဏ၌ ဆယ်တောင်ခန့်ကွာသော လက်ဝဲဘက် အရပ်မှ “ဇီးကွက် ၊ ဇီးကွက်၊ ဇီးကွက်” ဟု ကြားရလေရာ လက်ယာဘက်မှလည်း ထိုနည်းတူ ကြားရလေသည်။ နောက်တဏ၌  လက်ဝဲအရပ်မှ   ဇီးကွက်ဟု တချက်ကြားရပြီး လက်ယာဘက်မှလည်း ဇီးကွက်ဟု ဆိုကာ လူတယောက် ပေါ်လာလေသည်။

ပ လူ။  ။ နက်ဖန်ည သန်းကောင်ချိန် ဇီးကွက်၃ကြိမ် မြည်တော့ဟေ့နော်။

ဒုလူ။   ။ကောင်းပါပြီဆရာ။ ဝေဿကို ပြောထားလိုက်ရမလား။

ပလူ။   ။အေး ပြောထားလိုက်။ အသင့်ပြင်လာခဲ့ကြဟေ့နော်။

ဒုလူ။   ။ စိတ်ချပါဆရာ။

ပလူ။  ။ အေးကောင်းပြီ။ ၅ ၊ ၆၊ ၇။

ဒုလူ၊   ။  ရ ၊၈၊၉

ယင်းနောက်ထိုသူ ၂ ယောက်သည် ခွဲခွါသွားလေသည်။ ဒဿက က နောက်ဆုံးပြောသောဂဏန်းများသည် စကားဝှက်များပင်ဖြစ်မည်ဟု စဉ်းစားမိသည်။ ဒဿကသည် မြင်းတကောင်ကိုဆွဲလျှက် အလယ်မှလားပေါ်တွင် ချန္ဒရာကို တင်လျှက် နောက်ဆုံးမှ ဖလိက က မြင်းတကောင်ကိုစီးလျှက် တညဥ့်လုံး ခရီးသွားကြလေ၏။ ပါတလိပုတ္တရနယ်နမိတ် အစွန်သို့ ရောက်သောအခါ သေနတ်ထမ်းလျှက်ရှိသော ကင်းစောင့်က အသင့် အနေအထားနှင့်

၅၊၆၊၇၊ ဟုပြောလိုက်သောအခါ ဒဿက က ရ၊ ၈၊ ၉၊ဟု ပြန်ပြောလိုက်သဖြင့် သွားကြတော့ဟု ခွင့်ပြုလိုက်လေသည်။

 

“”””””””””””””

 

 

 

1. https://myanmargazette.net/50722/uncategorized-other/copypaste (Nature) ————ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(၂.၁.၁)

8. https://myanmargazette.net/50761/entertainment

————(Nature) ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(2.2)

10.https://myanmargazette.net/56010/entertainment

————-(Nature) ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(2.3) 17Jul11

11.  https://myanmargazette.net/56291/entertainment

—————(Nature) ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(2.4) 19Jul2011

20.   https://myanmargazette.net/60148/entertainment

————–N+ 110911 ရှားလော့ဟုမ်းနှင့် ဘောင်ဒရီလမ်းလူသတ်မှု 2.5

 

 

https://myanmargazette.net/50763/uncategorized-other/copypaste

             Nature မာတိကာ

 

 

 

One comment

  • nature

    September 11, 2011 at 7:57 pm

    သူကြီး ကျနော်ရေးထားတဲ့ post တက်မလာဘူး။

    http://myanmargazette.net/66797/uncategorized-other/copypaste
    N+ 110911 သက်တမ်းရင့်ကားများကိုပယ်ဖျက်ကာ….

    သူကြီးရေ ၊ တနေ့ post 2ခုထက်ပိုမတင်ရဘူးဆို သူကြီး တို့ဆီက အချိန်ကို post မှာ ပြပေးပါ။ ဒီကအချိန်နဲ့ ရေးရင် ၂ခုထက် ကျော်သွားမှာစိုးလို့။

Leave a Reply