အန္တရာယ်ရှိ အဆောက်အအုံများကို ဖြိုဖျက်၍ ပြန်လည်ဆောက်လုပ်ရာတွင် ကြန့်ကြာမှုများရှိနေ၍ အမြန်ဆောက်လုပ်ရန် အကြောင်းကြား

ဦးကောက်August 8, 20111min741
6458

ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံတစ်ခုအား ဖြိုဖျက်နေသည်ကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံများကို ဖြိုဖျက်၍ အသစ်ပြန်လည် ဆောက်လုပ်ရာတွင် ကြန့်ကြာမှုများ ရှိနေ၍ အမြန်ဆောက်လုပ်ရန် အကြောင်းကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။

အန္တရာယ်ရှိအဖြစ် သတ်မှတ်ခံရ၍ ဖြိုဖျက်ကာ အသစ်ပြန်လည် ဆောက်လုပ်နေသည့် အဆောက်အအုံ အများစု လုပ်ငန်းအမြန်ပြီးစီးရန်အတွက် တွန်းအားပေးရခြင်းဖြစ် ကြောင်း၊  အန္တရာယ်ရှိ အဆောက်အအုံများကို ဖြိုဖျက်၍ အသစ်ပြန် လည်ဆောက်လုပ်ရန်အတွက် အချိန်ကာလကို အနည်းဆုံးတစ်နှစ် နှစ်လမှတစ်နှစ်ခွဲအထိ သတ်မှတ် ပေးထားကြောင်း သိရှိရသည်။

“အခု အန္တရာယ်ရှိအဆောက်အအုံတွေ ဖြိုဖျက်အသစ်ပြန်ဆောက် နေတာတွေကို အမြန်ပြီးအောင် ဆောက်ဖို့ အကြောင်းကြားထားပါတယ်။ တချို့က ဆောက်လုပ်တဲ့နေရာမှာ ကြန့်ကြာမှုတွေရှိနေလို့ပါ”ဟု အဆိုပါတာဝန်ရှိသူက ပြောပြသည်။

သက်တမ်းကြာမြင့်၍ အဆောက်အအုံကြံ့ခိုင်မှု မကောင်းမွန်သည့် လူနေထိုင်ရန် မသင့်လျော်သော အဆောက်အအုံများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အန္တရာယ်ရှိ အဆောက်အအုံများ စစ်ဆေးရေးအဖွဲ့က အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ယင်း အဆောက်အအုံများကို ဖြိုဖျက် ၍ အသစ်ပြန်လည် ဆောက်လုပ်ရန် အတွက် ကန်ထရိုက်တာများကို လုပ်ကိုင်ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရှိ ရသည်။ ကန်ထရိုက်တာများမှ သက်ဆိုင်ရာအိမ်ရှင်နှင့် ညှိနှိုင်းပြီး အသစ်ပြန်လည် ဆောက်လုပ်ခြင်းဖြစ်ကာ ပြီးစီးပါက အိမ်ရှင်များ အခန်းပြန်လည် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ အခန်းဆောက်လုပ်နေသည့် ကာလအတွင်း အိမ်ရှင်များ မှာ အခြားနေရာများတွင် အိမ်ငှားရမ်း နေထိုင်ရပြီး အခန်းဆောက်လုပ်ချိန် လိုအပ်သည်ထက် ပိုမိုကြာမြင့်သည့်အတွက် အိမ်ငှားနေထိုင်စရိတ် ကြီးမြင့်လာသည့် အခက်အခဲများ ရှိနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁ဝ ပြည့်နှစ်က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အဆောက်အအုံ ၇ဝ နီးပါးကို အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းအဆောက် အအုံ ၇ဝ နီးပါးအနက် အချို့မှာ အသစ်ပြန်လည် ဆောက်လုပ်သည့် လုပ်ငန်းများ စတင်နေသော်လည်း အများစုမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ကျွန်မတို့ နေထိုင်တဲ့ မင်္ဂလာတောင်ညွန့် စက်ရုံလမ်းက အဆောက်အအုံကို အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် ၂၀၁ဝ ပြည့်နှစ် ဩဂုတ်လ က သတ်မှတ်ခဲ့တယ်။ ပြန်ဆောက်နေတုန်းကာလမှာ ကျွန်မတို့အိမ်ငှား နေရတယ်။ အဆောက်အအုံက ဖြိုဖျက်ပြီးတာ တော်တော်ကိုကြာနေပြီ။ အခုအချိန်အထိ ပြန်ဆောက်နေတဲ့ လုပ်ငန်းကို မတွေ့ရသေးဘူး။ သူတို့ပြောတော့ တစ်နှစ်ကျော် အတွင်း အပြီး ပြန်ဆောက်ပေးမယ် လို့ ပြောထားတာ။ အခုပဲ တစ်နှစ် လောက်ရှိနေပါပြီ”ဟု အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံခဲ့ရသည့် အဆောက်အအုံ၏ အခန်းတစ်ခန်း ပိုင်ဆိုင်သူတစ်ဦးက ပြောပြခဲ့သည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

One comment

  • winkhant

    August 17, 2011 at 5:26 pm

    ဟေ့ မြန်မာကွ .. ဖျက်တဲ့နေရာမှာ ပြိုင်ဘက်ကင်းပဲ.. ဟဲ ဟဲ .. ပြန်ဆောက်တဲ့ နေရာမှာကတော့… အဲ .. အဲ.. အင်း.. မြန်မာပါပဲ အင်း ဟုတ်သားပဲ

Leave a Reply