ခပ်သွက်သွက်လှမ်း…Pace

ဒေါ်အောင်ဆန်းစုကြည် ပဲခူးနဲ့သနပ်ပင်မြို့တွေဖက်ကို ဩဂုတ်လ ၁၄ရက်နေ့မှာ နေ့ချင်းပြန်ခရီး ထွက်မယ်တဲ့။ အာဏာပိုင်တွေနဲ့လည်း လူထုစည်းရုံးရေးခရီးစဉ်မှာ လုံခြုံရေးကိစ္စ ပူးပေါင်းဆောင်ရွက်မယ်လို့ အာရ်အက်ဖ်အေ သတင်းမှာ ဖတ်ရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ဒေါ်စုကို စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတက်ဖို့ ဦးသိန်းစိန်အစိုးရကဖိတ်မယ်။ ဝန်ကြီးဦးအောင်ကြည်နဲ့လည်း ထပ်တွေ့ဖို့ရှိတယ်။ တစညပါတီလည်း ဒေါ်စုနဲ့ တွေ့ဖို့ဖြစ်နိုင်တယ်၊ နောက်ဆုံး ကြံ့ဖွံ့အသင်းအတွင်းရေးမှူး ဦးဌေးဦးကလည်း ဒေါ်စုကို တွေ့မယ်ဆိုတယ်။ စစ်တပ်လွှတ်တော် ကိုယ်စားလှယ်အစုပဲ ပြောဖို့ကျန်တော့တယ်။ သူတို့က တမင်ချန် နေခဲ့တာများလား…

ပုလင်းတူဗူးဆို့တွေ တယောက်ပြီးတယောက် တလေသံထဲ ပစ်လာကြတာ တိုက်ဆိုင်မှုတွေတော့ မဟုတ်လောက်ဘူးထင်တယ်။ ဆရာဇော်ဇော်အောင်ရေးထဲ လျို့ဝှက်သဲဖို ဝတ္ထုထဲမှာ မင်းသား ရန်သူပတ်လည် ဝိုင်းခံနေရတဲ့ အချိန်မျိုးမှာ အရက်ဘားထဲဝင်သွားတော့ ဘေးပတ်ဝန်းကျင်ကလူတွေ တဦးမှ သံသယဖြစ်စရာ မကောင်းဘူး။ အဲဒီမှာတင်ဗြုန်းဆို အခြေအနေဆိုးတခုမှာ အားလုံးအဆင်ပြေ ငြိမ်သက်နေတာ တိုက်ဆိုင်မှု မဟုတ်ဆိုတဲ့ (စကားလုံး အတိအကျ မမှတ်မိ) သင်ခန်းစာကို သတိရပြီး လက်ဦးမှုယူ လှုပ်ရှားလိုက်တာ ရန်သူတွေအားလုံး ဂွိကုန်ရော။

ဒေါ်စုကို အစိုးရ၊ ကြံ့ဖွတ်၊ တစည သုံးဖွဲ့က ဝိုင်းတိုက်ကြတော့မယ်။ ၂၀၁ဝရွေးဂေါက်ပွဲ ပြီးသွားပေမဲ့ ပြည်တွင်းပြည်ပ ထောက်ခံမှုမရလို့ ဆွေးနွေးဖို့ သူတို့လမ်းရှာတာပါ။ အန်အယ်ဒီ လိုချင်တဲ့ အနေအထားနဲ့ ရွေးကောက်ပွဲအသစ်တော့ မလုပ်ပေးမှာတော့ သေချာပါတယ်။ ဖြစ်နိုင်တာ စစ်တပ်ကို အသင့်ထားပြီး ဒေါ်စုကို တဖွဲ့ချင်း ခေါင်းစားမယ်။ တွေ့ဆုံဆွေးနွေးပွဲနဲ့ နောင်ရွေးကောက်ပွဲအထိ အချိန်ဆွဲထားမယ်။ နောင်ငါးနှစ်ဆို ဒေါ်စုလည်း အသက်၇ဝကျော်ပြီ၊ အန်အယ်ဒီလည်း ဖုတ်လှိုက်ဖုတ်လှိုက် အနေအထားကနေ မတက်နိုင်ဆိုရင် တိုင်းပြည်တော့ ရေစုံမျောပါပြီ။

ဖိအားသိပ်များလာရင် ဇင်ဘာဘွေလို အာဏာခွဲဝေရေး လုပ်မယ်ပေါ့။ သို့ပေမဲ့ အဖွဲ့သုံးလေးဖွဲ့ ခွဲပြီး အခြေအနေ ရှုပ်ထွေးအောင်လုပ်မယ်။ သာမန်အားဖြင့် ပထမလွှတ်တော်သက်တမ်းမှာ အန်အယ်ဒီနဲ့ စစ်တပ် တဝက်စီ အာဏာခွဲရမှာကို အစိုးရနဲ့ အာဏာရပါတီ တထပ်တည်းမကျတာကို အကြောင်းပြမယ်၊ လွှတ်တော် နေရာရထားတဲ့ တစညလို ပုလင်းတူဗူးစို့ ပါတီကလည်း နေရာတချို့တောင်းမယ်၊ အဆင်ပြေပြီဆိုရင် စစ်တပ် အစုက ကြားချောင်ဝင်နှိုက်အုံးမယ်၊ မရရင် ကဖျက်ရဖျက်လုပ်မယ်။ အန်အယ်ဒီက စေ့စပ်လိုက်လျောရင်း နောက်ဆုံး ရထားသမျှ ကုန်သွားနိုင်ပါတယ်။

အန်အယ်ဒီအနေနဲ့ ဖြစ်လာနိုင်တဲ့ ဆွေးနွေးပွဲများအတွက် ပြင်ဆင်ထားသင့်သလို ရွေးဂေါက်ပွဲဝင်တဲ့ အတိုက်အခံပါတီများနဲ့ ဆက်ဆံရေးကိုလည်း မူချဆောင်ရွက်သင့်တယ် ထင်ပါတယ်။ သူတို့ကြောင့် ၂၀၁ဝ ရွေးဂေါက်ပွဲ အထမြောက်သွားတယ်။ ဖြစ်ဖြစ်မြောက်မြောက် လွှတ်တော်တွင်း အတိုက်အခံ မလုပ်နိုင်ပေမဲ့ ကြားဖြတ်ရွေးဂေါက်ပွဲ ဝင်နွှဲအုံးမဲ့အပြင် နောင်ငါးနှစ်သက်တမ်း လွှတ်တော်ရွေးဂေါက်ပွဲကိုပါ မျှော်နေကြပြန်ပြီ။ သူတို့ကို ယခုထက် ပိုပြတ်သားတဲ့ သဘောထားနဲ့  ပုံဖော်သင့်ပါတယ်။ နို့မို့ရင် ကိုယ်ကအရှေ့ကသွား သူတို့က ဘေးတိုက်ဆွဲနဲ့ ပြည်သူအကြား ရှုပ်ထွေးမှု ဖြစ်နိုင်လို့ပါ။

အမေစု ခရီးထွက်တဲ့အခါ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ ကောင်းပေမဲ့ သူတို့ခတ်မဲ့ စည်းဝိုင်းထဲ ဝင်မသွားဖို့ လိုပါမယ်။ ၁၉၉ဝခုနှစ် ဂန္ဓီဟောညီလာခံမှာ ကျောင်းသားတွေ အပြင်ဖက်ကနေ အစုအဖွဲ့အလိုက် လွှတ်တော်အမြန်ခေါ်ဖို့ တောင်းဆိုနေတော့ အာဏာပိုင်တွေက အသာလွှတ်ထားပြီး လူနဲနဲများလာရင် လုံထိန်းတပ်စုတစုလွှတ်ပြီး အလယ်က ပိတ်လူခွဲလိုက်တယ်။ နောက်ထပ်လူများလာရင် နောက်တကန့်ထပ် ကန့်တယ်။ ဒီလိုနဲ့ အထဲမှာရှိတဲ့ လူထုသည် လမ်းမတခုထဲအပေါ်မှာ ရှိပါလျက်နဲ့ အဝိုင်းခံရသလိုဖြစ်ပြီး လူစုအခွဲခံရတယ်။ အမေစုနဲ့လူထုလည်း တသားထဲရှိပေမဲ့ စစ်အစိုးရရဲ့ အပိုင်းလိုက် စည်းတားတဲ့ နည်းဗျူဟာကြောင့် အရှိန်ပျက်ပြီး ခရီးမတွင်မှာ စိုးပါတယ်။

စစ်တပ်ချပြတဲ့လမ်းပေါ် စမ်းတဝါးဝါး လိုက်လျောက်နေတာထက် ဒေါ်စုအနေနဲ့ အန်အယ်ဒီအတွက်၊ ဒီမိုကရေစီလှုပ်ရှားမှုအတွက် မူဝါဒ တိတိကျကျချမှတ် လှုပ်ရှားသင့်ပါတယ်။ လူထုစည်းရုံးရေး ခရီးစဉ်များမှာ  ၁၉၉ဝရွေးကောက်ပွဲ ရလဒ်၊ ၂၀၀၈ နအဖ အခြေခံဥပဒေ တရားမဝင်မှု စတဲ့ အရေးကြီး မူဝါဒများကို လူထုအား အသိပေးရင်း ပါတီအပေါ် လူထုယုံကြည်ကိုးစားမှုကို ပြန်လည်တည်ဆောက်သင့်ပါတယ်။ သိပ်သတိထားလွန်း သိမ်မွေ့လွန်းရင် လူထုတက်ကြွမှု ရေချိန်ကျဆင်းသွားပြီး အန်အယ်ဒီသည် တနှစ်ပြီးတနှစ် ဟောပြောပွဲများ၊ အထိမ်းအမှတ်များ လုပ်ရင်းနဲ့ ရေစုံမျောသွားမှာကိုတော့ အထူးစိုးရိမ်မိပါတယ်ခင်ဗျား..။

တော့ခ်ကီကြောင်ကြီး 😮

 

7 comments

  • etone

    August 9, 2011 at 10:11 am

    မနက်က အဲ့ဒီသတင်းလေး ဖတ်လိုက်မိတော့ .. အန်တီစု လုံခြုံရေးအတွက် စိတ်ပူမိသေးတယ် …။
    အဝေး၊ အနီး လုံခြုံရေးသေချာလုပ်ပြီးမှ သွားသင့်တယ် ထင်ပါတယ် … ။ ဒါတောင် အန်တီစုဘေးက ဘော်ဒီဂတ်တွေ လက်နိုင်ကိုင်မဟုတ်ပဲ လက်ဗလာနဲ့ စောင့်ရှောက်ကြရမှာ 🙄

  • Shwe Ei

    August 9, 2011 at 10:23 am

    အန်အယ်င်္ဒီက ရေစုန်မျောနေတာ ကြာပြီမို့လား
    ဦးကြောင်ရယ်။

    • ပေစုတ်စုတ်

      August 9, 2011 at 3:50 pm

      23 နှစ်လေ.. မကြာလှသေးပါဘူး

  • pan pan

    August 9, 2011 at 10:28 am

    ပုံမှန်အတိုင်းကတော့ ဘေးကနေလက်ချင်းချိတ်ပြီး အန်တီ့ကို ကာကွယ်ကြတာပါပဲ
    ဘေးပတ်ပတ်လည် ဝန်းရံနေပေမယ့် တကယ်တမ်းအချက်ပြ သတင်းပို့ ဝေါ်ကီတော်ကီ ဘော်ဒီဂါတ်တွေ
    များများရှိရင်ကောင်းမယ်
    အန်တီစုပြောဖူးတာပြန်မှတ်မိသလောက် လုံခြုံရေးကတော့ မြန်မာနိုင်ငံကပြည်သူတွေ ဘာမှမလုံခြုံဘူးတဲ့

  • ogre

    August 9, 2011 at 11:13 am

    ရန်ကုန်မြို့ ထဲမှာ
    နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ချောင်ကြိုချောင်ကြား တွေမှာ
    သေနတ်ပိုက်ပြီး ငိုက်နေတဲ့ လူတွေရှိသမျှ
    ဘယ်သူမှမလုံခြုံ ကြသေးပါဘူးဗျာ…။။။

  • forever

    August 9, 2011 at 4:54 pm

    NLD နဲ. ခေတ်အဆက်ဆက်
    ကိုယ်ကျိုးစွန်.ပြီး ထောင်ကျမှာသေမှာမကြောက်
    လုပ်ရဲတဲ.သတ္တိရှိတဲ.လူတွေကို..လေးစားပါတယ်
    သူတိုသာမရှိခဲ.ရင်ခင်ဗျားတို.ကျွန်တော်တို.
    အခုလိုတောင် နေနိင်လိမ်.မယ်မထင်ပါနဲ.
    စစ်အစိုးရဟာ အမှန်တရားနဲလွတ်လပ်မှုအတွက် သေရဲတဲ.ထောင်ကျခံ
    ဲရဲတဲ. အတိုက်အခံတွေရှိလို.
    ဒီအဆင်.အထိ လိုက်လျော ခဲ.ရတာ

  • zaw min

    August 9, 2011 at 8:10 pm

    အမေစုရဲ့ခရီးစဉ်များ အစဉ်ပြေချောမွှေ့စေရန်ပြည်သူများ ပိုမိုပြီးသတိရှိဖို့လိုမယ်ထင်ပါတယ်၊ဒီပဲယင်းအဖြစ်ကိုအစဉ်သတိရဖို့လိုပါတယ်၊အမေ့ကိုချစ်သောပြည်သူများအမေ့ကိုဝိုင်းဝန်းကူညီကြပါရန်တိုက်တွန်းလိုက်ပါတယ်။

Leave a Reply