ထေရဝါဒအတွင်းမှ အစွန်းရောက်ထေရဝါဒီများသို့

realmanAugust 9, 20111min40644

ယနေ့ခေတ်သည် ဗဟုသုတနဲ့ နည်းပညာကြီးစိုးသော ခေတ်အခါဖြစ်ပါသည်။ ဘာသာရေး၊ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် အသိဉာဏ်များကို  ပိတ်ဆို့၍ မရတော့ပါ။

 

ဟိုယခင်ခေတ်ကာလတုန်းက အထူးသဖြင့် ဘာသာရေးတွင် ထေရဝါဒစာပေများကိုသာ သိရှိလေ့လာခွင့်ပဲ ရခဲ့ကြပါသည်။

 

ယခုအခါတွင် နည်းပညာကျယ်ပြန့်လာသည့်အတွက် ဗုဒ္ဓတရားနှင့်ပတ်သက်သော ထေရဝါဒစာပေတင်မက၊ မဟာယာနဗုဒ္ဓဘာသာစာပေများ၊ ဇင်ဗုဒ္ဓဘာသာစာပေများ၊ တိဗက်ဗုဒ္ဓဘာသာစာပေများနှင့် အခြားအခြားသော ဗုဒ္ဓစာပေမူကွဲများကို လွယ်ကူစွာ လေ့လာလို့ ရရှိနေပါသည်။ ဒါ့ကြောင့် ပညာရှင်များက ယနေ့ခေတ်ကို ဟင်းလင်းပွင့်နေသော၊ ဒိုးယိုပေါက်မြင်နိုင်သောခေတ်၊ အသိပညာကျယ်ပြန့်လာသောခေတ်ဟု ခေါ်ဆိုကြခြင်းဖြစ်၏။

 

ဗဟုသုတနဲ့ နည်းပညာများကျယ်ပြန့်လာသည့်အတွက် ဘာသာရပ် အသီးသီးတွင် အယူအဆ မတူညီမှုများ၊ ရှုမြင်မှုမတူညီမှုများလည်း ဖြစ်ပေါ်လာ၏။

အယူအဆမတူငြားသော်လည်း သဘောထားကြီးကြသော ပညာရှင်များပီပီ ကိုယ့်ဟာမှ မှန်တယ်ဟု တစ်ဖက်သတ်ပြောဆိုတာမပြုပဲ အချင်းချင်း အသိအမြင် အယူအဆများ ဖလှယ်၍ ပူပေါင်း ဆောင်ရွက်နေကြမှုများ လည်း ကြားသိနေရ၏။

 

ယနေ့ ကမ္ဘာ့တွင် “လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်၊ သဘောထားကြီးဖို့ပဲလိုတာပါ” စတဲ့ နားလည်မှုများနဲ့ ပညာရှင်များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေကြပါသည်။ ဒါသဘောထားကြီးတဲ့ လက္ခဏာများ ဖြစ်ပါသည်။

 

ဒါ့ကြောင့် မြန်မာဗုဒ္ဓဘာသာဝင်တို့သည်လည်း ဟိုယခင်ခေတ်ကလို ထေရဝါဒစာပေ လေ့လာမှုတစ်ခုတည်းနဲ့ ရပ်တန့်မနေပဲ ဗုဒ္ဓတရားကို နည်းပညာအကူအညီတို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေလာကြဖို့လိုပါပြီ။

 

ဒါမှသာ ဗဟုသုတအကြားအမြင်များ ပြည့်စုံပြီး ခေတ်ကိုအမှီ ရင်ဘောင် တန်းနိုင်ကာ အနာဂတ်ကမ္ဘာမှာ အရာဝင်မှာဖြစ်ပါသည်။

 

ကိုယ်သိတာမှအမှန် ကိုယ်နဲ့မတူရင် အမှားဆိုတဲ့ မိမိသိတဲ့ အသိအပေါ်မှာ အစွဲအားကြီးတဲ့ ဒိဋ္ဌုပါဒါန်တွေနဲ့ ပြုမူနေမယ်ဆိုရင်တော့ အနာဂတ် ကမ္ဘာရဲ့ ဘေးဖယ်ခြင်းကို ခံကြရပါလိမ့်မည်။

 

ကမ္ဘာ့နိုင်ငံတစ်ခုဖြစ်တဲ့ ယနေ့ မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည့် တရားတော်တွေကို တိုးတက်လာသော ဗဟုသုတနဲ့ နည်းပညာများ၏ပံ့ပိုးမှုနဲ့ ပိုမို၍ ကျယ်ကျယ် ပြန့်ပြန့် သိရှိခွင့်ရရှိလာသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။

 

ဗဟုသုတနှင့် နည်းပညာများ အားကောင်းလာသည်နှင့်အညီ အယူအဆမတူညီမှုများ၊ သဘောထားကွဲလွဲမှုများလည်း ဖြစ်လာကြပါသည်။

ဒါသည်ပင် အသိဉာဏ်ပိုမိုဖွံ့ဖြိုးဖို့အကြောင်းဖြစ်ပါသည်။

ဒီအယူအဆမတူညီမှုများအပေါ်မူတည်ပြီး ယနေ့ မြန်မာထေရဝါဒဗုဒ္ဓဘာသာလောကတွင် အချို့သောပညာရှင်များ အချင်းချင်း တစ်ဦးကိုတစ်ဦး အပြစ်ပြော၊ ဝေဖန်၊ အတင်း အဓမ္မနှိပ်ကွပ်နေသာ လုပ်ရပ်များကိုလည်း ကြားသိ၊ မြင်တွေ့နေရ၏။

အယူအဆမတူညီလို့ အပြစ်ပြော ဝေဖန်တာထက် ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို သဘောမျိုးတွေနဲ့ အတင်းအဓမ္မနှိပ်ကွပ်နေကြသည်မှာ အလွန်အရုပ်ဆိုပြီး အလွန်သဘောထားသေးသော လက္ခဏာများ ဖြစ်ပါတယ်။

လွန်ခဲ့သောနှစ် နှစ်ထောင့်ငါးရာကျော်က ဟောကြားတော်မူခဲ့သည့် ဗုဒ္ဓတရားအပေါ်တွင်လည်း ကာလ၊ ဒေသ၊ အတွေ့အကြုံစသည့် ကွဲလွဲမှုတို့အပေါ်မူတည်၍ တစ်ဦးနဲ့တစ်ဦး၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အယူအဆ၊ အတွေးအမြင်များ ကွဲလွဲလာကြသည်မှာလည်း လောကဓမ္မတာ သဘာဝပင်ဖြစ်ပါသည်။ နှစ်ပေါင်းက နှစ်ထောင့်ငါးရာတောင်ကျော်ခဲ့ပြီကိုး။

မင်းတုန်းမင်းလက်ထက်တွင် သာသနာပိုင်ဆရာတော်ဦးဉေယျ

က ဆရာတော်ဦးဗုဓ် သိမ်သမုတ်တာနှင့် ပတ်သက်ပြီး “ကိုဗုဓ် သိမ်သမုတ်တာ ကံမမြောက်ဘူး” ဟု ဝေဖန်လိုက်၏။ အဲဒီအခါမှာ ဆရာတော် ဦးဗုဓ် က“ အောင်မယ်၊  ငါ သိမ်သမုတ်တာ ကံမြောက်တယ်၊ မမြောက်ဘူးလို့ ပြောရအောင် ဉေယျ နင်က ဘုရားမို့လို့လား၊ လာခဲ့၊ ငါ ရှင်းပြမယ် ”ဟု ပြန်ပြောလိုက်လေ၏။

သာသနာပိုင်ဆရာတော်က သူသိထားတဲ့ကျမ်းဂန်များသာ ဘုရားဟောအစစ်လို့ ယုံကြည်နေသလို ဆရာတော် ဦးဗုဓ်ကလည်း သူသိတာမှ ဘုရားဟောအစစ်ဟု ကိုယ်သိတာကိုယ်အမှန်ထင်နေကြခြင်းဖြစ်သည်။

 

ဘယ်အရာကမှ ဘုရားဟောအစစ်အမှန်ဆိုတာ ဆုံးဖြတ်ပေးနိုင်တဲ့ ဗုဒ္ဓဘုရားမှ မရှိတော့တာကိုး – – – ။

ဒါဆို စာပေပိဋကတ်တွေက ဗုဒ္ဓဘုရားဟော အစစ်တွေ မဟုတ်လားဟု ပြန်မေးစရာရှိ၏။ ဗုဒ္ဓဘုရားဟော အစစ်တွေ ပါသလို နောက်လူတွေက ဘုရားဟောဆိုပြီး တိုးထားတာတွေလည်း ပါနေသည်ဟု သုတေသနပညာရှင်တို့ သုံးသပ်ကြ၏။ ဘယ်ဟာက ဗုဒ္ဓဘုရားဟော အစစ်၊

ဘယ်ဟာက နောက်တိုးဆိုတာ စိတ်ဝင်စားသူ ပညာရှင်တို့ ဝေဖန်ကြပါကုန်။

နောက်တိုးဆိုတာ အဋ္ဌကထာ၊ ဋီကာ (အဖွင့်ကျမ်း)တို့ကို ပြောတာမဟုတ်ပါ။ ဗုဒ္ဓဘုရားဟောပါတယ်ဆိုတဲ့ ပါဠိတော်ထဲမှာကိုပဲ ဒါမှ ဘုရားဟောအစစ်၊ ဒါကနောက်တိုးဆိုပြီး အငြင်းပွားစရာတွေဖြစ်နေကြလို့ သာသနာပိုင် ဆရာတော်နှင့် ဆရာတော် ဦးဗုဓ်တို့ အယူအဆမတူခြင်း ဖြစ်ခဲ့ကြ၏။

 

သာသနာပိုင် ဆရာတော်နှင့် ဆရာတော် ဦးဗုဓ်တို့တွင်လားဆိုတော့ – – -မဟုတ်ပါ။ ယနေ့ခေတ်တွင် မဟာယာနဗုဒ္ဓဘာသာတွေကလည်း သူတို့စာပေပိဋကတ်တွေကမှ ဗုဒ္ဓဘုရားဟောအစစ်ဟု ယူကြ၏။ ထေရဝါဒ

စာပေတွေက အရောတွေပါနေသည်။ သင်္ဂါယနာတင်တယ်ဆိုပြီး အကြိမ်ကြိမ် ပြင်ထားတာ၊ ရောထားတာဟု ဆိုကြ၏။

ထေရဝါဒဗုဒ္ဓဘာသာတွေကလည်း ငါတို့ဟာမှ အမှန် မဟာယာနတွေက ဘုရားဟောတွေကို ပြင်ဆင် ဖြည့်စွတ်တာတွေလုပ်ထားတာဟု ဝေဖန်ကြ၏။

တနည်းအားဖြင့် ကိုယ့်သမီး ကိုယ်ချော လုပ်နေကြခြင်းဖြစ်ပေသည်။

ဘယ်ဟာကမှ ဗုဒ္ဓဘုရားဟောအမှန်ဟု ပြောကြမည်နည်း။ ပြောမယ့်သူကလည်း  ” ဘုရားမို့လို့လား” – – – – – -။

 

ထေရဝါဒဗုဒ္ဓဘာသာမှာကိုပဲ မြန်မာထေရဝါဒက ကိုယ့်ဟာမှအမှန်၊ ယိုးဒယားထေရဝါဒကလည်း သူ့ပိဋကတ်တွေကမှ ဘုရားဟောအစစ်လို့ ပြောသလို ကျန်တဲ့ ထေရဝါဒနိုင်ငံတွေကလည်း သူတို့စာပေတွေကမှ အစစ်လို့ အသီးသီးပြောကြမှာပါပဲ။ ထေရဝါဒသင်္ဂါယနာ တင်တဲ့ကိစ္စမှာပဲ မြန်မာထေရဝါဒက (၆)ကြိမ်တင်ပြီးပြီ၊ ယိုးဒယားထေရဝါဒက (၉)ကြိမ် တင်ပြီးပြီ။ အဲဒီ ယိုးဒယားထေရဝါဒသင်္ဂါယနာ (၉) ကြိမ်မှာ မြန်မာပြည်မှာ တင်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာနဲ့ ဆဋ္ဌသင်္ဂါယနာမပါပါ။ အဲဒီ ပဉ္စမနဲ့ ဆဋ္ဌမကို ယိုးဒယားထေရဝါဒီတို့က အသိအမှတ်မပြုပါ။ ယနေ့ မြန်မာတို့ရဲ့ ဆဋ္ဌသင်္ဂါယနာတင်ပိဋကတ်တွေကို  ယိုးဒယားထေရဝါဒ တို့က အသိအမှတ် မပြုတဲ့ သဘောပါပဲ။ (ပဉ္စမသင်္ဂါယနာနဲ့ ဆဋ္ဌသင်္ဂါယနာအကြောင်း သီးသန့် post တစ်ခုရေးပါဦးမည်။) အဲဒီထေရဝါဒနှစ်နိုင်ငံမှာကိုပဲ ကိုယ့်ဟာမှ အမှန်ဆိုပြီး ဖြစ်နေကြ၏။

ကျန်မဟာယာနများဆိုရင်ပိုဆိုးပြီပေါ့။

ဗုဒ္ဓဘုရားပွင့်ခဲ့တာ နှစ်က (၂၅၀၀)တောင် ကျော်ခဲ့ပြီကိုး – – – ။

နှစ် (၂၅၀၀)ကျော်အတွင်းမှာ ကာလ၊ ဒေသ၊ ပယောဂများအလိုက် အရောရော အနှောနှော ဖြစ်ရသည်မှာ သဘာဝပါပဲ။

သူတို့မှာလည်း နောက်တိုးအရောတွေ ပါနေတယ်လို့ သိဖို့လိုသလို မိမိတို့မှာလည်း အရောအနှောတွေ ရှိနေနိုင်ပါလားလို့ အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ ကိုယ့်ဟာမှ ဘုရားဟောအစစ်လို့ ဇွတ်အတင်းပြောနေလို့ သင့်ပါ့မလား။

ကို်ယ့်သမီး ကိုယ်ချော မလုပ်ကြပါနဲ့တော့။  ကိုယ်သမီးလည်း ချောတယ်လို့ထင်ရင် သူများ သမီးလည်း ချောတယ်လို့ အသိအမှတ်ပြုပေးပါ။ သူများသမီးမှာ ဆိုးတာရှိတယ်လို့ ယူဆမိရင် ကိုယ်သမီးမှာလည်း ဆိုးတာတွေရှိနေတယ်လို့ သိဖို့ကြိုးစားပေးဖို့ လိုပါတယ်။ ယနေ့ခေတ်ဟာ နည်းပညာကျယ်ပြန့်လာတာမို့ သိအောင်ကြိုးစားမယ်ဆိုရင် ရနေပါပြီ။

 

ဒါ့ကြောင့် လွတ်လပ်စွာ သဘောထားကွဲတာ သဘာဝပါ၊ သဘောထားကြီးဖို့ ပဲလိုတာဆိုပြီး အကြံပြုပါရစေ။ ဘာကြောင့်လည်းဆိုတော့ ယနေ့ မြန်မာထေရဝါဒ အဝန်းအဝိုင်းအတွင်းမှာ တစ်ချို့သော အစွန်းရောက်ထေရဝါဒီတွေက ကိုယ်အယူနဲ့မတူ ကိုယ့်ရန်သူလို သဘောမျိုးတွေနဲ့ အတင်းအဓမ္မနှိပ်ကွပ်နေကြသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းပေသည်။

ကမ္ဘာပေါ်ရှိ လူကိုယဉ်ကျေးစေသော ဘာသာတရားများကို ဖျက်ဆီးသူများသည် ထိုဘာသာထဲတွင်ရှိနေကြသော အစွန်းရောက် ဘာသာရေးသမားများဖြစ်ကြ၏။ ဘာသာတရားတွေမှပေးချင်သော ငြိမ်းချမ်းမှုသည် ထို အစွန်းရောက်ဝါဒီတို့ကြောင့် မငြိမ်းချမ်းပဲ ဖြစ်နေကြရမှာ လူတိုင်းအသိပင်ဖြစ်သည်။ ယနေ့ ထေရဝါဒဗုဒ္ဓဘာသာထဲမှ အစွန်းရောက်ထေရဝါဒီတွေလည်း ကျန်ဘာသာတွေထဲမှ အစွန်းရောက်ဝါဒီတွေနဲ့ အလားတူစွာ မိမိတို့နှင့် အယူမတူသူများကို အတင်းအဓမ္မနှိပ်ကွပ်နေကြသည်မှာ ဗုဒ္ဓဝါဒမှ ပေးချင်သည့် လူ့ငြိမ်းအေးစေမှုနှင့် လုံးဝ ဖီလာ ဆန့်ကျင်နေပါသည်။

ဒီအစွန်းရောက်ထေရဝါဒီတွေရဲ့ လုပ်ရပ်ကြောင့် ကြာရင် မူလထေရဝါဒပါ နံမည်ပျက်လာပါလိမ့်မည်။

အတင်းအကြပ်နှိပ်ကွပ်ခြင်းဖြင့် အကျိုးမများနိုင်၊ မတူတာတွေဘေးဖယ်၊ တူတာတွေနှင့် လက်တွဲဖို့ လိုအပ်ကြောင်း ” ဓမ္မကထိကတွေဩဝါဒခံ ပူဇော်ပွဲမှာ သီတဂူဆရာတော်ဘုရားကြီး ဩဝါဒပေးခဲ့သည်မှာ မှတ်သားဖို့ကောင်းပေသည်။ ဒါသဘောထားကြီးကြဖို့ ပြောတာပါပဲ။

ဘာ့ကြောင့်လည်းဆိုတော့ လွတ်လပ်စွာ သဘောထားကွဲတဲ့အပေါ်မှာ သဘောထားကြီးမှ ငြိမ်းချမ်းမှာမို့လို့ပါ။

ဒါဆိုရင် ယနေ့ မြန်မာထေရဝါဒလောကမှာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို သဘောမျိုးတွေနဲ့ အတင်းအဓမ္မနှိပ်ကွပ်နေကြသည်မှာ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်ရဲ့လား – – – ။

 

အတင်းအဓမ္မနှိပ်ကွပ်  ခံနေရသူများက    အဓမ္မဝါဒီတွေလား၊  အတင်းအဓမ္မနှိပ်ကွပ်နေသူတွေက    အဓမ္မဝါဒီတွေလား ဆိုတာ စဉ်းစားဝေဖန်ကြပါကုန် – – – – ။

44 comments

  • MOEPWINTPHYU

    August 9, 2011 at 3:34 pm

    ရဟန်းတော်တွေဟောတဲတရားကိုနာဘူးပါတယ် မာသာထရီဆာရဲအကြောင်းကိုတောင်ထည့်ဟောနေတဲဆရာတော် တွေရှိပါတယ် ထေရဝါဒကို ဘာလို့ အဘောထားသေး တဲအစွန်းရောက်ဝါဒီ (အတင်းအဓမ္မနှိပ်ကွပ် ခံနေရသူများက အဓမ္မဝါဒီတွေလား၊ အတင်းအဓမ္မနှိပ်ကွပ်နေသူတွေက အဓမ္မဝါဒီတွေလား ဆိုတာ စဉ်းစားဝေဖန်ကြပါကုန် – – – – ။) အဲလိုရေးရတာလဲ လူတွေအတွေးမတူကျလို ဗုဒ္ဓဘာသာတွေအမျိုးကွဲနေကျတာပါ ကိုကြိုက်တာကိုကောင်းတယ်လိုပဲပြောကြမှာပါ
    စာတတ်ပေတတ်ဘုန်တော်ကြီးများမျက်စိဖွင်ပြီး ခေတ်ပညာကို အမှီလိုက်နိုင်တဲဘုန်းကြီးတွေရှိနေပါပြီ

    • realman

      August 11, 2011 at 3:35 pm

      ထေရဝါဒီတိုင်းကို ဆိုလိုတာမဟုတ်ပါ။ ထေရဝါဒထဲကမှ ကိုယ့်ဟာမှ ဘုရားဟောအစစ်၊ ကိုယ့် အယူနဲ့ မတူရင် ဘုရားဟော မဟုတ်ဟုဆိုကာ အတင်းအဓမ္မ (အဓမ္မ)လုပ်နေကြသော အစွန်းရောက်ထေရဝါဒီများကို ဆိုလိုတာပါ။

      • nature

        August 11, 2011 at 11:10 pm

        ကိုယ်ကြိုက်တာကိုယ်ယူပါ။ သူကြိုက်တာ သူယူပါလိမ့်မယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 9, 2011 at 6:23 pm

    ကျုပ်ကတော့ လောကုတ္တရာထည်းက ပုဂ္ဂိုလ်က
    လောကုတ္တရာကို ဝေဖန်တာကို ချဉ်းကပ်ဘို့ ဆွေးနွေးပေးဘို့
    လိုက်လျှောပေးဘို့ကို သဘောတူတယ်
    တစ်ကယ်တော့ ဒီလိုပို့စ်မျိုးကို ရေးနိုင်ဘို့ ကျိုးစားနေပါတယ်
    မတတ်နိုင်သေးလို့ပါ
    ဆိုခြင်တာက လူတွေ စာ ( ဓမ္မစာကို လေ့လာမိတဲ့အခါ ) တတ်လာတဲ့အခါ
    တော်တော်အခြေနေဆိုးတယ်
    ကိုယ်ကိုယ်တိုင် မကျင့်ကြံဘဲနဲ့ သူများကို စာဖတ်ပြီးဝေဖန်တာတွေ တော်တော်ဆိုးရွားလာတယ်
    ဒါပေမယ့် နိဒါန်းအနေနဲ့တော့ မန်းထားလိုက်ပါမယ်
    အခြေနေကြည့်လိုက်ပါဦးမယ်
    …………………………….
    …………………………..
    မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန် -၃ – သုညတဝဂ် – ၅ – ဒန္တဘူမိသုတ်
    ၂၁၄။ ဤကာမမှ ထွက်မြောက်ခြင်း နေက္ခမ္မ ဖြင့် သိသင့်သော မြင်သင့်သော ရောက်သင့်သော
    မျက်မှောက် ပြုသင့် သော စိတ်တည်ကြည်မှုကို ကာမဂုဏ်တို့၏ အလယ်၌ နေလျက်
    ကာမဂုဏ် တို့ကို သုံးဆောင်လျက် ကာမဝိတက်တို့ ထိုးကျင့် ကိုက်ခဲ ခံနေရလျက်
    ကိလေသာ ကာမ ဟူသော ပူလောင်ခြင်းဖြင့် ပူလောင်လျက်
    ကာမဂုဏ်တို့ကို ရှာမှီးခြင်းငှါ အားထုတ်လျက် သိမူလည်း သိလတ္တံ့ မြင်မူလည်း မြင်လတ္တံ့
    မျက်မှောက်ပြုမူလည်း ပြုလတ္တံ့ ဟူသော အကြောင်းကို အဘယ်မှာ ရမည် နည်း၊
    ဤအကြောင်းမျိုးသည် မရှိ။
    တောင်ကြီးထက် ပို၍ ကြီးသော အဝိဇ္ဇာ ဟူသော အစုအပုံဖြင့် တားမြစ်အပ် သော
    ပိတ်ပင်အပ်သော မြှေးယှက်အပ်သော ထက်ဝန်းကျင် မြှေးယှက်အပ်သော ( သူ ) သည်
    ကာမဂုဏ်မှ ထွက်မြောက်ခြင်းဖြင့် သိသင့်သော မြင်သင့်သော ရောက်သင့်သော
    မျက်မှောက် ပြုသင့်သော စိတ်တည်ကြည်မှု ဈာန်သမာပတ်ကို စင်စစ် ကာမဂုဏ်တို့၏ အလယ်၌ နေလျက်
    ကာမဂုဏ်တို့ကို သုံးဆောင်လျက် ကာမဝိတက်တို့ ထိုးကျင့် ကိုက်ခဲ ခံနေရလျက်
    ကိလေသာ ကာမ ဟူသော ပူလောင်ခြင်းဖြင့် ပူလောင်လျက်
    ကာမဂုဏ်တို့ကို ရှာမှီးခြင်းငှါ အားထုတ်လျက် သိမူလည်း
    သိလတ္တံ မြင်မူလည်း မြင်လတ္တံ့ မျက်မှောက် ပြုမူလည်း ပြုလတ္တံ့ ဟူသော အကြောင်းသည် မရှိ။
    ………………….
    ဘုရားဟောလို့ သဘောမထားနိုင်ရင်တောင်
    ကိုယ်တိုင် တွေးတောကြည့်နိုင်ကြပါကြောင်း

  • windtalker

    August 9, 2011 at 7:30 pm

    ဟုတ်မယ်နော်
    တစ်လောက ကြားဖူးတယ်
    ဘုန်းကြီးတစ်ပါး ဟောတာပါ
    ရှင်ဦးပဂုတ် ရဟန္တာ ကိုယ်တော်မြတ် ဟာ ဘုရားဟောနဲ ့မညီလို ့
    တစ်ကယ် မရှိခဲ့ပါဘူး တဲ့
    ဘာသာရေးကို နှိုက်နှိုက်ချွတ်ချွတ် သိနားမလည်လို ့
    အဲဒီဘုန်းတော်ကြီး ဟောတာကို နားထောင်ရုံသပ်သပ်ပဲ ကြားခဲ့ပါတယ်
    အသောက မင်းကြီး ရဲ ့သံဃာရတနာ တင်ပွဲ ကြီး ပြုလုပ်တော့
    မာနတ်ရန်ကနေ စောင့်ရှောက်ပေးခဲ့တာ ရှင်ဦးပဂုတ် ရဟန်းရှင်မြတ်လို ့
    ငယ်စဉ်က ဗုဒ္ဓဝင်စာအုပ် များ မှာ ဖတ်ဖူးခဲ့ပါတယ် ။

    • R Ga

      August 10, 2011 at 3:17 pm

      ရှင်ဥပဂုတ်ဆိုတာ ရေထဲမှာ သပိတ်ကြီးနဲ့ စောင့်နေတဲ့ ဘုန်းကြီးမဟုတ်လား။ ဒီဘုန်ကြီးဆိုရင်တော့ မရှိတာသေချာတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဟိုးအရင်က ဆရာတော် တစ်ပါး နာမည်လည်းကြီးပါတယ်။ ရှင်ဥက္ကဌ ဆိုတဲ့ ဆရာတော်ထင်တယ်။ သူဒီဘုန်ကြီးမရှိကြောင်း သက်သေပြဖို့ အိနိ္ဒယနိုင်ငံအထိတောင်သွားပြီး ရာဇာဝင်ရှာပါတယ်။ လုံးဝမရှိပါဘူးတဲ့ ။သူ့ခေတ်သူ့အခါကတောင် အဲဒီဘုန်းကြီးရှိတယ်လို့ သက်သေအခိုင်အလုံပြနိုင်ရင်သူ့ကိုလာတွေ့လို့တောင် ကြေငြာသွားပါသေးတယ်။
      ရှင်ဥပဂုတ်က အိန္ဒိယ ဒဏ္ဏာရီ ပုံပြင်တစ်ပုဒ်လို့လည်း ဆိုသူကဆိုပါတယ်။
      windtalker ပြောတဲ့ ရှင်ဥပဂုတ်မရှိဘူးဆိုတာ ဟောတာ ဆရာတော်တော်များ တယ်။ နောက်ဆုံးသိသလောက်ဆိုရင် ရွှေပြည်သာဆရာတော်(မေတ္တာရှင် )ရဲ့ သင်လူတစ်ယောက်ဖြစ်ပြီလားဆိုတဲ့စာအုပ်မှာတောင်ပါလိုက်သေးတယ်။

      • realman

        August 17, 2011 at 8:05 pm

        ရှင်ဥပဂုတ်မရှိဘူးဆိုတာ အခုမရှိတာကိုပြောတာလား၊ ဟိုးတုန်းကတည်းက မရှိခဲ့တာ ကိုပြောတာလား ဆိုတာ ကွဲပြားဖို့ လိုပါတယ်။ အခု ရှိ၊ မရှိတော့ မပြောတတ်ဘူး။ ဟိုးတုန်းကတည်းက မရှိခဲ့ဘူးလို့ ကိုယ်ဖတ်ဖူးခဲ့တဲ့ စာအုပ်လောက်နဲ့တော့ အပြတ်ပြောလို့ မတော်ဘူးပေါ့။ ကျမ်းစုံဖို့တော့ လိုပါတယ်။ မြင်သားတောရဆရာတော် ဦးဒီပဓဇရေးခဲ့တဲ့ ဗုဒ္ဓဘာသာဆိုတဲ့ကျမ်းစာအုပ်မှာ အာသောကဘုရင် ကိုးကွယ်တဲ့ နန်းဦးဆရာတော်နှစ်ပါးက ရှင်မောက္ခလိပုတ္တတိဿနဲ့ ရှင်ဥပဂုတ္တမထေရ်ဆိုပြီး ရှိခဲ့တယ်တဲ့။ ဘုရင်အာသောကနဲ့ ရှင်မောက္ခလိပုတ္တတိဿတို့ တင်တဲ့ သင်္ဂါယနာကို ရှင်ဥပဂုတ္တမထေရ်က သဘောမတူလို့ အိန္ဒိယတောင်ပိုင်းကို ထွက်သွားခဲ့တယ်။ (မင်းပြစ်သင့်မှာ ဆိုတာလည်း ပါတယ်။) အဲဒါ သူ့ကြည်ငြိုတဲ့ပြည်သူတွေက သူတို့ ဆရာတော် တောင်သမုဒ္ဒရာမှာ ရှိတယ်လို့ ယုံကြည် နေကြတာပါပဲ။ အဲဒီလို ရှင်ဥပဂုတ် ရှိခဲ့တယ်ဆိုတဲ့ ကျမ်းစာအုပ်တွေရှိပါသေးတယ်။ ဆရာပါရဂူကလည်း အာသောကခေတ်မှာ ရှင်ဥပဂုတ် ရှိခဲ့ကြောင်း ရေးခဲ့ပါသေးတယ်။ ဒါ့ကြောင့် ကျမ်းမစုံပဲနဲ့တော့ ရှင်ဥပဂုတ် လုံးဝ မရှိခဲ့ဘူးလို့ ပြောသင့်၊ မပြောသင့် – – – ။ အခုအချိန်ထိ ရှိ၊ မရှိတော့ မသိဘူးပေါ့။ ကိုယ်မသိတဲ့အရာကို ရိုးရိုးသားသား မသိဘူးလို့ ပြောတာပဲ ကောင်းပါတယ်။

        • မိုက်ကယ်ဂျော်နီအောင်ပု

          September 1, 2011 at 11:11 pm

          ကိုယ်တော့်ပို့စ်ကဟုတ်သလောက်
          ကိုယ်တော့်အာဘော်ကမနိမ့်ပါဘူး
          ကိုယ့်ဟာကိုယ်လည်း စားစားဆင်းဆင်းလုပ်ပါဦး
          ဘယ်သူမှမနိုင်တဲ့ ဘုရားနှင့်တူအောင်တောင် ဖန်ဆင်းနိုင်တယ်ဆိုတဲ့
          မာန်နတ်ကိုတောင် နဘန်ပေးနိုင်တယ်ဆိုတဲ့
          ရဟန္တာဆိုတဲ့ကိုယ်တော်ကြီးက
          ဒီလို ပုထုဇဉ် လင်ယူသားမွေးတဲ့ ဘုရင်တစ်ပါးရဲ့
          မင်းပြစ်ဒဏ်ကိုကြောက်လို့
          ဗီဇာရှောင်တယ်ဆိုတာ ဟုတ်ပါ့မလားလို့
          ကလေးတွေးလေးဘဲတွေးကြည့်ပါဦး
          ဆရာတော်တစ်ပါးတွက်ချက်ပြတာကတော့ ရနေ့သက်ရှိထင်ရှားရှိတယ်ဆိုရင်
          ရဟန္တာမဟုတ်နိုင်ကြောင်း ဘုရားရှင်ရဲ့တရားတော်တွေအရ
          သာဝကထည်းမှာ သက်တော် ၁၆ဝ ရှိတဲ့ ကိုယ်တော်တစ်ပါးနဲ့
          ချိန်ဆပြခြင်းအားဖြင့် သက်တော် နှစ်ထောင်ကျော်ရင်တော့
          ဘိုးတော်နှင့် အပေါင်းပါဖြစ်ပုံရဒယ်
          ကျန်တာတော့ ပြောတော့ပါဘူး

        • realman

          September 12, 2011 at 8:57 pm

          ကိုပုကလည်း ကိုယ်ရေးတဲ့ comment ထဲမှာ (ဘယ်သူမှမနိုင်တဲ့ ဘုရားနှင့်တူအောင်တောင် ဖန်ဆင်းနိုင်တယ်ဆိုတဲ့ မာန်နတ်ကိုတောင် နဘန်ပေးနိုင်တယ်ဆိုတဲ့
          ရဟန္တာဆိုတဲ့ကိုယ်တော်ကြီး) ဆိုတာတွေမပါဘူးလေ။ ဒါလည်းကိုယ်မှ မသိတာ။ မသိတာ မသိဘူးလို့ ပြောတာ ရိုးသားပါတယ်ဗျာ။ ရှင်ဥပဂုတ် ရှိခဲ့တယ်ဆိုတဲ့ ကျမ်းစာအုပ်တွေရှိပါသေးတယ်ဆိုတဲ့ အကြောင်းလေးကို ပြောချင်တာပါ။ ဒါကြောင့် ရှင်ဥပဂုတ် ရှိခဲ့တယ်၊ မရှိခဲ့ဘူဆိုတာ အပိုင်ပြောဖို့ သင့်၊ မသင့်လေး ရေးလိုက်တာပါ။ ဒီလိုလေး နားလည်ပေးပါ။

  • zaw min

    August 9, 2011 at 11:01 pm

    ဗုဒ္ဓဘာသာဝင်တိုင်းသိဖို့က ငါဟာဗုဒ္ဓရဲ့အဆုံးအမကိုဘယ်လောက်နားထောင်နိုင်ပီလဲ၊ဘယ်လောက်လိုက်နာကျင့်ကြံပီးပီလဲ၊သူများအသိတွေကို ကိုယ်သိလုပ်ပီးနေမှာလား၊ဘုရားဟောတရားတွေထဲမှာ ဘာဝါဒ၊ဘာဂိုဏ်း၊ညာဂိုဏ်းမှမပါပါဘူး၊ကိုယ်ကိုတိုင်သိအောင် လာလှည့်လုပ်ကြည့်လှည့်(အကာလိကော)။တကယ်လုပ်ပီးပီလား၊ဗုဒ္ဓရဲ့အဆုံးအမတွေထဲမှာ အစွန်းရောက်စေတဲ့ဝါဒတွေမပါပါဘူး။

  • ရွှေအိမ်စည်

    August 9, 2011 at 11:28 pm

    ခွင့်လွတ်တတ်ခြင်း၊စာနာတတ်ခြင်းဆိုတဲ ့ သဘောတွေ ်ဗြဟ®စိုရ်တရား
    ကဗုဒ္ဓဘာသာဝင်တိုင်းရဲ ့လက်ကိုင်ဘဲလေ…..

    ကျန်တာတော့မလေ ့လာဘူး….
    ဘုရားလည်း….အစွန်းမရောက်တဲ ့ဝါဒကိုဘဲကျင့်သုံးတယ်….
    အစွန်းရောက်တဲ ့သူတွေ ့ရင်လည်း….ဒီလူဟာစိတ်ကျန်းမာရေးချို ့ယွင်းတာဖြစ်နိုင်သလို

    သူ ့ရဲ ့အစွန်းရောက်မှုဟာ..သူဘာသာကိုလည်းဖျက်ဆီးသလို.
    .ကိုယ့်ကိုကိုယ်လည်းဖျက်ဆီးသူပါဘဲ…….ကိုယ့်လုပ်ရပ်ဟာ…ကိုယ့်သမိုင်းပါဘဲလေ…

    ဘာသာရေးအကြောင်းတော့….သိပ်မလေ့လာဘူးဘူး
    ဒါပေမယ့်..တရားတော့ထိုင်တတ်တယ်….
    စိတ်ကိုဆင်ခြင်ပြီးတော်တော်စာရေးနိုင်တာကတော့သေချာပါတယ်

    • kai

      August 10, 2011 at 1:04 am

      ဒီလိုကွဲ ့.. လုံမလေးရွှေအိမ်စည်ရဲ့..။
      လက်ကိုင်..လက်ကိုင်ဆိုပြီး…လက်ကြီးနဲ့ကိုင်မထားပဲ… လက်တွေ့ကျင့်ကြံကြဖို့…။
      အဲဒါဆို… မြန်မာပြည်ကြီး.. ဒီလိုဖြစ်မနေဘူး..။

      ရီဗာ့စ်.အင်ဂျင်နီယာရင်းနည်းနဲ့… .ပြန်ပြောမယ်နော…။
      ဒီလိုဖြစ်နေတာ… လက်တွေ့မကျင့်ကြံတဲ့သူ… များလို့..။
      ကြာလေ… ပိုပိုဆိုးလာလေဖြစ်တာဟာ..လက်တွေ့မကျင့်ကြံတဲ့သူ တွေ…..ပိုပိုများလာလို့.. 🙂

      ဆိုတော့.. ကားဆိုရင်.. သွားရာလမ်းမှားနေတာမို့.. ယူတန်း..တန်းရတော့မယ့်သဘော….။ (ဂငယ်ကွေ့ပြောတာ…။ ). …လက်ရှိတွေးခေါ်စဉ်းစားနေသမျှ အကုန်ပြောင်းပြန်ပြန်စဉ်းစား.. အဲဒါ အခုထက်တော့ ပိုမှန်လိမ့်မယ်..။ 🙂 🙂

  • icecube

    August 10, 2011 at 2:02 am

    အယူအဆတွေ အတွေးအခေါ်ပိုင်းတွေ နိယာမတွေ အားလုံး အပစ်ပြောစရာမရှိအောင် မှန်ကန်တိကျ
    လှ ပါတယ် ၊ သိတဲ့အသိသညာ တွေကို သရုပ်မဖေါ် နိုင်ကြသေးတာတော့ အင်မတန် ဝမ်းနည်းစရာ
    အကောင်းဆုံး ပါ ၊ ခု ရေးတဲ့ ပို့စ်လေးကို စိတ်အေးအေးနဲ့သေချာဖတ်ကြည့်တော့လဲ သံဝေဂ တွေများစွာနဲ့
    အတွေးပွါး မိပါရဲ့ ၊ ကိုကို မမ ဦးဦး ဒေါ်ဒေါ် တို့လဲ ပို့စ် ထဲက ပါတဲ့အတိုင်း တစ်ထပ်တည်း ကျင့်ကြံ
    အားထုတ်နိုင်ကြပါစေလို့…။

  • minthakhin

    August 10, 2011 at 3:33 am

    နောက်တိုးအရောတွေပါနေတယ်ဆိုတဲ့စကားကိုတော်တော်သဘောကျတယ်ဗျာ။ ကျွန်တော်တို ့သိထား၊ဖတ်ထား တဲ့ ဗုဒ္ဓတရားတွေ၊ ဇာတ်တော်တွေ၊ ဆိုဆုံးမတွေ ဒါတွေအားလုံးဟာ ဗုဒ္ဓဟောခဲ့တဲ့အတိုင်းအတိအကျ ပါလို ့ဘယ်သူအာမခံနိုင်လို ့လဲ။ ဇာတ်တော်တွေထဲမှာဆိုရင် အပိုဖြည့်ပြီးလျှောက်ထည့် ထားတာမျိုးတွေပါတယ်လို ့ ထင်တယ်။ သဘာဝကို ဆန် ့ကျင်နေတဲ့ဟာမျိုးတွေကို ဖတ်မိနေရလို ့ပြောတာ။ နှစ်ပေါင်းများစွာ အဆင့်အဆင့်လက်ဆင့် ကမ်းလာခဲ့ကျရတော့ တကယ့်အဖြစ်အပျက်ပေါ်မှာ တစ်ယောက်တစ်မျိုး လျှောက်ထည့်ရင်တောင် တော်တော်ပျက်စီးနေပြီ။ ဒါတောင်ဗုဒ္ဓသဘောတရားကိုကအေးချမ်းမှုအပေါ်မှာအခြေခံထားလို ့။ ပြီးတော့ကိုယ်ဖြစ်ချင်တာတွေကိုပါ အမှန်ဖြစ်အောင်ပြောရင်းပြောရင်းက နောက်လူတွေပါအမှန်လို ့ထင်လာအောင်လုပ်ပြောတဲ့သူတွေလည်းပါမှာဘဲ။ အဲဒါနဲ ့အဲလိုလုပ်ကြံပြောမှုကြီးကနေ ဘုရားဟောသလိုမျိုးကြီးလိုဖြစ်လာပါလေရော။ တခါတလေကျတော့လည်း ရှေးလူလုပ်တာကိုလိုက်လုပ်ရင်းနဲ ့မှ တကယ်လိုလို၊ ဘာလိုလိုဖြစ်လာတယ်။ တခြားမကြည့်နဲ ့အလှူလုပ်လို ့ရှိရင်ကြည့်လိုက် ။ အလှူအတန်းလုပ်ရင်လှူစရာရှိလှူလိုက်ပေါ့။
    အဲဒီမှာမပြီးတာက ဒီလိုမျိုးလှူရသော အကျိုးကျေးဇူးကြောင့် ဘာဖြစ်လိုပါ၏၊ ညာဖြစ်လိုပါ၏နဲ ့။
    ဘုရားဟောတဲ့အတိုင်းဆိုရင် အကျိုးတရားကို (တစ်ခုခုကိုမျှော်ကိုးပြီး) လှူရင် ဒါနမမြောက်ဘူးဆို (ကျွန်တော်အမှတ်မှားတာမဖြစ်နိုင်ပါဘူး)။ အိုကေ အဲလိုသာမျှော်ကိုးပြီးလှူနေတဲ့ ကျွန်တော်တို ့ဗမာဗုဒ္ဓဘာသာတွေ 10 ယောက်မှာ 8ယောက်လောက်အထိရှိတယ်ဆိုရင် ဘယ်သူဘာပြောချင်လဲ။
    ဒါဆိုဘယ်မှာလဲ ဖြူစင်တဲ့ဒါနကိုအခြေခံတဲ့စိတ်။ ပြီးလို ့ရှိရင် ငါကဗုဒ္ဓဘာသာကို သူများထက် ပိုယုံကြည်တယ်ဆိုတာ လာသေးတယ်။ အခြေခံသဘောတရားတောင်မသိကြပဲနဲ ့။ တကယ့်ထေရဝါဒီတွေ။ တရားပွဲတွေသွား ပြီးရင် တရားအကြောင်းတွေပြော ၊ ပြီးတော့မဟုတ်တာတွေလုပ် ၊ တရားစခန်းတွေကို အိမ်ပြောင်းသလို ပြောင်းပြီး ငါ့သားက ဘယ်နိုင်ငံမှာဒေါ်လာဘယ်လောက်ရတယ်ဆိုပြီး အပြိုင်အဆိုင်တွေပြောကြ၊ ငြင်းကြနဲ ့။
    သူတို ့တတွေကိုရော ဘယ်လိုသတ်မှတ်မလဲ ပါးစပ်ကဘုရားဘုရားနဲ ့ လုပ်တော့တလွဲ။
    ပြီးတော့အစွန်းရောက်တာတွေလဲရှိသေးတယ် ကိုယ့်ဘာသာမှ အမှန် သူများဘာသာတလွဲဆိုတာတွေလေ။ တွေ ့ဖူးကြမှာပါ။ ကိုယ်ကလည်း ဗုဒ္ဓဘာသာဖြစ်နေတော့ အဲလိုမျိုးတော့မပြောနဲ ့လေကွာ လို ့ပြောရုံကလွဲမျိုး ဘာမှမတတ်နိုင်ပြန်ဘူး။ အဓိကကတော့ ဘယ်ဘာသာကပဲဖြစ်ဖြစ်ကောင်းတာတွေမှန်သမျှရွေးယူလိုက်လေ။ အဲဒါဆိုအိုကေပဲ။
    ကျွန်တော်တစ်ယောက်တည်းရဲ ့ခံယူချက်ကတော့ ကောင်းတာလုပ်တာထက်ကို မကောင်းတာမလုပ်မိစေအောင်ထိမ်းသိမ်းတာက ပိုခက်တယ်လို ့ထင်တယ်။ အဲဒီတော့ မကောင်းတာမလုပ်မိအောင် ပိုကြိုးစားမယ်၊ အခွင့်သင့်တုန်းကောင်းတာကိုလုပ်သွားမယ်၊
    THAT’S ALL.

    • Shanma TUmdy

      August 21, 2011 at 10:19 pm

      ဪ.. ကျနော်မှတ်သားသလောက် ပြောရမယ်ဆိုရင်…
      အလှူလုပ်တာပြီး ဘာဖြစ်ပါ၏ ညာဖြစ်ရပါ၏ ဆုတောင်းတာက .. သမုသယသစ္စာပွားများနေပါ..
      တကယ်တော့ ..လူပဲဖြစ်ဖြစ် ..နတ်ပဲဖြစ်ဖြစ် ရထားတာက ခန္ဓာငါးပါးပါ .. ခန္ဓာမှန်ရင် ဖောက်ပြန်တတ်တာမို့လို့..ဒုက္ခသစ္စာလို့ဆိုပါတယ်..
      အဲသစ္စာ(အမှန်တရား) တွေကိုမသိဘဲနဲ့..ဘုရားရှေ့မှာ လိုက်ဆုတောင်းနေတာဟာ..
      သမုသယသစ္စာပွားများနေတာပါ.. ဒုက္ခ (အိုနာသေ) ရဖို့ အရေး .သိန်းချီးဝယ်သလို ဖြစ်နေကြပါတယ်..

      • realman

        August 22, 2011 at 6:40 pm

        ဖောက်ပြန်တတ်တဲ့ ခန္ဓာတိုင်းကို ဒုက္ခသစ္စာလို့ ဆိုလို့ ရပါ့မလား။ ဒါလေးကွဲပြားဖို့ လိုပါတယ်။ အသားဖြူတိုင်း တရုတ်လူမျိုး မဟုတ်သလို အသားမဲတိုင်းလည်း ကုလားလူမျိုးမဟုတ်ပါဘူး။
        အဲဒီလိုပါပဲ ခန္ဓာတိုင်းလည်း ဒုက္ခသစ္စာမထိုက်ပါဘူး။ သင်္ခါရလို့ ဆိုတဲ့ ကံ (အစွဲပါသော အလုပ်)တွေကြောင့် ဖြစ်လာရတဲ့ ဖောက်ပြန် သဘော၊ ခံစား သဘော စတဲ့ အစွဲခန္ဓာတွေကသာ ဒုက္ခသစ္စာပါ။ ကျန်တဲ့ ဖောက်ပြန်သဘော၊ ခံစားသဘောတွေက တခါတရံ ဒုက္ခဝေဒနာ၊ သုခဝဒနာ ဒါမှမဟုတ် ဥပေက္ခာဝေဒနာပဲ ဖြစ်တာပါ။ ဒုက္ခဝေဒနာနဲ့ ဒုက္ခသစ္စာ မတူပါဘူး။ ဗုဒ္ဓဟောခဲ့တဲ့ ဒုက္ခသစ္စာဆိုတာ ဖောက်ပြန်၊ ခံစား၊ သိ၊ မှတ်၊ စေ့ဆော်မူတွေဆိုတဲ့ သာမန်ရိုးရိုးခန္ဓာတွေကို ယူလို့ သင့်ပါ့မလား။ အစွဲ သမုဒယသစ္စာကြောင့် ဖြစ်နေရတဲ့ ဖောက်ပြန်၊ ခံစား၊ သိ၊ မှတ်၊ စေ့ဆော်မူ စတဲ့ အဖြစ်တွေကသာ ဒုက္ခသစ္စာပါ။ ခံစားမှုက ဒုက္ခသစ္စာမဟုတ်ပါ။ အဖြစ် (အစွဲခန္ဓာ) ဆိုတဲ့ ဘဝကိုသာ ဒုက္ခသစ္စာလို့ ပြောတာပါ။

        • Shanma TUmdy

          August 22, 2011 at 11:03 pm

          ဟုတ်ကဲ့ ..ကျနော်လည်းဘုရားဟောတာကို .ကိုယ်တိုင်ကိုယ်ကျ ကြုံဖူးခြင်းမရှိပါဘူး..
          အခု ဆရာတော်တွေ အထူးသဖြင့်.. မိုးကုတ်ဆရာတော်တွေ ဟောတာပဲ နာဖူးတာ များပါတယ်.. ကျနော်နာဖူးသလောက်ကတော့ .. ဖောက်ပြန်တာဟာ.. ဒုက္ခသစ္စာပါတဲ့..
          ဒုက္ခ .. ဆင်းရဲကြောင်းး
          သစ္စာ .. အမှန်တရားပါ တဲ့..

        • realman

          October 1, 2011 at 8:03 pm

          Shanma TUmdy ဘုရားဟောထားတာကို ကိုယ်ယုံကြည်တဲ့ထောင့်ကနေ ဖွင့်ဆိုဟောနေကြတဲ့ ပညာရှင်တွေ အများကြီးပဲရှိပါတယ်။ ဆရာစွဲမထားပဲ အတတ်နိုင်ဆုံး အသိဉာဏ်ဖွင့်ပြီး စုံအောင်လေ့လာသင့်ပါတယ်။ ပြီးမှ ဘယ်ဟာဖြစ်သင့်တယ်ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဖန်ပါ။ မိုးကုတ်ဆရာတော်ကြီးရဲ့တရားမှာတင် လမ်းဆုံးနေမယ်ဆိုရင်တော့ အသိဉာဏ်သေသွားတာဖြစ်နေပါလိမ့်မယ်။ ဉာဏ်ဆိုတာ ရှင်သန်နေမှ ကောင်းတာပါ။

        • mggwa

          August 24, 2011 at 7:02 pm

          Shanma TUmdy ရေ မိုးကုတ်ဆရာတော်ဘုရားကြီးက သူများပါးစပ်မှာ လမ်းမဆုံးစေနဲ့လို့ ဟောထားတယ်နော်။ အဲဒါ Shanma TUmdyလဲ မိုးကုတ်ဆရာတော်ကြီး ပါးစပ်မှာ လမ်းမဆုံးပါနဲ့။ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ အမှား အမှန် ဝေဖန်ပေးပါ။ ထစ်ခနဲရှိ ဘယ်ဆရာတော်က ဘယ်လိုဟောထားတာနဲ့ပဲ ဆရာတော် (သူများ)တွေ ပါးစပ်မှာပဲ လမ်းဆုံးနေကြတယ်။

  • ကြောင်ကြီး

    August 10, 2011 at 8:38 am

    ဓမ္မနဲ့ဘာသာ၊ သာသနာနဲ့ဓမ္မတာကို ကွဲပြားတာကို လူအများ သတိမမူကြလို့ဖြစ်တာပါ။ real ပြောသလိုပဲ ဗုဒ္ဓဘုရားရှင် မရှိတော့မှ ဘယ်ဟာကိုဘာလို့ပြောရန် ခက်သွားပြီ။ (တကယ်ပြောရရင် ဘုရားရှင်ရှိလည်း ဒီလိုပဲ ဘယ်သူ့ကိုဘုရားလို့ ဘာကြောင့်သတ်မှတ်သလဲဆိုတဲ့ မေးခွန်းဆင်ခြေများ ရှိအုံးမှာပါ)။ ဒီတော့ ဆရာကောင်းကိုရှာ၊ ကိုယ်ပိုင်ညဏ်၊ အကျင့်စရဏကိုသုံး မှန်တယ်ထင်ရင် ဆက်သာလုပ်ပေတော့။ အတိတ်ပါရမီနဲ့ အများကြီးဆိုင်မယ်လို့လည်းထင်တယ်။ လမ်းရိုးတယ်၊ ရှည်တယ်၊ မမှန်ဘူးထင်ရင် ကိုယ်နဲ့ကိုက်မယ့်ဆရာ၊ နည်းလမ်းကို ရှာဖွေဆည်းကပ်ပါ။ ဓမ္မတာလုပ်ရိုးလုပ်စဉ် အယူဓလေ့တွေမှန်းသိပေမဲ့ (သို့မဟုတ်) ဓမ္မနဲ့မကိုက်ပေမဲ့ လိုအပ်ချက်အရ မျက်ကွယ်ပြုပေးရင်း ဘုရားရှင်ထားခဲ့တဲ့ သာသနာကနေ လွဲချော်သွားကြတယ်။ ကိုယ်ကမကြိုက်လို့ အသစ်ချပြလည်း ကြာလာရင် လူသုံးများရင် ပျက်မှာပဲ။ ဒီလိုနဲ့ မူကွဲတွေ များလာတယ်ထင်ပါတယ်။ တကယ်တော့လည်း ဓမ္မဆိုတာ လူတိုင်းအတွက် မဟုတ်ဘူးလေ…။

  • Niko

    August 10, 2011 at 1:21 pm

    One of the most curious things for me is “Does Buddha really talk about matter (physics) things?” I once read a book of “U San Lwin.” If he did really talked about such a supreme knowledge of nature and philosophical-truth (logically truth), how come today scientist don’t use his dharma as a reference in their thinking?

    • maungmoenyo

      August 12, 2011 at 7:49 am

      of course, Abhidhamma scientifically proves the existence of matter and its interaction. Lord Buddha neither explained the creation nor created anything that does not exist. But His logic has gone far enough to match today’s scientific discoveries.

  • zawthulay

    August 10, 2011 at 1:26 pm

    ဘုရားရှင်ရဲ့ တရားတော်တွေက မစ္စိမပဒိပဒါ အလယ်အလတ် လမ်းစဉ်လို့ ပါတဲ့အတိုင်း သစ္စာလေးပါး တရားတော်ကို ကျင့်ကြံအားထုတ်တဲ့သူတွေသာ ထေရဝါဒ ဖြစ်ပါတယ် .. ဘုရားဟောတွေထဲမှာလဲ ပါပါတယ်

  • maungmoenyo

    August 12, 2011 at 7:55 am

    အစွန်းရောက်ထေရဝါဒီများဟာ ဗုဒ္ဓရဲ့ ဟောကြားညွှန်ပြမှုတွေကို ကျော်လွှားပြီး မိရိုးဖလာဆန်လွန်းတဲ့အယူအဆလွှမ်းမိုးမှုကြောင့် အစွန်းရောက်ကြရခြင်းပါဘဲ။
    ဘုန်ြးကီးကျောင်းသွားတိုင်း၊ ရဟန်းတော်တွေရှေ့မှာ မျက်စေ့နောက်လောက်အောင်လမ်းသလားတိုင်း၊ ဗုဒ္ဓရဲ့အယူကိုလိုက်နာပြီလို့တထစ်ချသတ်မှတ်ရင်တော့၊ တက်တက်စင်အောင်လွဲပြီပေါ့။

  • kosicca

    August 16, 2011 at 7:19 pm

    ဗုဒ္ဓဘုရားက ထေရဝါဒ၊ မဟာယာန၊ ဘာဝါဒ၊ ညာဝါဒဆိုပြီး ဟောခဲ့တာမဟုတ်ပါဘူး။ လူတွေငြိမ်းစေတဲ့ အရိယသစ္စာတရားကိုသာ ဟောကြားခဲ့တာပါ။ ဘုရားမရှိတော့မှ နောက်လူတွေက ကိုယ့်အယူမှ ဘုရားဟောဆိုပြီး ဒိဋ္ဌုပါဒါန်တွေနဲ့ ဝါဒတွေခွဲခြားကြလို့ ကွဲပြားကုန်ကြတာပါ။ အလွန်ကိုပဲ စဉ်းစားဖို့ကောင်းပါတယ်။

  • koyo

    August 17, 2011 at 7:44 pm

    ပထမဦးဆုံး စာပေဆိုတာ ဘာလဲလို့ သိအောင်လုပ်ဖို့လိုပါမယ်။ ဒါမသိရင် ပြောဆိုသမျှစကားတွေဟာ အချီး
    အနှီးဖြစ်ရဖို့ရှိပါတယ်။ စာပေက ဘာကိုဖြစ်စေချင်ပြီး ဘာက်ိုပြောတာလို့ အားလုံးကလက်ခံနိုင်တဲ့ ဖွင့်ဆိုချက်
    ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ ဥပမာ ထန်းလျှက်(ထညက်)ဆိုပါစို့။ အသက်တစ်ဆယ့်ရှစ်နှစ်လောက်က ကြုံခဲ့ဘူးတာပါ။ ရှမ်းပြည်မြောက်ပိုင်းဒေသ တနေရာကဘုန်းကြီးတစ်ပါးက ထန်းလျှက်ဆိုတာကို သရက်သီး လို အညှာချွေရတဲ့အသီးလို့မှတ်နေပါသတဲ့။ စကားတွေကိုလည်းကြားရတယ်၊ စာတွေကိုလည်းဖတ်ရပေမယ့်
    အဓိပ္ပာယ်ကိုကျတော့ မသိဘူးဖြစ်နေတာ ပေါ်လွင်နေတယ်မဟုတ်လား။ စာသင်ရတာကတခြား၊ သိအောင်
    ကျင့်ရမှာက တစ်ခြားဆိုလျှင်တော့ စာသင်ရတာရဲ့ အကျိုးက ပြစရာမရှိဘူးဖြစ်မနေဘူးလား။

    • realman

      August 21, 2011 at 7:45 pm

      ုkoyo ပြောသလိုပါပဲ၊ သင်နေရတဲ့ စာတွေဟာ လူ့အတွက် တကယ် အသုံးမကျတဲ့ ဖွင့်ဆိုချက်တွေနဲ့ သင်ပေးနေကြမယ်ဆိုရင် လူတွေရဲ့ တကယ်အားကိုးခြင်းကို ရနိုင်ပါ့မလား။ ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေဟာ လူတွေအတွက် မည်သူမဆို တကယ်အသုံးကျစေတာပါ။ အခု စာတွေသင်တယ် လူတွေ အမှန် အသုံးကျအောင် လမ်းညွှန်မှု မပြုနိုင်ကြဘူးဆိုရင် စဉ်းစားဖို့တော့ ကောင်းနေပါပြီ။ သင်တဲ့သူနဲ့ အသင်ခံရတဲ့ သူတွေရဲ့ အရည် အချင်းတွေကပဲ ညံ့နေတာလား။ ဒါမှမဟုတ် ဗုဒ္ဓတရားကို တဆင့် ပြန်သင်ကြားပေးတဲ့အပေါ်မှာ ဖွင့်ဆိုချက် (အဋ္ဌကထာ)ကျမ်းတွေပဲ လူတွေအတွက် အသုံးမကျတဲ့ ဆီရောက်အောင် ဖွင့်ဆိုထားတာလားဆိုတာ စိစစ်ဖို့တော့ ကောင်းနေပါပြီ။

  • Realone

    August 31, 2011 at 10:56 pm

    အခုဖြစ်တဲ့ ပြဿနာတွေဟာ တခြားလူကြောင့်မဟုတ်ပါဘူး။ စိတ်မကောင်းစွာ ပြောရရင် မိုးပြာဦးဉာဏ
    ကြောင့်ပါ။ ဒါလိုပြောလို့ ပုဂ္ဂိုလ်ရေးတွေ ပါတယ် နာမည်တွေပါတယ်လို့ မပြောစေချင်ပါဘူး။ ဦးဉာဏဟာ ဘုရားဟောတရားတွေကို သူဉာဏ်မှီသလောက်သာ သူ ဖွင့်ဆိုမှုတွေ ပြုနိုင်မှာပါ။ ပိဋကတ်အလုံးစုံကို သူ့ဖွင့်ဆိုမှုနဲ့ အကုန်မပြီးမြောက်စေနိုင်ပါဘူး။ မပြီးမြောက်စေနိုင်တာလဲ သူဖြည့်ခဲ့တဲ့ ပါရမီအတိုင်း အတာကြောင့်ပါ။ သူဖွင့်ဆိုခဲ့တဲ့ တရားအားလုံးကို အကုန်မှားတယ်လို့ မပြောရက်သလို အကုန်မှန် တယ်လို့လဲ မထောက်ခံပါဘူး။ အကုန်မှားတယ်လို့ ပြောရင် သူ့ထဲမှာပါတဲ့ ဘုရားဟောဒေသနာတွေကို မှားတယ်လို့ စွပ်စွဲမိသွားနိုင် ပါတယ်။ မှန်တယ်လို့ အကုန်ပြောရင်လဲ အမှားကို အမှန်ဖြစ်တယ်ပြောလို့ မတရားဖြစ်ပါဦးမယ်။ မြတ်စွာဘုုရားဟာ သူ့ရဲ့ စွယ်စုံသိတဲ့ဉာဏ်နဲ့ ဒီသာသနာကို တည်ဆောက်ထား တာပါ။ ဘယ်လို စရိုက် ဝါသနာတွေ ပါလာသည်ဖြစ်စေ ကျွတ်တမ်းဝင်နိုင်အောင် ဒေသနာစဉ် များစွာနဲ့ ဖြန့်ကျက်ထားတာပါ။ ဒါဆို ဦးဉာဏမှာ ဒီလို တူညီတဲ့ ပါရမီရှိလို့လား။ မရှိပဲနဲ့ အစစအရာရာ သိသယောင် ပြောနေမယ်ဆိုရင် အနာဂတ်ကာလ လှဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်အယူအဆမှ အမှန် ထေရဝါဒအယူအဆ အမှားလို့ မလုပ်ချင်ပါနဲ့ ။ အားလုံးဟာ တူညီတဲ့စရိုက်သဘာဝတွေက လာတာ မဟုတ်ပါဘူး။ ထေရဝါဒမှာလည်း ကိလေသာငြိမ်းမှုကိုပဲ ဦးတည်ပြီး လုပ်နေတာပါ။ လိုရင်းက ပယ်ရမယ့်ကိလေသာကို မပွားဖို့ အဓိကမဟုတ်လား။ ပွားရမှာကို မပယ်ဖို့ မဟုတ်လား။ တရားက ရှင်းပါတယ်။ ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ။ ကိုယ့်ကိလေသာ ကိုယ်ပယ် နိုင်အောင် ကြိုးစားကြပါ။ အပြတ် အပြတ်နဲ့ နှာခေါင်းသွေး ထွက်မနေပါနဲ့တော့။ အားလုံးဟာ ဗုဒ္ဓဆိုတဲ့ ဖခင်မြတ်အောက်က သားသမီးတွေပါ။ အချင်းချင်းတွေ ရန်မဖြစ်ပါနဲ့တော့။ အိမ်ကြက်ချင်း အိုးမဲ သုတ်ခွပ်နေတာတွေဟာ ဘာအကျိုးများမတုန်း။ ဒီလိုမှ စေ့စပ်မရရင်လဲ အားလုံး အကြောင်းအကျိုးပဲပေါ့။ သူ့လမ်းသူသွား ကိုယ့်လမ်း ကိုယ်သွားပဲပေါ့။ အပြင်ငြိမ်းချမ်းမှုထက် အတွင်းငြိမ်းချမ်းမှုက အဓိကပါ။ ပရဟိတ ဆိုတဲ့ စကားလုံးတပ်ပြီး အပြင်ငြိမ်းချမ်းမှုအတွက် သွေးဆာတဲ့တိုက်ပွဲသံတွေ မဖြစ်ပါစေနဲ့။ အတွင်းငြိမ်းချမ်းမှုကို ဦးတည်ပြီး လုပ်ကြဖို့ ပိုအချိန်တန်ပါပြီ။ အားလုံးကို မိမိဉာဏ်မှီရာရာဖြင့် ကျေးဇူးပြုတာပါ။ အမှားအယွင်း ရှိရင်လဲ အားလုံးကို ဝန္ဒာမိပါပဲ … ကျေးဇူးတင်ပါတယ် ….

    • kosicca

      September 3, 2011 at 6:56 pm

      Realone ကလည်း ထစ်ခနဲရှိ မိုးပြာဆရာတော်ဦးဉာဏကိုပဲ စွဲထည့်နေပါလား။ ဒါဆိုရင် ကိုယ့်လူလည်း realman ရေးသလို ဘုန်းကြီးရမ်းကား (မစိုးရိမ်စာသင်သား အမည်ခံ ဦးဣဿာမစ္ဆရိယဘိလံသ) နောက်က လိုက်နေတဲ့ လူရမ်းကားတွေထဲက ဖြစ်လိမ့်မယ်နဲ့ တူတယ်။ ဘုရားဟောတရားတွေကို ပြန်ဖွင့်ကြတဲ့ အဋ္ဌကထာ(အဖွင့်ကျမ်း)တွေဆိုတာ ဘုရားမရှိတော့တဲ့ နောက် နှစ်ထောင်ချီကြာမှ ပေါ်လာတာတွေပါ။ ဒီအဋ္ဌကထာတွေလည်း သူတို့ စိတ်ကူးနဲ့ ဉာဏ်မှီသလောက်ဖွင့်ခဲ့တာမို့ မပြည့်စုံနိုင်သလို ဒီခေတ်မှာ ဒီအဖွင့်တွေဟာ အဓိပ္ပါယ်လဲ မရှိတော့ပါဘူး။ ဒီအဋ္ဌကထာဖွင့်ဆိုချက်တွေကို ဘုန်းကြီးရမ်းကားတို့လို အသေဆုတ်ကိုင်ထားမယ်ဆိုရင် ထေရဝါဒဟာ ဒီအစွန်းရောက်တွေကြောင့် မတွေးဝံ့စရာပါပဲ။ ဒါ့ကြောင့် ခေတ်အားလျှော်စွာ လိုအပ်လို့ မိုးပြာဆရာတော်ဦးဉာဏလို ပြန်ဖွင့်ပေးနိုင်တဲ့ ပညာရှင် ပေါ်လာတာလို့ ဝမ်းသာပေးစမ်းပါ။ ဒါလည်း ပါရမီလို့ ဆိုရတဲ့ အရည်အသွေးရှိလို့ ပြန်ဖွင့်နိုင်တာပေါ့။ သိဟိုဠ်ခေတ်က ဖွင့်ခဲ့တဲ့ အဋ္ဌကထာတွေကို ဘုရားဟောနဲ့ ထပ်တူပဲလို့ ယူနေကြဦးမယ်ဆိုရင်တော့ အနာဂတ်ကမ္ဘာ့လူသားတွေရဲ့ လှောင်ပြောင်ခြင်းကို ပယ်ပယ်နယ်နယ် ခံရပါလိမ့်မယ်။ ဒါ့ကြောင့် ဗုဒြ္ဓမတ်စွာသာသနာ ဆက်လက် တည်တံ့နိုင်ဖို့ ဓမ္မဝိဟာရီဆရာတော် (အများအခေါ် မိုးပြာဆရာတော်) ဦးဉာဏလို ပညာရှင် ငါတို့ နိုင်ငံက ပေါ်ထွက်ပါလားလို့ ရဲရဲကြီး ဂုဏ်ယူလိုက်စမ်းပါ။ လေ့လာလို့ရအောင် http://www.ariyadhamma.multiply.com လိပ်စာကို ညွှန်လိုက်ပါတယ်။ ဘုရားဟောကြားခဲ့တဲ့တရားအပေါ်မှာ သိဟိုဠ်ခေတ်က ပုဂ္ဂိုလ်တွေဖွင့်ခဲ့တာနဲ့ ဒီခေတ် ပညာရှင်တွေ ဖွင့်ဆိုတာ နှိုင်ယှဉ်ပြီးလေ့လာကြည့်ပေါ့။ ဘယ်ဟာက ဗုဒ္ဓအလိုနဲ့ နီး မနီးဆိုတာ . . . . ။

      • Realone

        September 5, 2011 at 6:40 am

        အတို့ မခံပါလား kosicca realman တို့ရေ။ ဗူးပေါ်သလို လယ်ပြင်မှာဆင်သွားသလို အထင်းသားကြီးပါလား။ ငါတို့ဟာ မိုးပြာရဲ့ နောက်လိုက်တွေပါလားလို့ ကြွေးကြော်တော့ စာဖတ်သူအပေါင်းလဲ ဒီစာတွေရဲ့ စကားသွား စကားလာတွေဟာ မိုးပြာဆရာတော်ရဲ့ အရိပ်မည်းကြီးအောက်မှ လှုပ်ရှားနေပါလားလို့ သတိမြဲမြဲချပ်ပြီး ရှောင်ကြဉ်ကြပါကုန်။ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေဆိုတဲ့ မင်္ဂလာ တရားတော်အတိုင်း လိုက်နာကျင့်သုံးကြပါကုန်။ ဆရာတင်မှားရင် တစ်သံသရာလုံး မှောက်မယ်ဆိုတာ မတွေးခဲ့ကြဘူးထင်ပါရဲ့။ ဒေဝဒတ်ရဲ့ နောက်လိုက်တွေဟာ နောက်ဆုံးတော့ သူတို့သွားမယ့်လမ်းကို အကောင်းလို့ပဲ ထင်နေသလား မသိ။ အားလုံးဟာ အကြောင်းအကျိုးပါပဲ မိုးပြာရေ။

      • nature

        September 5, 2011 at 9:38 am

        kosicca ကလည်း ထစ်ခနဲရှိ ထေရဒါဒဗုဒ္ဓဘာသာ ကိုပဲ စွဲထည့်နေပါလား။ ဒါဆိုရင် ကိုယ့်လူလည်း Realsone ရေးသလို ဘုန်းကြီးရမ်းကား ( ဦးဉာဏ) နောက်က လိုက်နေတဲ့ လူရမ်းကားတွေထဲက ဖြစ်လိမ့်မယ်နဲ့ တူတယ်။ဒီအဋ္ဌကထာဖွင့်ဆိုချက်တွေကို ဘုန်းကြီးရမ်းကားတို့လို မျက်စိမှိတ်ပြီးဇွတ်ငြင်းမယ်ဆိုရင်မိုးပြာ ဒီအစွန်းရောက်တွေကြောင့် မတွေးဝံ့စရာပါပဲ။ ဒါ့ကြောင့် ဗုဒြ္ဓမတ်စွာသာသနာ ဆက်လက် တည်တံ့နိုင်ဖို့ (မိုးပြာဆရာတော်) ဦးဉာဏလို မိစ္ဆာဒိဌိပညာရှင် ငါတို့ နိုင်ငံက ပေါ်ထွက်ပါလားလို့ ရဲရဲဆန့်ကျင် လိုက်စမ်းပါ။ လေ့လာလို့ရအောင် http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htmလိပ်စာကို ညွှန်လိုက်ပါတယ်။ ဘုရားဟောကြားခဲ့တဲ့တရားအပေါ်မှာ သိဟိုဠ်ခေတ်က ပုဂ္ဂိုလ်တွေဖွင့်ခဲ့တာနဲ့ ဒီခေတ် မိစာ္ဆဒိဌိပညာရှင်တွေ ဖွင့်ဆိုတာ နှိုင်ယှဉ်ပြီးလေ့လာကြည့်ပေါ့။ ဘယ်ဟာက ဗုဒ္ဓအလိုနဲ့ နီး မနီးဆိုတာ . . . . ။

        • Realone

          September 5, 2011 at 10:03 am

          ကျွန်တော် မိုးပြာအဖွဲ့ကပါ။ ကျွန်တော်ဆရာက မိုးပြာဦးညာနပါ။ ဆရာက ကျွန်တော်တို့ကို သာသနာပြုနည်း ဗျူဟာအသစ်တွေ သင်ပေးထားပါတယ်။ ကိုယ့်ဘာသာကို လူတွေ စိတ်ဝင်စားအောင် စကားလုံးအဆန်းတွေသုံးပါတဲ့။ ဥပမာမပေးဖူးတာတွေ ပေးပါ။ လူတွေဉာဏ်မမှီ ရှုပ်ထွေးစေမယ့် ယုံထင်ကြောင်ထင်ဖြစ်အောင် အတွေးအခေါ်တွေ သင်ပေးပါ။ မြန်မာတွေက သမိုင်းကို လေ့လာတာအားနည်းလို့ သမိုင်းကိုုအတွေးနဲ့ ဖြန့်ကျက်ပြီးမဟုတ်လဲ အဟုတ်ထင်အောင်ပြောပါ။ ဝိနည်း အဘိဓမ္မာ အဋ္ဌကထာ ဋီကာ ပါဌိတော်တွေကို ကျော်ပြီးပြောသင့်ရင်ပြောပါ။ ထေရဝါဒက ငါတို့ရဲ့ ကျေးဇူးရှင်မဟုတ်ဘူး ။ ငါတို့က ဒီရေဒီမြေမှာ မွေးတာမဟုတ်တော့ ငါတို့အပါ် ကျေးဇူးမရှိဘူး။ ငါ ညာနကသာ မင်းတို့ကို အညာအသိထွန်းပြတဲ့ဆရာမို့ တစ်ဆူတည်းသော ဆရာ ဗုဒ္ဓလို့မှတ်ကြပေါ့။ ဒီလိုဆရာသခင်ရဲ့ အညာလောင်းရိပ်မိခဲ့တော့ ကျွန်တော်မှာ တဖြေးဖြေးနဲ့ ညာရင်း ညာရင်းနဲ့ နနလာခဲ့တာ အခုဆို ဗုဒ္ဓဘာသာ တော်တော်ပျက်လောက်အောင် ကျေးဇူးများခဲ့တယ် မဟုတ်လား။ အသင်တို့လဲ ကျွန်တော်ဆရာ လောင်းရိပ်မိနေဦးမယ်။

      • we ren thu

        January 18, 2012 at 10:06 pm

        ဦးဉာဏက စိတ်ကစဉ့်ကလျားရောဂါလို့ မြန်မာလို ခေါ်ကြတဲ့ schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရတယ်လို့ ယူဆရပါတယ်။ ရောဂါလက္ခဏာကတော့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ့်ဟာကိုယ် စိတ်ထဲက ဖန်ဆင်းထားပြီး ဒါတွေကို တကယ်အဟုတ်အမှန် ဖြစ်ခဲ့လေဟန် ဖြစ်နေလေဟန်နဲ့ ပြောတတ်တယ်။ စိတ္တဇလူသတ်သမားတွေ၊ ထူးဆန်း မော်ဒန်ဘာသာရေးဂိုဏ်းထောင်ပြီး နောက်လိုက်တွေကို ဂွတီးဂွကျ နေထိုင်နည်းတွေ ညွှန်ကြားတတ်တဲ့ အနောက်တိုင်း ဘိုးတော်တွေထဲမှာလဲ ဒီဝေဒနာသည်တွေ တွေ့ရတတ်တယ်။ ကမ္ဘာကြီးကို ဂြိုဟ်မွှေသွားတဲ့ နာဇီအာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာလဲ ဒီရောဂါမျိုး ခံစားခဲ့ရပုံ ပေါ်တယ်။

        -ဘုရားသခင်နဲ့ တွေ့ရအောင်ဆိုပြီး တစ်ရွာလုံးကို အဆိပ်ခတ်ထားတဲ့ အစာတွေကျွေးပြီး သေရွာခေါ်သွားတဲ့ ဘာသာရေးဆရာကြီး–
        -ဘူတာရုံမှာ အဆိပ်ငွေ့တွေလွှတ်ပြီး လူတွေ အစုလိုက်သေစေခဲ့တဲ့ ဂျပန်ဘိုးတော်

        သူတို့တွေလဲ စိတ်ဝေဒနာ တစ်မျိုးမျိုး ခံစားခဲ့ရသူတွေပါပဲ။ အပြောကောင်းတယ်၊ မြှောက်တန်မြှောက် ချော့တန်ချော့ ဟောပြောတတ်တယ်။ သူတို့ဖြစ်စေချင်တာတွေကို စိတ်ထဲက ဖန်ဆင်းထားတတ်တယ်။ type ၂ မျိုး ခွဲခြားရမှာက

        ၁- အုပ်စုက ဖြစ်စေချင်တာတွေ လျှောက်ပြောနေပေမယ့် သူပြောနေတာတွေ မဟုတ်မှန်း သူ့ကိုယ်သူ သိတယ်။ ဥပမာ သူနဲ့ မတည့်တဲ့သူ အလုပ်ပြုတ်ပြီ၊ ထောင်ကျသွားပြီ၊ ဇနီးကလဲ လင်ငယ်နေပြီ စသဖြင့် မလိုသူ သိက္ခာကျအောင် ဇာတ်လမ်းဆင် ပြောတာမျိုး။ သူဟာ မင်းမျိုးမင်းနွယ်ဖြစ်တယ်၊ ကျိကျိတက် ချမ်းသာခဲ့တယ် စသဖြင့် သူ့ကိုယ်သူ အမွှန်းတင်တာမျိုး။ ယုတ္တိရှိရှိ ဖိန့်နေပေမယ့် မဟုတ်ဘူးဆိုတာ စိတ်ထဲက သူ့ဟာသူ သိတယ်။

        ၂-အုပ်စုက သူ့ရဲ့ ထင်ယောင်ထင်မှား hallucination တွေကို သူ့ဟာသူ တကယ်ထင်သွားတာမျိုး။ ၁-အုပ်စုကနေ ကြာလာတာနဲ့အမျှ အနည်းနဲ့အများ ၂- အုပ်စုထဲ ရောက်သွားတတ်တယ်။ သူ လိမ်နေရတာတွေကို သူ့ဟာသူ ကြာတော့ အမှန်ထင်ပစ်လိုက်တာ။ ထင်သွားတာ။

        ဦးဉာဏက ၁ အုပ်စုဝင် အဖြစ်နဲ့ သူ့စိတ်ဝေဒနာကို အစပျိုးခဲ့တာလို့ ကောက်ချက်ဆွဲမိတယ်။ အဲဒီအချိန်က သူ့ကို အနီးကပ် ဆက်ဆံဖူးခဲ့ရင်တော့ အဲဒီကတည်းက သူဟာ ကိုယ်လိမ်တာ ကိုယ့်ဟာကိုယ် ပြန်ယုံနေတဲ့ ၂ အုပ်စုဝင် ဖြစ်ပြီလား မဖြစ်သေးဘူးလား ဆန်းစစ်နိုင်လိမ့်မယ်။

        ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာကြီး ဖြစ်ပြီလို့ ၁၉၈ဝ ဝန်းကျင်ကာလတွေမှာ ကြေညာခဲ့တယ်။

        schizophrenia ကို ယဉ်ယဉ်လေးနဲ့ ရူးတယ်လို့ အရပ်သုံး သုံးရလိမ့်မယ်။ သွက်သွက်ခါသွားတဲ့ အချိန် မဟုတ်ရင် လူနာဟာ လူကောင်းတွေနဲ့ ရောနှောနေလို့ရတယ်။ ဆရာကြီးတစ်ဆူတောင် ဖြစ်နိုင်တယ်။

        စကားပြောရင်လဲ ငါ့စကားနွားရ၊ စားတာနေတာမှာလဲ ရာဂကို ဘယ်လိုမှ ဖုံးမနိုင်ဖိမရ လွှတ်ထားတတ်တဲ့ ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာလို့ ကြော်ငြာပေမယ့် သူ့စကား သူ့အမူအရာနဲ့တင် ယုတ္တိမတန်မှန်းလဲ သူသိတယ်။ ပုဆိုးမနိုင်အောင် ရူးတာမျိုး မဟုတ်ဘဲ ယဉ်ယဉ်လေးနဲ့ ဖြစ်နေတဲ့ စိတ်ဝေဒနာရှင်ဆိုတော့ တွေးနိုင်ခေါ်နိုင် တွက်ချက်နိုင်စွမ်း Analytical skill ကလဲ ရှိသေးတယ်။ သူ့စကား ယုတ္တိမတန်ရင် ဖုံးတတ်ဖိတတ် တန်ဆာဆင်တတ်တယ်။

        ရဟန္တာဆိုတာ ရာဂ၊ ဒေါသ၊ မောဟ၊ မာန ချုပ်ငြိမ်းသူကို ခေါ်တယ်ဆိုတော့ ဦးဉာဏ ခက်ပြီ။ ချုပ်ငြိမ်းဖို့ဝေးလာဝေး သူများထက် ပိုတောင်နေသေးတဲ့သူဆိုတော့ ဟန်လုပ်ဖို့ကလဲ ဒီနေရာမှာ သူ့အတွက် မလွယ်။

        လွယ်ပါတယ်။ သူ့ကိုယ်သူ ပြင်လို့မရရင် တရားကို ပြင်ပစ်လိုက်တာပေါ့။ ကိလေသာကုန်အောင်လုပ်ဖို့ ဘုရားမဟောဘူးလို့ လုပ်ချလိုက်တယ်။ ကောင်းရော။ ဒီလိုနဲ့ တစ်ခါမှ မကြုံဖူးတဲ့ ကိလေသာတန်းလန်းနဲ့ ရဟန္တာကြီး ဦးဉာဏ ၂ဝ ရာစုမှာ ပေါ်ထွန်းလာရော။

        ငါးပါးသီလလဲ ဦးဉာဏခမျာ မလုံရှာဘူး။ ဒီတော့ ငါးပါးသီလ မထိန်းနိုင်တဲ့ ရဟန္တာကြီး ဦးဉာဏခမျာ သူထိန်းနိုင်အောင် သီလအသစ်အဆန်းတွေ ထွင်ရပြန်ရော။ ငါးပါးသီလမှာ သူပြင်ပစ်လိုက်တာ တစ်ပါးမှ အကောင်းမကျန်တော့ဘူး။

  • ဆန်နီနေမင်း

    September 1, 2011 at 10:16 pm

    အင်း ဘယ်သူမပြု မိမိမှုတဲ့။ အဲဒီတော့ နံပါတ်(၁) မိမိကိုယ်ကို ကောင်းအောင်နေထိုင်ပြုလုပ်ပြောဆိုဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလို နံပါတ်(၁)နှင့်ပြည့်စုံမှ ကျန်တဲ့နံပါတ်တွေကို ပြုလုပ်ကြပါကုန်။
    http://www.sanninaymin.com/

  • parlayar46

    September 5, 2011 at 12:25 pm

    ကိုယ့်စည်းကျိုးလို့ လူဆိုးဝင်တာ …!!!!!!

    တကယ်တော့ (ထိုးထွင်းသိမြင်နိုင်ခြင်းဆိုတဲ့) ဉာဏ် ရော –
    (ပိုင်းခြားသိမြင်နိုင်ခြင်းဆိုတဲ့) ပညာရော –
    (လေ့လာနှံ့စပ် သိမှတ်ခြင်းဆိုတဲ့) ဗဟုသုတရော –
    မနည်းမနောပြည့်စုံတဲ့ရဟန်းတော်တွေ ယခင်ကလဲ အများအပြားပေါ်ထွက်ခဲ့ပါတယ်။
    ယခုလဲ ရှိနေကြဆဲပါပဲ။

    ခက်တာက သူတို့အများစုက ကိုယ့်ကျောင်းကန် ကိုယ့်ဓမ္မာရုံထက် ကျော်ပြီး – သာသနာတော်အရေးကို အာရုံစိုက်မှု့ အားနည်းတယ်။ စေတနာနဲတယ်လို့ စွပ်စွဲချင်ပါတယ်။ တာဝန်မကျေကြဘူးလို့တောင် ပြောချင်ပါတယ်။ သာသနာတော်ရဲ့ဘေးရန်ကို ကြိုကြည့် ကြိုမြင် ကြိုကာကွယ်ရမှာ။

    ဒါကြောင့်လဲ ဗုဒ္ဓအလိုကျ နဲ့ဆန့်ကျင်တဲ့ ဗုုဒ္ဓဝါဒနဲ့ဆန့်ကျင်တဲ့ အယူ၊ အပြော၊ ယုံကြည်မှု့၊ ဓလေ့ထုံးစံတွေဟာ ဗုဒ္ဓဘာသာအရေခြုံပြီးတော့တောင်မှ လူထုကြား ပြည်သူကြားထဲ ခေတ်အဆက်ဆက် ပျံ့နှံ့ အမြစ်တွယ်ကုန်တော့တယ်။

    ပြီးတော့ သာသနာတော်တွင်းက တပြည့် ဒကာဒကာမများကိုလဲ သဒ္ဓါကိုတိုးပွားစေဘို့သာ ဆုံးမကြတာများပြီး ပညာကို တိုးပွားစေဘို့ ဆုံးမသွန်သင်တာ နဲတယ်။ အလွန့်အလွန် နဲတယ်။ ဥပမာ- ဒါန အမှု့လောက်ကိုသာ အလွန်အမင်း အမွှန်းတင်ဟောကြသလောက်၊ သီလအမှု့ကိုတော့ အသေအချာ ပိုင်းခြား တိုက်တွန်းဟောပြမှု့ နဲတယ်။(ဘုန်းကြီးတွေလဲ ဝိနည်းအကုန်မညီနိုင်တော့တာ ကြောင့်လဲပါသပေါ့)။ ဘယ်လိုအချင်းအရာဟာဖြင့် ဗုဒ္ဓအဆုံးအမ ဗုဒ္ဓဘာသာရဲ့ တွေးခေါ်ယုံကြည်မှု့နဲ့ ကိုက်သည်မကိုက်သည်ကို ရှင်းလင်းပိုင်းခြား ဟောပြခြင်းမျိုးနဲတယ်။

    အကျိုးဆက်အားဖြင့် ပြည်သူတွေက ဘာကိုဘယ်လို တွေးခေါ် လက်ခံ ကြည်ညို ယုံကြည်ရမှန်း မသိတော့ ရှိရှိသမျှ တွေ့တွေ့သမျှ အကုန်ယုံကြည်လိုက်ကြပြီး ဗုဒ္ဓဘာသာထဲ ကောက်ထည့်ခဲ့ကြတယ်။

    အဲဒါရဲ့သက်သေကတော့ ရွှေတိဂုံ နဲ့ မဟာမုနိရုပ်ရှင်တော်ဘုရားကြီး အပါအဝင် ဘုရားမှန်သမျှသာ သွားကြည့်လိုက်တော့။ ဗုဒ္ဓဘာသာနဲ့ပါတ်သက်တာဆိုလို့ ဘုရားစေတီသို့မဟုတ် ဆင်းတုတော် တော့ရှိပါတယ်။ ကျန်တာတွေကတော့ (ဂြိုလ်တိုင်တွေ၊ အကောင်တွေ အောင်မြေတွေ နတ်ကွန်းတွေ အပါအဝင်) အကုန် သူများဟာတွေချည်းပဲ။

    အဟင်းဟင်း…ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးကောင်းမှု့ကြောင့် ခေတ်စားသွားတဲ့ ရှင်ဥပဂုတ်ရောပေါ့။

    အဲဒီလောက် ကိုယ်ခံအားနည်းမှဖြင့် မိုးပြာ ဆိုတော့လဲ ပြာလိုက်ကြပေါ့ ကွယ်ရို့ …။

    တနေ့ မိုးခရမ်းရောင်ဆိုပြီး ပေါ်လာရင်လဲ လိုက်သာ ရမ်းလိုက်ကြပေတော့ …။

    • Myat Chit Shin

      September 5, 2011 at 3:09 pm

      ရှင်မိုးပြာရဲ့ ဗုဒ္ဓတရား အနက်ဖွင့် ဆိုချက်တွေထဲ မှာ စိတ်ဝင်စားစရာကောင်းတဲ့ မငြင်းနိုင်တဲ့ အမှန်တရားတွေ ပါနေပါတယ်။ အနာဂတ် လူ့ ဘောင် ငြိမ်းချမ်းသာယာ ရေး အတွက် အရေးကြီးတဲ့ စဉ်းစားစရာတွေ လဲ ပါနေပါတယ်။ ရှင်မိုးပြာရဲ့ ဗုဒ္ဓတရား အနက်ဖွင့် ဆိုချက်တွေနဲ့ ယှဉ်လိုက်ရင် လက်ရှိ ထေရဝါဒ အယူအဆတွေ က စိတ္တဇဆန်လွန်း နေသလိုတောင်ဖြစ်တယ်။ ရှင်မိုးပြာက ဗုဒ္ဓတရား ကို အနက်ဖွင့် တဲ့ အခါ လူသားတိုင်းအတွက် လက်လှမ်းမီတဲ့ လူသားဝါဒ ရှုထောင့် ကနေ ဖွင့် ဆိုထားတာကို လေ့ လာတွေ့ ရှိရပါတယ်။ လောက ငြိမ်းချမ်းသာယာ ရေး အတွက် ဦးတည်တဲ့ အနက်ဖွင့် ဆိုချက်ဖြစ်ပါတယ်။ ရှင်မိုးပြာရဲ့ ဗုဒ္ဓတရား အနက်ဖွင့် ဆိုချက်တွေကို Buddhism Without Beliefs and Metaphysics လို့ ခေါ်ချင်ပါတယ်။

      • we ren thu

        January 13, 2012 at 10:00 pm

        ဟုတ်တာပေါ့ ဒီလောက်လေးစားစရာ အမှန်တရားတွေ –အယူအဆတွေကို လူမှန်ရင် ဘယ်ယူပါ့မလဲ????? မဟာသူတော်ကောင်းကြီး ဘိုးတော် မိုးပြာသာ ယူနို်င်မှာလေ—-
        (အော် မိုးပြာဘိုးတော်ဆိုတာ ၁၉၈ဝလောက်က ကိုယ့်ကိုယ်ကို ရဟန္တာဆိုပြီး ထကြောင်လို ့ တရားဆွဲခံ ခဲ့ရတဲ့ ဘဲ–ဘယ်ဘုရားက sponsor ပေးထးမှန်းမသိတဲ့ မိုးပြာဝတ်ရုံကြီးတကားကားနဲ ့ ထေ၇ဝါဒကို ဖျက်ဆီးဖို ့ တမင်လျှောက်လုပ်နေတဲ့ ဘဲ–)
        သူ ့ရဲ့ အရိယာသစ္စာဝါဒတွေကို နာယူလိုက်ကြပါဦး (အခု တင်ပေးမဲံ့ သူတို ့ရဲ့ မြင့်မြတ်တဲံ ့မဟာလူသား ဝါဒတွေ ဆိုတာ သူတို ့အယူ ဟုတ်မဟုတ်ကို မိုးပြာဂိုဏ်းသားတွေ ဖြန့်ချိနေတဲ့ စာအုပ်မှာ ဖတ်ကြည့်ကြနော်—–)
        ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။
        ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။
        ဂေါတမဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာရှိသေးသည်။

        ပုဂ္ဂလိကတစ်ဦးတည်းပိုင် ပစ္စည်းကို ခိုးယူလုယက်ခြင်းသည် အပြစ်ရှိသည်။ အများပိုင်ပစ္စည်းကို ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများမှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။

        ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။

        ကျတော့အထင်တော့ အောက်ဆုံးအချက်ကို တော်တော်ခိုက်သွားလို ့ ကြိုက်ကြတယ်နဲ့ တူတယ်။။။။။။။။။။။

  • Myat Chit Shin

    September 5, 2011 at 2:55 pm

    Buddhist Teachings are never meant to be grasped dogmatically.
    The basic teachings of Buddha are quite universal, and humanistic so it is easily adaptable to any culture.
    Most of the Buddhist schools in the past are in some way not very compatible with the social and cultural values of our postmodern age since all of them appeared in Feudal ages.
    In this sense, we need a New Form of Buddhism, a Global Buddhism or an Open Source Buddhism, that can address the contemporary issues from the point of view of Ancient Buddhist Truths.
    Any form of Hegemony in Buddhist world is really against the teaching of a Buddha.

    • kai

      September 6, 2011 at 8:18 am

      Global Buddhism or an Open Source Buddhism
      အဲဒါလေးကြိုက်လို့..ကုဒ်လိုက်တာပါ..။

      စကားစပ်ပြောရရင်..
      .. မြန်မာပြည်က မြန်မာတွေဟာ.. ဗုဒ္ဓဘာသာကို .. မြန်မာတွေနဲ့ချည်းဆိုင်တယ်.. ထင်နေကြတယ်လေ..။
      မြန်မာတွေသာ ဗုဒ္ဓတရားတွေကို သိတတ်နားလည်.. ကိုယ်စားပြုသလို ပြောဆို ရေးသားနေတာတွေ့ရတယ်..။

      တကယ်တော့…
      မြန်မာ့လူဦးရေက.. သန်း၅၀-၆ဝပဲရှိပြီး.. ကမ္ဘာမှာ ဗုဒ္ဓဘာသာကိုးကွယ်သူတွေ.. သန်းရာချီရှိတဲ့ နိုင်ငံတွေရှိသေးတယ်ဆိုတာ သတိမထားမိကြဘူး..။
      http://en.wikipedia.org/wiki/Buddhism_by_country

  • Nan Shin

    September 15, 2011 at 10:18 pm

    ဒီပို့စ်ကိုရေးတဲ့သူက ပစု္စပ္ပန်ကမ္မဝါဒီတစ်ဦးဖြစ်နိုင်တယ်။ရှင်မိုးပြာထောင်ထဲမှာရောက်နေတာကို မခံနိုင်လို့ရေးတာလို့ ပဲ ကောက်ချက်ချမိတယ်။

    • Ordinary Man

      September 23, 2011 at 7:53 pm

      ဒီပို့စ်ရေးတဲ့သူ ဘာဝါဒီတုန်းဆိုတာတော့ မသိပါဘူး ဒါပေမယ့်
      ကျွန်တော်က ပစ္စုပ္ပန် ကမ္မဝါဒီတွေအကြောင်း လေ့လာထားတော့ ညီမလေးကိုမေးရဦးမယ်
      ညီမလေးကရှင်မိုးပြာအကြောင်း သိထားသလား
      သူ့မှဘယ်လိုအရည်အချင်းတွေရှိနေသလဲ
      အလွန်အင်မတန်မှ ရက်စက်လှပါတယ်ဆိုတဲ့ လူဆိုးကြီးတွေတောင် ကြင်နာတတ်တဲ့နှလုံးသားရှိကြသေးတာ
      ကိုယ့်ဘဝအတွက် ဘာအခွင့်အရေးမှ မယူတဲ့အပြင် ဆုံးရှုံးနစ်နာမှုတွေကို လျစ်လျူရှုပြီး လိုက်နာစေဖို့လူအများစုကို ဟောပြောနေလိုက်တာ။
      လိုက်နာသူ လူသားအများစုအတွက် ငြိမ်းချမ်စေမဲ့အပြင် သူနဲ့ထိစပ်နေသူတွေ နောက်အဲဒီ ထိစပ်နေသူတွေနဲ့ ထပ်မံထိစပ်နေသူတွေ ငြိမ်းချမ်းပြီး အဆင်ပြေချောမွေ့တဲ့ communication ကြီး ဖြစ်ဖို့လို့ ပြောဆိုဟောပြောနေတဲ့လူတစ်ယောက်ရဲ့အကြောင်းကတော့ နည်းနည်းဖြစ်ဖြစ် လေ့လာသင့်တယ်လို့ အကြံပြုပါရစေ

    • realman

      September 23, 2011 at 8:19 pm

      Nan Shin ကလည်းထင်ကြေးနဲ့ မပြောရဘူးလေ။ realman ဆိုတာ မှန်တဲ့ဖတ်က ရပ်တည်မယ့်သူပါ။ ဟိုဝါဒီ၊ ဒီဝါဒီတွေနဲ့ ဘောင်မခတ်လိုက်ပါနဲ့။ အားလုံးကို လွတ်လပ် ငြိမ်းအေးစေချင်တာ ကိုယ့်ဆန္ဒပါ။

  • we ren thu

    January 13, 2012 at 9:42 pm

    အဲဒိံလိုကြေးဆိုရင် ကိုကြီးရဲ့အမေကို သူများတွေမုဒိန်းလာကျင့်သွားလည်းငြိမ်သာခံနေလိုက် (သူလည်း သူ ့အမြင်နဲ့သူကောင်းတယ်ထင်လို ့ကျင့်တာလေ ဟုတ်ဘူးလား) –လွတ်လပ်စွာ သဘောထားကွဲတာ သဘာဝပါ၊ သဘောထားကြီးဖို့ ပဲလိုတာ–ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို သဘောမျိုးတွေနဲ့ အတင်းအဓမ္မနှိပ်ကွပ်နေကြသည်မှာ အလွန်အရုပ်ဆိုပြီး အလွန်သဘောထားသေးသော လက္ခဏာများ ဖြစ်နေပါဦးမယ်—- သွားပြီး တရားစွဲတာတို ့ ဘာတို ့ပြန်လုပ်နေရင် ကိုကြီးပဲ အလကားနေရင်း အသိဉာဏ်ဗဟုသုတ မရှိတဲ့သူ အစွန်းရောက် သူဖြစ်သွားဦးမယ် –(ရှိတ်ရှိုးနဲ့နော် တော်ကြာ အစ်ကိုလည်း အစ်ကိုပြောတဲ့အစားထဲပါသွားဦးမယ်)
    ကိုယ်လိုချင်တာရဖို ့ ကိုယ်လိုရာအတွေးအခေါ်တွေကို လိုရာဆွဲတွေးပြီး အာကျယ်နေတဲ့ မဟာသူတော်ကောင်းစိတ်ဓါတ်များပိုင်ရှင် တွေလည်း ဖြေပေးနို်င်ပါတယ်—-

  • mggwa

    January 29, 2012 at 10:52 am

    ဘယ်တရားတွေ၊ ဘယ်အဆုံးအမတွေ နာယူကျင့်သုံးနေရလို့ အဲဒီလောက်တောင် စကားတွေ ယဉ်ကျေးနေ (ပြောင်းပြန်ယူပါ) ရတာလဲဟင်။
    အင်းလေး အရိယသစ္စာမဟုတ်တဲ့ အဆုံးအမတွေ နာယူမိနေတဲ့သူတွေကတော့ ထစ်ကနဲရှိ ဒီလိုစကားရိုင်းတွေပဲ ထွက်တော့တာ။ ဒါ့ကြောင့် အရိယသစ္စာသိအောင် လုပ်နေရတာ မောလို့။
    ယဉ်ကျေးသွားအောင် ဗုဒ္ဓ၏ အရိယသစ္စာကို http://www.ariyathitsa.org/html/home_3.html မှာလေ့လာကြည့်ဗျာ။

Leave a Reply