ကျွန်မကို အခုတလော ဘာတွေအလုပ်ရှုပ်နေလို့ ပို့စ်လဲမတင် အွန်လိုင်းမှာလဲမတွေ့တာလဲလို့ မေးကြတယ် .. ဘာတွေများဒီလောက်တောင် အလုပ်ရှုပ်နေတာလဲဆိုတော့ …

အလုပ်ချိန်ကတော့ အလုပ်ရှုပ်ရှုပ် မရှုပ်ရှုပ် တာဝန်ချိန်ဆိုတော့ ရုံးခန်းထဲမှာ မိန့်မိန့်ကြီးထိုင်ပြီး အလုပ်လုပ်ရတာ သက်တောင့်သက်သာရှိပါတယ်။ အလုပ်ချိန်ပြင်ပ ကိုယ်ပိုင်အချိန်များကတော့ ဘယ်လိုမှ သက်တောင့်သက်သာမရှိလောက်အောင် အလုပ်ရှုပ်ပါတော့တယ် …

ကျွန်မကို ကုမ္ပဏီက စက်ရုံနဲ့နီးတဲ့နေရာမှာ တိုက်ခန်းတစ်ခန်းပေးပြီးနေခိုင်းထားပါတယ်။ ၄ လွှာ အပေါ်ဆုံးထပ်မှာနေရပြီး အခန်း စုစုပေါင်း ၇ ခန်းပါတဲ့ တိုက်ခန်းဒေါင့်ခန်းဆိုတော့ ပြတင်းပေါက် ၂၀ ကျော် ပါပါတယ်။ ကျွန်မနဲ့အတူလိုက်နေပေမယ့်သူမရှိတော့ တစ်ယောက်ထဲပဲ နေလိုက်တယ်။ နွေရာသီတုန်းက သိပ်မသိသာပေမယ့် မိုးတွင်းရောက်တော့ ရေကြီးပါလေရော။ အနောက်ဘက်က ပြူတင်းပေါက်တွေကနေ ပက်လိုက်တဲ့မိုးရေတွေ ဂေါ်ပြားနဲ့တောင်ကော်ထုတ်ရပါတယ်။ စောင်အဟောင်း မျက်နှာသုတ်ပုဝါ အဟောင်းတွေနဲ့ မိုးရွာတိုင်း သုတ်လိုက် လျှော်လိုက် လှမ်းလိုက်နဲ့ အလုပ်ရှုပ်ပါတယ်။ အိမ်ထဲမှာတင် တစ်ခန်းဝင်တစ်ခန်းထွက် သန့်ရှင်းရေးအတွက်အချိန်ကုန်ရပါတယ်။ မျက်နှာကျက်ပေါ်က ယိုတဲ့မိုးရေတွေကို ပုံးလေးတွေနဲ့ လိုက်ခံရသေးတယ်။ မိုးမရွာရင် လေ၀င်လေထွက်ကောင်းအောင် ပြူတင်းပေါက်တွေအကုန်ဖွင့်ပြီး မိုးရွာတာနဲ့ အမြန်လိုက်ပိတ်ရတာလဲ အလုပ်တစ်ခုပါပဲ။ စိုထိုင်းထိုင်းဖြစ်လာတဲ့ နံရံတွေကို ပန်ကာနဲ့မှုတ်ပေးပြီး ခြောက်အောင် လုပ်ပေးရသေးတယ်။ စိုထိုင်းထိုင်းနဲ့ မှိုအနံ့လိုဖြစ်လာတာကို မခံနိုင်လို့ ခြင်ထောင် အိပ်ယာခင်းတွေကို ၅ ရက်တစ်ခါလောက် လျှော်လိုက်လဲလိုက်လဲ လုပ်ရသေးတယ်။ အ၀တ်လျှော်ဖို့နဲ့ အ၀တ်လှမ်းဖို့ ရာသီဥတုကို ကြည့်ရတာလဲ အလုပ်တစ်ခုဖြစ်နေပါတယ်။ မီးပူမတိုက်လို့မရတာမို့ မီးပူတိုက်ရတာကလဲ အလုပ်တစ်ခု။

သန့်ရှင်းရေးတင်လားဆိုတော့ မဟုတ်သေးပါဘူး … နေ့စဉ် ၃ နပ် ထမင်းစားဖို့ကလဲ အလွန်အလုပ်ရှုပ်ပြန်ပါတယ်။ အပြင်ကအစားအစာတွေကို ၀ယ်စားချင်စိတ်မရှိတာနဲ့ မုန့်ကအစ ဟင်းအဆုံး တစ်ယောက်စာကို ကိုယ်တိုင်ချက်စားရတော့ အလုပ်မရှုပ်ပဲ ခံနိုင်ပါတော့မလား။ ဈေးသွားပြီး ဟင်းချက်စရာတွေဝယ်ရတယ်။ တချို့ပစ္စည်းတွေက စီးတီးမတ်လို ဆိုင်တွေမှာမှရနိုင်တာမို့ စီးတီးမတ်လဲ ပြေးရသေးတယ်။ ဟင်းတစ်ခွက်ရဖို့ ဈေးဝယ်ရ၊ ခုတ်ထစ်ထုထောင်းရ၊ ချက်ပြုတ်ရ၊ ဆေးကြောရတာတွေက စားရတာနဲ့ မတန်အောင်ရှုပ်လှပါတယ်။ ဒါတောင်မှ အလွယ်ဆုံးဖြစ်မယ့် easy cook တွေပဲ ချက်စားဖြစ်လို့။ :P

မနက် ၇ နာရီခွဲ ဖယ်ရီအမှီ နေ့လည်စာနဲ့ မနက်စာအပြီးဖြစ်အောင် လုပ်ရတာက ယားလို့အောင် မကုတ်အားနိုင်အောင် ပါပဲ။ ညနေ ၅ နာရီ အလုပ်ဆင်းပြီးတာနဲ့ ရေကူးကန် (မိုးရေယိုလွန်းလို့) လို့ နံမည်ပေးထားတဲ့ အိပ်ခန်း ၃ ခန်းနဲ့ စတင်အလုပ်ရှုပ်တယ်။ ဈေးဝယ်ရတာ၊ ချက်ပြုတ်ရတာ၊ စားသောက်ရေမိုးချိုး အားလုံးလဲပြီးရော ည ၉ နာရီလောက်ဖြစ်ပြီး တော်တော်လေးလဲ ဒေါင်းသွားပါပြီ။ နောက်တစ်နေ့မနက်စာ ချက်ပြုတ်ဖို့ အဆင့်ပြင်ပြီးချိန်မှာတော့ ဘာမှထပ်မလုပ်ချင်တော့ပဲ အိပ်ချင်စိတ်တစ်ခုထဲသာရှိပါတော့တယ်။

ကဲ … တစ်ယောက်ထဲနေပြီး ဘာတွေများအလုပ်ရှုပ်နေတာလဲလို့ မေးတဲ့သူငယ်ချင်းတွေကို ဒီပို့စ်ရေးပြီး ဖြေပေးလိုက်ပါတယ်။ ပိန်သွားတယ် အားကျလိုက်တာလို့ ပြောကြတဲ့ အ၀လွန်နေတဲ့ သူငယ်ချင်းတွေလဲ ကျွန်မလိုနေ့တိုင်း ကြမ်းတိုက်လေ့ကျင့်ခန်းလေး လုပ်ကြည့်ကြပါလို့ …. :)

တခြားသူတွေလဲ ကျွန်မလိုပဲ အလုပ်ရှုပ်ကြမှာပါ။ ကျွန်မက အခုလို ပိုထူးပြီး ခံစားရတာက အပိုအလုပ်လုံးဝမရှုပ်တဲ့ အလွန်သက်သာတဲ့ဘ၀တစ်ခုမှာ နှစ်ပေါင်းများစွာနေပြီး အခုရေးထားသလိုဘ၀မျိုးကြုံရလို့ တစ်နေ့တစ်နေ့ အပိုအလုပ်တွေ … အပိုအလုပ်တွေ … ဆိုပြီး တကယ်အရေးပါတဲ့ အလုပ်အတွက် စဉ်းစားချိန်မကျန်တဲ့နေ့စဉ်ဘ၀ကြီးကို စိတ်ပျက်မိလို့ … :P

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....