မင်္ဂလသုတ်ဆွေးနွေးခြင်း (လူမိုက်အကြောင်းနှင့် လူမိုက်ကိုသိခြင်း မသိခြင်းရဲ့ ကြောင်းကျိုးစကား) အမှတ် (၂)

lionkingAugust 10, 20111min744

“မနေ့က လူမိုက်အကြောင်းကို မင်းပြောပြတယ်။ ဒါဟာ သဘောကျစရာ ကောင်းတဲ့ အမြင်လို့ ထင်ပါတယ်။ လူမိုက်နဲ့စပ်လို့ ဘာများထပ်ပြီး ပြောစရာ ရှိသေးသလဲ။”                                                         “ရှိပါသော်ကော ဆရာသမားရယ်။ လူမိုက်ဟာ သူနဲ့စပ်တဲ့သူတိုင်းကို အခွင့် အရေးတွေများစွာဘဲ ဆုံးစေတယ်လို့ ဆိုတဲ့အမြင်ကို ကိုယ့်ဆရာမြင်တယ်ဆို ရင် ကျွန်တော်တို့ ဆရာသမားတို့တတွေဟာ လူမိုက်ရဲ့ ကောင်းကျိုးဆိုးပြစ် တွေကို ကိုယ်နဲ့ ဆက်စပ်တဲ့ လူတိုင်းကို သိစေမြင်စေဘို့ လုပ်ဆောင်သင့် တယ်ပေါ့။”                                                                        “ဒါဆိုရင်လူမိုက်ဆိုတာကို ဘယ်လိုလူဟလို့ နဲနဲချဲ့ပြပါဦးလား။”               “ဒါပေါ့။ လူမိုက်ဆိုတာကို အရက်သောက်သူလောက် နွားသတ်သူလောက် ပြည့်တန်ဆာအိမ်သွားသူလောက် ရပ်ကွက်ထဲအော်ပြီးဆဲသူလောက်ကို လူ မိုက်လို့ ဒီကနေ့လူတော်တော်များက သိနေကြတယ်။”

“ဒါဖြင့်ဒီအသိက မမှန်လို့လား။”

“မမှန်လို့ မဟုတ်ပေမယ့် ဒီထက်ပိုပြီး သိဖို့ကောင်းတဲ့ အမြင်တွေရှိဖို့ လိုနေလို့ပဲ။ ဘာကြောင့်လဲဆိုရင် ဒီလောက်သိရုံနဲ့ လူတွေ အေးဆေးငြိမ်း ချမ်းတဲ့ အဖြစ် ရှိမနေကြလို့ပဲ။ လူမိုက်ကို ဒီထက်ပိုပြီး သိမှဖြစ်မယ်။ ဘယ်လို တွေသိရမလဲ ဆိုရင် လူမိုက်ဟာ သူကမိုက်ချင်လွန်းမကလို့ မိုက်နေတာ မဟုတ်ဘူးဟ ထိုမိုက်မည့်လူကို အမိုက်တွေဖြစ်တဲ့ မတရားသဖြင့် လိုချင်တဲ့ စိတ်မိုက် မတရားသဖြင့် ပြုချင် ပြောချင် လုပ်ချင် နေချင်စေတဲ့ စိတ်မိုက်တွေ က ထိုသူကို ဝင်ရောက်ပူးကပ်နှိပ်စက်လို့ ထိုသူမိုက်နေရတာဟလို့ သိမြင်ပြီး တို့ကိုလည်း ထိုစိတ်ရိုင်းစိတ်မိုက်တွေ ဝင်ပြီးပူးကပ်နှိပ်စက်မခံရဖို့လိုတယ်ဟ လို့ သိဖို့မြင်ဖို့ ရှောင်ကြဉ်ဖို့ အတွက်အားစိုက်ဖို့လိုတယ်။”

“ဒါတွေက သိဖို့မြင်ဖို့ လွယ်ပါ့မလား။”

“လွယ်လည်းလွယ်တယ် လွယ်လည်း မလွယ်ဘူးလို့ ပြောရမည့်ပုံရှိတယ်။”

“ဘယ်လိုလည်းဟ”

“ဘယ်လိုမှ မလည်းပါနဲ့။ ဒါတွေက သိအောင်မြင်အောင် ပြောပြနိုင် ရှင်းလင်း နိုင်ရင် ကလေးကအစ အဘိုးအဘွားတွေအထိ သိနိုင်မြင်နိုင်တာပဲ။ ဒါတွေ ကိုတကယ်သိမြင်ပြီး တကယ်ကျင့်နိုင်ရင် တကယ်အေးငြိမ်းကြမှာပါ။ သိတော့သိတယ် မကျင့်နိုင်ဘူးဆိုရင် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ခရစ်စယာန်ဘာ သာပဲဖြစ်ဖြစ် ဘယ်ဘာသာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ဆိုရင်လည်း လူဖြစ်ဖြစ် ရသေ့ဖြစ်ဖြစ် ရှင်ဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် ဘယ်လိုလူပဲဖြစ်နေပါစေ ဘယ် တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အမိုက်ကို အမိုက်လို့ မသိရင် မသိသလောက် ကိုယ့်ကိုလွှမ်းမိုးခံရတဲ့ ထောင်လွှားချင်စိတ် မော် ကြွားချင်စိတ် စတဲ့ အလိုဆိုးတွေကြောင့် ထိုဆိုးသူနှင့်တကွ သူ့ဝန်းကျင်ပါ ပျက်စီးဆိုးရွား အကျိုးမများတဲ့ အဖြစ်တွေဟာ အတုံးလိုက်အတစ်လိုက် လာရောက် မိတ်ဆက်ပြီး စားသောက်သွားကြလိမ့်မယ်ပေါ့ ကိုယ့်ဆရာရေ။”

“ဒါဖြင့် တို့သိတဲ့ လူမိုက်ဟာဖြင့် တော်တော်သေးသေးလေးပဲ သိနေတာကိုး။ ဒါကြောင့်လဲ မင်္ဂလာတရားဟာ တို့အတွက် သိပ်ပြီး အကျိုးမများတဲ့ အဖြစ်ရှိ နေတာပေါ့။ တို့ဟာ မင်္ဂလသုတ်ရဲ့ တကယ့်မင်္ဂလာအဖြစ်ကို သိရင် တို့ငြိမ်း ချမ်းကြမှာပေါ့။”

“ဟုတ်တာပေါ့။ ဆရာသမားရေ တကယ်တမ်းကြတော့ မင်္ဂလသုတ်မှာရှိတဲ့ အချက်တချက်ကို ကျေကျေညက်ညက် ရေရေလည်လည် သိပြီဆိုရင် ကျန် နေသေးတဲ့ မင်္ဂလာတွေကို ဆင့်ပွားဆင့်ပွားပြီး သိနိုင်မြင်နိုင်ကျင့်ကြံနိုင်တဲ့  အဖြစ်ကိုရောက်ကြမှာပါပဲ။”

“ဘယ်ပုံဘယ်နည်းနဲ့ သိပြီးတော့ ရောက်ကြမှာလဲပေါ့ ဒါလေး ရှင်းစမ်းပါဦး”

“ဟုတ်။ စောစောကပြောခဲ့တဲ့ လူမိုက်ဆိုတဲ့ အသိအမြင်ကို သေသေချာချာ သိတယ်မြင်တယ်ဆိုတာဟာ မိမိသန္တာန်မှာ လူမိုက်ဟာ ဒါဟလို့ ကွဲကွဲပြား ပြား ခွဲခွဲခြားခြား သိတာဟာဖြင့် မိမိမှာ ပညာတွေရှိနေလို့ပဲ။ အဲသလိုသာ ခွဲ ခြမ်းစိပ်ဖြာတတ်တဲ့ အသိမရှိရင် လူမိုက်ကိုလည်း မသိသလို ပညာရှိကို လည်း မသိဘူး။ ထို့အတူ ကျန်တဲ့ မင်္ဂလာတွေကိုလည်း မသိနိုင်ဘူး။”

“မင်းဟာက ပြောမှ ပိုရှုပ်နေသလိုပဲ။ ပညာတွေရှိနေတယ်လို့လဲ ပြောတယ်။ ပညာရှိကိုလည်း မသိဘူးဆိုတော့ ဘယ်လိုဟာလဲဟ။ ပြောစမ်းဦး။”

“ပညာရှိအသိတော့ မဟုတ်ပါဘူး။ ပညာရှိရဲ့ အောက်နားက အသိတခုပဲ။ အဲဒီ အသိဟာ လူတိုင်းလောက်နီးပါး ရှိနေကြတယ်။ ဒါပေမဲ့ အဲဒီ အသိကို လူတွေက အထင်သေးအမြင်သေးပြီး မကျင့်သုံးမလိုက်နာပဲ နေမိရာကနေ  မိုက်ကုန်ကြတာပဲ။”

“ဪ- ဒါ့ကြောင့်ကိုး။ ဒီလိုတွေ သိခွင့်ရလို့ ကျေးဇူးတင်တယ်ကိုယ့်လူ”

4 comments

  • koyo

    August 11, 2011 at 3:17 pm

    ပညာရှိရဲ့ အောက်နားက အသိတခုပဲ။ အဲဒီ အသိဟာ လူတိုင်းလောက်နီးပါး ရှိနေကြတယ်။ လူတိုင်းလောက်
    နီးပါး ရှိနေကြတဲ့ ပညာရှိရဲ့ အောက်နားက အသိတစ်ခုဆိုပါလား။ ထူးထူးဆန်းဆန်းပါပဲ။ အောက်နားကအသိ
    ရော အထက်နားက အသိရော နှစ်မျိုးလုံးသိချင်ပါတယ်။

    • lionking

      August 16, 2011 at 5:52 pm

      koyo ရေ ပညာရှိအောက်နားကအသိဆိုတာ ဘုန်းကြီးတွေ ပြောသလို ပြောရင်တော့ဗျာ ကလျာဏ ပုထုဇဉ်ဆိုတာမျိုးပါ။ ပညာရှိ အထက်နားက အသိဆိုရင်တော့ ပညာရှိဖြစ်ပြီးမှပဲ သိလိမ့်မယ်ဗျ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 12, 2011 at 12:28 am

    ဓမ္မကျမ်းတွေကို မှီးငြမ်းပြီးရေးမယ်ဆိုရင်ဖြင့်
    ( လူမိုက် ) အစား ( သူမိုက် ) ဟု ရေးသားသင့်တယ်လို့ထင်ပါကြောင်း ( အထင်ပါ )
    ကြုံလို့ပြောရမယ်ဆိုရင်
    ဓမ္မကိုမှီ၍ပြောသော သူမိုက်မှာ ပုဂ္ဂိုလ်စွဲ မရှိပါကြောင်းနှင့်
    သဘော ( ဝါ ) အယူသည်သာ အရေးကြီးသည်ဟု လာရှိပါကြောင်း
    ဥပမာ။ ။ ခိုးယူလုယက်သတ်ဖြတ်ခြင်းစသော မိုက်မဲခြင်းထက်
    ဓမ္မ၌ လွဲသော အယူသည်သာ သံသရာ၏အတွင်း၌ ကျင်လည်စေသော သဘောရှိသည်ကို မှတ်သားစေသတည်း။
    ………………………………………
    ……………………………………….
    မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန် -၃ – သုညတဝဂ် – ၉ – ဗာလပဏ္ဍိတသုတ်
    ၂၄၆။ ဤသုံးပါးတို့သည် သူမိုက်လက္ခဏာ သူမိုက်အမှတ်အသား သူမိုက်လုပ်ငန်းစဉ်တို့ တည်း။
    အဘယ်သုံးပါးတို့နည်းဟူမူ-
    ဤလောက၌ သူမိုက်သည် မကောင်းသော အကြံကို လည်း ကြံလေ့ရှိ၏။
    မကောင်းသော စကားကိုလည်း ဆိုလေ့ရှိ၏၊
    မကောင်းသော အမှုကိုလည်း ပြုလေ့ ရှိ၏။
    သူမိုက်သည် ထိုမကောင်းသော အကြံကိုလည်း ကြံလေ့ရှိသည် လည်းကောင်း၊ ထိုမကောင်းသော စကားကိုလည်း ဆိုလေ့ရှိသည် လည်းကောင်း၊ ထိုမကောင်းသော အမှုကိုလည်း ပြုလေ့ရှိသည် လည်းကောင်း
    အကယ်၍ မဖြစ်ငြားအံ့၊
    ထိုသူကို အဘယ်အကြောင်းဖြင့် ဤအသျှင် သည် သူမိုက်တည်း၊ သူတော်မဟုတ် သူယုတ်မာတည်း ဟု
    ပညာရှိတိ ု့သည် သိနိုင်ကုန်ရာ အံ့နည်း။
    အကြင် အကြောင်းကြောင့် သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ ရှိ၏။
    မကောင်းသော စကားကိုလည်း ဆိုလေ့ရှိ၏၊
    မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။
    ထိုအကြောင်းကြောင့် ထိုသူကို ဤအသျှင်သည် သူမိုက်တည်း၊ သူတော် မဟုတ် သူယုတ်မာတည်း ဟု
    ပညာရှိတို့ သည် သိနိုင်ကုန်ရာ၏။
    ………………………………
    ……………………………….
    မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန် -၂ – အနုပဒဝဂ် – ၅ – ဗဟုဓာတုကသုတ်
    ၁၂၄။ ဘေးရန် ဟူသမျှတို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။
    ဘေးဥပဒ် မှန်သမျှတို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။
    ပူဆွေးရမှု မှန်သမျှ တို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။
    ဥပမာအားဖြင့် ကျူမိုးအိမ်မှ လည်းကောင်း၊ မြက်မိုးအိမ်မှ လည်းကောင်း လွင့်သော မီးသည်
    အတွင်းအပ လိမ်းကျံ ထားကုန်သော လေတိတ် ကုန်သော ထိစပ်သော တံခါးရွက် ရှိကုန်သော
    ပိတ်ထားသော လေသာတံခါး ရှိကုန်သော
    အထွတ် တပ်သော အိမ်တို့ကို သော်လည်း လောင်ကျွမ်း သကဲ့သို့
    ဤသို့လျှင် သူမိုက်သည် ဘေးရန်ရှိ၏၊
    ပညာရှိသည် ဘေးရန် ကင်း၏။ သူမိုက်သည် ဘေးဥပဒ်ရှိ၏၊
    ပညာရှိသည် ဘေးဥပဒ် ကင်း၏။ သူမိုက်သည် ပူဆွေးရမှု ရှိ၏၊ ပညာရှိ သည် ပူဆွေးရမှု ကင်း၏။
    ပညာရှိမှုကြောင့် ဘေးရန် မရှိ၊ ပညာရှိမှုကြောင့် ဘေးဥပဒ် မရှိ၊
    ပညာရှိမှုကြောင့် ပူဆွေးရမှု မရှိ။ ထို့ကြောင့် ပညာရှိ သူ ဆင်ခြင်တတ်သူတို့ ဖြစ်ကုန်အံ့ ဟု ဤသို့လျှင် ကျင့်ရမည်။
    ………………….
    ………………..
    ဒီလောက်ညွှန်းရင်တော့ နပ်ကြမယ်လို့ထင်ပါတယ်နော်
    ဆရာလုပ်တာ ဟုတ်ရပါဘူးဗျာ ဝေဖန်နိုင်ကြဘို့ပါ။ လောကီနဲ့တွဲပြီးသုံးလို့ရလောက်တယ်
    အထင်ရှိလို့ပါ။
    သဂျီးမင်းကလည်း အမိန့်ထုပ်ထားတာရှိတယ်မလား

  • lionking

    August 16, 2011 at 5:46 pm

    ကျေးဇူး မိုက်ကယ်အောင်ပု ။ စာအုပ်ထဲကစာတွေကို ကြေငြာနေရင် ဘိုးလှိုင်(ယောအတွင်းဝန်) ပြောတဲ့ အတိုင်း ပိုက်ဆံ (၁၆)ပဲပေးပြီး နှုတ်အပိတ် ခိုင်းသလိုမျိုး ဖြစ်နေလိမ့်မယ် ။ ပိဋကတ်ထဲက စာဆိုတာ ရွတ်ဖို့ မဟုတ်သလို အသံကောင်းဟစ်ပြီး ဟောနေပြောနေဖို့လည်းမဟုတ်ဘူး ။ ဒေသနာဆိုတာ နေ့စဉ်လုပ်နေတဲ့ အလုပ်ထဲက အား တခုပဲ ။ အဲဒီ အား ကောင်းသလား ဆိုးသလား ခွဲသိပြီး ကောင်းနေရင် ကောင်းသည် ထက်ကောင်းအောင် ဆိုးနေရင် အဆိုးကိုဖျောက်နိုင်အောင် လုပ်ခိုင်းတာပဲ ။ မိုက်ကယ်ရဲ့ ဒေသနာကို ပြန် ကြည့် ကြည့် ။ ကံသုံးပါးကောင်းရင် သူမိုက်မဟုတ် ပညာရှိ ကံသုံးပါး ဆိုးရင် သူမိုက် ပညာမဲ့။ အဲ ဒါပေမယ့် ပညာရှိဆိုတာ ဘယ်လို သူကိုခေါ်တာလဲနဲ့ သူမိုက်ဆိုတာ ဘယ်လို သူကို ခေါ်တာလဲ ပေါ့ ။

Leave a Reply