ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးဝေဖန်ခံရ

BayoteAugust 10, 20111min22616

ဩဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ဝန်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ဝါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်ခဲ့ကြပါသည်။

နိုင်ငံပိုင်သတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါး အမည်မှာ ‘ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ’ ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ အဓိကအားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အချက်အလက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။

ထို့အပြင် “နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတိုအတွင်း ပြည့်မီစွာ ဖြည့်တင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် တည်ဆောက် ပေးလျက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုရရှိနေပြီ ဖြစ်သော်လည်း အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း ရှိ ပြည်သူလူထု အထင်မှား အမြင်မှား ဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်လျက် ရှိကြသည်”ဟု နိုင်ငံပိုင် သတင်းစာပါ အဆိုပါ ဆောင်းပါးတွင် ထည့်သွင်း ရေးသားဖော်ပြ ထားပါသည်။

နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ပါဝင်ခဲ့သည့် မြစ်ဆံ ုရေအားလျှပ်စစ်စီမံကိန်းနှင့် ဆက်စပ်သော ဧရာဝတီ ကိစ္စကို ပြောဆိုနေကြခြင်းသည် လုပ်ကြံဖန်တီး ပြောဆိုရေးသားနေကြခြင်း မဟုတ်ဘဲ မြန်မာလူမျိုး သာမက၊ မြန်မာနိုင်ငံပါ ပျောက်ဆုံးရမည့် အန္တရာယ်ရှိနေခြင်းကြောင့် ပြောဆိုနေရခြင်း ဖြစ်သည် ဟု ဝါရင့်သတင်းစာ ဆရာကြီး ဦးစိန်ဝင်းကလည်း ပြောဆိုပါသည်။

“ဧရာဝတီအကြောင်း ပြောဆိုရေးသားကြတာတွေဟာ လုပ်ကြံဖန်တီးပြောဆိုနေတယ်လို့ ပြောလာတဲ့သူရှိရင်၊ ဘယ်သူပဲ ပြောပြော၊ အဲဒါကို လုံးဝငြင်းဆိုပါတယ်။ ဧရာဝတီ တိမ်ကောပပျောက်ရမယ့် အန္တရာယ် တွေရှိလာလို့၊ အန္တရာယ်ကို မျက်စိရှေ့ မှာတင် မြင်တွေ့လာရလို့၊ သတင်းတွေ၊ ဆောင်းပါးတွေမှာ ဧရာဝတီအကြောင်းကို မမြင်ရအဆုံးထိအောင်ကို ဖော်ပြလာကြတာပဲ ဖြစ်ပါတယ်။ မျက်မြင်မှာပဲ စစ်ကိုင်း တံတားကြီးဘေးမှာ ထွန်းနေတဲ့ သောင်ကြီးဟာ ဧရာဝတီမြစ် အပြည့်နီးပါး ဖြစ်လာနေပြီ။ ပြည်မှာဆိုရင်လည်း ပြည်ချောင်းသာလို့ ခေါ်ဆိုပြီး လူတွေပျော်ပွဲစား ထွက်လာရတဲ့ အထိအောင် ဧရာဝတီမြစ်ထက်မှာ သောင်ကြီး ဖြစ်နေပါပြီ။ အင်းတော်ကြီးဘက်က စာဖတ်ပရိသတ် တစ်ဦးဆိုလည်း ဖုန်းဆက်ပြီး ပြောတယ်။ ရွှေကျင်နေကြတာတွေကြောင့် ဧရာဝတီမြစ်ဟာ ကောတော့မယ့် အခြေအနေကို ရောက်နေရပြီ။ သတင်းသမားတွေအနေနဲ့ ဒီအတိုင်း ကြည့်နေကြတော့မှာလား ဆိုပြီး မေတ္တာရပ်ခံတယ်။ ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ အသက်သွေးကြောပဲ ဖြစ်တယ်။ ဧရာဝတီ တိမ်ကောသွားလို့၊ ဧရာဝတီ ပပျောက်ခဲ့ရပြီဆိုရင် မြန်မာလူမျိုး သာမကပဲ မြန်မာနိုင်ငံပါ ပျောက်သွားနိုင်တဲ့ အန္တရာယ်အထိ ရှိနေတယ်။ ဒီလိုအခြေအနေမျိုး မှာ ဧရာဝတီကို ဖျက်ဆီးလာမယ့် ဘယ်ကိစ္စကို လက်မခံဘူး။ သတင်းသမား တစ်ယောက်အတွက် ကတော့ ဧရာဝတီကို ပျက်စီးမယ့်၊ တိမ်ကောမယ့်၊ ပပျောက်သွားမယ့် ဘယ်ကိစ္စကိုမဆို တားဆီးရမှာပဲ ဖြစ်ပါတယ်”ဟု လူထု ဦးစိန်ဝင်းက ပြောပြပါသည်။

Eleven Media Group၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်က သတင်းစာများထဲ ၌ ဖော်ပြခဲ့သော မြစ်ဆုံရေကာတာ ဆောင်းပါးဖော်ပြမှုအတွက် ကြိုဆိုလိုက်ပြီး ဆောင်းပါးနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ခဲ့သည်။ “ဒီလိုသက်ဆိုင်တဲ့ဌာနက မီဒီယာပေါ်မှာ ပထမဆုံး ရှင်းလင်းတာ ကြိုဆိုပါတယ်။ ဒါပေမယ့် အထင်အမြင်လွဲမှားအောင် မဟုတ်မမှန် ဖန်တီးလုပ်ကြံရေးသားတယ် ဆိုပြီး သတင်းစာကို ခုတုံးလုပ်ပြီး ပုတ်ခတ် ရေးသားတာကတော့ မလုပ်သင့်ဘူး။ နိုင်ငံရဲ့အရေး၊ တစ်မျိုးသားလုံးအရေးနဲ့ ပတ်သက်ပြီး စတုတ္ထမဏ္ဍိုင်တစ်ခု အနေနဲ့ ကျွန်တော်တို့ ဝေဖန်ထောက်ပြ ပိုင်ခွင့်ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်လလောက်က တရုတ်အစိုးရကို မြစ်ဆုံစီမံကိန်းရယ်၊ သဘာဝဓာတ်ငွေ့ စီမံကိန်းရယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွေကို လာရောက်လေ့လာပြီး အကြံဉာဏ်ပေးမယ့်  Think Thaanke Group တစ်ခုနဲ့  Eleven Media Group ရုံးမှာ ကျွန်တော်တို့တွေ့တယ်။ အဲဒီမှာပါတဲ့ လူအများစုက အသက် ၃၀၊ ၄ဝ အရွယ် လူငယ်၊ လူလတ်တွေဖြစ်ပြီး စင်ကာပူတက္ကသိုလ်က PhD ဘွဲ့ရသူတွေ ပါပါတယ်။

သူတို့ လေ့လာရသလောက် မြစ်ဆုံရေကာတာ စီမံကိန်းဟာ မြန်မာလူထုကို ထိခိုက်နိုင်တယ်ဆိုတဲ့အချက် ကို ငြင်းပယ်မသွားပါဘူး။ ရရှိတဲ့ အချက်အလက်တွေကိုလည်း Professional ပီသစွာ တရုတ်အစိုးရ ကို တိတိကျကျ အစီရင်ခံသွားမယ်လို့ ဆိုပါတယ်။ ဒီဆည်ကြီး ခုနစ်ခု လုံးဝမဆောက်သင့်ဘူး။ အကယ်၍ မဖြစ်မနေ ဆောက်ရရင်လည်း အသေးနှစ်ခုပဲ ဆောက်သင့်တယ်လို့ သူတို့ပြောသွားပါတယ်။ ဒါကြောင့် အခုသတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦးဟာ ဘယ်ရာထူး အဆင့်လဲ၊ နာမည်ဘယ်သူလဲ၊ ဘယ်လို Professional မျိုးလဲ၊ ကျွန်တော်တို့ တိတိကျကျ သိချင်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

ဒေါက်တာသန်းထွဋ်အောင် က ၎င်းဆောင်းပါးရှင် ရေးသားသော ဆောင်းပါးမှာ သတင်းမီဒီယာ ရှုထောင့်မှဖြစ်စေ၊ ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်မှဖြစ်စေ ဝေဖန်ကြရပါက အားနည်းမှုများရှိသည် ဟုလည်း ဆိုပါသည်။ ၎င်းက “အဲဒီဆောင်းပါးမှာ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိတယ်ဆိုတာကို သဲသဲကွဲကွဲ ရေးမသွားဘူး။ လူ ၂၆၀ဝ လောက် အလုပ်ရတယ်။ အိမ်ထောင်စု ထောင်ဂဏန်းလောက် နေရာချထား ပေးခဲ့တယ်ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုင်တဲ့ ပရောဂျက်တစ်ခုအတွက် ရယ်စရာပါ။ လအလိုက် ရေစီးမှုတစ်ခု တည်းကြည့်ပြီး ဧရာဝတီမြစ်အောက်ပိုင်းမှာ ဘာမှမထိခိုက်ဘူး ဆိုတာကလည်း မပြည့်စုံဘူး။ အခုတောင် ဧရာဝတီမြစ်ဟာ မြစ်လက်တက်တွေမှာ ဆောက်တဲ့ဆည်တွေကြောင့် ကောစပြုနေပြီ။ ရေကြောင်းပြောင်းနေပြီ။ နွေရာသီဆိုရင် မြစ်ဝကျွန်းပေါ် အချို့ဒေသတွေမှာ နွေရာသီ ရေချိုပြဿနာ တွေ့နေရပြီ။ ဒါ ကြောင့် ဒီဆည်မဆောက်ခင်မှာ ဘယ်လိုမြစ်ကြောင်းဆိုင်ရာ ပြုပြင်မှုလုပ်မယ်ဆိုတဲ့ အာမခံချက်လည်း မရှိဘူး။ ဒါ့အပြင် ဆောင်းပါးရှင်က တရုတ်စူးစမ်းလေ့လာရေး အဖွဲ့ ရဲ့ ၅၆၉ မျက်နာပါ အစီရင်ခံစာကို ကိုးကားသွားတယ်။ ဒီအဖွဲ့ရဲ့ သမာသမတ်ရှိမှု၊ ပညာရှင်ပီသမှု၊ မြန်မာနိုင်ငံရဲ့အကျိုးနဲ့ တရုတ်အကျိုး ဘယ်ဟာကို ဦးတည်မလဲဆိုတာကို မဖော်ပြဘူး။ ဒါ့အပြင် ကဏ္ဍ ၁၂ ခုနဲ့ပတ်သက်လို့ အသေးစိတ် မဖော်ပြဘူး။ ပညာရှင်တွေရဲ့ အစီရင်ခံစာတိုင်းမှာ အကျိုးနဲ့အပြစ် နှစ်မျိုးလုံးပါတယ်။ ဆောင်းပါးရှင်က ဒီဆောင်းပါးမှာ အကျိုးကျေးဇူးခြောက်ချက်ကိုပဲ ဖော်ပြထားပြီး အပြစ်ကို ဖော်ပြမထားတာ ဟာ ပညာရှင်မဆန်ဘူး။ နောက်ပြီး ရေဝပ်ဧရိယာ ဘယ်လောက်ဆိုတာ ဖော်ပြမထားဘူး”ဟု သုံးသပ်ခဲ့ပါသည်။

ထို့အပြင် ဒေါက်တာသန်းထွဋ်အောင်က Public ၌ ပျံ့နှံ့နေသော စာမျက်နှာ ၉၀ဝ ပါ EIA Report နှင့် ပတ်သက်ပြီး ဆောင်းပါးရှင် ရှင်းလင်းမထားခြင်း အပေါ်ကိုလည်း ဝေဖန်ခဲ့သည်။ “ဒီ Report အရ ဆည်တစ်ခုတည်းရဲ့ ရေဝပ်ဧရိယာကိုက စတုရန်းမိုင် ၅၀ဝ နီးပါးရှိတယ်။ ဒါဟာ ကချင်ပြည်နယ် တစ်ခုလုံး ဧရိယာရဲ့ သုံး၊လေးရာခိုင်နှုန်းလောက် ရှိတယ်။ ကချင်ပြည်နယ်ဟာ ပြည်ထောင်စုအတွင်းမှာ သယံဇာတ အပေါကြွယ်ဝဆုံး နေရာ၊ ဒီရေဝပ်ဧရိယာလုပ်ရင် မြေပေါ်သယံဇာတ  တွေဖြစ်တဲ့ သစ်တောတွေ၊ Tourist တွေလာနိုင်တဲ့ သမိုင်းဝင်နေရာတွေ၊ လှပတဲ့ ရေမြေတောတောင် တွေ၊ မြေအောက်သယံဇာတဖြစ်တဲ့ ရွှေ၊ ကျောက်စိမ်း၊ ရေနံအခြားသတ္ထုတွေ ဆုံးရှုံးသွားမယ်။ ဒီတန်ဖိုးတွေ တွက်ချက်ပြီးပြီလား။ ဒါ့အပြင် မြစ်ကြောင်းတစ်လျှောက် ဆုံးရှုံးသွားမယ့် အလုပ်အကိုင်တွေ၊Biodiversity ကြောင့် ဆုံးရှုံးမှုတွေကော တွက်ချက်ပြီးပြီလား။ ဒါ့အပြင် EIA Report အရ ဒီစီမံကိန်းအတွက် တရုတ်ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာ ၃ ဒသမ ၆ ဘီလီ ယံဆိုတာ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သိပ်မများပါဘူး။ ဒါပေမယ့် သူတို့က ၇ဝ ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်။ ပြည်ထောင်စု အစိုးရ က ၂ဝ ရာခိုင်နှုန်း၊ ကြားပွဲစားက ၁ဝ ရာခိုင်နှုန်း၊ ကချင်ပြည်နယ် အစိုးရနဲ့ ကချင်ပြည်နယ်လူထု အတွက်ရော ဘယ်လိုစဉ်းစားထား သလဲ။ ဒီစာချုပ်ဟာ မမျှတဘူး။ နောက်ပြီး ကြားပွဲစားဆိုတာ တရားဝင်လား။ များလွန်းတယ်။ လာဘ်ပေး၊ လာဘ်ယူတွေ ရှိနေသလား။ အခုမြန်မာနိုင်ငံရဲ့ လာဘ်ပေးလာဘ်ယူမှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု စီမံကိန်း၊ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်း အချို့မှာ ကြားပွဲစားက အများဆုံးဖြစ်နေတယ်။ ဒေါ်လာ သန်းပေါင်းများစွာ တိုင်းပြည်ငွေတွေ ဆုံးရှုံးနေတယ်။ ဒီဟာကို မတိုက်ဖျက်ဘဲ ဝန်ထမ်းငယ်တွေကို ချည်း မမဲသင့်ဘူး”ဟု ထောက်ပြခဲ့ပါသည်။

၎င်းက EIA Report နှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် အများပြည်သူအား ရှင်းရှင်းလင်းလင်း ဖြစ်စေသင့်သည် ဟု ဆိုပါသည်။ “ဒီရေကာတာဟာ စစ်ကိုင်းပြတ်ရွေ့ကြောအနီးမှာ ရှိတယ်။ ကျိုးသွားရင် စက္ကန့် ၂ဝ အတွင်း မြစ်ကြီးနားမြို့ရေမြုပ်သွားမယ်လို့ ဆိုတယ်။ ဒီနေ့(ဩဂုတ်လ ၉ ရက်)မှာပဲ ဒီစီမံကိန်းနဲ့ မိုင် ၂၀ဝ မဝေးတဲ့ ယူနန်နယ်စပ်မှာ ငလျင်ငယ်လှုပ်သွားတယ်။ ဒီနယ်စပ်မှာ တစ်နှစ် ငလျင် နှစ်ကြိမ်၊ သုံးကြိမ် လှုပ်တယ်။ မကြာမီ ၁ဝ နှစ်၊ အနှစ် ၂ဝ အတွင်းမှာ ရစ်ချက်တာ စကေး ရ အထက် ငလျင်လှုပ်နိုင်တယ် ဆိုတာလည်း ပညာရှင်တွေ ခန့်မှန်းထားတယ်။ ဒါကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်”ဟု ဆိုပါသည်။
ဒေါက်တာသန်းထွဋ်အောင် က မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအပါအဝင် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အသီးသီးနှင့် တပ်မတော်သားများ အနေဖြင့် အသိတရားရှိသင့်ပြီး တရုတ် အစိုးရအနေဖြင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလေးအနက်ထား စဉ်းစားသင့်သည်ဟု ဆိုပါသည်။

“တရုတ်အစိုးရအနေနှင့်လည်း တရုတ်ကုမ္ပဏီ CPI ရဲ့ အကျိုးစီးပွားတစ်ခုတည်း မကြည့်သင့်သလို မြန်မာဘက်ကလည်း မြန်မာကုမ္ပဏီ တစ်ခုတည်း၊ ဝန်ကြီးဌာနတစ်ခုတည်းရဲ့ အကျိုး စီးပွားကိုချည်းပဲ မကြည့်သင့်ပါဘူး” ဟု ၎င်းက ဆိုပါသည်။

၎င်းက “ကျွန်တော့် အမြင်အရဆိုရင်တော့ ဒီစီမံကိန်းကို လုံးဝရပ်သင့်ပါတယ်။ တကယ်လို့ စဉ်းစားဆင်ခြင်မယ်ဆိုရင် ခေတ္တရပ်ဆိုင်းပြီး တရုတ်ပညာရှင်တွေ၊ မြန်မာပညာရှင်တွ၊ NGO တွေ၊ နိုင်ငံတကာ ပတ်ဝန်းကျင် ပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းမီဒီယာတွေ အဖွဲ့ဖွဲ့ပြီး လေ့လာရေး အစီအရင်ခံစာ တင်သွင်းသင့်တယ်”ဟုဆိုပါသည်။

၎င်းက “ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အမျိုးသား သမိုင်းအမွေအနှစ် (National Heritage) ပါ။ သူရဲ့ကျေးဇူးက မသေးပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေ၊ ပြဿနာတွေ မပေါ်ပေါက်အောင် အရာရာကို စဉ်းစဉ်း စားစား၊ ချင့်ချင့်ချိန်ချိန်လုပ်ကြဖို့ တိုက်တွန်းပါတယ်”ဟု ဆိုပါသည်။

ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် မေခ၊ မလိခ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၀၆ခု နှစ် ဒီဇင်ဘာလအတွင်းက အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှင့် တရုတ်နိုင်ငံ (China Power Investment Corporation) တို့ ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာဘက်မှ Asia World ကုမ္ပဏီက ပါဝင်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသူများ၊ သတင်းသမားများက စီမံကိန်းမှတစ်ဆင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အချက်အလက် အတိအကျများဖြင့် ရေးသားပြောဆိုလျက် ရှိနေပါသည်။ ပြီးခဲ့သည့် လများ ကလည်း ကချင်ပြည်နယ်အတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းအချို့ အနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားထားသည်။

အများပြည်သူ အမှန်တရားသိစေရန်Eleven မှ ကူးယူဖော်ပြပါသည်။

အယ်ဒီတာမှ.. ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝင်္တအတွက်ပန်ကြားချက် ကို ပီဒီအက်ဖ်နှင့် ပူးတွဲတင်ပေးထားပါသည်။
NLD-on-Irrawaddy << To Download

16 comments

  • မင်းပြည့်ရှိန်

    August 10, 2011 at 10:45 pm

    စိတ်ဓာတ် အောက်တန်းကျတဲ့ ကောင်က ရေးခိုင်းတာကို..
    စိတ်ဓာတ် အောက်တန်းကျတဲ့ ကောင်က ရေးတယ်..
    ပြီးတော့ သတင်းစာမှာ ရေးတယ်..
    ခွေး လောက်တောင်မှ အသိဉာဏ် မရှိတဲ့ အကောင်တွေ….
    လမ်းဘေးက ခွေးတွေ သေသလို ထက် ဆိုးတဲ့ နည်းနဲ့ သေသင့်တယ်..
    ပြီးတော့ လုပ်လိုက်သေးတယ်.. လျှပ်စစ်ဝန်ထမ်း တစ်ဦးတဲ့..
    စောက်ရူးတွေ…
    အဲဒီလို လူစိတ်မရှိတဲ့ ကောင်.. တစ်သက်လုံး လူ လို မနေရပါစေနဲ့….

    ဆရာ လူထု စိန်ဝင်းနဲ့ Eleven Media Group ကို လေးစားပါတယ်…

    ဖြစ်သင့်တာကတော့.. အဲဒီ မြန်မာ့ အလင်း ကို မြန်မာ့ အမှောင် လို့ နံမည်ပြောင်း..
    ကြေးမုံကိုလည်း………….. ဗွက်ပုံ လို့ အမည်ပြောင်း…..
    နိုင်ငံပိုင် သတင်းစာ အယ်ဒီတာတွေလည်း…. ခွေးကောင် လို့ အမည်ပြောင်းသင့်ပြီ..
    နိုင်ငံ နဲ့ လူမျိုး ပျက်စီးမယ့် အရေးကို မပျက်စီးပါဘူးလို့ ဘူးခံငြင်းတဲ့ အကောင်တွေ……… ပါးစပ်ထဲ… ငုတ်ဝင်ပြီး…. တစ်သက်လုံး ဆေးကု နေရပါစေ…

  • unclegyi1974

    August 10, 2011 at 11:08 pm

    မင်းပြည့်ရေ သတင်းစာရော ရေးသူရော အယ်ဒီတာရော
    မေတ္တာပွားမနေပါနဲ့ မင်းခယောကျာ်းပါတဲ့
    ထားရာနေစေရာသွား တွေကိုပြောနေလို့အပိုပါပဲ
    ခိုင်းတဲ့သူတွေကိုအဓိကပြောရမှာပါ
    ့မြန်မာမှာကသံယံဇာတပေါများတယ်
    အုပ်ချုုပ်သူတွေကလည်းအုပ်ချုုပ်စဉ်ကာလ
    အချိန်ရှိခိုက်လုံးလစိုက်ရသေးတာဆိုတော့
    ဘာတွေညာတွေလာမပြောနဲ့
    သိတယ်နော်

  • မင်းပြည့်ရှိန်

    August 10, 2011 at 11:35 pm

    ရှိတဲ့ ပစ္စည်း ယူသွားလို့ရတယ်..
    ဘဝကို မဖျက်ဆီးခဲ့ပါနဲ့…
    ဒီလိုပါပဲ… ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်ရပ်တည်မှုနဲ့ကိုယ်….
    လုပ်ချင်တာ လုပ်ကြတာ.. ဘယ်လိုမှ မမြင်ပါဘူး….
    ရက်စက်လို့ရတယ်.. ရက်စက်သင့်သလောက်ပေါ့….
    ယုတ်မာလို့ ရတယ်.. အတိုင်း အတာ တစ်ခုပေါ့…
    အစိုးရနံမည် ခံပြီး သူခိုး ဓါးပြ လုပ်တာကို မပြောလိုပါဘူး…. သူ့ လောဘနဲ့ သူလေ..
    ဒါပေမယ့်… လူမဆန်တာကိုတော့ ကျွန်တော်မုန်းတယ်..
    အတော့်ကို မုန်းတာ….
    ကျွန်တော်လည်း မင်းခစား လုပ်ခဲ့ဖူးပါတယ်…
    ခဏ ခဏ ကြုံပါတယ်.. မဖြစ်နိုင်တာတွေ မဖြစ်သင့်တာတွေကို ခိုင်းတာ..
    ဥပမာ.. ဒီကောင်မလေး ငါ သဘောကျတယ်ကွာ.. ငါ့ပြောပေး ဆိုတာမျိုး က အစ..
    အဲဒီ အခါ.. ဟာ… အဘ.. မလုပ်ပါနဲ့.. မကောင်းပါဘူး….ဖြစ်အောင် တားလို့ရပါတယ်..

    နောက်တစ်ခု.. ဆက်သွယ်ရေး က ဆရာ တစ်ယောက် မြေကြီးထဲ က ကြိုးတွေကို ဒိုဇာနဲ့ ထိုး မိလို့ ကြိုးတွေ ပျက်ကုန်တော့…လည်း..
    ဗိုလ်ချုပ်က မေးတယ်.. အချိန် ဘယ်လောက် ကြာမလဲ.တဲ့….
    ဟုတ်ကဲ့ အဘ.. တစ်ဘက်ကို ကြိုး ၄၀ဝ နှစ်ဘက်ကို ပြန်ဆက်ရမှာ ဆိုတော့ စုစုပေါင်း ၈၀၀
    ကျွန်တော့လူ ၂ ယောက်နဲ့ ဆက်မှာ နာ ရီ ၂ဝ ကျော်ကြာမယ်..အဘ လို့ ပြောတော့.
    ငါ့လူ ၂ဝ လွှတ်ပေးမယ်.. မင်း ၂ နာရီ အတွင်း ပြီးအောင်လုပ်တဲ့..
    အဲဒါနဲ့ အဘ တစ်ခု လောက် တင်ပြခွင့်ပြုပါ..အဘ.. ဆိုတော့ ပြောတဲ့.
    အဲဒီမှာ.. အဘ.. မိန်းမ တစ်ယောက် က ယောက်ျား တစ်ယောက်ယူရင်..
    ကလေးမွေးဖို့ ကိုးလလွယ် ဆယ်လ ဖွားရတယ်.. အခု အဘ လုပ်ပုံက အဲဒီ မိန်းမကို ယောက်ျား နှစ်ယောက်ပေးစားပြီး ၅ လတည်းနဲ့ ကလေး မွေးခိုင်း သလို ဖြစ်နေတယ် အဘ လို့ပြောလိုက်တော့.. သူက ဆဲ တယ်.. ဘာညာပေါ့..
    ဒါပေမယ့် ကိုယ် ဖြစ်ချင်သလိုပဲ ဖြစ်လာခဲ့ပါတယ်.. နာရီ ၂ဝ ကျော် အချိန် ယူခဲ့ရတယ်..
    ပြောပြချင်တာက.. ပြေလည်အောင် ဖြေရှင်းလို့ရပါတယ်…. သူတို့ နားဝင်အောင်ပြော…
    ကိုယ် ရောက်နေတဲ့ နေရာကနေ.. ကိုယ်တတ်နိုင်သလောက် အကျိုးပြုနိုင်အောင်.. ကာကွယ်နိုင်အောင် ကြိုးစားရမှာ.. အဲသလို မဟုတ်ဘဲ.. ခိုင်းသမျှ လုပ်နေမယ် ဆိုရင်တော့ သူတို့ အမေကို .. ရှေ့တန်းကစစ်သားတွေ ဆီ လွှတ်ပေးလိုက်ပါ.. ဆို လွှတ်မတဲ့လား…..
    အဲဒါကြောင့် ဆဲတာပါ.. မလုပ်သင့်တာကို လုပ်လို့….သိသိကြီးနဲ့ လုပ်လို့…
    ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ.. ကိုယ့်အကျိုးကို ရအောင်ယူစေချင်ပါတယ်….
    ဘယ်သူတွေ ဘာမှ မရချင်နေပေါ့..ဒါပေမယ့်..ကိုယ့်ကြောင့် အတော်များများ ပျက်စီးစေမယ် ဆိုရင်တော့ အဲဒီလူဟာ. လူ မဆန်တော့တာ သေချာတယ်..
    ဘာကြောင့်ဆို ခေါင်းဆောင်ပိုင်းက မှားနေတာတွေကလည်း အဲဒီလို ငကြောင်တွေကြောင့် အများကြီးပါတယ်.. မင်းခ ယောက်ျားတွေ မဟုတ်ဘူး..ကပ်ပါးကောင်တွေ…ကပ်ဖားတွေ….
    ဒါမျိုးတွေကို ဆန့်ကျင်ရမယ်..

    • Foreign Resident

      August 11, 2011 at 2:36 am

      Dear မင်းပြည့်ရှိန်,
      I saw a lot of potential, logic, idea & raw materials from you.
      Why don’t you write an article.
      I would like to read your article, Please.

  • Mee2

    August 11, 2011 at 12:21 am

    “လအလိုက် ရေစီးမှုတစ်ခု တည်းကြည့်ပြီး ဧရာဝတီမြစ်အောက်ပိုင်းမှာ ဘာမှမထိခိုက်ဘူး ဆိုတာကလည်း မပြည့်စုံဘူး။ အခုတောင် ဧရာဝတီမြစ်ဟာ မြစ်လက်တက်တွေမှာ ဆောက်တဲ့ဆည်တွေကြောင့် ကောစပြုနေပြီ။ ရေကြောင်းပြောင်းနေပြီ။ နွေရာသီဆိုရင် မြစ်ဝကျွန်းပေါ် အချို့ဒေသတွေမှာ နွေရာသီ ရေချိုပြဿနာ တွေ့နေရပြီ။”
    ဧရာဝတီရယ် နောက်ဆို နင့်အသွေးအသားတွေခန်းခြောက်သွားရတော့မှာ။ငါတို ့ဘာမှလုပ်မပေးနိုင်ပေမယ့်။ငွေမက်တဲ့အရူးတွေကတော့ ဆက်လုပ်ကြမှာပေါ့။

  • mozillamedia

    August 11, 2011 at 7:32 am

    “အသက် ၃၀၊ ၄ဝ အရွယ် လူငယ်၊ လူလတ်တွေဖြစ်ပြီး စင်ကာပူတက္ကသိုလ်က PhD ဘွဲ့ရသူတွေ ပါပါတယ်။”
    PhD ဖြစ်ရုံ နိုင်ငံခြားသား ဖြစ်ရုံ နဲ့တော့ လက်ခံလို့ မရပါဘူး ….
    ဒီနိုင်ငံမှာက အတွေ့အကြုံအရ လာတ်ထိုး ကျွမ်းကျင်ကြပါတယ်…
    ဒါကြောင့် ကျိုးကြောင်း ဖော်ပြမှု ကို သေခြာ စဉ်းစားပြီး ဆုံးဖြတ်ဖို့ လိုပါတယ် …..
    ကျွန်တော်တို့ဆီက တာဝန်ရှိတဲ့ ဆိုတဲ့ သူတွေကိုတော့ ယုံကြည်လို့ မရသေးတာတော့ သေခြာပါတယ်….
    မြစ်ဆုံ စီမံကိန်း လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ ပြည်သူကို တကယ် ကိုယ်စားပြုတဲ့ အပြင်… တိုင်းပြည်အကျိုး အမှန်လိုလားတာ သေခြာတဲ့ အစိုးရ မှန်ပြီဆိုမှ ပဲ ပြန်စဉ်းစားသင့်တယ်….

  • ရာဇဝင်လူဆိုး

    August 11, 2011 at 2:32 pm

    အားလုံးစိတ်မကောင်းကြဘူး..နောက်ဆို ရေရှည်မှာ နယ်ခံတွေရော တတိုင်းပြည်လုံးမှာပါ ဒုက္ခရောက်မယ်.ကိစ္စ..။ ကျနော်တို. အားလေးတွေနဲ.တော. သူတိုကဖြုံမှာမဟုတ်ပါဘူး.. တကယ် ဒီကောင်တွေနဲ. ထိပ်တိုက်တိုးနိုင်တဲ. အဖွဲ.အစည်းတွေပေါင်းပြီး ကျနော်တို.အပါအဝင် စုစုစည်းစည်း လုပ်မှ။ ကြားရသမျကတော. ရင်နာစရာတွေပါပဲဗျာ

  • Shwe Ei

    August 11, 2011 at 3:11 pm

    ခေတ်မှီဖွတ်ထွက်နေသော နိူင်ငံတော်သစ်ကြီးကို အကောင်အထည်ဖေါ်နေကြတာပေါ့လေ။
    စိတ်ဆင်းရဲစရာ အကွက်တွေမြင်ရကြားရအုံးမယ်။
    Delta သားတွေ နာဂစ်ဒဏ်ကနေ နာလံမထူနိူင်သေးခင်
    ဟင်းစားငတ်တဲ့ဘဝပါရောက်ကြအုံးမယ်။

  • pooch

    August 11, 2011 at 4:04 pm

    မြစ်ကြီးနားက သူငယ်ချင်းက ဟိုတလောကတော့ ပြောတယ် မြစ်ဆုံမရောက်သေးရင် လာကြည့်ထားတဲ့ နောက်ဆိုရင် ရှိမှာ မဟုတ်တော့ဘူးတဲ့ သူတို့ငယ်ငယ်က မြစ်ဆုံဆိုတာ စာဖွဲ့လို့တောင်မဆုံးအောင် လှတာတဲ့ အခုတော့….

  • maungmoenyo

    August 12, 2011 at 7:29 am

    Dam တခုတည်ဆောက်တာကို တင်ပြကြတဲ့ impact report မှာ ဒေသတွင်းနဲ့ ဆက်စပ်ဒေသတွေမှာ နောင် နှစ် (၅၀/၁၀၀) စသည်တို့မှာဘယ်လို အကျိုးသက်ရောက်မှုရှိမယ်ဆိုတာ၊ ရှင်းလင်းဖေါ်ပြခြင်းအလျင်းမရှိတဲ့ report ဖြစ်နေပါတယ်။ အဆိုးဆုံးက independent ဆန်းစစ်တဲ့ တတ်သိပညာရှင်များ ရဲ့ ဆန်းစစ်ချက်မရှိခြင်းဟာအဆိုးဆုံးပါဘဲ။ ရေတိုရလာမဲ့အကျိုးစီးပွားတခုတည်းကိုကြည့်ပြီး အစိုးရက သဘောတူခွင့်ပြုခဲ့ရင်တော့ သိပ်မှားမှာဘဲ။ လာမဲ့ လွှတ်တော်အသီးသီးမှာဒီကိစ္စ ဆွေးနွေးမလား၊ ဆွေးနွေးခဲ့ရင်လဲ၊ ပြီးခဲ့တဲ့ အစည်းအဝေးကြီးတုံးကလို၊ အဆိုရှင်ကပြန်ရုတ်သိမ်းတဲ့ အဖြစ်မျိုးဖြစ်သွားမလားဆိုတာ ကိုကြည့်ရပါ့မယ်။
    လက်ရှိနို်င်ငံတွင်းအရေးတကြီးဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ကိုယ်ရွေးချယ်ထားတဲ့ (မဲလိမ်တယ်ဘဲပြောပြော) အမတ်မင်းတွေ ကဘယ်အထိ လူထုအကျိုးကို ကြည့်မလဲဆိုတာ၊ ခုလာမဲ့ လွှတ်တော်တွေမှာကြည့်ကြရအောင်….

  • ရွှေဘိုသား

    August 12, 2011 at 8:34 am

    ဒါမှ တကယ်ကို ရေသည်ယောက်ျား ဖြစ်နေပြီ သူ.အဖေတရုတ်ကို ရေပါရောင်းစားတော.မှာ
    မင်းတို. သမီးတွေသာ တရုတ်တွေဆီ ရောင်းလိုက်ပါတော. နအဖ အဖွဲ.အစည်း တို.ရယ်

  • pan pan

    August 12, 2011 at 8:53 am

    ဧရာဝတီဒုက္ခရောက်ရင် တောင်သူလယ်သမားတွေလည်းဒုက္ခရောက်မယ်
    တောင်သူလယ်သမားတွေက ပြည်သူတွေရဲ့ ကျေးဇူးရှင်တွေ၊
    တောင်သူလယ်သမားတွေဒုက္ခရောက်ရင် စာနပ်ရိက္ခာခက်ခဲမယ်
    ပြည်သူတွေအကုန် ဒုက္ခရောက်မယ်
    ကုန်ဈေးနှုန်းမြင့်လာမယ်
    ဉာဏ်မှီသလောက်တွေးကြည့်တာပါ

  • ကြည့်နေကြည့်နေ၊ အဲဒီ မေခ မလိခ မြစ်ဆုံကို လုပ်ပြီးရင် တရုတ်ပြည်ကြီး ဆိုဗီယက်လို အစိတ်စိတ်အမွှာမွှာ ကွဲသွားလိမ့်မယ်။ မြေကြီးလက်နဲ့ပုတ်ရင်တောင် မှားဦးမယ်။

    • ဟိတ်လူကြီး… ဘယ်ပျောက်နေတာလဲ? ခုမှပြန်ပေါ်လာတော့တယ်
      တစ်ယောက်တည်း ရှူံးနေရတာ အားငယ်လို့.. ခုမှ အရှည်ကြီး ရှူံးတဲ့သူ ပြန်တွေ့တော့တယ်
      😀 😀 😀

  • YeMin1982

    August 16, 2011 at 8:32 am

    Plz …,
    Save our Ayerwaddy…

Leave a Reply