နှုတ်ဆက်လိုက်ပါ၏ အိုဘယ့်.. ရာဇဝင်များရဲ့ သတို့သမီး

စဆရ ႀကီးAugust 11, 20111min15413

ငါဟာ မြန်မာပါ။

ငါဟာ မြန်မာပြည်ထဲက လူမျိုးနွယ်စုတွေထဲက လူတစ်ယောက်ဖြစ်တဲ့အတွက် ငါဟာလဲ မြန်မာပါပဲ။ ဒုဋ္ဌဝတီနဲ့ ကြီးပြင်းလာရပေမယ့်လည်း သူ့ရဲ့အရှင်သခင် ဧရာဝတီကို ငါမြတ်နိုးတယ်။ ငါ့သမိုင်းမှာ ဧရာဝတီဟာ မှတ်သားလောက်စရာ ကျေးဇူးမပြုခဲ့ပေမယ့်လည်း မြန်မာနိုင်ငံ အဓွန့်ရှည်နေခဲ့ဖို့ အဓိကအကျဆုံး သမိုင်းတွေကို ဖန်တီးခဲ့လို့ ငါလေးစားတယ်။ သူစီးဆင်းနေခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ စပါးကျီ ဖြစ်ပေါ်ခဲ့ရတဲ့အတွက်လည်း ငါကျေးဇူးတင်တယ်။ ကမ္ဘာမှာ မြန်မာလို့ သိရှိစေနိုင်တဲ့ ဧရာဝတီလင်းပိုင်တွေကို ရင်ဝယ်ပိုက်ထွေး မွေးမြူစေခဲ့တဲ့ သင့်ကို ငါ ချစ်ခင်ပါပေတယ်။ နိုင်းမြစ်ကြီးလောက် မရှည်ပေမယ့် မြန်မာနိုင်ငံရဲ့ အတွင်းအကျဆုံးအပိုင်းကနေ မျိုးချစ်စိတ် ထက်သန်စွာနဲ့ နှစ်ပေါင်း ထောင်သောင်းချီအောင် စီးဆင်းနေတဲ့ သင့်ကို ငါ ချီးကျူးတယ်။ မြစ်ဝါကြီးတော့ တိမ်ကောတော့မယ်။ သူ့လူမျိုးကတော့ ချစ်ကြပါရဲ့။ ခုတော့ ကယ်ဆယ်ဖို့ အသည်းအသန် လုပ်နေကြငဲ့။ အသင့်ကိုကား သင်၏နှလုံး၊ ပေါင်းဆုံခြင်းစတင်ရာ မြစ်ဆုံကိုမှ သူတို့… လုပ်ရက်လေခြင်း။ သူ့မြေ၊ သူ့ရေ၊ သူ့လူမျိုးကိုတော့ ချစ်ကြပါလေရဲ့။ ငါ့မြေ၊ ငါ့ရေ၊ ငါ့ဧရာဝတီကိုမှ ထိုလူမိုက်များ ရောင်းစားရက်လေသလား? ဒို့ပြေ(ပြည်)၊ ဒို့မြေကြီးသာ အလျှံငြီးငြီး ရောင်ဝါကြီးနဲ့ ထွန်းလင်းခဲ့မူ အသင်သည်လည်း နှစ်ထောင်းအားရ ရှိပေလိမ့်မူ။ ပျက်တစ်ခါ၊ မလာတစ်လှည့်နဲ့ ဒီမီးရောင်နဲ့ အသက်ရှင်နေတာ ကြာလှတဲ့ ဒို့လူမျိုးလည်း နေသားကျနေပါပြီ။ ကချင်ပြည်သူတွေလည်း ကချင်ပြည်နယ်ရဲ့ အလှပဆုံးပြယုဒ်ဖြစ်တဲ့ မြစ်ဆုံလေးကို ပျက်စီးစေလိုမှာတော့ မဟုတ်ပေဘူး။ ဒို့မြေကြီးလဲ (ကာတွန်းတစ်ခုကလိုဆိုရင်) အရင်းအမြစ်တွေ ပေါပါရဲ့၊ အပေါ်ပိုင်းတွေကတော့ ခုတ်ရောင်းလိုက်လို့ ကုန်ပါရော့လား။

အို… ဧရာဝတီ။ အသင်သည်ကား ခန့်ညားလှပေ၏။ ဂုဏ်ယူဖွယ်ရာ ကောင်းလှပေ၏။ ရာဇဝင်ထဲမှ အသင့်အား ဖျောက်ဖျက်ထားမရကုန်။ အသင်ရှင်သန်နေဆဲကာလတွင် မြန်မာလူမျိူးတိုင်း ပြောစမှတ်တွင်ခဲ့ရသလို အသင်မရှိတော့သော အခိုက်တွင်လည်း မြန်မာနှင့် အသင် ခွဲခြားလို့ မရနိုင်စကောင်းပေ။ ငါသည်ကား ကြီးမြတ်တော်ဝင်သော လူတန်းစား မဟုတ်သည့်အတွက်လည်းကောင်း၊ သူရဲကောင်းတစ်ဦး မဟုတ်ခဲ့သည့်အတွက်လည်းကောင်း၊ သူ့ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးသည့်သူဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ အသင့်အား ဒီနေရာမှပင် နှုတ်ဆက်လိုက်ရပါသည်။

နောင်တစ်ကြိမ် အသင်စတင် စီးဆင်းလိုလျင် လွတ်လပ်မှုအပေါင်း ပြည့်စုံညောင်းသည့် တိုင်းပြည်ရပ်ရွာတွင်လည်းကောင်း၊ အသင့်အား ချစ်ခင်မြတ်နိုး လေးစားတန်ဖိုးထားသည့် အုပ်ချုပ်သူလူတန်းစားရှိရာ တိုင်းပြည်ရပ်ရွာတွင်လည်းကောင်း၊ အသင်၏ ဖြစ်တည်မှုကို ဂုဏ်ယူနေမည့် လူအများရှိရာအရပ်တွင်လည်းကောင်း သာယာငြိမ့်ညောင်းစွာ စီးဆင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းလျက်

ရင်..
ကွဲ..
ပက်..
လက်..
ဖြင့်…… နှုတ်ဆက်လိုက်ပါ၏။

13 comments

  • researcher

    August 11, 2011 at 9:44 am

    ဧရာဝတီအကြောင်း ဖတ်ရတိုင်း မျက်ရည်ဝဲမိပါတယ်…။

    forum မှာ ကို kai တင်ထားပေးတဲ့ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာဖတ်ရတုန်းက တကြိမ်၊ အခုတကြိမ် မျက်ရည်ဝဲရပါတယ်…။

    ကိုယ်ကပဲ ထိရှလွယ်တာလား…၊ ကိုယ့်ရဲ့ အသက်သွေးကြောကို လာရောက်ထိခိုက်လို့ပဲ နှလုံးသားမှာ နာကျင်တာလား…။ သေချာတာကတော့ ဖတ်မိတိုင်း ခံစားရပါတယ်…။

    ပြောင်းလဲမှုတွေ ဖြစ်သွားနိုင်မယ့် တနေ့ကို မမျှော်လင့်ရဲပေမယ့် မျှော်လင့်နေမိပါတယ်…။

  • weiwei

    August 11, 2011 at 10:22 am

    မြစ်ဆုံကို 2004 တုန်းက ရောက်ဖူးတယ် … တစ်နေကုန်ထိုင်ကြည့်ခဲ့တာ … နွေရာသီမှာတောင် အေးမြနေတာပဲ … နောက်မမြင်ရတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ် …

  • ကြောင်ကြီး

    August 11, 2011 at 10:27 am

    ဧရာဝတီ
    ရာဇဝင်များရဲ့သတို့သမီး
    ဆိုညည်းခဲ့ရင်ထဲ
    အစဉ်မြဲခဲ့ အိုမြန်မာ…
    ခုများတော့
    တရုတ်မုဒိမ်း
    အဟုတ်ကြိမ်းလို့
    လာတော့မှာ…
    နာချီခံခက်
    ရှက်လျက်နဲ့သေ
    ပြုသမျှနုရတဲ့
    ဘဝတွေ…။။

  • manawphyulay

    August 11, 2011 at 10:45 am

    ဧရာဝတီ…. တဲ့
    အသက်ပေါင်းများစွာ ချွေးသွေးရင်းဖြစ်တည်လာတဲ့ ဧရာဝတီ
    အားလုံးကို မျှဝေပေးတဲ့ ဧရာဝတီ
    ဖြစ်တည်လာတဲ့ နှစ်ပေါင်းချီ ဒို့ ဧရာဝတီ
    နာဂစ်မုန်တိုင်း ဝင်နှောက်တဲ့အခါ တောင့်ခံနိုင်တဲ့ ဧရာဝတီ
    အားလုံးရဲ့ ဧရာဝတီ
    တစ်သက်မမေ့နိုင်ပေသည်… တို့ဧရာဝတီ

  • Shwe Ei

    August 11, 2011 at 11:28 am

    အမေ မွေးကတည်းက ဧရာဝတီရဲ့ သံစဉ်ကိုအရင်ဆုံးကြား
    ဧရာဝတီရဲ့ အလှကိုအရင်ဆုံးခံစားခဲ့ရပေမဲ့
    ဧရာဝတီရဲ့ တန်ဖိုးကိုတော့ အခုမှဘဲနားလည်ရပါတော့တယ်။
    အိမ်ပြန်ဖြစ်ရင် ဓါတ်ပုံမှတ်တမ်းတင်နိူင်အောင်ကြိုးစားအုံးမယ်။

  • hmee

    August 11, 2011 at 12:16 pm

    မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ စာပေဟောပြောပွဲ အသံဖိုင် နားထောင်တော့ စိတ်မကောင်းဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 11, 2011 at 1:14 pm

    ကျုပ်ကတော့
    ရွှေဘိုမှာမွေးတယ်
    ဘီလူးကျွန်းမှာ ကြီးလာတယ်
    ခု နိုင်ဂျံဂါးမှာနေတယ်
    ဆိုတော့ကာ
    ဒီအကြောင်းတွေကို ကျုပ်လက်လှမ်းမှီသ၍ လူတွေကို လေ့လာ စကားစမြည်းပြောကြည့်ဘူးတယ်
    အချို့အကြောင်းအရာတွေကို ပရင့်ထုပ်ပြီး ဖတ်ကြည့်စေဘူးတယ်
    တစ်နည်းအားဖြင့် ကျုပ်တတ်နိုင်သလောက် အနီးကပ် လေ့လာကြည့်တာပေါ့နော
    ကိုယ့်ဖင်ကိုယ်မပြီးပြောရရင် သုတေသနလုပ်တာပေါ့
    ကျုပ်ကဘဲအတွေးနက်သလား တိမ်သလား အူကြောင်ကြောင်ဖြစ်သလားမသိဘူး
    လူတော်တော်များများဟာ ဝမ်းနည်းစရာကောင်းလောက်အောင်
    ဂရုမစိုက်ကြတာကိုတွေ့ရတယ်ဗျ
    အထူးသဖြင့် ဘာမှ နားမလည်တားတော့ ပြောရခပ်ခက်ခက်ဘဲ
    ဆိုခြင်တာက
    ကိုယ့်ရဲ့မွေးရပ်မြေ ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိကြဘူးလို့ ပြောရင်
    သိပ်ကြီးကျယ်တဲ့စကားဖြစ်မလားလည်းဆိုနိုင်ဘူးနော
    ဒါ့ကြောင့်
    ဒီလိုအကြောင်းအရာတွေကို အခြားအခြားသော သူတွေ
    ဖတ်ရှုနိုင်အောင် သိရှိနိုင်အောင်
    ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲလို့ ဖောလ်ကြည့်တာ
    ကျုပ်ပြောခဲ့ပြီးသလို ကျုပ်အရက်ဘိုးတွေကို ရင်းနှီးပြီး
    ပရင့်ထုပ်ထားတဲ့စာအချို့ကို ဖြန့်ဝေတဲ့အပေါ်မှာ လူအချို့က
    စိတ်ဝင်စားလာတာတွေလည်းရှိတယ်ဗျ
    ဒီတော့ကာ
    ခင်ဗျားတို့ရော
    ဘာတွေလုပ်ကြည့်ဘူးသလဲ
    လာတော့မဖောလ်နဲ့နော် အောင်ပုကို
    ကျုပ်က တတ်နိုင်သလောက် ကွင်းဆင်းထားပြီးပြီ
    အထူးပြောခြင်တာက
    ခင်ဗျားတို့ရဲ့ ဝမ်းနည်းပက်လက် ပဆိုးခြုံ အီးပေါက်ပြီး ကိုယ့်အီးကိုယ်ပြန်ရှုနေတတ်တဲ့
    အကျင့်တွေကို…

  • researcher

    August 11, 2011 at 1:51 pm

    နိုင်ငံရေးပါတီ ဆိုတာဘာလဲ – နိုင်ငံ့အရေးကို ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူးလား၊

    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆိုတာဘာလဲ – ပြည်သူတွေရဲ့ အရေးကိစ္စတွေကို ပြည်သူတွေရဲ့ ကိုယ်စား လွှတ်တော်မှာ ပြောဆိုဆွေးနွေးနိုင်ဖို့ ပြည်သူတွေက ရွှေးချယ်ထားတဲ့ သူတွေမဟုတ်ဘူးလား၊

    ဒေါ်အောင်ဆန်းစုကြည် ဆိုတာဘယ်သူလဲ – ပြည်သူတွေက လေးစားတဲ့၊ တိုင်းပြည်နဲ့ လူမျိုးကိစ္စတွေကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်တဲ့၊ သန်း (၆၀) ကျော်တဲ့ မြန်မာပြည်သူတွေကို Organize လုပ်နိုင်တဲ့၊ Lead လုပ်နိုင်တဲ့ အမျိုးသားခေါင်းဆောင် မဟုတ်ဘူးလား၊

    ပြည်သူတွေဆိုတာ – မြန်မာ့မြေမှာနေ မြန်မာ့ရေကိုသောက် မြန်မာပြည် ဒုက္ခရောက်မယ့် အရေးကို ကာကွယ်ဖို့ တာဝန်ရှိတဲ့သူတွေ မဟုတ်ဘူးလား၊

    …ကျွန်တော်တို့ ဧရာဝတီကို ကာကွယ်ဖို့ ဘယ်လမ်းကြောင်းက သွားရင် အထိရောက်ဆုံးဖြစ်မယ် ဆိုတာ ရွေးချယ်ကြရပါမယ်။ …

  • kai

    August 11, 2011 at 2:11 pm

    “ရာဇဝင်များရဲ့ သတို့သမီး” – ထူးအိမ်သင်

    ကွယ်လွန်ပြီးသော အိပ်မက်များ
    ထာဝစဉ်လဲလျောင်းအိပ်စက်ရာ
    ဣန္ဒြေ ကြီးမားလွန်းတဲ့
    ဒီမြေမှာ တို့ရဲ့သွေးတွေ
    ဖြတ်သန်းရင်းနဲ့စီးဆင်း
    သူဟာရာဇဝင်များရဲ့
    လျှို့ဝှက်ချက်တို့ သိမ်းဆည်းထား
    ဧရာဝတီ…..

    ရွှေအတိပြီးသော မြို့ပြများ
    အစဉ်အလာကြီးမားခဲ့ကြရာ
    ရာဇဝင်ဟောင်းရဲ့အမှတ်တရ
    ဒီမြေဟာ တို့ရဲ့အမိမြေ၊
    ယဉ်ကျေးမှုရဲ့နှလုံးသား
    ရှင်သန်စေသူ တန်ခိုးရှင်
    အခမ်းအနားဆုံး သက်ရှိကဗျာ
    ဧရာဝတီ…..

    (ရာဇဝင်များရဲ့ သတို့သမီး…
    ငါတို့ရဲ့ မိခင် ဧရာဝတီ)၃

    ပိုင်ဆိုင်မှုအတွက် စစ်မက်များ
    ရင်ဆိုင် တိုက်ခိုက်ခဲ့ကြရာ
    ဂန္ထဝင်မြောက်တဲ့ အချစ်နဲ့ ကာကွယ်သူတို့ရဲ့ ဓားတွေ၊
    သူရဲကောင်းတို့ မွေးဖွား
    ဒါဟာငါတို့သမိုင်းရဲ့
    တောက်ပခဲ့တဲ့ နေ့ရက်များ
    ဧရာဝတီ……

    ရာဇဝင်ဟောင်းရဲ့ သချုႋင်းရာ
    ရာဇဝင် သစ်တို့ မွေးဖွားရာ
    ရွှေရောင်နေ့သစ်များ အတွက်
    ရင်ခုန်သူတို့ရဲ့ သီချင်းတွေ
    ပျိုမျစ် စိမ်းလန်းရေးအတွက်
    ယုံကြည်သူတွေ အသက်နဲ့
    ထုဆစ်ခဲ့တဲ့အိပ်မက်များ
    ဧရာဝတီ……

    (ရာဇဝင်များရဲ့ သတို့သမီး….ငါတို့ရဲ့ မိခင် ……ဧရာဝတီ……..)

  • ရာဇဝင်လူဆိုး

    August 11, 2011 at 2:53 pm

    ခက်တာက ပြည်သူတွေအားလုံးကို အကြောက်တရားဆို ဘောင်ထဲမှာ အတင်းပုံစံခွက်သွင်းထားတာ နှစ် ၂ဝ ကျော်ပါ။ စီပွားရေး ပညာရေးဖိနှိပ်ထားတော. အတွေးအခေါ်..ဗဟုသုတ အမြင်ဆိုတာတွေဝေးရော။ ဘာလုပ်လုပ် ဘာပြောပြော ဖမ်းမယ် ။ ထောင်ချမယ် ။ တောင်းဆိုရင် ပစ်မယ်ပေါ.။ စိတ်သာရှိပြီး ရုံးထဖို.အခွင်.မသာ၊ တောင်ဆိုဖို. မရဲနိုင်သေးတဲ. ပြည်သူတွေကို ..ပြည်သူတွေအတွက်ကောင်းဖို.လုပ်နေပါတယ်ဆိုတဲ. အဖွဲ.တိုင်းက ရှေ.ကထိရောက်တဲ. ဦးဆောင်မှုတွေ လုပ်ပြ လုပ်ပေးနိုင်မှ ၊ ပြည်သူကိုလဲ အခွင်.အရေးတွေ ကာကွယ်ပေးမှ ခဲမှန်ဖူးတဲ. စာသူငယ်ဘဝကနေ ၊ ကျားနာတစ်ကောင်လိုပြန် ဖြစ်လာမှာပေါ.။ ခုလဲ အားလုံးစိတ်ထဲမကောင်းနိုင်ကြပေမယ်. ..ပြည်သူ.အတွက်ပါလို.ပြောတဲ ဘယ်သူတွေ၊ ဘယ်အဖွဲ.အစည်းတွေက ကျနော်တို.လိုပြည်သူတွေရှေ.က သေချာဦးဆောင်ပြီး ဒီကိစ္စကို ထိရောက်တဲဆွေးနွေးတောင်းဆိုမှုတွေ ၊ ရပ်တန်.သွားဖို.တွေ လုပ်ကြလို.လဲ..။ တစ်ချို.ကတော. သေချာလိုက်လုပ်နေကြတဲ.သူတွေ တွေ.ရပါတယ်..ဒါပေမယ် ဒီကိစ္စ ဒီထက်ပိုတဲ. အင်အားစုနဲ.မှ ရင်ဆိုင်နိုင်မှာဆိုတာ သေချာ ကျနော်တို. သိသင်.နေပါပြီ..။ ( ၂ ခါရှုံးမှာစိုးလို. ဝမ်းနည်းပက်လက်ရော ဝမ်းနည်းမှောက်ရက်ရော မဖြစ်ပါ) …

  • moethidasoe

    August 12, 2011 at 6:36 am

    ဘယ်လိုပင်ပြောပြော .. သူုတို့ လွန်ဆန်လို့ မရတဲ့ လူကြောင့် အများပြည်သူရဲ့မျက်နှာကို ကြည့်ပါ့ မလားလို့ ထင်မိတယ် .. သူတို့လဲ မသိတာမဟုတ် .. ဒါပေမယ့် စားထားတာ လက်လွန်နေပြီ .. လည်ချောင်းထဲက ပြန်ထွက်တော့မယ်

  • pooch

    August 12, 2011 at 7:37 am

    ဧရာဝတီနှင့် အတူ ပျောက်ကွယ်သွားမဲ့ ဘဝပေါင်းများစွာအတွက် ..ဝမ်းနည်းမှုများစွာနဲ့ငိုကြွေးသံတွေ….
    သူတို့တတွေ ကြားမှ ကြားနိုင်ပါလေစ…..

Leave a Reply