김치 လုပ်စားကြမယ်

etoneAugust 11, 20113min26016
မုန်ညှင်းထုတ်ကို ရေဆေးပြီး ဆားနယ် ၊နှပ်ပြီး ခဏထားပုံပါ

 

 

မုန်လာဥတွေကို အခွံနွှာ ... ရေဆေးပြီး ... အတုံးသေးလေးတွေ စင်းဖို့ ... အဆင်သင့်ပြင်ထားတာပါ

 

မုန်လာဥနီလေးကို အခွံနွှာ ရေဆေးပြီး ... ပါးပါးအနေတော်လှီးထားတဲ့ပုံပါ ။
ဒါကတော့ ... ကြက်သွန်ဖြူကို အခွံနွှာပြီး ရေစင်အောင်ဆေးထားတာပါ ... ပြီးလျှင် အနေတော် ခပ်ပါးပါးလှီးပါမယ် ..

 

ကြက်သွန်မြိတ်ကို ရေဆေးထားတာပါ ... ပြီးလျှင် လက်တစ်ဆစ်အရွယ်လေးတွေ တုံးပါမယ် ။

 

ဒါကတော့ ဂျုံမှုန့်ကို မပျစ်မကျဲလေး ကြိုထားပြီး အအေးခံထားတာပါ ။
ကြက်သွန်နီကို အခွံနွှာပြီး ရေစင်အောင်ဆေးထားတာပါ ...ပြီးလျှင် slide လေးတွေ ဖြစ်အောင် လှီးပါမယ်

 

ဒါကတော့ ဂျင်းကို ကြေညက်နေအောင် ထောင်းထားတာပါ ။

 

ဒါကတော့ ... ငရုတ်သီး အရောင်တင်မှုန် ့ပါ ... ဒီမှာလည်း ရှိပေမဲ့ ကိုရီးယားက အင်ပို့ လုပ်လာတာပါ
ဒါကတော့... နောက်ဆုံးမြင်ရမဲ့ 김치 ဖြစ်ပါတယ် ။ ဂျုံနှစ်များများ ထည့်နယ်ထားလို့ မုံညင်းထုတ်လေးတွေကိုတောင် အုပ်နေပါတယ် ။

 

ဒါကတော့ အနှစ်နည်းနည်းလေးပဲ ထည့်နယ်တဲ့ ပုံပါ ။

မနက်က မဝေရဲ့ ရေညှိ김 밥 အကြောင်းလေး ဖတ်ပြီး ရုံးက ကိုရီးယားမ သူ့အမျိုးတွေကို လက်ဆောင်ပေးဖို့ …  김치 လုပ်နေတာတွေ့လို့ …  ဓါတ်ပုံရိုက်ပြီး … မှတ်တမ်းတင်ထားလိုက်ပါတယ် … ။ ရွာထဲမှာ ဖောက်သည်ပြန်ချဖို့ .. ကော်နက်ရှင်က ဗလောင်းဗလဲ လုပ်နေတာနဲ့ …  နှစ်ရာရီလောက် အချိန်ယူပြီး ပုံတွေ စောင့်တင်လိုက်ရတယ် .. ။

ပါဝင်တဲ့ ပစ္စည်းတွေကတော့ … မုန်ညင်းထုတ် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ မုန်လာဥ အဖြူ ၊ မုန်လာဥ အနီ ၊ ဂျင်း ၊ ငရုတ်သီးအရောင်တင်မှူန် ့နဲ့ … ကိုရီးယားဆား 소금 တို့ပါပဲ … ။

ပထမအဆင့်အနေနဲ့ … မုန်ညှင်းထုတ်ကို ရေစင်အောင် ဆေးပါမယ် .. ပြီးလျှင် … နည်းနှစ်မျိုးနဲ့ တုံးပါမယ် … ပထမနည်းကတော့ … လက်နှစ်ဆစ်အရွယ်လေးတွေဖြစ်အောင် တုံးပြီး သက်သက်ဖယ်ထားပါ… ဒုတိယနည်းကတော့.. မုန်ညှင်းထုတ်ကို ဒီအတိုင်း အလက်က ထက်ခြမ်းခြမ်းပြီး အရှည်လိုက်အဖတ်လေးတွေဖြစ်အောင် နွှင်ထားရပါတယ် … ။ ပြီးတဲ့အခါ … တုံးထားတဲ့ အပိုင်းတွေကို ခွဲပြီး ဆားနဲ့.. နယ်ထားရပါမယ် .. ခဏကြာတော့.. ရေတထပ်ပြန်ဆေးရပါမယ်…ထိုအချိန်မှာ မုန်ညှင်းထုတ်တွေ .. နွမ်းနေတာ မြင်ရပါလိမ့်မယ် .. ။

ဒုတိယအဆင့်အနေနဲ့.. မုန်လာဥဖြူ ၊ မုန်လာဥနီကို အခွံနွှာပြီး .. ခပ်ပါးပါး လက်တဆစ်အရွယ်လေးတွေ တုံးရပါမယ် … ဥနီကိုတော့ပိုလို့ ပါးအောင် တုံးပေးရမယ် … ။ နောက်ထပ် ကြက်သွန်မြိတ်ကိုလည်း သန့်စင်အောင်ဆေးပြီး .. လက်တစ်ဆစ်အနေထား တုံးထားရပါမယ် … ။

တတိယ်အဆင့်ကတော့ ..ကြက်သွန် အဖြူနဲ့ အနီကို ခွှာထားရပါမယ် .. ဂျင်းကိုလည်း ခွာပြီး ရေစင်အောင်ဆေးထားရပါမယ် … ။ ပြီးလျှင် .. ဂျုံမှုန် ့ကို ရေနည်းနည်းရောပြီး ခပ်ပျစ်ပျစ်လေး ဖြစ်အောင် မီးပေါ်ပေါ်တင်ထားရပါမယ် … ။ လိုချင်တဲ့အနေထားလေး ရောက်တဲ့အခါ .. မီးဖိုပေါ်ကပြန်ချပါ … ။ ပြီးတာနဲ့…အအေးခံထားပါ…။ အဲ့ဒီအချိန် ဂျင်းနဲ့ ကြက်သွန်ဖြူ ဆတူရောပြီး ကြေညက်နေအောင် ထားရမှာပါ .. ။ ကြက်သွန်နီကတော့ သာမန်လှီးသလိုပဲ လှီးရပါမယ်… ဒါပေမဲ့ .. အရမ်းပါးလှပ်နေအောင်တော့ မဟုတ်ဘူးပေါ့… ။

စတုထ္ထအဆင့်ကတော့… ဇလုံကျယ်ကျယ်တစ်ခုကိုယူပြီး … မုန်ညှင်းထုတ်(လှီးပြီးသား နှစ်မျိုးမှ တမျိုး)စီကို ယူပြီး … ဂျုံကြိုထားတာရယ် .. ကြက်သွန်နီ လှီးထားတာရယ် ၊ မုန်လာဥဖြူ၊နီ လှီးထားတာရယ်နဲ့.. ရောနယ်ပါတယ် … ထို့နောက်.. ထောင်းထားတဲ့ ကြက်သွန်ဖြူ ၊ ဂျင်းတို့နဲ့ ရောပါ … ဟင်းချက် အရောင်တင် ငရုတ်သီးမှုန့်လည်း ရောနယ်ပါ … ဆား၊ သကြားလိုသလောက် သမအောင် နယ်ပြီးလျှင် … ဗူးအလွှတ်ထဲ လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲထည့်ထား … တရက်ကြာလျှင် စားလို့ ရပါပြီ .. ကြာကြာထားလေ ပိုချဉ်လေဖြစ်တယ်လို့ .. သိရပါတယ်.. ။

ဂျုံနှစ်များများနဲ့စားချင်လျှင်တော့… မုန်ညှင်းထုတ်ကို အသေးလေးတွေ တုံးရမှာပါ … ပြီးတော့ အနှစ်များများ ထည့်နယ်ရပါမယ်.. ။

ဂျုံနှစ်နည်းနည်းနဲ့ပဲစားချင်လျှင်တော့ … မုန်ညှင်းကို အရှည်လိုက်ထက်ခြမ်းခွဲလှီးတဲ့နည်းက ပိုကောင်းပါတယ်လို့ … ရှင်းပြပါတယ် .. ။

ကိုယ်တွေအတွက် ဘာမှ မဟုတ်ပေမဲ့..သူတို့တွေကတော့ တနေ့မစားရလျှင် သေမလို ခံစားရပါသတဲ့လေ … ။ အရင်ကဆို ကိုရီးယားကနေ လုပ်ပြီးသား ခိုးခိုးသွင်းပေမဲ့… ပစ္စည်းထုတ်တဲ့အခါ ရက်ကြာတာမျိုး ၊ ကာစတန်ဖြတ်ရတာ အဆင်မပြေတာ မျိုးတွေကြောင့်.. အခုတော့.. ဟင်းချက်ပစ္စည်းတွေပဲ အင်ပို့လုပ်ပြီး … အသီးရွက်တွေ ဒီကပဲ ဝယ်လုပ်စားဖြစ်တော့တယ်တဲ့လေ … ။

 

 

 

 

16 comments

  • နွယ်ပင်

    August 11, 2011 at 4:26 pm

    etone များ စိတ်ရှည် လက်ရှည် ကိုယ်တိုင်လုပ်ထားတာလား ဆိုပြီး
    ကွန်မကောင်းတဲ့ကြားက အားပါးတရ ဖွင့်လိုက်တာ ရုံးက ကိုရီးယားမ
    လုပ်တာပါလား 🙂 ဘာပဲ ဖြစ်ဖြစ် နည်းလမ်းလေး သိအောင် တင်ပေးတာ
    ကျေးဇူးပါ .

    • etone

      August 12, 2011 at 8:16 am

      လုပ်စားရမှာ ပျင်းတယ် နွယ်ပင်ရဲ့… အလုပ်ကလည်း ပင်ပမ်းသေး … ချက်ဖို့ ပြုတ်ဖို့လည်း ပူရသေးဆို အာရုံနောက်လွန်းလို့ .. စားဖို့ သောက်ဖို့ ကိစ္စတွေကို သိပ်ပြီး တခန်းတနားလုပ်မစားဖြစ်ဘူး … အဲ့ဒီအချိန် အိပ်ပြီး အနားယူတယ် … သူများ လုပ်ကျွေးလျှင် စားတယ် … မလုပ်ကျွေးလျှင် ဝယ်စားတယ် … ။ အဲ့ဒီကင်မ်ချီစားချင်ရင်တော့ … တောင်းစားလိုက်တယ် ဟဲ ဟဲ 😛

  • pan pan

    August 11, 2011 at 5:03 pm

    မနေ့ကတောင် စီးတီးမတ်သွားဖြစ်လို့ ကင်ချီလုပ်ပြီးသားတစ်ထုပ်ဝယ်လာသေးတယ်
    (အသီးအရွက်ပဲဖြစ်ပေမယ့်)ဈေးကြီးတယ်၊ အဲဒါကြောင့် တစ်ထုပ်ပဲဝယ်လာတာ
    ကိုယ်တိုင်လုပ်တတ်ရင်ကောင်းမှာပဲလို့တွေးနေတာ မetoneပြောပြလိုက်တော့ အိုကေသွားတယ်
    ရှဲရှဲနိနော် အစ်မ
    ကိုရီးယားကင်ချီနဲ့ ဂျပန်ကဟာ ဘယ်ဟာပိုကောင်းလဲမသိဘူး
    ကျွန်မအဒေါ်ကတော့ ကိုရီးယားမှ ကိုရီးယားပဲ
    ဇာတ်ကားတွေကြည့်ြ့ပီး ဇာတ်ကားကောင်းတိုင်း ကင်ချီလည်းပိုကောင်းမယ်ထင်နေပုံရတယ် 😀

  • တညင်သား

    August 11, 2011 at 11:56 pm

    ခေါင်းစဉ်က 김밥 တဲ့ ပြုလုပ်ပုံ ကတော့ 감치 ဘယ်လိုလဲ မသိဘူး ကိုရီးယားဆား 소금 နဲ့ မြန်မာပြည်က ဆား ဘာကွာလဲလို့ မေးပေးပါ ..:( ဂျုံမှုန့်က ဘာလို့ ထည့်တာလဲ သိချင်ပါတယ်…

    • etone

      August 12, 2011 at 8:18 am

      သူတို့ဆားက မှုန် ့ညက်နေပြီး အရမ်းလည်း ခြောက်သွေ ့တယ် … ဒါပေမဲ့ အရသာကျတော့ .. ဒီကဆားလို ငန်တူးနေတာမျိုးမဟုတ်ဘူး … အချိုလေးလည်း နည်းနည်းပါတယ် … ။

    • ttm

      August 12, 2011 at 8:49 am

      ဂျုံမှုန့်ကို ကျိုပြီးထည့်တာ အချဉ်ပေါက်အောင်ပါ။

  • shwe ni

    August 12, 2011 at 12:27 am

    etone ရေtitle ကိုနည်းနည်း ပြန်စစ်ကြည့်ပါလား / နောက်စာလုံးက ဖ (သို့) ဘ သံထွက်နေတော့ ကင်ဖတ်ဖြစ်နေတယ်

    • etone

      August 12, 2011 at 8:14 am

      ဟုတ်တယ် မရွှေနီရေ … မနေ့က ပို့စ်တင်တုန်းက ပြန်မကြည့်မိပဲ … တင်လိုက်ရော ပြီးတော့ သိသိချင်း အက်ဒစ်လုပ်တာ မရတော့ဘူး … ဒေတာ ဘေ့စ် အယ်ယာပြနေတယ် ဒါနဲ့ ရုံးဆင်းသွားတာနဲ့ အက်ဒစ်မလုပ်ရတော့ဘူး … ။ အဲ့ဒီတုန်းက ကင်မ်ချီ김치 နဲ ့ ကင်မ်ဘဖ်김밥 ရေးရမှာ ….ဂါချီနဲ့ ..감치 ဂါဘဖ် 감밥 ဖြစ်နေတယ် … ။
      အားကိုးတကြီးနဲ့ … ဟိုလူကြီး ကိုပြင်ခိုင်းတာ … အပျော်ကြံတယ်လေ 😀 ပြင်လိုက်တော့မှ ကင်ဖ်ဘဖ်က ခေါင်းစဉ်ဖြစ်သွာတယ် … ။ ဒီမနက်ပြန်ကြည့်တော့ ပြူးတူ ပြဲတဲကြီးတွေ့မှ … အခုလေးတင် ပြင်လိုက်ပြီ … ဟဲ ဟဲ 😀 😀 😀

  • pan pan

    August 12, 2011 at 8:40 am

    ကိုရီးယားအရောင်တင်မှုန့်က ဘယ်မှာဝယ်လို့ရလဲ
    ဒီကအရောင်တင်မှုန့်သုံးရင်ဖြစ်လား
    ကျွန်မအဒေါ်က ငြုတ်သီးအပွကို ထောင်းထည့်မယ်လုပ်နေလို့
    ဆားကတော့ ဒီကဆားကိုသုံးမယ်၊ ပြီးမှ သကြားနည်းနည်းထည့်လိုက်တော့မယ် 🙂

    • etone

      August 12, 2011 at 8:45 am

      စီးတီးမက်တွေမှာရှိတယ် ပန်ပန်ရဲ့ …. ။ အထုတ်အရွယ်စားစုံ ဝယ်လို့ရတယ် … ။ မဝယ်ချင်လည်း အိမ်မှာသုံးတဲ့ အရောင်တင်မှူန် ့သုံးလို့ ရတာပဲ … ။ ကိုယ်တွေသုံးနေတာက အရောင်းရဲလည်းရဲ စပ်လည်း စပ်ပေမဲ့..သူတို့ဟာက အရောင်ပဲလှပြီး အရမ်းကြီးမစပ်ဘူး ။ 🙂

      • pan pan

        August 12, 2011 at 9:09 am

        ဟုတ်ကဲ့အစ်မ
        လောလောဆယ်တော့ ဒီကအရောင်တင်နဲ့ပဲ လုပ်ကြည့်လိုက်ဦးမယ်
        အိမ်ကလူတွေ ကင်ချီရောဂါထနေလို့ 😀
        အဖေကတော့ပြောနေတယ် နင်တို့ပြောတဲ့ကင်ချီက ရှမ်းချဉ်လို့ပါပဲတဲ့

  • Ma Sweet

    August 12, 2011 at 8:45 am

    ကိ်ုရီးယား ကင်ချီ နဲ့ အရမ်းပြောနေကြလို့ ဘယ်လိုလဲလို့ မဆွိတို့ဆီက မုန်ညှင်းချဉ်ပါပဲနော်
    သူတို့နည်းက တမျိုးပေါ့ ။ ကင်ချီလုပ်တာသိချင်နေတာနဲ့ အတော်ပဲ ခုမှပဲနည်းသိတော့တယ်။
    ခုလိုတင်ပြပေးတာ ကျေးဇူးတင်ပါတယ် etone ရေ ။ 🙂

    • etone

      August 12, 2011 at 8:47 am

      မဆွိရေ.. ဒီက မုန်ညှင်းချဉ်က ချဉ်ဖတ်တမျိုးပဲ သုံးလို့ရတယ်လေ … သူတို ့ကင်မ်ချီက အစိမ်းစား၊ ကြော်လှော် ၊ သုတ် နဲ့ … ဟင်းရည်ပါ လုပ်လို့ရသတဲ့ … ။ 😛

  • weiwei

    August 12, 2011 at 9:52 am

    ဂျုံမှုန့်မပါပဲနဲ့ လုပ်စားဖူးတယ် …. ၃ ရက်လောက်ထားလိုက်တော့ ကင်ချီဖြစ်သွားတယ် ..
    ဒါပေမယ့် အနံ့ပြင်းလို့ အခုနောက်ပိုင်း မလုပ်စားဖြစ်တာတောင်ကြာပြီ …
    ဂျုံမှုန့်ထည့်ပြီး တစ်ခါလောက် စမ်းလုပ်ကြည့်လိုက်အုန်းမယ် ….

  • hmee

    August 12, 2011 at 2:42 pm

    အီးတုံးရေ ဒီမှာ မုန်ညှင်းထုတ်တွေ ၂ထုပ် ၅ကျပ် လျှော့တာနဲ့ ၁ဝဖိုးဝယ်ပြီး လုပ်ထားတာပေါ့။ ပြီးတော့ ရေခဲသေတ္တာထဲထည့် ခေါက်ဆွဲပြုတ်ထဲ ထည့်စား ယောက်ကျားက ပြောနေတယ် မင်းကတော့ ကိုရီးယားကားတွေ ကြည့်ပြီး ရူးနေပြန်ပြီတဲ့။ ဒါပေမဲ့ မုန်လာဥ အဖြူထည့်တာတော့ မသိဘူး။ နောက်တခါမှ ထည့်ကြည့်ဦးမယ်။

Leave a Reply