ဟင်းသီးဟင်းရွက်စားခြင်း၏ အကျိုးကျေးဇူးများ

chit layAugust 11, 20111min1406

“ အာရောဂျံ ပရမံ လာဘံ “ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးတဲ့… ကျန်းမာမှ အလုပ်လုပ်နိုင်မည်။ အလုပ်လုပ်နိုင်မှ စားဝတ်နေရေး ပြေလည်နိုင်မည်။ ကျန်းမာစဉ်က စိတ်သွားတိုင်း ကိုယ်ပါပြီး အလုပ်လုပ်နိုင်ခဲ့သမျှ မကျန်းမာသောအခါမှ ကျန်းမာခြင်း၏တန်ဖိုးကို သိမည်ဖြစ်သည်။ ကျွန်မတို့နေ့စဉ် အသား၊ငါး၊ဟင်းသီးဟင်းရွက်များကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ချက်ပြုတ်၍ စားသောက်ကြပါတယ်။ အစာလဲဆေး ဆေးလဲအစာဆိုသကဲ့သို့ ကျွန်မတို့စားသောက်နေသော ဟင်းသီးဟင်းရွက်များတွင် ကင်ဆာဆန့်ကျင်သော ဝတ္ထုပစ္စည်းများဖြစ်သည့် ဗီတာမင်ဓာတ်၊ ကလိုရိုဖီးလ်ဓာတ်၊ ဘီတာကယ်ရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ထုံးဓာတ်၊ မလေဘီနွိုက်ဓာတ်၊ သတ္တုဓာတ်တို့ ပါဝင်ပေသည်။ သက်စောင့်ဓာတ်ဖြစ်သော ဗီတာမင် (A) ဓာတ်သည် မျက်စိအမြင်အားကောင်းစေရုံမက အသားအရေကိုလဲ စိုပြည်လှပစေသည်။ (A) ဓာတ် ချို့တဲ့လျှင် ကြက်မျက်သင့်ခြင်း၊ ကြာဆူးအဖုထွက်ခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် ဗီတာမင် (A) ဓာတ်များပါဝင်သော ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ဒန့်ဒလွန်ရွက် တို့ကို စားသုံးပေးသင့်သည်။ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များတွင် ပိုလစ်အက်စစ် ဗီတာမင် (B) ဓာတ် များပါဝင်သည်။ ပိုလစ်အက်စစ် ပါဝင်သောကြောင့် စိတ်ဓါတ်ကျခြင်းကို ကာကွယ်ပေးပြီး များများစားသုံးလျှင် ရင်သားကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးသည်။ အချဉ်ဓာတ်ရှိသော အသီးအရွက်များတွင် ဗီတာမင် (C ) ဓာတ်များပါဝင်သောကြောင့် အနာဂေါရာ ကင်းဝေးစေသည်။ အမူးအမော်များကို ပျောက်ကင်းစေပြီး စိတ်ကိုရွှင်လန်းစေသည်။ ထို့ကြောင့် ဗီတာမင် (C ) ဓာတ်ပါဝင်သော သံပုရာ၊ ရှောက်၊ ဇီးဖြူ၊ ဖန်ခါး၊ ကင်ပွန်းချဉ် အစရှိသည့် အသီးအရွက်များကို အလျဉ်းသင့်သလို စားသုံးပေးသင့်သည်။ ပဲပင်ပေါက်၊ ဝါစေ့ပင်ပေါက်၊ နေကြာစေ့ စသည်တို့တွင် ဗီတာမင် (E) ဓာတ်များပါဝင်ပေသည်။ အသီးမှရသောအစေ့များတွင် ကလိုရိုဖီး(လ်)ဓာတ်များပါသည်။ ကလိုရိုဖီး(လ်)မှာ မဂ္ဂနီစီယမ် သတ္တုဓာတ်ပါသဖြင့် သွေးနီဥဖြစ်တည်မှုကို အားပေးသော သံဓာတ်အစား မဂ္ဂနီစီယမ်ဓာတ်ကို အစားထိုးအသုံးပြုနိုင်သည်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များများ စားသုံးလျှင် သွေးအားနည်းရောဂါကို ကာကွယ်ရုံမက အမျိုးသမီးများအရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်သည်။ ကလိုရိုဖီး(လ်)သည် ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်သောကြောင့် ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်းနှင့် ခံတွင်းနံ့မကောင်းခြင်းတို့ကိုလည်း ပျောက်ကင်းစေသည်။ အနီရောင်၊ အဝါရောင်ရှိသော အသီးများ ဥပမာ – ခရမ်းချဉ်သီးမှည့်၊ မုန်လာဥနီ၊ ရွှေကန်စွန်းဥ၊ သရက်သီးမှည့် စသည်တို့တွင် ဘီတာကယ်ရိုတင်းဓာတ် ပြည့်ဝစွာပါဝင်သောကြောင့် ကင်ဆာအလုံးအကျိတ်ဖြစ်ခြင်းကို ဟန့်တားနိုင်သော သတ္တိရှိသည်။ လူ့ခန္ဓာကိုယ် အညစ်အကြေးကင်းစင်ရန်အတွက် အမျှင်ဓာတ်လိုအပ်သည်။ အမျှင်ဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ အစာခြေအဖွဲ့နှင့် အူလမ်းကြောင်းအတွင်း အစာဟောင်းစွန့်ပစ်ခြင်း၊ အူလမ်းကြောင်းသန့်စင်စေခြင်း တို့ကိုလုပ်ပေးသည်။ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါ၊ အူမကြီးကင်ဆာ၊ အူရောင်ငန်းဖျားရောဂါစသည့် အူလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်းနှင့်ဆိုင်သော ရောဂါများအတွက် ကာကွယ်ပေးသည်။ အသီးအရွက်များတွင် အမျှင်ဓာတ် အများဆုံးပါဝင်သည်။ ရှေးလူကြီး မြန်မာလူမျိုးများသည် နေ့စဉ်လက်ဖက်လေးကို တမြုံမြုံစားတတ်သောအကျင့်ရှိသည်။ အိမ်သို့ ဧည့်သည်များလာလျှင်လည်း လက်ဖက်နှင့်ရေနွေးကို တည်ခင်းကျွေးမွေးကြသော ဓလေ့ရှိသည်။ လက်ဖက်ကိုပုံမှန် နေ့စဉ်စားသုံးလျှင် အစဉ်နုပျို ကျန်းမာပြီး အဆီဓာတ်လျော့နည်းစေပါသည်။ စိတ်ဖိစီးမှုကို သက်သာစေသဖြင့် နှလုံး၊ သွေးတိုး၊ ကင်ဆာရောဂါများကို သက်သာပျောက်ကင်းစေပါသည်။ ထို့ပြင် သဘာဝကပေးသော နွားနို့တွင် ကယ်စီယမ်ဓာတ်ပါဝင်သောကြောင့် နေ့စဉ်ပုံမှန် သောက်သုံးသင့်သည်။ ကယ်စီယမ်ဓာတ် ချို့တဲ့လျှင် အရိုးကျိုးလွယ်ခြင်း၊ အရိုးပျော့ခြင်း၊ အရိုးကိုက်ခဲခြင်း၊ အရိုးပွခြင်း၊ အရိုးကျီးပေါင်းတက်ခြင်းတို့ ဖြစ်တတ်သည်။ နွားနို့သောက်သုံးခြင်းအားဖြင့် အရပ်ရှည်ခြင်း၊ အသားအရေစိုပြည်လှပစေသည့်အပြင် ဉာဏ်ရည်လည်း ပိုမိုထက်မြက်စေပါသည်။ ယနေ့ခေတ်သည် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာသောကြောင့် အစားအစာများတွင် ကြာရှည်ခံ ဓာတုဗေဒပစ္စည်းများ ထည့်သွင်း၍ စည်သွတ်ဘူးများ ပြုလုပ်ရောင်းချနေကြပါတယ်။ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများလည်း အသုံးပြုပြီး စိုက်ပျိုးသီးနှံများကို သဘာဝထက်လွန်ကဲစွာ ကြီးထွားဖြစ်ထွန်းစေပြီး ဈေးကွက်မှာ တင်သွင်းရောင်းချနေကြပါတယ်။ နည်းပညာတိုးတက်မှုကြောင့် တစ်ပင်နှင့်တစ်ပင် မျိုးစပ်ခြင်းပညာ အသုံးပြု၍ မျိုးစပ်ပြီး အသစ်အဆန်းများ တီထွင်ဖန်တီးလာကြပါတယ်။ ကောင်းသောတိုးတက်လာခြင်းများကို ကြိုဆိုကြရမှာပါ။ ကောင်းသောတိုးတက်ခြင်းနှင့်အတူ ဆိုးကျိုးများလည်း တွေ့ရမှာ ဓမ္မတာပဲဖြစ်ပါသည်။ လောကတွင် အကောင်းချည်းပဲမရှိသလို အဆိုးချည်းပဲလဲ မရှိနိုင်ပါဘူး …. အကောင်းနဲ့အဆိုး အမြဲဒွန်တွဲနေတတ်ပါတယ်။ ပြုပြင်ဖန်တီးထားသော အစားအစာများကို စားသုံးမည်ဆိုပါက (expire date) ကိုသေချာကြည့်ရှုပြီးမှ စားသုံးသင့်ပါသည်။ (expire date) ကျော်လွန်သွားသော အစားအစာများကို လုံးဝမစားသုံးသင့်ပါဘူး ….. အသက်ရှည်ရှည်အနာရောဂါ ကင်းပြီးနေထိုင်နိုင်ရန်အတွက် သစ်သီးဝလံများကို အချိုးအစားမျှတစွာ စားသုံးသင့်တယ်လို့ ထင်ပါတယ်။ လူသားတိုင်း ကျန်းမာစွာနှင့် ပြည့်စုံသောဘဝကို ပိုင်ဆိုင်နိုင်ပါစေ ဟု ဆုတောင်းပေးရင် ဒီပို့စ်လေးကို တင်လိုက်ပါတယ်။

6 comments

  • pan pan

    August 11, 2011 at 3:27 pm

    ဟင်းသီးဟင်းရွက်ဆိုရင် အမျှင်ဓါတ်များများပါတဲ့ ဟင်းနုနွယ်ဆို သိပ်စားကောင်းတာ
    နောက်ပိုင်း ဓါတ်မြေဩဇာတွေသသုံးလို့လားမသိ ဟင်းနုနွယ်အကြီးကြီးတွေ တွေ့လာရတယ်
    ဈေးလည်းပိုကြီးတယ်
    ကျွန်မတော့ မစားရဲဘူး
    အရွက်သေးသေး အပင်သေးသေးဟင်းနုနွယ်ပဲ ရွေးဝယ်တယ်
    အသီးအရွက်တွေလည်း စားရင်ရေကိုအထပ်ထပ်ဆေးမှ တော်ရာကျမယ်
    ဆေးလိုက်တဲ့ရေမှာ ဆီလိုမျိုးဝေ့နေတာတွေ့ရင် ဆေးသုံးထားတဲ့ဟာလို့ ကြားဖူးတာပဲ
    အမျှင်ဓါတ်ကတော့ နေ့စဉ်စားသင့်တဲ့ ဒိုင်းရက်ထဲပါတယ်
    ကျောင်းတုန်းက ဘိုင်အိုမှာသင်ခဲ့ရတယ်၊ ဒိုင်းရက်၈မျိုးဆိုလားပဲ
    သိပ်မမှတ်မိတော့ဘူး 😀

    • chitlay

      August 11, 2011 at 3:36 pm

      ဟင်းနုနွယ်ရွက်ထဲမှာ သံဓာတ်ပါပြီးတော့ မျက်စိကိုအားကောင်းစေပါတယ်…
      ဓါတ်မြေဩဇာတွေ မတရားဇွတ်သုံးတော့ သဘာဝထက်လွန်ကဲပြီး ကြီးထွားနေတာပေါ့…
      ငှက်ပျောသီးတွေဆိုရင်လည်း ဝယ်လာတုန်းက အစိမ်းကြီးပဲ ရှိသေးတယ် အိမ်မှာ တစ်ညထားပြီး မနက်လဲ ကျရော မှည့်တာလဲမဟုတ်ဘဲနဲ့ အားလုံးဝါကုန်ပြီး မာမာကြီးတွေဖြစ်ပြီး စားလို့လဲမရ ……

  • Shwe Ei

    August 11, 2011 at 4:00 pm

    ကန်စွန်းရွက်ပဲ ကြိုက်တယ်။ မှိုလေးနဲ့ ကြော်စား ရှယ်ဘဲ။

  • manawphyulay

    August 11, 2011 at 4:05 pm

    ဟုတ်ကဲ့ပါ အစိမ်းကြော်တော့ စားချင်ပါတယ်။ ဟင်းသီးဟင်းရွက်ကိုလည်း သဘောကျတယ်။ အမြဲတော့ စားဖြစ်ပါတယ်။

  • etone

    August 12, 2011 at 1:01 pm

    အစိမ်းကြော်ပဲဖြစ်ဖြစ် … အမှည့်ကြော်ဖြစ်ဖြစ် … သူများချက်ကျွေးလို့ စားရတာ ပိုကြိုက်တယ် ဟီးဟီး 😀

  • annonymous

    August 18, 2011 at 2:40 pm

    ဟင်းသီးဟင်းရွက်စားခြင်းဟာ အကျိုးများစွာဖြစ်ထွန်းတာတွေရှိသလို။ ခုခေတ်မှာ စိတ်မချစရာအချက်တွေလဲရှိပါတယ်။ဟင်းသီးဟင်းရွက်တွေမှာ ဓါတုဆေးဝါ သုံးတာတွေပါ၊ ကျွန်မ တစ်ခါတုန်းကဖြစ်ဘူူးတာလေးပါ မုန်ညင်းရွက်ကြော်တာပါ အရသာမြည်းကြည့်မှပိုးသတ်ဆေးနံကို ရပါတယ်။တော်တော်ဆိုးရွားပါတယ်။ ကျွန်မလဲလန့်ပြီးတစ်အိုးလုံးသွန်ပစ်လိုက်ရပါတယ်။ သူငယ်ချင်းတွေပြောတာတော့ ဟင်းရွက်ခူးခါနီးမှ ပိုးသတ်ဆေးဖျန်းထားလို့အရွက်တွေနံနေတာလို့ပြောပါတယ်။ ဒါကြောင့်သတိထား ဝယ်ပါလို့ အကြံပေးချင်ပါတယ်

Leave a Reply