ဆပ်က

အာဂAugust 12, 20111min25816

ကျွန်တော်က…
ဘဝကို ကင်းမြီးကောက်ထောင်ပြရင်
ခင်ဗျားတို့ ရယ်မှာလား..။

ဘဝက
အစင်းစင်းသောဓါးတွေ
ကျွန်တော့် ပါးစပ်ထဲ သွင်းပြရင်
ခင်ဗျားတို့ အံဩကြပြမှာလား။

လောကဓံ ကြိုးတန်းပေါ်
ကျွန်တော်က လျောက်နေဆဲ..။

“ဟက်ချလောင်း” ဆိုတာနဲ့
စိန်..ရွှေ..ငွေ..ဂုဏ် တွေ
ဖန်ဆင်းနိုင်သူတွေထဲ..
ကျွန်တော်က အမည်းရောင်ပုဝါကြားက
ရိုး
သား
မှု
ကိုထုတ်ပြရမလား..။

လက်ခုတ်ဩဘာတီးပါ။

ခင်ဗျားတို့ လိုချင်တာ ဒါမဟုတ်လောက်ဘူး။
ဇာတ်ခုံပေါ် ကျွန်တော့် ခန္ဓာတင်
အဖြူရောင် ဓါးတစ်စင်းနဲ့
ငါ့ ရင်ဝ တိတိ ထိုးစိုက်ချလိုက်
ပန်းထွက်လာတဲ့ အမှန်တရား
ခင်ဗျားတို့ မျက်နှာ မပေစွန်းခင်
အမြန်သုတ်ချ..။

16 comments

  • Shwe Ei

    August 12, 2011 at 5:11 pm

    မော်ဒန်ကဗျာလား? ကောင်းသလိုဘဲ။ သိပ်တော့နားမလည်ဘူး။ 😛

    • R Ga

      August 12, 2011 at 5:17 pm

      မော်ဒန်လို့ သတ်မှတ်လိုက မော်ဒန် ကဗျာ..။ ပို့စ် မော်ဒန်ကဗျာလို့ သတ်မှတ်ချင်က ပို့စ်မော်ဒန် ကဗျာ..။ သေချာတာက တော့ ကျွန်တော်က ဘာစည်းဘာဘောင်တွေနဲ့ကိုက်အောင် တော့လိုက်ရေးထားတာမဟုတ်ပါဘူးခင်ဗျ..။
      ဒါပေမဲ့ မော်ဒန် အခိုးငွေ့တွေတော့နည်းနည်းသက်ရောက်နေလိမ့်မယ်ထင်တယ်ဗျ.။

  • MaMa

    August 12, 2011 at 5:40 pm

    ဒါမှ အာဂ!
    ဘာကဗျာမှန်းမသိပေမယ့် ကဗျာက မာန်အပြည့်ပါတယ်။ ဖတ်ရတာ အားရှိစရာပဲ။

  • forever

    August 12, 2011 at 5:41 pm

    ရှောင်လိုက်တာ
    မလွတ်တော.ဘူး ခင်ဗျားအမှန်တရားတွေ
    ကျွန်တော.ကိုစွန်းသွားပြီ

  • Mee2

    August 12, 2011 at 5:48 pm

    နားတော့မလည်ပါဘူး။သစ္စာတရားကိုဖော်ညွှန်းချင်တာပါလား။ဖြစ်နိုင်ရင်ရှင်းပြပေးပါနော်

  • စုန်းထီး

    August 12, 2011 at 6:52 pm

    ကဗျာဆရာ အသာယာ
    ရေးထည့်လိုက်တာပါ…
    ကျွန်တော်လည်း ဉာဏ်မမီလို့
    မသိခဲ့ပါ
    ကျိန်းသေမှုက
    ကျွန်တော့်ရင်ဘတ်မှာ
    အနီရောင်သွေးစက်ကလေးများ
    စွန်းထင်းခဲ့ရရှာ …………………

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 12, 2011 at 8:21 pm

    ဒီလိုဖြစ်သွားတယ် အိုင်ဆေး ကိုအာဂရဲ့
    ရံခါဖြစ်တတ်တဲ့သဘောက
    သဘော ( အမှန်တရား ) တစ်ခုကို နှလုံးသွင်းမိလာတဲ့အခါ
    လိုက်နာတတ်လာတယ်
    ကျင့်ကြံတတ်လာတယ်
    အဲ့သည်မှာ အတော်ဆိုးတဲ့အကြောင်းတစ်ခု
    စိတ်မှာတည်လာတာကို သတိမထားမိဘူးလို့ဆိုရင် လက်ခံမလားမသိ
    အဲ့ဒါက
    မာနဘဲ
    ငါ့၌ ဖြောင့်မတ်ခြင်းစိတ်သည်ရှိသည်
    ငါသည် ဖြောင့်မတ်သော သဘောကိုပြု၏ ( ကျင့်ကြံ၏ )
    ကိုယ့်အကျင့်ကို သူများကိုသွားတိုင်းတယ်
    မင်းတို့လို သဘောကောက်တဲ့ငါမဟုတ်ဘူး
    ……………………
    ဒီစာကြောင်းလေးတွေမှာ မိမိ၏ဖြောင့်မတ်ခြင်းကို
    မာနက ခံနေလေရဲ့
    ထို့ကြောင့်
    ဥပက္ခာ၏ အကြောင်း ( သဘော ) ကို လေ့လာသင့်ပါကြောင်း

    • R Ga

      August 13, 2011 at 4:20 pm

      အခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ အိုင်ပီအောင်ပုပြောသလို ဟုတ်တယ် ဒီအထဲမှာ မာန သဘောတွေ ၊အမှန်တရား သဘောတွေ ပါဝင်နေပါတယ်။ ဒီကဗျာထဲကလူသားတစ်ယောက်လို ရိုးသားမှု ၊ အမှန်တရား မြတ်နိုးမှု ကျွန်တော့်မှာ အပြည့်အဝမရှိတာကို ဝန်ခံပါတယ်။
      ကျွန်တော် ဟာ တစ်ခါတရံမရိုးသား နိုင်ပေမဲ့ ရိုးသားမှုကို ချစ်ပါတယ်။
      ကျွန်တော်ဟာ အမှန်တရား ကို သူရဲကောင်းဆန်ဆန်မတည်ဆောက်နိုင်ခဲ့ပေမဲ့
      အမှန်တရာကို ကိုးကွယ်ပါတယ်။

      ဒီကဗျာ ထဲမှာ ကျွန်တော် တွေးလုံးလေးတွေနည်းနည်းထည့်ထားပါတယ်။
      ဒီကဗျာထဲက ဆပ်ကကို ကြည့်နေသူတွေကို ကျွန်တော်က ကဗျာထဲက ဇာတ်ကောင် စရိုက်နဲ့
      ဆန့်ကျင့်ဘက် ကလူအဖြစ်အသက်သွင်းထားပါတယ်။ ဆပ်ကပြသူ က မုန်းတီးနေသူတွေလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဆရာနေဝန်နီလို အမှန်တရားကို အသေခံ ပြီး ထွက်လာတွေသွေးကို မသုတ်လိမ်းတဲ့လူလည်း ရှိချင်ရှိနိုင်ပါတယ်။

  • naywoonni

    August 12, 2011 at 8:33 pm

    စွန်းပေလာမှာသာ အမှန်တရားဖြစ်ရင်ပ
    မသုတ်ရေးချ မသုတ်ဘူးကွ
    ပိုပြီးရဲရင်လာအောင်
    ရှေ့ကိုတောင်တိုးပေးဦးမယ်
    ညီလေးအာဂ..။

  • ကြောင်ကြီး

    August 13, 2011 at 9:52 am

    ဆပ်ကကို
    ဆက်ကရင်း
    ဆက်ကော့လက်ကော့နဲ့
    စပ်စုသူအာဂ
    sexနှာပွလို့
    မိန်းမရ
    ဘာအခုမှ
    ဘဝစတယ်
    ဆိုချင်သလဲ…။ 🙂

    • R Ga

      August 13, 2011 at 4:25 pm

      ဘဝ ကတော့ ခဏ ခဏ စနေရတာပါပဲ ဦးကြောင်ရေ..။
      ဘ နဲ့ ဝ မှာ နောက် က ဝလုံးလိုပဲ ဘဝ က ဘယ်တော့မှ
      အဆုံး သတ်မယ်မှန်းကို မသိဘူး ဘဝ က ထပ်ပြောရရင်
      အခုမှ စတာပါ..။ နောက်လည်း စ နေမှာ ပဲ..။
      ဘဝ ထဲမှာ ဇာတ်သိမ်းလှအောင်တော့ ဆက် ပြီးက နေရမှာပါပဲ.။

  • aungnng87

    August 13, 2011 at 12:16 pm

    တို့ သိဘူး။ တို့သိဘူး။ တို့ သိတော့ဘူး….။

  • မျက်နှာပေါ်စင်လာတဲ့
    သွေးအစအန
    စမ်းကြည့်တော့ကပ်စေးစေး………..
    ဒါပေမယ့် နမ်းကြည့်တော့
    ညှီနံတော့မရ ။
    သေချာကြည့်မှ
    ငါမှာစွန်းနေတာက
    ရုပ်ရှင်မှာသုံးတဲ့သွေးအတု
    အော် အခု ငါကြည့်နေမိတာ
    ဆပ်ကပ်မဟုတ်တဲ့ ပြဇာတ်အတုမှန်းသိတော့တယ်။
    ဒါပေမယ့် မိုးကတော့စင်စင်လင်းသွား
    တစ်ညလုံးအညာမိမှန်း
    အခုတော့ တို့သိသွားပြီ
    ဘာရမလဲငါကွ ဆိုတဲ့
    အာဂလေးရယ် အယ်ဟယ် အယ်ဟယ်

  • thit min

    August 13, 2011 at 5:53 pm

    I get some feeling about that phrase”ကျွန်တော်က အမည်းရောင်ပုဝါကြားက”. The black scraf is in his hand. Why?
    What is the image of the black scarf? This is a specific sign. Because, most of magicians used to show with the red or blue or purple or other colors except black. They may assume that balck color can hide something since before.

  • mzm

    August 13, 2011 at 6:51 pm

    ဘာမှနားမလည်ဘူးဗျာ ကဗျာကို်မခံစားတတ်လို့နေမှာ

  • နွယ်ပင်

    August 15, 2011 at 11:07 am

    ကဗျာကို နားလည်သလိုလိုတော့ရှိသား
    သေချာတွေးကြည့်တော့ နားမလည်ပြန်ဘူး…
    ဘာပဲဖြစ်ဖြစ် ကဗျာလေးကို ခံစားသွားပါတယ် ….

Leave a Reply